Tuesday, December 22, 2009






စိုးရိမ်ဖွယ် ပုဂံဘုရားပုထိုးစေတီတွေရဲ့ အနာဂတ်
့်
ကမ္ဘာပေါ်မှာ ဗုဒ္ဓဘုရားပုထိုးစေတီတွေ တစုတဝေးတည်း အများအပြားတည်ရှိနေတဲ့ နေရာတွေထဲက တခုဖြစ် တဲ့ ‘ပုဂံ’ ကို ခံစားမှုမျိုးစုံ သယ်ပိုးပြီး ကျနော် လာခဲ့ပါတယ်။ အဲဒီလို လာခဲ့ရခြင်း အကြောင်းအရင်းတွေထဲမှာ တောက်ပလင်းလက်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဓာတ်ပုံတွေထဲကတဆင့် ခံစားဖို့ထက် ဘုရားပုထိုးတွေကို အနီးကပ် အကုန်အစင် တွေ့မြင်လိုတဲ့ ပြင်းပြတဲ့ ဆန္ဒတခုလည်း ပါဝင်ပါတယ်။ ကျနော့်အဖို့ ညီညာပြန့်ပြူးတဲ့ မြေပြန့်လွင်ပြင်ပေါ်မှာ ဖြန့်ကြက်တည်ရှိနေတဲ့ အသက်ရှူမှားလောက်ဖွယ် ဘုရားပုထိုး မြင်ကွင်းကျယ်ကြီးကို မြင်လိုက်ရတယ်ဆိုရင်ပဲ ကမ္ဘောဒီးယားမှာ ရဟတ်ယာဉ်စီးတုန်းက အပေါ်စီးက မြင်ခဲ့ရတဲ့ ‘အန်ကောဝပ်’ ဘု ရားပုထိုး အစုအဝေးကြီးနဲ့ နှိုင်းယှဉ်ခံစားလိုက်မိတယ်။ ဒါပေမယ့် စိတ်ပျက်စိတ်ထိခိုက်စရာ မြေပြင်ပေါ်က မြင် ကွင်းတွေကိုကြည့်ပြီး ကျနော် စိုးရိမ်သောကဖြစ်ခဲ့ရတယ်။

လေယာဉ်ဆိုက်လုဆိုက်ခင်မှာတော့ မင်္ဂလာစေတီပုထိုးတော်ရဲ့ ထိပ်ဖူးနားမှာ မှိန်ဖျော့ဖျော့ ညနေခင်းနေလုံး ကြီး ဖြေးဖြေးချင်းဆင်းနေပြီး အနီရင့်နဲ့ ပုစွန်ဆီရောင်အသွေးတွေ ဖြာကျနေတဲ့အောက်မှာ ဘုရားပုထိုးစေတီ ရာပေါင်းများစွာကို ပန်းချီကားသဖွယ်တွေ့ရတဲ့ နေ၀င်ခါနီး မြင်ကွင်းကို ခပ်မြန်မြန် ခံစားလိုက်ရတယ်။

“သိပ်ကိုကြီးကျယ်၊ သိပ်ကို လှပတာပဲ” လို့ ရည်မွန်ကြော့ရှင်းတဲ့ ပြင်သစ်အမျိုးသမီးတဦးက စတီးလက်ရန်းကို တင်းတင်းဆုပ်ကိုင်ရင်း ပြင်သစ်လို တီးတိုးပြောလိုက်တယ်။

ပုဂံရဲ့သိမ်မွေ့တဲ့ ရှေးဟောင်းအနုလက်ရာ အလှအပတွေဟာ တစုံတရာ ချို့တဲ့အားနည်းမှုကြောင့် စိုးရိမ်ဖွယ် အခြေအနေတွေအောက်ကို ၀မ်းနည်းဖွယ် ရောက်ရှိနေတာတွေ့ရတယ်။ ဥပမာအားဖြင့် အန်ကောဝပ်ကိုဆိုရင် ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် တည်ရှိရာ နေရာတခုအဖြစ် ရွေးချယ်သတ်မှတ်ပြီး ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်ပေးနေတာတွေ ရှိတယ်။

ပုဂံမှာတော့ ယူနက်စကိုရဲ့ ဆယ်စုနှစ်များစွာ ကြိုးပမ်းအားထုတ်ခဲ့မှုတွေဟာ မကြာသေးမီ နှစ်များအတွင်းက ရပ်စဲဖို့ အကြောင်းဖန်လာခဲ့တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေထဲက တခုဖြစ်တဲ့ ပုဂံဘုရားပုထိုး စေတီတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ယူနက်စကိုအနေနဲ့ အသေးစိတ် အစီအစဉ်တခုကို ရေးဆွဲခဲ့ပြီးလည်းဖြစ်တယ်။ ပျက်စီးယိုယွင်းမှုမရှိဘဲ နဂိုအတိုင်းမွမ်းမံပြုပြင်ထိန်းသိမ်းတဲ့ အလုပ်ကို ယူနက်စကိုလို နိုင်ငံတကာအဖွဲ့အစည်းလက်ထဲ လွှဲအပ်ဖို့ မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ် တွေအနေနဲ့ စိတ်ပါလက်မပါဖြစ်နေခြင်းဟာ ကျော်လွှားဖို့ အလွန်ခက်ခဲတဲ့ ဧရာမ အတားအဆီးတခု ဖြစ်ခဲ့ တယ်။


အခုအခါမှာ အာရှက ရှေးဟောင်းအနုပညာ ချစ်မြတ်နိုးသူတွေနဲ့ ကမ္ဘာတ၀န်းက ရှေးဟောင်းအနုပညာ ချစ် မြတ်နိုးသူ အများအပြားဟာ ပုဂံရဲ့အနာဂတ်အတွက် အထူးပဲ စိုးရိမ်သောကရောက်နေကြပါတယ်။ မြန်မာစစ် ဗိုလ်ချုပ်တွေဆီမှာ ကျယ်ပြောတဲ့ ပြင်ပကမ္ဘာနဲ့ သူတို့အကြား ကူးလူးဆက်ဆံမှုတွေကို ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ အရိပ်လက္ခဏာတွေ မတွေ့ရဘူး။ အမှန်စင်စစ် ပုဂံရှေးဟောင်းသုတေသနနယ်မြေမှာ ကျွမ်းကျင်မှုမရှိဘဲ လုပ် ဆောင်နေတာတွေဟာ ရှေးလက်ရာတွေ တည်တံ့ခိုင်မြဲမှုနဲ့ ဈေးကွက်စီးပွားရေးတံခါး ဖွင့်လှစ်မှုကို ထိခိုက်စေ တဲ့အပြင် ဒီထက်ပိုပြီး ပုဂံရဲ့အနာဂတ်အရေးကိုပါ ခြိမ်းခြောက်နိုင်တဲ့ အရိပ်လက္ခဏာတွေ ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်။

ပျက်စီးယိုယွင်းမှုမရှိဘဲ နဂိုအတိုင်း မွမ်းမံပြင်ဆင်တဲ့ လုပ်ငန်းတွေကို ကျွမ်းကျွမ်းကျင်ကျင် တာဝန်ယူဆောင် ရွက်နိုင်တဲ့ အသိအမြင် ဗဟုသုတနဲ့ ကျွမ်းကျင်ပညာရှင်တွေ မရှိဘဲ အလွဲလွဲ အမှားမှား ညွှန်ကြားဆောင်ရွက် နေတဲ့ မြန်မာအာဏာပိုင်တွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေအပေါ် မကြာသေးမီ နှစ်များအတွင်း မွမ်းမံထိန်း သိမ်းမှု ကျွမ်းကျင်ပညာရှင်များက စိတ်ပျက်ညည်းညူခဲ့ကြပါတယ်။

မကြာသေးမီ ဆယ်စုနှစ်များအတွင်း မွမ်းမံပြင်ဆင်ခဲ့တဲ့ ကြိုးပမ်းအားထုတ်မှုတွေကတော့ ရှေးဟောင်းအုတ်ပုံ အပြိုအပျက်တွေရဲ့ထိပ်မှာ ဘီစကွတ်ချပ်တွေ ငယ်စဉ်ကြီးလိုက် ဆင့်ထပ်ထားသလို ဒီဇိုင်းသစ်တွေ ပြုလုပ် ခြင်း၊ ရှေးဟောင်းနံရံဆေးရေးပန်းချီပုံတွေပေါ် ထုံးဖြူသုတ်ခြင်း၊ ပြုပြင်မွမ်းမံဖို့အတွက် ရေချိုးခန်းသုံးကြွေပြား တွေနဲ့ တခြားဆောက်လုပ်ရေးပစ္စည်းအတုတွေကို အသုံးပြုခြင်း၊ ဘုရားစေတီ တော်တော်များများရဲ့ ထိပ်မှာ ဆီလျော်မှုမရှိတဲ့ ခေတ်သစ်အထွတ်တွေ၊ အဆင့်တွေ တပ်ဆင်ခြင်း … စတာတွေကို ပြုလုပ်ခဲ့တာပဲဖြစ်ပါ တယ်။ အလှူရှင်တွေကို ဘုရားအို ဘုရားပျက် တခုချင်းစီအလိုက် တာဝန်ယူစေပြီး မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ် ခိုင်းတာဟာလည်း စစ်မှန်မှုကို ယုတ်လျော့ပျက်စီးစေခဲ့ပါတယ်။

ဒါပေမယ့် လွှမ်းခြုံပြီးမြင်ရတဲ့ ပုဂံဘုရားပုထိုးတွေရဲ့ လှပမှုကတော့ အခုအထိ မျက်စိပသာဒဖြစ်စရာ ကောင်း တုန်းပါပဲ။ နောက်ပြီး ဧည့်သည်အများစုက ဘုရားပုထိုးတွေရဲ့ အပြစ်အနာအဆာတွေနဲ့ စိုးရိမ်ဖွယ်အခြေအနေ တွေကို လုံးဝသတိမပြုမိကြပါဘူး။

ရန်ကုန်ကနေ ပျံသန်းလာတဲ့ ပုဂံလေကြောင်းလိုင်းလေယာဉ် အနောက်ဘက်ကို စောင်းကွေ့လိုက်တယ်ဆိုရင် ပဲ ကျနော့်အနေနဲ့ ပုဂံကို ပထမဆုံးအကြိမ် ဖျတ်ခနဲမြင်လိုက်ရပြီး ချောကလက်ရောင်ထနေတဲ့ ဧရာဝတီမြစ် ကြီးက မြင်ကွင်းထဲကို ရောက်လာခဲ့ပါတယ်။
ရှေးအကျဆုံး ဘုရားစေတီတွေဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းနဲ့ အနီးဆုံးမှာ တည်ရှိနေကြတယ်။ တခါ က ကျုံးပတ်ပတ်လည်ဝိုင်းပြီး အခုအခါမှာ တစစီကျိုးပဲ့နေတဲ့ အုတ်မြို့ရိုးကြီးသာရှိတော့တဲ့ ပုဂံမြို့ဟောင်းဟာ ကမ္ဘာလှည့်ခရီးသည် ပို့ဆောင်တဲ့ ကူးတို့သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေ ဆိုက်ကပ်ရာ ဆိပ်ကမ်းတခုအ ဖြစ် အသုံးတော်ခံနေတယ်။ ပုဂံမြို့ဟောင်းမှာ တည်းခိုးခဈေးကြီးတဲ့ အဆင့်မြင့် ဟိုတယ်တချို့နဲ့ အလယ်အ လတ်နဲ့ အဆင့်နိမ့် တည်းခိုခန်းတွေ ကွက်တိကွက်ကျားတွေ့ရတယ်။ အဆင့်မြင့် ဟိုတယ်ကြီးတွေရဲ့ အနီးနား တ၀ိုက်မှာသာ စားသောက်ဆိုင်အချို့ရှိတယ်။ ဧည့်သည်အလာနည်းတဲ့ နွေရာသီမို့လို့ပဲလားမသိ၊ ကမ္ဘာလှည့် ခရီးသည်အုပ်စုတွေ အနည်းငယ်လောက်ပဲ တွေ့ရတယ်။

လေဆိပ်မှာ ကျနော်ငှားစီးတဲ့ တက္ကစီကား ဒရိုက်ဘာ မောင်စံလှ ဆီကနေ တော်တော်များများ သင်ယူလိုက်ရ တယ်။ လေဆိပ်ကနေ မြို့ထဲကို ကားငှားမယ်ဆိုရင် (၁၄) ဒေါ်လာတဲ့။ ပုဂံရှေးဟောင်းသုတေသနနယ်မြေကို လှည့်လည်ကြည့်ရှုဖို့အတွက် သူ့ရဲ့တက္ကစီကို ငှားမယ်ဆိုရင် တနေ့လုံးစာ ဒေါ်လာ (၂၀) နဲ့ ကြိုတင်ငှားလို့ ရ တယ်တဲ့။ အခြားရွေးချယ်စရာအနေနဲ့ စက်ဘီးငှားမယ်ဆိုရင် တရက် (၅) ဒေါ်လာ ဒါမှမဟုတ် မြင်းလှည်းငှား စီးမယ်ဆိုရင် တရက် (၇) ဒေါ်လာတဲ့။ အောင်မင်္ဂလာဟိုတယ်မှာ ရေနွေးနဲ့ ရေချိုးလို့ရပြီး လေအေးပေးစက်နဲ့ ရေခဲသေတ္တာပါတဲ့ ဈေးသက်သာတဲ့ အခန်းဆိုရင် တရက် (၁၅) ဒေါ်လာတဲ့။

မွန်းမလွဲခင် အချိန်လေးမှာတော့ ကျနော်တို့ဟာ ဖုန်တထောင်းထောင်း ထနေတဲ့ လှည်းလမ်းကြောင်းတ လျှောက် မြောက်ကြွမြောက်ကြွဖြစ်နေကြပြီး လမ်းဟိုဘက်ဒီဘက်ကို လွန်းထိုးနေတယ်။ လမ်းတလျှောက်မှာ ဒေသခံတောင်သူ (အမျိုးသမီးအများစု) စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းနေတဲ့ ၀ါခင်း၊ နှမ်းခင်း၊ ပြောင်းဖူးခင်း စိမ်းစိမ်းတွေကို ဖြတ်လာခဲ့ရတယ်။
ဂူဘုရားငယ်လေးတွေ ရာပေါင်းများစွာ ၀န်းရံနေတဲ့ ဂူဘုရားကြီး အတော်များများဟာ မြေပြန့်လွင်ပြင်ပေါ်မှာ တရိပ်ရိပ်နဲ့ ဘွားကနဲ ဘွားကနဲ ပေါ်ပေါ်လာတယ်။ ၇၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေမှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး စစ်တမ်းကောက်ယူမှုအရ မတူးဖော်ရသေးတဲ့နေရာပေါင်း (၂၂၃၀) ကို ရှင်းလင်းလိုက်တဲ့အခါ အဲဒီနေရာတွေ မှာ ဂူဘုရား (၉၁၁) ဆူတွေ့ရတယ်။ အဲဒီဂူဘုရားတွေထဲက (၃၄၇) ဆူမှာ နံရံဆေးရေးပန်းချီကားချပ်တွေကို အခြေအနေအမျိုးမျိုးနဲ့တွေ့ရတယ်။ ပုထိုးဘုရား (၅၂၄) ဆူ၊ ဘုန်းကြီးကျောင်း (၄၁၅) ကျောင်းနဲ့ အိမ်ပုံစံတွေ၊ စာကြည့်တိုက်တွေ၊ သိမ်တွေ၊ ပြိုလဲပြီး မြေတွေဖုံးလွှမ်းနေတဲ့ အဆောက်အဦတွေ အပါအ၀င် အခြားအ ဆောက်အဦ (၃၁) ခုကိုလည်း တွေ့ရတယ်။

ပိုကြီးတဲ့ ဂူဘုရားအစုအဝေးတွေအားလုံးမှာ ကမ္ဘာလှည့်ခရီးသည်တွေ လျှောက်ကြည့်ဖို့ ပန်းချီကားတွေ၊ ယွန်း ထည်တွေ၊ ဘုရားဆင်းတုတွေ၊ ပုဂံရဲ့နေရာစုံက စေတီပုထိုးဂူဘုရားတွေရဲ့ ဓာတ်ပုံပို့စကတ်တွေကို ရောင်းတဲ့ ပျံကျဈေးတန်းတခုစီရှိတယ်။ မြန်မာပြည်မှာ အလုပ်အကိုင်အလွန်ရှားပါးပြီး ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ၊ လက်ပွေ့ရောင်းတဲ့ ကလေးဈေးသည်တွေဟာ ခက်ခက်ခဲခဲ အသက်မွေးနေကြတာ တွေ့ရတယ်။

ပုဂံရဲ့ စေတီပုထိုးဂူဘုရားတွေအနှံ့ ကမ္ဘာလှည့်ခရီးသည်တွေကို လမ်းပြပို့ဆောင်ပေးတဲ့ တက္ကစီဒရိုက်ဘာတွေ နဲ့ မြင်းလှည်းမောင်းသူတွေဟာ ကမ္ဘာလှည့်ခရီးသည်တွေဆီက ၀င်ငွေတွေရကြလို့ အလွန်အမင်းကျေးဇူးတင် တဲ့အကြောင်း ပြောပြကြတယ်။ ဒါပေမယ့် သူတို့ဟာ ဘုရားစေတီတွေနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်း အရာတွေကိုတော့ သတိထားပြီး ပြောကြဆိုကြတယ်။
ပုဂံကို လှည့်လည်ကြည့်ရှုတာ နှစ်ရက်ပြည့်တဲ့အဆုံးမှာ ကျနော်တို့နဲ့ အကျွမ်းတ၀င်ဖြစ်လာတဲ့ ကားဒါရိုက်ဘာ စံလှက “စီးပွားရေးလုပ်ငန်းတွေနဲ့ ဟိုတယ်တွေအားလုံးကို စစ်တပ်က ထိန်းချုပ်ထားတာပဲ” လို့ပြောတယ်။ “ရ တဲ့ ပိုက်ဆံအများစုက ပြန်ကုန်တာပါပဲ။ စုမိတယ်လို့ မရှိပါဘူး။ နောက်ပြီး ကျနော်တို့အနေနဲ့ စစ်တပ်မကောင်း တဲ့ အကြောင်းတစုံတရာ ပြောဆိုမိရင် အင်မတန်အန္တရာယ်ကြီးပါတယ်။ အရာရာ ဆုံးရှုံးသွားနိုင်ပါတယ်” လို့ သူက ဆက်ပြောတယ်။

မြန်မာပြည်က ဆင်းရဲသားအများစုလိုပဲ စံလှဟာ တနေကုန် ကွမ်းသွေးတွေ တပျစ်ပျစ် ထွေးနေတာ တွေ့ရ တယ်။ သူကားမောင်းနေချိန်မှာ အိပ်မငိုက်အောင်လို့ ပါးစပ်ထဲကို ကွမ်းတရာပြီးတရာ ထည့်ပြီးဝါးနေတော့ သူ ပြောတဲ့ အင်္ဂလိပ်စကားကို နားလည်ဖို့ ပိုခက်လာတယ်။

နောက်ဆုံးနေ့ကျတော့ သူက “ခင်ဗျား ကွန်ပျူတာတွေအကြောင်း နားလည်လား” လို့ မေးတယ်။ “ကျနော် ပြ ဿနာ အကြီးအကျယ်တက်နေလို့” တဲ့။

စံလှက ကျနော့်ကို သူ့အိမ် လိုက်လည်ဖို့ ဖိတ်တယ်။ အဲဒီအိမ်မှာ သူဟာ သူ့အဖေနဲ့ အမေ၊ ညီနှစ်ယောက်၊ ညီ မတယောက်အပြင် ကလေး (၆) ယောက် (၇) ယောက်လောက်နဲ့ အတူနေတာတွေ့ရတယ်။ သူက သူ ဂုဏ်အ ယူဆုံးပစ္စည်းဖြစ်တဲ့ လက်ပ်တော့ပ်ကွန်ပျူတာတလုံးကို တချက်လောက် ကြည့်ပေးဖို့ပြောတယ်။ သူ့ကို ကျိကျိ တက်ချမ်းသာပုံပေါ်တဲ့ ဂျာမန်ဧည့်သည်တဦးက မကြာသေးခင်ကပဲ ပေးခဲ့တာလို့ပြောတယ်။ ဒါပေမယ့် ကံဆိုး ချင်တော့ အဲဒီဂျာမန်က စံလှကို ကွန်ပျူတာဖွင့်ဖို့ လိုအပ်တဲ့ စကားဝှက် (password) ပေးဖို့ မေ့ခဲ့တယ်။ စကား ၀ှက်မသိတော့ ကွန်ပျူတာက ကနဦးစ၀င်ဖို့ကို တချိန်လုံး ငြင်းဆန်နေတော့တာပေါ့။




သူ့အိမ်က (၅) ပေလောက်မြင့်တဲ့ ခြေတံတိုသစ်သားအိမ်ကလေးပါ။ အလယ်မှာ အခန်းကျယ်ကြီးတခန်းနဲ့ အ ခန်းငယ်လေး နှစ်ခန်းရှိတယ်။ ဒါပေမယ့် တံခါးတွေ၊ ပြူတင်းပေါက်တွေမှာ ခန်းဆီးတွေ လိုက်ကာတွေမရှိဘူး။ လျှပ်စစ်မီးကို အိမ်နီးနားချင်း အိမ်တအိမ်ကနေ ၀ိုင်ယာကြိုးတချောင်းနဲ့ သွယ်ထားတယ်။ အိမ်နံရံမှာ သံမှိုတွေ ဗရပွတွေ့ရပြီး နံရံမှာချိတ်ထားတဲ့ ကုတ်အင်္ကျီတွေဟာ တအိမ်သားလုံး ပိုင်ဆိုင်တဲ့ အ၀တ်အစားတွေကို ခင်း ကျင်းပြသထားသလိုပါပဲ။
စံလှရဲ့အိပ်မက်က တနည်းနည်းနဲ့အင်တာနက်ချိတ်ပြီး ထူးထွေဆန်းပြားတဲ့ ပြင်ပကမ္ဘာအကြောင်းကို ပိုသိချင် တာပါ။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ သူက လူကြီးတယောက်ရဲ့ကားကိုမောင်းပေးတဲ့ ဒရိုက်ဘာသာဖြစ်တယ်။ နက်မှောင်နေတဲ့ ရေနွေးကြမ်းတခွက်သောက်ပြီး ဘေးဘီကို ကြည့်လိုက်တော့ ကျနော့်ဆီက လက်ဆောင်ရ နိုင်တဲ့ ပစ္စည်းတွေအပေါ် ကလေးတွေ အာရုံရောက်နေတာ တွေ့ရတယ်။ အထူးသဖြင့် ကျနော့် ရှပ်အင်္ကျီအိတ် ကပ်ထဲက ဈေးပေါတဲ့ ဘောပင်နှစ်ချောင်းဆီကိုပေါ့။ မြန်မာပြည်မှာ နိုင်ငံခြားသားတယောက်ကို ဘယ်တော့ တွေ့တွေ့ မကြာခဏ ထပ်ထပ်ပြီး သံပြိုင်အော်ဟစ်ကြတာဟာ လူကြီးတွေနဲ့ ကလေးငယ်တွေ အတော်များ များအတွက် ဂါထာမန္တန်တခု ရွတ်နေကြသလိုပါပဲ။ ကံမကောင်း အကြောင်းမလှကြလို့သာ သူတို့ ဒီလိုအော် ဟစ်တောင်းရမ်းနေကြတာပါ။ သူတို့မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တချို့ရှိတယ်ဆိုတာ သူတို့သိကြပါတယ်။

လူဦးရေရဲ့များရာစုကြီးဟာ အလုပ်အကိုင်နည်းနည်းပဲရှိကြပြီး နပ်မှန်ရုံလောက်သာ စားကြရတယ်။ တနေ့တ ဒေါ်လာဆိုတာ မသေထမင်းမသေဟင်းနီးနီး စားနေရတဲ့ လူအများစုရဲ့ဘ၀တွေကို သက်တောင့်သက်သာဖြစ် စေတဲ့အထိ အကြီးအကျယ်ပြောင်းလဲစေနိုင်တယ်။ သူတို့နဲ့ ပေါ့ပေါ့ပါးပါး တွေ့ဆုံပြီးတဲ့နောက် ကျနော်က စံလှ ရဲ့မိသားစုကို အချိန်တိုအတွင်းမှာ ပိုမိုကောင်းမွန်တဲ့ ဘ၀တခုနဲ့ အလျှံအပယ် စားသောက်နိုင်တဲ့ အခြေအနေ တွေ ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း၊ တနေ့နေ့မှာ စံလှဟာ အင်တာနက်ကိုတောင် ချိတ်ဆက်နိုင် ပြီး ခြားနားတဲ့ ဘ၀တခုကို ဖန်တီးနိုင်ပါစေကြောင်း စကားလက်ဆောင်တွေပါးခဲ့တယ်။

ကားကို ပြန်မောင်းလာတဲ့အခါ ပေ (၂၀၀) အမြင့်ရှိပြီး ဖန်ထည်တွေ၊ ကွန်ကရစ်တွေနဲ့ ဆောက်လုပ်ထားတဲ့ နန်းမြင့်မျှော်စင်ကို ဘုရားတွေကြားမှာ တွေ့ရတယ်။ နန်းမြင့်မျှော်စင်ဟာ ၂၀၀၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆောက်လုပ်ဆဲ အပန်းဖြေဟိုတယ် အစုအဝေးတွေနားမှာ ကပ်ရက်ရှိနေတယ်။ စစ်အုပ်စုရဲ့ စီမံကိန်းတခုဖြစ် တဲ့ အဲဒီမျှော်စင်ဟာ ထူးဆန်းပြီး သီးခြားကမ္ဘာဆန်တဲ့ မြင်ကွင်းတခုအဖြစ် သိသာပေါ်လွင်နေတယ်။ မြို့ပြလေ ဆိပ်ကြီးတခုက လေကြောင်းထိန်းသိမ်းရေး မျှော်စင်တခုနဲ့ တူနေတယ်။ ကျနော်တို့ဟာ လမ်းကနေ ကွေ့ပြီး ဆင်းသွားရတဲ့ မနီးမဝေးက (၁၈) ကျင်းရှိတဲ့ ပုဂံအပန်းဖြေဂေါက်ကွင်းကို ဖြတ်ကျော်ခဲ့တယ်။ အဲဒီဂေါက်ကွင်း ကို ၁၉၉၉ ခုနှစ်က ကမ္ဘာ့လှည့်ခရီးသည်တွေအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်တယ်။ အစောပိုင်း နှစ်တချို့ မှာ ရှေးဟောင်းသုတေသနနယ်မြေကို ဖြတ်ပြီး အဝေးပြေးလမ်းမတခု ဖောက်လုပ်ခဲ့တယ်။
ကျနော် ပုဂံကနေ ပြန်လာတဲ့အခါ ပုဂံရဲ့အနာဂတ်ဟာ လမ်းဆုံလမ်းခွတခုမှာ ရောက်နေတယ်ဆိုတဲ့ ခံစားမှု တခုပါလာခဲ့တယ်။ အံ့ဘနန်း ကြိုးပမ်းဆောင်ရွက်မှုတခု ပေါ်ပေါက်မလာခဲ့ရင် သို့တည်းမဟုတ် ယူနက်စကို အရာရှိတွေအနေနဲ့ စစ်အာဏာပိုင်တွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု တစုံတရာမရရှိခဲ့ ရင် ပုဂံရဲ့အနာဂတ်ဟာ အကြီးအကျယ် စိုးရိမ်ရတဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ်။

ပြီးခဲ့တဲ့နှစ်က ယူနက်စကိုရဲ့ ဒေသဆိုင်ရာ ယဉ်ကျေးမှုအကြံပေးအရာရှိတဦးဖြစ်တဲ့ ဘန်ကောက်ရုံးခွဲက ရစ် ချတ်အိန်ဂျယ်ဟတ်ကတော့ ဘီဘီစီကို အခုလို ပြောကြားခဲ့ပါတယ်။ “ပုဂံဟာ သူ့ရဲ့အတိတ်က ခမ်းနားထည် ၀ါတဲ့ အနုလက်ရာမှတ်တမ်းစစ်စစ်တွေ နည်းသထက် နည်းနည်းလာပြီး ပေါက်တတ်ကရတွေ ရေးထားတဲ့ နား မလည်နိုင်ဖွယ်ရာ စာအုပ်ကြီးတအုပ် ဖတ်ရသလို အနေအထားမျိုးကို ပိုမိုဆိုက်ရောက်လာမယ့် အန္တရာယ်ရှိ နေတယ်” လို့ ပြောကြားခဲ့ပါတယ်။