Tuesday, May 25, 2010

ဒိုင်ယာလော့၏ နိဂုံး၊ ပြည်သူ့အစိုးရ၏ နိဒါန်း

ဂါမဏိ / ၁၄ မေ ၂၀၁၀
http://www.khitpyaing.org/index.php?route=detail&id=737
အာဏာသိမ်း နအဖစစ်အုပ်စုရဲ့ အမိန့်ဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မေလ (၆) ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ်ကနေ နိဂုံးချုပ်သွားပြီလို့ ဖက်ဆစ်အလံရှူးတွေက သခင်အားရ ကျွန်ပါးဝ မြူးတူးအော်မြည်နေတာကို ရုပ်ပျက်ဆင်းပျက် တွေ့နေရပါတယ်။ တကယ်တော့ ၂၀၁၀ မေ (၆) ရက်ဟာ အဖွဲ့ချုပ်ရဲ့ နိဂုံးမဟုတ်ဘဲ ဒိုင်ယာလော့ရဲ့နိဂုံးသာ ဖြစ်ပါတယ်။ ဒီထက်ပို တိတိကျကျ ပြောရရင်တော့ နိဂုံးချုပ် အသက်ထွက်သွားတာ ကြာပြီဖြစ်တဲ့ ဒိုင်ယာလော့ အလောင်းကောင်ထည့် ခေါင်းတလားအဖုံးကို ပိတ်တဲ့ နောက်ဆုံးသံချက်ပဲဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခု စက်တင်ဘာ (၂၇) ရက်မှာ စတင်ဖွဲ့စည်းခဲ့စဉ်က ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး၊ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေးကို ကြွေးကြော်ခဲ့ပါတယ်။ အဲဒီရည်မှန်းချက်မြောက်ဖို့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ နည်းဗျူဟာလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ပါတယ်။ မတရားတဲ့ အမိန့်အာဏာ ဖျက်သိမ်းရေး လမ်းကြောင်းပေါ်ကနေ ဒိုင်ယာလော့လုပ်ဖို့ ရပ်တည်ခဲ့ပါတယ်။

၁၉၈၉ ခု ဇူလိုင် (၂၀) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရပြီးနောက်မှာ အာဏာဖီဆန်ရေး နည်းဗျူဟာ မှေးမှိန်သွားခဲ့ပြီး ၁၉၈၉ စက်တင်ဘာလကစလို့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူထုစည်းရုံးရေးနည်းဗျူဟာကို အဓိကထားလာခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရပြီးတဲ့အခါ ပြည်သူ့လွှတ်တော်ခေါ်ယူရေးနဲ့ ပြည်သူ့အစိုးရဖွဲ့စည်းရေး လုံးပမ်းခဲ့ရာမှာ နဝတစစ်အုပ်စုက ၁၉၉၀ ဇူလိုင် (၂၇) ရက် ၁/၉၀ ကြေညာချက်နဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူခွင့်၊ ပြည်သူ့အစိုးရ ဖွဲ့စည်းခွင့်တို့ကို ပိတ်ပင်ခဲ့တဲ့အတွက် ဇူလိုင် (၂၉) ရက် ဂန္ဓီခန်းမကြေညာစာတမ်းထုတ်ပြီး လွှတ်တော်ခေါ်ပေးဖို့ ခပ်ပျော့ပျော့တောင်းတာပဲ လုပ်ခဲ့ပါတော့တယ်။

အဲဒီနောက်မှာ လွှတ်တော်ခေါ်ပေးဖို့ တကျီကျီတောင်းရင်းနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ဒီဇင်ဘာ (၁၁) ရက်မှာ၊ အတွင်းရေးမှူး ဦးဝင်းတင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၉) ရက်မှာ၊ ဥက္ကဋ္ဌ သူရ ဦးတင်ဦးနဲ့ ဦးကြည်မောင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၂၄) ရက်မှာ ပါတီက ထုတ်ပစ်ပေးခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်ခေါ်မယ့် ဒိုင်ယာလော့ကတော့ ပေါ်မလာဘဲ ၁၉၉၃ ခု ဇန်နဝါရီ (၉) ရက်မှာ အမျိုးသားညီလာခံဆိုတာကို နဝတ က ကျင်းပတဲ့အခါ လိုက်ပါတက်ရောက်ခဲ့ရပါတယ်။

၁၉၉၅ ခု ဇူလိုင် (၁၀) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်က လွတ်လာတဲ့အခါ ဒေါ်စု၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့ကို အဖွဲ့ချုပ်ထဲပြန်ထည့်ပြီးနောက် နိုဝင်ဘာ (၂၂) ရက်မှာ အမျိုးသားညီလာခံကို ပြန်လည်သုံးသပ် တောင်းဆိုချက်ထုတ်ပြန်ပြီး ညီလာခံအစား စစ်မှန်တဲ့ ဒိုင်ယာလော့နည်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီပေါ်ထွန်းရေး၊ အများလက်ခံနိုင်တဲ့ အခြေခံဥပဒေ ပေါ်ထွန်းရေးတွေ ဖြစ်မြောက်ဖို့ ကြိုးပမ်းခဲ့ပြန်ပါတယ်။ ဒါကြောင့် နိုဝင်ဘာ (၂၉) ရက်မှာ နအဖက အဖွဲ့ချုပ်ကို ညီလာခံက ထုတ်ပစ်လိုက်ပါတယ်။ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ခေါ်ပေးဖို့ ၁၉၉၆ မတ် (၂၅) ရက်မှာ လူသိရှင်ကြား တောင်းဆိုလိုက်ပြီးနောက် မတ် (၃၁) ရက်ကစပြီး အမျိုးသားညီလာခံဆိုတဲ့ ဒိုင်ယာလော့အတုလည်း တိုးလို့တန်းလန်းနဲ့ ဆန့်ငင်ဆန့်ငင် သွက်ချာပါဒလိုက်သွားခဲ့ပါတယ်။ ညီလာခံကို ‘နှောင့်ယှက်’ ရင် အရေးယူမယ်ဆိုတဲ့ အမိန့်ဥပဒေ ၅/၉၆ ကိုတော့ နဝတ က အရှက်ပြေ ထုတ်ခဲ့ပါသေးတယ်။

အတုအယောင် အမျိုးသားညီလာခံရဲ့ အပြင်ဘက်မှာတော့ စစ်မှန်တဲ့ ဒိုင်ယာလော့အတွက် ကြိုးပမ်းချက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမအကြိမ် အကျယ်ချုပ်ကာလအတွင်း ၁၉၉၄ စက်တင်ဘာ (၂၀) ရက်မှာ ဗိုလ်ချုပ်သန်းရွှေနဲ့ တခါ၊ ၁၉၉၄ အောက်တိုဘာ (၂၈) ရက်မှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့တခါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ၁၉၉၇ ခု ဇူလိုင် (၁၇) ရက်မှာတော့ ဗိုလ်ချုပ်ခင်ညွန့်က ဦးအောင်ရွှေ၊ ဦးသန်းထွန်းနဲ့ ဦးလှဖေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဦးအောင်ရွှေက တိုက်တွန်းပေမယ့် ဗိုလ်ချုပ်ခင်ညွန့်က ပယ်ချခဲ့ပါတယ်။ ၁၉၉၇ စက်တင်ဘာလထဲမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က ဦးအောင်ရွှေနဲ့ ထပ်တွေ့ဖို့ ခေါ်ခဲ့ပေမယ့် ဒေါ်စုကို ဖယ်ထားလို့ ဒီဒိုင်ယာလော့ ပျက်သွားခဲ့ပါတယ်။

အဲဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒိုင်ယာလော့ကို ဘေးဖယ်ပစ်လိုက်ပြီး ၁၉၉၈ ခု ဇွန် (၂၃) ရက်မှာ နအဖကို ရက်ပေါင်း (၆၀) အတွင်း လွှတ်တော်ခေါ်ပေးဖို့ ရာဇသံပေးခဲ့ပါတယ်။ ရက် (၆၀) ပြည့်သွားပေမယ့် နအဖက လွှတ်တော် မခေါ်ပေးတဲ့အတွက် ကိုယ့်ဘာသာ လွှတ်တော်ခေါ်မယ်လို့ သြဂုတ် (၂၁) ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် နအဖ စစ်အုပ်စုဟာ ကောက်ကျစ်ယုတ်မာစွာနဲ့ စက်တင်ဘာ (၆) ရက်နေ့ကစပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များဟာ တာဝန်သိ တာဝန်ရှိစွာနဲ့ စက်တင်ဘာ (၁၆) ရက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ကို ဖွဲ့စည်းထူထောင်လိုက်ပါတယ်။

စီအာပီပီဟာ ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့အစိုးရပေါ်ပေါက်ရေးအတွက် လှုပ်ရှားခဲ့ရာမှာ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၁) ရက်နေ့မှာ နအဖ က ဒေါ်စု၊ ဦးတင်ဦး အပါအဝင် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အားလုံးကို အကျယ်ချုပ်ချခဲ့ပြီး (၁၄) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ စက်တင်ဘာ (၁၆) ရက်နေ့မှာတော့ စီအာပီပီက အခြေခံဥပဒေကို ကိုယ့်ဘာသာ ရေးဆွဲမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် နအဖက စက်တင်ဘာ (၂၂) ရက်နေ့ကစပြီး ဒေါ်စုနဲ့ ဗဟိုအလုပ်အမှုဆောင်အားလုံးကို အကျယ်ချုပ်ချခဲ့ပြန်ပါတယ်။ ဒေါ်စုကို ၂၀၀၂ မေလ (၆) ရက်ကျမှ လွှတ်ပေးခဲ့ပါတယ်။

ဒီဒုတိယအကျယ်ချုပ်ကာလအတွင်း ၂၀၀၀ ပြည့်နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာ ဒေါ်စုဟာ ဗိုလ်ချုပ်သန်းရွှေနဲ့ (၂) ခါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီနောက် နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၊ တခါတရံ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်တို့ ဦးစီးတဲ့ နအဖ စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့ (၁၀) ခါ ဆွေးနွေးခဲ့ပါတယ်။ လွတ်ခါနီး ၂၀၀၂ ခု ဇန်နဝါရီလမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ (၂) ခါ ဆွေးနွေးခဲ့ပါသေးတယ်။ မေလမှာ လွတ်ပြီးနောက် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် ခေါင်းဆောင်တဲ့ စေ့စပ်ရေးအဖွဲ့နဲ့ (၃) ခါ ထပ်ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ဒေါ်စုအပေါ် လူထုထောက်ခံမှုကို အကြီးအကျယ် စိုးရိမ်ကြောက်လန့်လာတဲ့ ဗိုလ်ချုပ်သန်းရွှေဟာ ၂၀၀၃ ခု မေ (၃၀) ရက်မှာ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီးကို ကျူးလွန်ခဲ့ပြီးနောက် မသေလို့ ကျန်ခဲ့တဲ့ ဒေါ်စုနဲ့ ဦးတင်ဦးကို အကျယ်ချုပ် ထပ်ချခဲ့ပြန်ပါတယ်။ ဒါပေမယ့် လုပ်ကြံမှုကို စိတ်မပါတဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ သဘောထားကြီး အမြင်ကျယ်တဲ့ ဒေါ်စုတို့ဟာ အကျယ်ချုပ်ကျပြီး မကြာမီအတွင်း တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့် ကြီးကြပ်စီစဉ်မှုအောက်မှာ ဗိုလ်ချုပ်ကျော်ဝင်း၊ ဗိုလ်ချုပ်သန်းထွန်း၊ ဗိုလ်မှူးကြီးတင်လှိုင်တို့ပါတဲ့ စေ့စပ်ရေးအဖွဲ့ဟာ ဒေါ်စုနဲ့ (၅) ခါ ဆွေးနွေးခဲ့ရာမှာ ဒေါ်စုနဲ့ အဖွဲ့ချုပ်ဘက်က ဒီပဲယင်းကိစ္စကို သင်ပုန်းချေဖို့၊ အမျိုးသားညီလာခံတက်ဖို့၊ တပ်မတော်အခန်းကဏ္ဍကို ကာလတခုအထိ ပါဝင်ခွင့်ပေးဖို့ သဘောတူခဲ့ပြီး နအဖဘက်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ၉၀ ရွေးကောက်ပွဲရလာဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့၊ အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူ (၁၀၄) ချက်ကို ပြန်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ တနည်းအားဖြင့်ပြောရရင် အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်မြင်ဖို့ (၉၅) ရာခိုင်နှုန်း သေချာနေခဲ့ပါတယ်။ ဒီဒိုင်ယာလော့ကာလအတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ဒေါ်စုတို့နဲ့ ပူးတွဲပြီး တိုင်းပြည်အနာဂတ်ကို ပုံဖော်ဖို့ ရည်ရွယ်တဲ့ လမ်းပြမြေပုံကို ၂၀၀၃ ခု သြဂုတ် (၃၀) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၄ ခု ညောင်နှစ်ပင်ညီလာခံ မကျင်းပမီ တရက်အလို မေ (၁၆) ရက်မှာ ဗိုလ်ချုပ်သန်းရွှေက သဘောတူညီချက်အားလုံးကို သူ့တယောက်တည်းသဘောနဲ့ ဖျက်သိမ်းပစ်လိုက်ပြီး ဒေါ်စုနဲ့ အဖွဲ့ချုပ်တို့အနေနဲ့ ညီလာခံကို ခြွင်းချက်မရှိ တက်ရမယ်၊ ညီလာခံအတွင်း အနေအထိုင်ပေါ်မူတည်ပြီးတော့မှ ဒေါ်စုတို့တောင်းတဲ့ကိစ္စတွေ စဉ်းစားပေးမယ်လို့ တချက်လွှတ်အမိန့်ချခဲ့ပါတယ်။ တိုင်းပြည်ရဲ့လက်တွေ့အခြေအနေနဲ့ ကမ္ဘာကြီးရဲ့ ဦးတည်လမ်းကြောင်းကို အတိုင်းအတာ တခုအထိ သဘောပေါက်လာတဲ့ ဗိုလ်ချုပ်ခင်ညွန့်လည်း ၂၀၀၄ အောက်တိုဘာ (၁၉) ရက်မှာ ရာထူးပြုတ်သွားခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံမှာ ဒိုင်ယာလော့ရဲ့ အခန်းကဏ္ဍဟာ ၂၀၀၄ မေလမှာ ဂိမ်းဘောဆိုက် သွားခဲ့ပါပြီ။ တနည်းပြောရရင် ဒိုင်ယာလော့ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

၂၀၀၃-၂၀၀၄ ဒိုင်ယာလော့မှာ ဒေါ်စုအပြင် တခြားအဖွဲ့ချုပ်ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီခေါင်းဆောင်ကြီးတွေဟာ ဒိုင်ယာလော့ နိဂုံးချုပ်သွားခဲ့ပေမယ့်လည်း ဒိုင်ယာလော့ကိုပဲ တစာစာ ဆက်အော်နေခဲ့ကြပါတယ်။ ဒီတော့ ဒိုင်ယာလော့ အသက်ထွက်သွားတာ မသိကြတဲ့ တခြား ပြည်တွင်းပြည်ပအတိုက်အခံတွေကလည်း ဒိုင်ယာလော့တို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကိုပဲ နားမလည်ပါးမလည်နဲ့ လိုက်ယောင်နေခဲ့ကြပါတယ်။

ဒါပေမယ့် အဖွဲ့ချုပ်ခေါင်းဆောင်တွေဟာ ဒိုင်ယာလော့အလောင်းကောင်ကြီး အသက်ပြန်ရှင်နိုး မျှော်လင့်ပြီး ၂၀၀၆ ဖေဖော်ဝါရီ (၁၂) ရက်မှာ လွှတ်တော်ခေါ်ပေးရင် နအဖကို ဒီဂျူရီ (ဥပဒေကြောင်းညီ တရားဝင်) အစိုးရဖြစ်အောင် လုပ်ပေးမယ်၊ ဒီနောက် တရားဝင်သွားတဲ့ နအဖအစိုးရနဲ့ လွှတ်တော်လက်တွဲပြီး အခြေခံဥပဒေဆွဲတာ၊ ရွေးကောက်ပွဲ ကျင်းပတာ၊ တိုင်းပြည်ပြဿနာတွေ ဖြေရှင်းတာ လုပ်ကြမယ်လို့ ကမ်းလှမ်းခဲ့ပါသေးတယ်။

၂၀၀၇ သြဂုတ် (၁) ရက်မှာလည်း တာဝန်သိ တာဝန်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စီအာပီပီအဖွဲ့ဝင်တွေ စုစုပေါင်း (၉၂) ယောက် (နောက်ပိုင်းမှာ ၉၇ ယောက်ဖြစ်လာ) ပူးပေါင်းပြီး နအဖ ညောင်နှစ်ပင်ညီလာခံနဲ့ နအဖ အခြေခံဥပဒေ (၁၀၄) ချက်တွေကို ထည့်သွင်းစဉ်းစားပေးထားတဲ့ အစားထိုး ပြည်သူ့လမ်းပြမြေပုံတခုကို အဆိုပြုခဲ့ပါသေးတယ်။ ဒါပေမယ့် သေပြီးတဲ့ ဒိုင်ယာလော့အလောင်းကောင်ကြီးကတော့ ဘယ်လိုမှ မလှုပ်နိုင်တော့ပါဘူး။ အခုလို အသက်ပြန်ရှူအောင် အဆုတ်ထဲ ပါးစပ်ချင်းတေ့ လေမှုတ်သွင်း၊ နှလုံးပြန်ခုန်အောင် ပြင်ပကနေ လက်နဲ့ဖိနှိပ်ပေးပြီး အရေးပေါ် အသက်ကယ်နည်းတွေနဲ့ ကြိုးစားခဲ့ကြပေမယ့် ဒိုင်ယာလော့အလောင်းကောင်ကြီး အသက်ပြန်ရှင်မလာပါဘူး။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တဲ့အခါမှာတော့ ပြည်တွင်းနဲ့ နိုင်ငံတကာလူထုကို လှည့်စားဖို့ ဗိုလ်ချုပ်သန်းရွှေက ဒိုင်ယာလော့အလောင်းကောင်ကြီးကို သနပ်ခါးလိမ်း ပန်းပန်ပေးပြီး ပွဲထုတ်ပြခဲ့ပါတယ်။ ဒီလိုနဲ့ ဆက်ဆံရေးဝန်ကြီးဆိုတဲ့ ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်စုနဲ့ ဆွေးနွေးပြစေခဲ့ရာမှာ ၂၀၀၇ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ (၃) ခါ၊ ၂၀၀၈ ဇန်နဝါရီမှာ (၂) ခါ၊ ၂၀၀၉ အောက်တိုဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ (၄) ခါ ပုံဆွဲပြခဲ့ပါတယ်။ တကယ်တော့ ဝိညာဉ်ချုပ်ပြီးသားဖြစ်တဲ့အတွက် ဒိုင်ယာလော့မသာကောင်ကြီးဟာ ပုပ်စော်နံလာတာပဲ အဖတ်တင်ပါတယ်။

အင်မတန် ထက်မြက်လှတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိုင်ယာလော့ အသက်မရှိတော့တဲ့အကြောင်း ပြည်တွင်းပြည်ပ သိစေဖို့အတွက် ၂၀၀၉ စက်တင်ဘာ (၂၅) ရက်မှာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကိစ္စဆွေးနွေးဖို့ ခေါင်းစဉ်တပ် ကမ်းလှမ်းပြခဲ့ပါတယ်။ ဒီကိစ္စကို နောက်ဆုံးမှာ ဘယ်လိုမှ ရှေ့ဆက်မရအောင် ဗိုလ်ချုပ်သန်းရွှေ လုပ်ခဲ့တာဟာ ဒိုင်ယာလော့အလောင်းထည့်ထားတဲ့ ခေါင်းတလားအဖုံးကို သံချက်နှက်ခဲ့တာဖြစ်ပါတယ်။

ဒီနောက် ၂၀၀၉ ခု ဧပြီ (၂၉) ရက်က ချမှတ်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အနိမ့်ဆုံးသတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့တာကို နအဖရဲ့ မတ်လ (၈) ရက်ရွေးကောက်ပွဲဥပဒေတွေက အပြီးအပြတ် ပယ်ချပစ်လိုက်တာ၊ ဒါနဲ့ တဆက်တစပ်တည်း မေ (၆) ရက်မှာ အဖွဲ့ချုပ် မှတ်ပုံပြန်မတင်လို့ တရားမဝင်ဖြစ်ပြီဆိုတဲ့ နအဖရဲ့ အာဏာပါဝါတွေဟာ ဒိုင်ယာလော့အလောင်း ခေါင်းတလားဖုံးကိုပိတ်တဲ့ နောက်ဆုံးသံချက်တွေ ဖြစ်သွားပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း မိမိရဲ့အခြေခံရပ်တည်ချက်ဟာ (အရည်မရ အဖတ်မရ ဒိုင်ယာလော့ မဟုတ်ဘဲ) ၂၀၀၃ မတ် (၉) ရက်၊ ၁၉၉၇ ဖေဖော်ဝါရီ (၄) ရက်၊ (၁၉၉၃ နေရူးဆုအတွက်) ၁၉၉၅ နိုဝင်ဘာ (၁၆) ရက်တို့မှာ ပြောခဲ့တဲ့ မိန့်ခွန်း/ဆောင်းပါး (၃) ခုအတိုင်း ဖြစ်တယ်လို့ ၂၀၀၉ အောက်တိုဘာလမှာ မက်ဆေ့ခ်ျပေးခဲ့သလို ၂၀၁၀ မတ်လ (၂၃) ရက်မှာလည်း အန်အယ်လ်ဒီဗဟိုဌာနချုပ်ကို ဘူးသီးတလုံး ပေးလိုက်ပြီး ဘူးတိုက်ပွဲဆင်နွှဲဖို့ မက်ဆေ့ခ်ျပေးခဲ့ပါတယ်။

ဒါကြောင့် ကွယ်လွန်အနိစ္စရောက်သွားတဲ့ ဒိုင်ယာလော့တို့၊ (နအဖနဲ့) အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို လက်ရှိ စစ်အုပ်စု အသက်နဲ့ကိုယ် အိုးစားမကွဲသရွေ့ (နအဖအသက်နဲ့ တပ်မတော်ကိုယ်) ဘာမှမျှော်လင့်စိတ်ကူးယဉ်နေစရာ မရှိတော့ဘဲ တာဝန်သိ တာဝန်ရှိ (အဖွဲ့ချုပ်+တိုင်းရင်းသား) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ mandate ကို ရဲရဲဝံ့ဝံ့ ပါးပါးနပ်နပ်နဲ့ အပြည့်အဝ အသုံးချပြီး ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရတို့ကို ပြည်တွင်းမှာ ကိုယ့်ဘာသာ ဖွဲ့စည်းထူထောင်ဖို့၊ မြန်မာ့ဒီမိုကရေစီတိုက်ပွဲ နောက်ဆုံးအောင်ပွဲရတဲ့အထိ ပြည်သူလူထုနဲ့ တပ်မတော်သားတွေကို ခေါင်းဆောင်သွားဖို့ လမ်းကြောင်းပဲ ရှိပါတော့တယ်။

ဒီနည်းနဲ့ ၂၀၁၀ မေ (၆) ရက် ဒိုင်ယာလော့ရဲ့ အပြီးသတ်နိဂုံးကနေ ပြည်သူ့အစိုးရရဲ့ နိဒါန်းဖြစ်လာအောင် ဝိုင်းဝန်းလုံးပန်းကြပါစို့။ ။

Monday, May 24, 2010

ဒေါ်အောင်ဆန်းစုကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်မည်ဟု သျှမ်းတော် လှန်ရေးနေ့၌ ဒုဗိုလ်ချုပ်ကြီးယွက်စစ်ပြော့
Friday, 21 May 2010 21:07 သျှမ်းသံတော်ဆင့်
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/870-2010-05-21-14-11-16
မေ ၂၁ ရက်၌ ကျရောက်သော ၅၂ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစု ကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်သူ ဟု SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောကြားခဲ့ပါသည်။

“ပင်လုံစာချုပ်ကို ကျောခိုင်းလို့တိုင်းပြည်အခြေအနေ အခုလိုမျိုးဖြစ်ရတာ။ ရှေ့ဆက် ဥပက္ခာပြု မေ့ချင်သယောင် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ပြဿနာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာမဟုတ်ဘူး။ တန်းတူ အခွင့်အရေး အတွက် ပင်လုံကတိကို ပြန်ဖေါ်ရမယ်၊ ပင်လုံကို ပြန်ဖေါ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ အဓိက အခန်း ကဏ္ဍ ဖြစ်တယ်၊ သူမကို ဆက်လက်ထောက်ခံအားပေးရမယ်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြော၏။
[ဒုဗိုလ်ချုပ်ကြီး ယွက်စစ်]

မေ ၂၁ ရက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ ကျင်းပရာ စစ်သည် အင်အား ၁၅၀၀ ကျော် တက်ရောက် စစ်ရေးပြပြီး လူထုပရိသတ် အပါဝင် စုစုပေါင်း အင်အား ၂၀၀၀ ကျော် တက်ရောက်ခဲ့၏။

မနက်ပိုင်း တော်လှန်ရေးအခမ်းအနားကျင်းပပြီး မွန်းလွဲပိုင်း ၁၃း၃၀ နာရီတွင် တော်လှန်ရေးနေ့နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ြုပလုပ်ခဲ့ရာ သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပင်လုံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒွန်တွဲပြောဆိုခြင်းဖြစ်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလဲဖြစ်တယ်။ အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီး သီးကလဲ သူမကိုလက်ခံတယ်။ ပင်လုံအကြောင်းသူမ ပြန်ပြောင်းပြောလာမယ်ဆိုရင် ပိုထိရောက်မယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်လာနိုင်အောင် အဲဒီအခွင့်အလှမ်း ကနေ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို သူမဖေါ်ဆောင်နိုင်မယ်။ UN ပြောသလိုပါဘဲ တိုင်းရင်းသားမပါရင်မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး” - ဟု သတင်းထောက်များအား ဆက်လက်ပြောပြ၏။

လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းစာရှင်းလင်းပွဲတွင် ပချားထိုင်းကဲ့သို့ ထိုင်းသတင်းဌာနများအပြင်၊ ဒီဗွီဘီ သတင်းဌာန နှင့် အတူ သျှမ်းသံတော်ဆင့်သတင်းဌာနတို့လည်း ပါဝင်တက်ရောက် သတင်းယူမေးမြန်းခဲ့ပါသည်။

၁၉၅၂ ခုနှစ် တွင် တရုပ်ဖြူကျူးကျော်မှုကိုအကြောင်းပြု၍ ဗမာ့တပ်မတော်က သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို သိမ်းပိုက်ထိပါးလာမှုကြောင့် လွတ်လပ်ရေး၊ တန်းတူရေးမြတ်နိုးတန်ဖိုးထားသည့် စောနွဲ့ဆောယန္တ ဦးဆောင် သျှမ်းလူငယ် ၃၁ ယောက်က ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးစတင်ကာ သျှမ်းပြည်တော်လှန်ရေးသမိုင်းစာမျက်နှာ စဖွင့်ခဲ့ခြင်းဖြစ်ပါသည်။
တာချီလိတ်မြို့နယ် အတွင်း တိုက်ပွဲဖြစ်
Friday, 21 May 2010 20:53 သျှမ်းသံတော်ဆင့်


သျှမ်းပြည် တပ်မတော် အမှတ် ၁ စစ်ဒေသ နှင့် ဗမာ့တပ်မတော်တို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုစုံစမ်းသိရှိရ ပါသည်။

အမည်မဖေါ်လိုသူ ရွာသားတဦးက -“ သျှမ်းတပ်က ၁၀ ကျော် နဲ့ ဗမာ့တပ်မတော် စစ်ကြောင်းတကြောင်း မိုင်းကိုးကျေးရွာအုပ်စုစီငေါက့်ရွာ အနီး လယ်ကွင်းပြင်ထဲမှာ တိုက်ပွဲဖြစ်တာ၊ နာရီဝက်နီးနီး ပစ်ခတ် ကြတယ်” - ဟု ပြော၏။
သျှမ်းပြည်တပ်မတော်သားများ

မေ ၁၆ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းက တာချီလိတ် အခြေစိုက် ခမရ ၃၃၁ တပ်ရင်းမှ အင်အား ၃၀ ကျော် စစ်ကြောင်းတကြောင်း နှင့် သျှမ်းပြည်တပ်မတော် နယ်လှည့်တပ်ဖွဲ့တို့ တာချီလိတ်မြို့ အရှေ့မြောက်ဘက် ၁၅ မိုင်အကွာ မိုင်းကိုးကျေးရွာအုပ်စုအတွင်း နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်၏။

“တိုက်ပွဲပြီးတော့ ဗမာစစ်သားတွေ အထမ်း ၃ ထမ်း ထမ်းသွားတာတွေ့ရတယ်။ လူနာလား/အလောင်းလား တော့မသိဘူး။ သျှမ်းတပ်ဘက် ကတော့ ဘယ်လောက်သေကျေဒဏ်ရာရလဲမသိဘူး” - ဟု ဒေသခံ နောက်တဦး က သျှမ်းသံတော်ဆင့်သို့ ပြော၏။

ထို့အတူ ပြီးခဲ့သည့် တနင်္လာနေ့ကလည်း မိုင်းကိုးကျေးရွာအုပ်စုဝင် ၀မ့်ပန်စလီရွာရှိ အခါပြည်သူ့စစ်တပ်ဖွဲ့အား နအဖ လှုပ်ရှားစစ်ကြောင်း တကြောင်းက စက်သေနတ်ပေးပြီး သျှမ်းပြည်မတော် နယ်လှည့်စစ်ကြောင်း တစ် ကြောင်းကို လိုက်လံပစ်ခတ်စေခဲ့သေးသည်ဟုဆို၏။ သို့သော် နှစ်ဦးနှစ်ဘက်ထိခိုက်ဒဏ်ရာရခြင်းမရှိဟု ဆက်လက်ပြောပြ၏။

သျှမ်းပြည်တပ်မတော် နှင့် ဗမာ့တပ်မတော်ကြား မကြာခဏ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ၌ တာချီလိတ် မြို့နယ် ပြည်သူ့ စစ်တပ်ဖွဲ့အားလုံးစုပေါင်းပြီး နယ်ခြားစောင့်တပ်ရင်း အဖြစ် ပြီးခဲ့သည့် အင်္ဂါနေ့က ပြောင်းလဲဖွဲ့စည်းလိုက်၏။ စရဖ အရာရှိချုပ်ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် အခမ်းအနားဖြင့် ရာထူးအဆင့် အပ်နှင်းပေးခဲ့သည်။

Tuesday, May 11, 2010

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျဇနီး ဒေါ်ခင်တင့် (၈၅) နှစ် ကွယ်လွန်
စစ်အစိုးရသတင်းစာတို့က “ရဲဘော်သုံးကျိပ်ဝင်” စာသားကို ဆင်ဆာဖြတ်
မိုးယံမခ၊ ရန်ကုန်
မေ ၁၁၊ ၂၀၁၀
http://moemaka.com/index.php?option=com_content&task=view&id=6376&Itemid=1

ယမန်နေ့ နံနက် အစောပိုင်း ၂ နာရီ ၀န်းကျင်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ ဇနီး ဒေါ်ခင်တင့် ၈၅ နှစ်ဟာ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား၊ ၂ ရပ်ကွက်၊ ကုက္ကိုင်းရိပ်သာလမ်း အမှတ် ၁၁ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ဒေါ်ခင်တင့်ရဲ့ ဈာပနကို ညနေ ၄ နာရီခွဲ အချိန်က ရေဝေးသုဿန်မှာ မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။ ဈာပနကို ဆွေမျိုးသားချင်းများ၊ အနုပညာနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ကွယ်လွန်သူကို ရည်စူးပြီး မေလ ၁၆၊ တနင်္ဂနွေနေ့ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရက်လည်ဆွမ်းကျွေး တရားတော်နာယူမှာ ဖြစ်တဲ့အတွက် အမှတ် ၁၁၊ ကုက္ကိုင်းရိပ်သာလမ်း၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ ဗဟန်းမြို့နယ် နေအိမ်သို့ ကြွရောက်နိုင်ရန် ဆွေမျိုးမိသင်္ဂဟများကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဒေါ်ခင်တင့်ရဲ့ ဈာပနကို မီးသဂြိုဟ် ပြီးစီးကြောင်းနဲ့ ရည်လည်ဆွမ်းသွပ်တရားနာ ကြွရောက်နိုင်ရန် နိုင်ငံပိုင်သတင်းစာများမှာ နာရေးကြော်ငြာထည့်တဲ့အခါ ကြေးမုံသတင်းစာက ဗိုလ်ဇေယျရဲ့ အမည်ရှေ့မှာ ရဲဘော်သုံးကျိပ်ဝင် ဆိုတဲ့စာသားကို ဖြုတ်ခိုင်းပြီး၊ မြန်မာ့အလင်းသတင်းစာက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျလို့ ဖော်ပြချင်ရင် အထက်သို့ဆက်လက် တင်ပြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဒေါ်ခင်တင့်ရဲ့ ဆွေမျိုးနီးစပ်တို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။













ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျနဲ့ ဇနီးဒေါ်ခင်တင့်တို့ဟာ ဒေါ်ခင်မာလာ၊ ဒေါ်နီနီ၊ ဒေါ်မြသီတာ၊ ဒေါ်အင်ကြင်းဇေယျ၊ ဒေါ်ဧကရီဇေယျ စတဲ့ သမီး ၅ ဦးထွန်းကားခဲ့ပါတယ်။ မြေး ၁၅ ဦး၊ မြစ် ၁၅ ဦး ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အဆိုတော် ဟေမာနေ၀င်း၊ နာမည်ကြီး သရုပ်ဆောင် ရာဇာနေ၀င်း၊ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် တို့ဟာ ဗိုလ်ဇေယျ၊ ဒေါ်ခင်တင့်တို့ရဲ့ မြေး တော်စပ်ကြောင်း သိရပါတယ်။

Monday, May 10, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ့တ်ကမ်းဘဲလ် တွေ့
ကိုထွေး Monday, May 10, 2010
http://www.irrawaddy.org/bur/index.php/news/1-news/3128-2010-05-10-11-42-02
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် အမေရိကန် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်း ဘဲလ်နှင့် ယနေ့ နေလယ် ၁း၃၀ နာရီတွင် တနာရီကျော်ကြာ တွေ့ဆုံခဲ့သည်။

[အမေရိကန် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်း ဘဲလ် (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)]

အမေရိကန် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်း ဘဲလ် (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)
၎င်းတို့ တွေ့ဆုံသည့် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် သတင်းယူရန် အာဏာပိုင်များက သတင်းထောက်များကို ဖိတ်ကြားထား သော်လည်း နောက်ပိုင်းတွင် ယင်းဖိတ်ကြားချက်ကို ပြန်လည် ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။

မစ္စတာ ကာ့တ်ကမ်း ဘဲလ်သည်၂၀၀၉ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်စဉ် ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ NLD ပါတီ ဆက်လက် တည်ရှိရေး အတွက် ပါတီမှတ်ပုံတင်ရန် စစ်အစိုးရက သတ်မှတ်ထားသည့် ရက်ပိုင်းကို ကျော်လွန်သွားချိန်တွင် ယခု တွေ့ဆုံမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ခရီးစဉ် မတိုင်မီကပင် မစ္စတာ ကမ်းဘဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသာ မြန်မာနိုင်ငံသို့ သွားရောက် မည်ဟု ပြောဆိုခဲ့သည်။ ယနေ့ တွေ့ဆုံမှုနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။

ယနေ့ နံနက်ပိုင်းတွင် မစ္စတာ ကမ်းဘဲလ်သည် အမေရိကန် သံရုံးတာဝန်ခံ၏အိမ်တွင် NLD ဗဟို ကော်မတီ အဖွဲ့ဝင် ၁၀ ဦးနှင့်လည်း တွေ့ဆုံခဲ့သည်။

မစ္စတာ ကမ်းဘဲလ်နှင့် တွေ့ခဲ့သည့် ဦးဝင်းတင်က “အမေရိကန် အစိုးရအနေနဲ့ စစ်အစိုးရ အပေါ် ဖိအားတွေ ထပ်ပေးဖို့၊ အားလုံး ပါဝင်နိုင်ပြီးတော့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့တဲ့ အတွက် ရွေးကောက်ပွဲရလဒ်ကို အသိ အမှတ် မပြုဖို့ ကျနော်တို့က မစ္စတာ ကမ်းဘဲလ်ကို တောင်းဆိုပါတယ်” ဟု ဧရာဝတီကို ပြောပြသည်။

တွေ့ဆုံမှုတွင် ပါဝင်သူ တဦး ဖြစ်သည့် ဦးခင်မောင်ဆွေက “မစ္စတာကမ်းဘဲလ်နဲ့ စကားပြောပြီးတော့ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အမေရိကန်က အားတက်သရော ရှိနေတယ် ဆိုတာ သတိထားမိတယ်၊ စစ်အစိုးရအပေါ် အမေရိကန်ရဲ့ လွှမ်းမိုးမှုက အကန့်အသတ် ရှိတယ် ဆိုတာရယ်၊ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ရင် ရွေးကောက်ပွဲဟာ ယုံကြည်မှု ကင်းမဲ့မယ်လို့ မစ္စတာ ကမ်းဘဲလ်က ပြောတယ်” ဟု ဆိုသည်။

မစ္စတာ ကမ်းဘဲလ်သည် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်၊ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) ကိုယ်စားလှယ်များ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ ခေါင်းဆောင်များတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

မစ္စတာ ကမ်းဘဲလ်က ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်ဟု ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

“ဘာကြောင့် ရွေးကောက်ပွဲဝင်လဲ၊ ရွေးကောက်ပွဲကို ဘယ်လို အခြေအနေ ဖြစ်မယ်ထင်လဲ၊ ရွေးကောက်ပွဲ ပြီးရင် ဘာဖြစ်မယ် ထင်လဲ အဲသလို မေးတာပါ”ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း ဗိုလ်ချုပ်ကြီး သိန်းစိန်က အရပ်ဝတ်လဲ၍ ပါတီထောင်ခြင်း၊ ကြံ့ဖွံ့ အသင်း၏ အပြောင်းအလဲ တို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် တနင်္ဂနွေနေ့က မြန်မာပြည်သို့ ဒုတိယအကြိမ် ရောက်ရှိလာပြီးနောက် ပြန်ကြားရေး ၀န်ကြီး ဦးကျာ်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မကြာသေးမီ အမေရိကန်က မြန်မာ စစ်အစိုးရကို တိုက်ရိုက် ထိတွေ့ ဆက်ဆံသွားမည် ဟူသော မူဝါဒသစ်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ကြေညာခဲ့သည်။

ဇန်န၀ါရီလတွင် မစ္စတာ ကမ်းဘဲလ်က မြန်မာ စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံမှုနှင့် ပတ်သက်၍ တစုံတရာ ရှင်းရှင်း လင်းလင်း မရှိဘဲ ရောနှော ရှုပ်ထွေး နေသည်ဟု ပြောကြားခဲ့သည်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် ၂၀၀၉ ခုနှစ်တွင် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံ သို့ သွားခဲ့သူ ဖြစ်ပြီး ၁၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက်သော အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးပြောကြားချက် ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်

NEJ / ၁၀ မေလ ၂၀၁၀
http://www.khitpyaing.org/index.php?route=detail&id=621

ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလတွင် ပြန်လွှတ်ပေးမည်ဟု နအဖပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က မတရားသည့် ပြောဆိုချက်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။

ယမန်နေ့က ရှေ့နေကြီး ဦးဉာဏ်ဝင်းနှင့် နေအိမ်တွင်တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “နိုဝင်ဘာမှာ ဒေါ်စုကိုလွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားတာနဲ့ပတ်သက်ပြီး ဒေါ်စုက ဒါမတရားတဲ့ ပြောကြားချက်ပဲတဲ့။ ဘာလို့လည်းဆိုတော့ သူ့ကိုအပြစ်ချထားတဲ့ ပြစ်မှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်တရားရုံးချုပ်က အမိန့်မချရသေးဘူး၊ မပြီးပြတ်သေးဘူး၊ မပြီးပြတ်ခင်အတွင်းမှာ ဒီလိုပြောတာဟာ တရားရုံးရဲ့ လုပ်ငန်းကို လွှမ်းမိုးပြောဆိုရာ ရောက်တယ်လို့ အဲလိုပြောပါတယ်” ဟု ပြောသည်။

ယခုလ (၂၁) ရက်တွင် ကျောက်ပန်းတောင်းမြို့၌ မြို့ခံအစိုးရ၀န်ထမ်းများနှင့် တွေ့ဆုံစကားပြောကြားရာတွင် နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန် နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအခြေအနေတွင် နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်ခံထားရပြီး အင်းစိန်အထူးတရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့မှုအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံကို ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေများက ဇန်န၀ါရီ (၁၈) ရက်တွင် နိုင်ငံတော် ဗဟိုတရားရုံးချုပ်၌ တင်သွင်းထားပြီး အမိန့်ထွက်မည့်ရက်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ယမန်နှစ် မေလတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့မှုကြောင့် စစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးနောက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူုးကြီး သန်းရွှေ၏ အမိန့်စာဖြင့် ထိုချမှတ်သည့် ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်ထားခြင်းဖြစ်သည်။

ယင်းသို့ ပြစ်ဒဏ်တ၀က်ကျခံနေရစဉ်အတွင်း ကောင်းမွန်စွာနေထိုင်မည်ဆိုပါက အကျယ်ချုပ်သက်တမ်းကာလမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးကောင်း လွှတ်ပေးမည့်သဘောလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်စာတွင် ပါရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏စာအပေါ် လွှမ်းမိုးရာရောက်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဗိုလ်ချုပ်သန်းရွှေထုတ်တဲ့စာရဲ့ အဓိပ္ပာယ်ကိုလည်း နားလည်မှုလွဲစေတယ်တဲ့။ အဲဒီစာပေါ်မှာလည်း လွှမ်းမိုးရာ ရောက်တယ်တဲ့” ဟု ပြောကြားသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကမူ ယင်းသို့ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည့် ပြောကြားချက်သည် ဘာမှမထူးခြားကြောင်း ပြောသည်။

“ဒေါ်စုကို နိုဝင်ဘာမှာ လွှတ်ပေးမယ်ဆိုတာ နိုင်ငံရေးပြက်လုံးပဲ။ အစိုးရမှာ တာဝန်ရှိသူ ၀န်ကြီးတယောက်ကနေပြီးတော့ ပြောလိုက်တာဟာ ပြက်လုံးလို ဖြစ်နေတယ်။ သူ့လွတ်ရက် နိုဝင်ဘာမှာ လွှတ်မယ်လို့ပြောတာဟာ ဘာမှ မထူးခြားဘူး။ ဒါ့အပြင် ဒီနိုဝင်ဘာမှ လွတ်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဝင်နိုင်မယ် ဆိုတာကလည်း ရွေးကောက်ပွဲက အောက်တိုဘာတောင် ကျင်းပမယ်ဆိုပြီးဖြစ်နေတော့ ဒီစကားမျိုးပြောတာ နိုင်ငံရေးပျက်လုံးလို ဖြစ်နေတယ်” ဟု ပြောသည်။

ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာတွင် လွှတ်မည်ဆိုခြင်းသည် နိုဝင်ဘာမတိုင်ခင် မလွှတ်ဘူးဆိုသည့် သဘောမျိုးလည်း အဓိပ္ပာယ်ကောက်ယူနိုင်သည့်အတွက် ယင်းစကားသည် ဆိုးဝါးသည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။

“ဒီလို ၀န်ကြီးကိုယ်တိုင်က နိုဝင်ဘာထက် စောမလွှတ်ဘူးဆိုတဲ့ အဓိပ္ပယ်ကောက်လို့ရတဲ့ စကားကိုပြောတယ်ဆိုရင် တရားရုံးမှာ စစ်နေတဲ့ တရားသူကြီးအပေါ်မှာလည်း အလွန်ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်နိုင်တယ်။ တရားသူကြီးတွေ ကလည်း အခုလာမယ့်အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ဖို့တို့၊ ဆက်ချုပ်ထားဖို့တို့ပဲ ဆုံးဖြတ်မယ်လို့ ယူဆနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာမတိုင်ခင် စောပြီးလွှတ်သင့်ကြောင်း၊ ယင်းသို့လွှတ်သည့်အပေါ်အကြောင်းပြုပြီး နအဖအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများကို စီစဉ်လက်ခံသင့်ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “ဒီလိုစကားပြောတာကို ၀မ်းသာပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ကျေနပ်ပါတယ်။ လွှတ်မယ်ဆိုတဲ့အသံထွက်တာ ကောင်းတယ်လို့ ယူဆပါတယ်။ သို့သော် အဲလိုစကားမျိုးပြောနေမယ့်အစား လွှတ်လိုက်ပါ။ စောစောလွှတ်လိုက်ပါ။ လွှတ်ပြီးရင် ကျနော်တို့တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ ကိစ္စမျိုးကို မဖြစ်မနေလုပ်ပါ။ ဘာလို့လည်းဆိုတော့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်က လာပြီးတော့တွေ့တယ်တို့ဆိုတာ ဆက်သားအဆင့်လောက်ပဲ သတင်းစကားပို့နေရတဲ့ အလုပ်လုပ်နေရတော့ ဘာမှလည်း အကျိုးသက်ရောက်မှုမရှိဘူး” ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် လွန်ခဲ့သည့် အနှစ် (၂၀) ကျော်ကတည်းက တွေ့ဆုံဆွေးနွေးရန် တောင်းဆိုလာခဲ့ပြီး နအဖစစ်အစိုးရအနေဖြင့် ယခုတိုင် လက်ခံခြင်းမရှိသေးသည့်အပြင် ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည်ဆိုပါက အန်အယ်လ်ဒီအနေဖြင့် ဆွေးနွေးရန်အကြောင်းရှိမည် မထင်ဟုလည်း ဦးဝင်းတင်က ပြောသည်။

စစ်အစိုးရက ပြုလုပ်မည့်ရွေးကောက်ပွဲသည် ယခုနှစ် အောက်တိုဘာလထဲတွင် ဖြစ်နိုင်သည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ရွေးကောက်ပွဲအလွန်ကျမှ ဒေါ်စုနဲ့ ဆွေးနွေးမယ်ဆိုလည်း ဘာမှဖြစ်နိုင်ချေမရှိဘူး။ လိုမှမလိုတော့ဘဲ။ သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲ လုပ်ပြီးမှတော့ ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးဖို့ အကြောင်းမရှိဘူးလို့ ကျနော်တို့ ထင်တယ်။ ဆွေးနွေးရင်လည်း ကျနော်တို့ဘက်က ပြန်ကြည့်တော့ ဘာမှအဓိပ္ပာယ်မရှိဘူး။ အခြေခံဥပဒေ ပြဿနာတွေ၊ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး၊ တိုင်းရင်းသားအရေးကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေ စတဲ့ ပြဿနာ အားလုံးကို ဖြေရှင်းဖို့အတွက် တွေ့ဆုံဖို့တောင်းနေတာကို အကြိုကာလမှာ မတွေ့ဆုံဘဲ ရွေးကောက်ပွဲအလွန်ကာလမှ တွေ့ရင်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး” ဟု ပြောကြားသည်။
သင်္ကြန်ဗုံးအမှု လူမှားဖမ်းဟု ဆို
ဇာနည်မာန် Monday, May 10, 2010
http://www.irrawaddy.org/bur/index.php/news/1-news/3125-2010-05-10-08-56-12
သင်္ကြန် ဗုံးကွဲမှုဖြင့် ဖမ်းဆီးခံ ထားရသော ကိုဖြိုးဝေအောင်တွင် အပြစ်မရှိ ကြောင်းနှင့် အာဏာပိုင်တို့က မှားယွင်း ဖမ်းဆီးထား ခြင်းသာ ဖြစ်ကြောင်း ဇနီးဖြစ်သူက ထုတ်ဖော် ပြောဆို လိုက်သည်။

[ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး X2O မဏ္ဍပ်အနီး တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Reuters)]

ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး X2O မဏ္ဍပ်အနီး တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Reuters)
စစ်အစိုးရက မေလ ၆ ရက် နေ့တွင် ပြုလုပ် ခဲ့သည့် သတင်းစာ ရှင်းလင်း ပွဲတွင် ကိုဖြိုးဝေအောင်သည် ရန်ကုန်မြို့ ဗုံးပေါက် ကွဲမှု များတွင် ပါဝင် လှုပ်ရှား ခဲ့သည် ဟူ၍ စွပ်စွဲ ထားသည်။

“အဲဒီဟာ တွေကလေ သတင်းစာထဲ ပါလာမှပဲ ကျမတို့ ကြားဖူးတာ။ တကယ်တမ်း အဲဒါတွေက တခုမှလည်း မဟုတ်ပါဘူး။ ကျမ အမျိုးသားက သင်္ကြန် ပိတ်ရက်တွင်း အပြီး လုပ်ရမယ့် ရန်ကင်း စင်တာက လုပ်ငန်း ခွင်ထဲမှာ ရှိနေတာ။ အိမ်ငှားတယ် ဆိုတာ ကလည်း မဟုတ်ဘူးရှင့်” ဟု ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ မဌေးဌေး က ပြောသည်။

စစ်အစိုးရ၏ ရှင်းလင်းချက်များတွင် ဖော်ပြ ထားသည့် ကိုသူရဇော် ဆိုသူမှာ အင်ဂျင်နီယာ တဦးဖြစ်သည့် ကိုဖြိုးဝေအောင်နှင့် ယခင်က ဆောက်လုပ်ရေး လုပ်ငန်း အတူလုပ်ကိုင်ဖူးသူ တဦးမျှသာဖြစ်ကြောင်း၊ ကိုဖြိုးဝေအောင်၏ နာမည်ဝှက် သက်ခိုင် ဆိုသည်နှင့် တခြားသော အချက်များမှာလည်း စွပ်စွဲချက်များသာ ဖြစ်ကြောင်း သူကဆိုသည်။

သူက ဆက်၍ “ကျမစိတ်နဲ့ပြောရရင် ကျမယောက်ျား ဒီကိစ္စနဲ့ ဆက်စပ်မှုမရှိဘူး၊ အစကတော့ မစိုးရိမ်ဘူး။ အရင်ကလည်း ချယ်ရီ ဥယျာဉ် အိမ်ယာထဲမှာ ဗုံးတလုံးတွေ့တာနဲ့ပတ်သက်ပြီး မေးမြန်းမှုရှိခဲ့တယ်။ အခုကိစ္စလည်း သာမန်ကိစ္စလောက်ပဲ ထင်ထားတာ။ သူသာ တကယ်လုပ်တာဆိုရင် ထွက်ပြေးတာ၊ ပုန်းတာ လုပ်မှာပေါ့” ဟု ၎င်းက ပြောသည်။

ဧပြီလ ၂၃ ရက်နေ့ညက ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်သို့ အာဏာပိုင်များက ရောက်လာပြီး ကိုဖြိုးဝေအောင်ကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မဌေးဌေးကဆိုသည်။

သူက “ည ၁ နာရီလောက်မှာ ဧည့်စာရင်းဆိုပြီး ၀င်လာတာ။ ဧည့်စာရင်းစာရွက် ပြပြီးတော့ ကျမ အမျိုးသားက ပြန်အိပ်ဖို့ လုပ်တဲ့ အချိန်မှာ သူတို့က မင်း နေဦးဆိုပြီး ထိုင်ခိုင်းတယ်။ ကျမတို့ကိုလည်း အကုန်လုံး အိပ်ရာက နှိုးပြီး ဒီမှာ လာထိုင် ဆိုပြီး လုပ်တယ်” ဟု ပြောသည်။

အာဏာပိုင်များက ကိုဖြိုးဝေအောင်၏ သားသမီး ၂ ဦးအပါအ၀င် မိသားစုဝင်များ အားလုံးကို တနေရာတွင် စုထိုင်ခိုင်းပြီး အိမ်တွင်း ပစ္စည်းများ ရှာဖွေကာ လက်ပ်တော့ ကွန်ပျူတာ၊ ဖုန်း၊ ကင်မရာနှင့် စာရွက်စာတမ်းတချို့ကို သိမ်းဆည်း သွားသည်ဟု သိရသည်။

“ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့၊ ဘယ်ကိုမှ အကြောင်းကြားတာ၊ ဘယ်သူ့ကိုမှ ပြောတာ မလုပ်နဲ့၊ လုပ်ရင် ကျမတို့ကိုပါ ထောင်ထဲထည့်မယ် ဘာညာ ပြောပြီး သူ့ကို ခေါ်သွားတာပါ” ဟု မဌေးဌေးက ပြောပြသည်။

ယခုအချိန်ထိ ခင်ပွန်းသည်နှင့် ဆက်သွယ် တွေ့ဆုံခွင့်မရသကဲ့သို့ အာဏာ ပိုင်များ ဘက်ကလည်း တစုံတရာ အကြောင်းကြားခြင်း မရှိကြောင်း၊ ထို့ပြင် ခြိမ်းခြောက်ပြောဆိုမှုများကြောင့် မည်သူ့ကိုမျှ ဆက်သွယ်မေးမြန်းခြင်းများ မပြုလုပ်ရဲကြောင်း သူကဆိုသည်။

“စိုးရိမ်ပူပန်တာကတော့ အများကြီးပါ။ ဘာတွေဆက်ဖြစ်မယ် ဆိုတာ တွေးတောင် မတွေးရဲဘူး။ ကျမကတော့ ကျိုးကျိုး၊ ကန်းကန်း၊ ကျမဆီ သူ ပြန်ရောက်လာစေချင်တာပါပဲ” ဟု ဇနီးဖြစ်သူကဆိုသည်။

ခင်ပွန်းသည်ကို ဖမ်းဆီးသွားသည့် နောက်ပိုင်း ရပ်ကွက်အာဏာပိုင် ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တရားခံကို မိတော့မည် ဖြစ်ကြောင်း၊ သံသယရှိ၍ ခေတ္တထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း၊ မကြာမီ ပြန်လွတ်လာမည် ဖြစ်ကြောင်း တို့ကိုသာ ဖြေကြားခဲ့ပြီး မည်သည့်နေရာသို့ ပို့ဆောင်ထားကြောင်းကိုမူ ပြောဆိုခြင်း မရှိဟု မဌေးဌေးက ဆိုသည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သင်္ကြန်တွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှု၌ ပါဝင်သူ တဦးကို ဖော်ထုတ် ဖမ်းဆီးရမိထားကြောင်း၊ ထိုသူမှာ ကိုဖြိုးဝေအောင်ဖြစ်ပြီး နောက်ကွယ်မှ ခိုင်းစေနေသည့် ကျန်သူ များကို ရှာဖွေဖော်ထုတ်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ဗိုလ်မှူးချုပ် ခင်ရီက သတင်းထောက်များကို ပြောဆိုခဲ့သည်။

ထို့အတူ သားသမီး ၃ ဦးရှိသည့် ကိုဖြိုးဝေအောင်၏ အမည်ဝှက်မှာ သက်ခိုင်ဖြစ်ကြောင်း၊ ကျန်သုံးဦးမှာ ထိုင်းနယ်စပ်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဖောက်ခွဲမှုအတွက် တာဝန်ရှိသူမှာ ပြည်ပ အခြေစိုက် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည် တော်များ အဖွဲ့ (Vigorous Burmese Student Warriors – VBSW) မှ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
ပြည်သူ့စစ်ခေါင်းဆောင်က လက်အောက်ငယ်သားများအား အနိုင်ကျင့်နှိပ်ကွပ်
Tuesday, 11 May 2010 02:04 ယိင်းမွေခေါဝ်
http://www.mongloi.org/burmese/2008-08-01-03-22-02/90-2008-08-03-06-47-55/842-2010-05-10-19-05-41

တန့်ယန်းမြို့နယ်ရှိ ပြည်သူ့စစ်ခေါင်းဆောင်များက မိမိတို့၏ လက်အောက်ငယ်သားများအပေါ် အနိုင်ကျင့်နှိပ်ကွပ်နေ ကြောင်း စုံစမ်းသိရှိရသည်။
“ကျနော်တို့ အယောက်၂၀-၃၀လောက် လွယ်အဲန်စစ်ဆေးရေးဂိတ်နဲ့ သံလွင်ကူးတို့ဆိပ်တွေမှာ ဗမာစစ်သား တွေနဲ့အတူ ကင်းစောင့်ကြရတယ်။ နေ့ခင်းပိုင်းဆိုလဲ ၀ါးလုံး(၃)ချောင်း ထက်မနည်း လူတိုင်းခုတ်ပေးကြရ တယ်” - ဟု ပြည်သူ့စစ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

လက်အောက်ငယ်သားများခုတ်ထားသောဝါးများကို အထက်လူကြီးများက ကားဖြင့်သယ်ယူရောင်းစား ကြ ကြောင်း၊ ရရှိလာသော ငွေများကို နအဖဒေသ ခံတပ်အရာရှိများအား ခွဲဝေကြောင်း သိရှိရသည်။

ပြည်သူ့စစ်တစ်ယောက်ကို အပတ်စဉ် ဆန် (၂) ပြည်၊ ဆီတစ်ပုလင်းစီထုတ်ပေးသော်လည်း အခြားသအသုံး စရိတ်များအတွက်မူ မိမိတို့ဘာသာရှာယူကြရကြောင်း သိရှိရသည်။

“ငါတို့ခိုင်းသမျှလိုက်မလုပ်ဘဲ ထွက်ပြေးရင် မင်းတို့နေအိမ်တွေ မီးရှို့ပစ်မယ်၊ ဗမာစစ်သားတွေကိုခေါ်ပြီး ဖမ်းခိုင်းမယ်” - ဟု ခြိမ်းခြောက်ထားကြောင်း အဆိုပါ ပြည်သူ့စစ်တဦးက ဆက်လက်ပြောကြားပါသည်။

နောင်ဖာကျေးရွာအုပ်စု၊ ၀ိန်းမိုင်ကျေးရွာအုပ်စုနှင့် ဟွေကျိန်ကျေးရွာအုပ်စုတွင် ဒေသခံ(သျှမ်း) ပြည်သူ့စစ် တပ် ၄-၅ဖွဲ့ ရှိသည်ဟုဆို၏။

မိမိတို့၏လက်အောက်ငယ်သားများအား အနိုင်ကျင့်နှိပ်ကွပ်နေသူများမှာ ၀ိန်းမိုင်ကျေးရွာအုပ်စု ဥက္ကဋ္ဌ စိုင်းဆန်လိတ် အသက်(၃၇)နှစ်၊ နောင်ဖာကျေးရွာအုပ်စု ပြည်သူ့စစ်တပ်ခွဲ(၁) ဥက္ကဋ္ဌ စိုင်းလှအောင် အသက်(၄၉)နှစ်နှင့် ၎င်း၏ညီ တန့်ယန်းမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး (အမျိုးသားညီလာခံကိုယ်စားလှယ်) စိုင်းခမ်းလှိုင် အသက်(၄၃နှစ်တို့ဖြစ် ကြောင်းဆိုသည်။

“သူတို့သခင်ဗမာစစ်ဗိုလ်တွေအတွက် အလုပ်ကိုလုပ်ပေးပြီး လက်အောက်ငယ်သားတွေကျတော့အနိုင်ကျင့် နှိပ်ကွပ်တ ယ်။ သူတို့အမျိုးတွေလဲ ဗမာစစ်သားတွေ၊ အရာရှိတွေနဲ့အိမ်ထောင်ကျတယ်။ သူတို့စီးပွါးရေးက ဗမာတပ်နဲ့ပေါင်းပြီး လူထုကို ခေါင်းပုံဖြတ်တယ်။ မတရားလုပ်အားစေခိုင်းတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောပါသည်။

အလားတူပင် တန့်ယန်းမြို့ရှိ မိုင်းကောင်(၀်) လားဟူပြည်သူ့စစ်အဖွဲ့ကလည်း ရွာသားများကို သူတို့နှင့်အတူတစ်ည လျှင်တစ်ယောက်ကျ ကင်းစောင့်ခိုင်းပြီး ရွာသားများ လိုက်နာမှုမရှိလျှင် တစ်ရွာ ကြက်(၅)ကောင် နှင့် ဆန်သုံးပြည် ဒဏ်ရိုက်ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကောင်(၀်)တွင် အခြေချပြီး နမ့်ပန်တံတား ကူးတို့ဆိပ်၌ ကင်းစောင့်ရသော လားဟူပြည်သူ့စစ်အဖွဲ့သည်ကျေးလက် ပြည်သူများအား အနိုင်ကျင့်နှိပ်ကွပ်ရဲသည်မှာ နအဖစစ်တပ်က ၄င်းတို့၏နောက်ကွယ်တွင်ရှိနေ ပြီးအားပေးအားမြောက် ပြုထားသောကြောင့်ဖြစ်သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။
သရက်အုပ်ကျေးရွာ ဓါးပြတိုက်မူတွင် နစက တပ်ဖွဲ့များ ပါဝင်

http://www.narinjara.com/detailsbur.asp?id=2480
5/10/2010

တာကလူး (နိရဉ္စရာ)
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွက်ညိုးတောင် အုပ်စု သရက်အုပ် ကျေးရွာတွင် တနင်္ဂနွေနေ့ ဖြစ်ပွားခဲ့သော ဓါးပြတိုက်မူတွင် နစက တပ်ဖွဲ့ဝင်များ ပါဝင် ပတ်သက်နေကြောင်း ကျေးရွာသားများက ပြောသည်။

အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ဓါးပြ အုပ်စု တစုသည် ခေတ်မှီ သေနတ်များကို ကိုင်ဆောင်ပြီး သရက်အုပ် ကျေးရွာ အုပ်စု ရယက ဥက္ကဌ ဦးထွန်းအေးမောင် အိမ်ကို တနင်္ဂနွေနေ့ နံနက် ၂ နာရီ အချိန်တွင် ဓါးပြ ၀င်တိုက်သွားခဲ့သည်။

အဆိုပါ ဓါးပြမှုတွင် နစကတပ်သားများ ပါဝင်နေသည်ကို ကိုယ်တိုင် တွေ့မြင် ခဲ့ရသူ ကျေးရွာ ကင်းတာဝန်ကျ လူငယ်တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“တနင်္ဂနွေနေ့ နံနက် စောစော ၂ နာရီကျော် အချိန်ခန့်မှာ ယူနီဖေါင်း ၀တ်စုံနဲ့ မောင်းပြန် ရိုင်ဖယ်တွေ ကိုင်ထားတဲ့ နစက တပ်သား (၅)ယောက်နဲ့ အရပ်ဝတ်နဲ့ ကုလား (၁၀)ယောက် ကျွန်တော်တို့ ရွာထဲကို ၀င်လာပါတယ်။ ကျွန်တော်တို့က ကင်းစောင့်နေကြတယ် ဆိုတော့ သူတိုက ရပ်ရွာ လုံခြုံရေး အခြေအနေတွေကို မေးမြန်းပါတယ်။ ရွာထဲက ဥက္ကဌအိမ်ကို ခဏ သွားလည်မယ် ဆိုပြီး သူတို့ ထွက်သွားပြီးနောက် နောက်ထပ် ၄၅ မိနစ် အကြာမှာပဲ ရွာထဲက ဆူဆူ ပူပူနဲ့ ငိုကြွေးသံတွေ ထွက်ပေါ်လာတော့မှ ဥက္ကဌအိမ်ကို ဓါးပြ ၀င်တိုက်သွားမှန်း ကျွန်တော်တို့ သိရပါတယ်။ သူတို့ ဓါးပြတိုက်ပီး ဘယ်လမ်းကနေ ပြန်ထွက်သွားတယ် ဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိလိုက်ဘူး” ဟု ပြောသည်။

ဓါးပြတိုက်ခံခဲ့ရသည့် မိသားစုဝင် တစ်ဦးကလည်း အဆိုပါ ဓါးပြများသည် နစကများဖြစ်ကြောင်း၊ အရေးတကြီး ကိစ္စတစ်ခုကြောင့် ဥက္ကဌ နှင့် တွေ့ချင်၍ လာရခြင်းဖြစ်ကြောင်း ဗမာစကား ပီသစွာဖြင့် အော်ဟစ် ပြောဆိုပြီး ဓါးပြ ၀င်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

“သူတို့က နစက အစစ်တွေပါ။ ဥက္ကဌနဲ့ အရေးတကြီး တွေ့စရာရှိလို့ လာတာပါ ဆိုပီး ဗမာစကား ပီပီသသနဲ့ ခေါ်ပြောနေတော့ တကယ့် နစက မှတ်ပြီး တံခါးသွားဖွင့် ခဲ့တာပါ။ တံခါးပွင့်တာနဲ့ ဓါးတုတ်တွေ ကိုင်ဆောင် ထားတဲ့ ကုလားဓါးပြ ခုနစ်ယောက်က အိမ်ထဲကို ၀င်လာခဲ့ပြီးတော့ အိမ်သားတွေကို ရိုက်ပုတ် ခြိမ်းခြောက်ပြီး ဓါးပြတိုက်ယူ သွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ အထဲက အပြင်ကနေ အိမ်ကိုဝိုင်းထားတဲ့ လူတွေအထဲမှာ ဘောင်းဘီ ဦးထုပ်တွေ ၀တ်ဆင်ပြီး သေနတ်တွေ ကိုင်ထားတဲ့ လူတွေလဲ ပါတယ်” ဟု သူက ပြောသည်။

၎င်း ဓါးပြများသည် အဆိုပါ နေအိမ်မှ ရွှေ ၁၀ ကျပ်ကျော်ရှိမည့် လက်ဝတ် ရတနာများ နှင့် အတူ ငွေ ၇ သိန်း အပါအ၀င် စုစုပေါင်း ကာလတန်ဖိုး သိန်း (၁၀၀)ခန့်ရှိမည့် ပိုင်ဆိုင်မှုများအား တိုက်ယူ သွားခဲ့ကြောင်း သိရသည်။

ဓါးပြတိုက်ချိန်တွင် ဥက္ကဌ ဦးထွန်းအေးမောင်မှာ ခရီးလွန်နေသဖြင့် နေအိမ်၌ ရှိမနေကြောင်း သိရသည်။ အိမ်စောင့် ကျန်ခဲ့သူ သူ၏ အစ်ကို ဦးဖိုးပြုံးမှာ နစက ထင်ပြီး အိမ်တံခါး သွားဖွင့်ပေးခဲ့မိရာမှ ဓါးပြများက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်ခဲ့ခြင်းကြောင့် ဒဏ်ရာများစွာ ရရှိခဲ့သည်ဟု သိရသည်။

နစက တပ်ဖွဲ့မှာ ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် နယ်စပ်လုံခြုံရေးကို တာဝန်ယူထားသော အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့တွင် စစ်တပ်၊ ရဲ၊ လ၀က နှင့် အကောက်ခွန် ဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သည်။

----------------------------------- ----------------------------------- ----------------------------------- -----------------------------------
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အကြမ်းဖက် လူသတ် အုပ်စု တစု ပေါ်ပေါက်နေ

5/10/2010
http://www.narinjara.com/detailsbur.asp?id=2479
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အစိုးရနှင့် ဆက်စပ်သူ သတင်းပေးများကို သတ်ဖြတ်သည့် လူသတ် အဖွဲ့အစည်း တခု ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

အဆိုပါ အုပ်စုကို ယခင် ထောက်လှမ်းရေး တပည့် အဖြစ် လုပ်ကိုင်ခဲ့သူ အဒူလာကိန်းဆိုသူက ဦးဆောင်နေကြောင်း ဒေသ အတွင်းက လာသော သတင်များအရ သိရသည်။

အဆိုပါ အုပ်စုသည် လွန်ခဲ့သော အပတ်က မောင်တောမြို့နယ် တောင်ပိုင်း သ၀င်ချောင်း ကျေးရွာမှာ စရဖ ထောက်လှမ်းရေး သတင်းပေး တဦးကို ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည်။

အသတ်ခံရသူမှာ မောင်တောဆေးရုံတွင် ဓါးဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

အဆိုပါ စရဖ သတင်းပေး အသတ်ခံရပြီးနောက်ပိုင်း အဆိုပါ လူသတ် အကြမ်းဖက်အဖွဲ့ကို စစ်တပ် တပ်ရင်း ၃ ခုမှ စစ်ဆင်ရေး တရပ် ပြုလုပ်ပြီး အပြင်းအထန် တောနှင်းရှာဖွေခဲ့သည်။

ဒေသခံ တဦးက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“ တပ်ရင်း သုံးရင်းပေါ့နော်။ ဘူးသီးတောင် အခြေစိုက် ၂၃၄ တပ်ရင်းနဲ့ ရသေ့တောင် အခြေစိုက် ၅၃၆ တပ်ရင်းရယ်။ နောက်တပ်ရင်း တရင်း နံပတ်ကတော့ မသိပါဘူး။ အဲဒီ တပ်ရင်းတွေက စစ်သား အများအပြားနဲ့ အဒူလာကိန်း အဖွဲ့ကို အပြင်း အထန် စစ်ဆင်ရေး တရပ်ပြုလုပ်ပြီး တောနှင်းရှာဖွေ ခဲ့ပါတယ်။ နယ်စပ် ၀င်ပေါက် ထွက်ပေါက်တွေကို အကုန်လုံးပိတ်ပြီး စစ်ဆင်ရေး လုပ်ခဲ့ပါတယ်။ မမိပါဘူး။ စစ်ဆင်ရေး လုပ်တုန်းက ဆိုရင် မောင်တော တောင်ပိုင်းက တောင်ကျော်လမ်းတွေ အကုန်လုံးကို ပိတ်ထားပါတယ်။ ခုတော့ စစ်ဆင်ရေးက ရုပ်သွားပါပြီ။ ဒါပေမယ့် တောထဲမှာ စစ်သားတွေ ဆက်လက် ရှိနေတုန်းဘဲလို့ သိရပါတယ်။”

အဆိုပါ အဖွဲ့မှာ အင်အား ၂၀ ခန့်ရှိပြီး ဘင်္ဂလာဒေခ်ျ့်ဘက်မှ နတ်မြစ်ကို လှေဖြင့် ဖြတ်ပြီး မြန်မာ နယ်စပ်ကို ၀င်ရောက်ကာ နအဖနှင့် နီးစပ်သူများကို သတ်ဖြတ်နေခြင်း ဖြစ်သည်။

အမည်မဖေါ်လိုသူ မောင်တော မြို့ခံ တဦးကလည်း “ ဒီ အဒူလာကိန်း အဖွဲ့ကို လူတိုင်းသိနေပါတယ်။ သူတို့က လူသတ်တာတွေ တော်တော်များနေပြီ ဆိုတော့ ဒေသခံတွေ ကလည်း သူတို့ အဖွဲ့ဆိုရင် ကြောက်နေကြရပါတယ်။ နစကတွေက တခါမှ သူ့အဖွဲ့ကို မိအောင် မဖမ်းနိုင်သေးပါဘူး။” ဟု ပြောသည်။

အဒူလာကိန်း အဖွဲ့သည် လွန်ခဲသော နှစ်အနည်းငယ်ကလည်း သ၀င်ချောင်းကျေးရွာမှ ရယက အတွင်းရေးမှူး မူဆလင် အမျိုးသား မောင်မောင်တင်နှင့် ဦးရွှေကျ ကျေးရွာမှ ရယက အဖွဲ့ဝင် အဒူဖေါ်ဇာ တို့ကို သတ်ဖြတ်ပစ်ခဲ့သည်။ အဆိုပါ အဖွဲ့သည် မောင်တောမြို့နယ်တွင် လူပေါင်း ၂၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
့်

Sunday, May 9, 2010

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် မြန်မာနိုင်ငံ ရောက်ရှိ

09 May 2010
http://www.voanews.com/burmese/2010-05-09-voa5.cfm

အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ဟာ မေလ ၉ ရက်၊ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံ ရောက်သွားပါပြီ။ နှစ်ရက်ကြာ အခု ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ရော နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်သွားပြီးတဲ့နောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ရော၊ အဲဒီကနေတဆင့် ဖြစ်လာတဲ့ နိုင်ငံရေးဝန်းကျင် အခြေအနေတွေ အပေါ်ကိုရော အမေရိကန်က တကယ့်ကို စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံကို မထွက်ခွာခင် ထိုင်းနိုင်ငံ၊ ဘန်ကောက် လေဆိပ်မှာ တထောက်နားချိန် မစ္စတာကမ့်ပ်ဘဲလ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မစ္စတာကမ့်ပ်ဘဲလ်ကို မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က လက်ခံတွေ့ဆုံဖွယ် မရှိဘူးလို့ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ် မြန်မာနိုင်ငံကို နောက်ဆုံး လာရောက်ခဲ့တာက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖြစ်တဲ့အတွက် အခု ခရီးစဉ်ဟာ ခြောက်လအတွင်း ဒုတိယအကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူတဲ့ မူဝါဒရော၊ တိုက်ရိုက်ဆက်ဆံတဲ့ မူဝါဒကိုပါ အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် အစိုးရ အဖွဲ့ထဲက အဆင့်အမြင့်ဆုံး တာဝန်ရှိသူလည်း ဖြစ်ပါတယ်။

အခုတကြိမ် ခရီးစဉ်ကတော့ NLD အနေနဲ့ နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ပြီး ရပ်တည်ခွင့် ကုန်ဆုံးသွားပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ဖြစ်လာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ရွေးကောက်ပွဲ ၀င်လို့မရအောင် မြန်မာစစ်အစိုးရက ပိတ်ပင် ကန့်သတ်တာတွေ လုပ်ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုက မကြာသေးခင် ရက်တွေအတွင်း အပြင်းအထန် ဝေဖန် ပြောဆိုခဲ့ပါတယ်။

ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ အကြီးအကျယ် ချို့ယွင်း အားနည်းချက်တွေ ရှိနေပြီး မျှတမှု မရှိတာကလည်း သိပ်ကို သိသာ ထင်ရှားလွန်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J. Crowley က ပြောခဲ့ပါတယ်။

Friday, May 7, 2010

ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသမီး တဦးကို စစ်တပ်က မုဒိမ်းကျင့်
http://www.narinjara.com/detailsbur.asp?id=2475
5/7/2010

ပလက်ဝ မြို့နယ်မှ အသက် ၁၈ အရွယ် ရခိုင်အမျိုးသမီး တဦးကို စစ်တွေမြို့နယ် ပါဒလိပ် ကျေးရွာ အခြေစိုက် ခမရ ၂၃၂ မှ ဗိုလ် တဦးက မုဒိမ်းကျင့်ခဲ့ကြောင့် ဗမာပြည် လွှတ်မြောက်ရေး ရိန်းဂျားအဖွဲ့၏ သတင်း တပုဒ်အရ သိရသည်။

မုဒိမ်းကျင့်ခံရသော အမျိုးသမီး၏ အမည်အား သူမ၏ လုံခြုံရေးအတွက် ဖေါ်ပြ မထားသော်လည်း သူမအား မုဒိမ်းကျင့်သူမှာ ခမရ ၂၃၂ မှ ဒုဗိုလ် ဘိုအောင် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၈ ရက်နေ့က ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာ တစ်ရွာတွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါ သတင်းက ဆိုသည်။

ဖြစ်စဉ် အသေးစိတ်ကို ဖေါ်ပြရာတွင် အဆိုပါ ရခိုင်အမျိုးသမီးငယ်သည် တခြား အဖေါ်နှစ်ဦးနှင့် အတူ ဟင်းသီး ဟင်းရွက် ရှာဖွေရန် သွားစဉ် ဘိုအောင်နှင့် စစ်သား နှစ်ဦးတို့ နောက်မှ လိုက်လာသည်ကို သိရှိပြီးနောက် ရှောင်ရှားရန် ကြိုးစားစဉ် ဘိုအောင်နှင့် စစ်သားများမှ သူတို့ကို ရပ်တန့်ခိုင်းခဲ့ကြောင်း၊ သို့သော်လည်း အမျိုးသမီးများက စစ်သားများကို ကြောက်သဖြင့် မရပ်တန့်ဘဲ ဆက်လက် လျှောက်သွားရာ စစ်သား တဦးမှ နောက်မှ အပြေးလိုက်လာပြီး သေနတ်နှင့် ချိန်ရွယ်ကာ ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထိုအထဲမှ အမျိုးသမီး နှစ်ဦးမှာ လွှတ်မြောက်သွားသော်လည်း အသက် ၁၈ နှစ်အရွယ် အမျိုးသမီးမှာ မလွတ်မြောက်နိုင်ဘဲ အသာရမက် ငမ်းငမ်းတက်နေသော နအဖ စစ်သားများ၏ လက်တွင်းသို့ ကျရောက် သွားခဲ့ရကြောင်း ဖေါ်ပြသည်။

ယခုကဲ့သို့ နအဖ စစ်သားများ၏ ဗလက်ကာယ ပြုကျင့်မူကို အဆိုပါ ထွက်ပြေး လွှတ်မြောက် သွားသော အမျိုးသမီး နှစ်ဦးမှ ကျေးရွာ ဥက္ကဌသို့ တိုင်ကြားခဲ့ကြောင်း၊ ကျေးရွာ ဥက္ကဌမှာလည်း အဆိုပါ မုဒိမ်းမူအား စစ်တပ် အထက် အရာရှိများသို့ မတိုင်ကြားဝံ့သဖြင့် ရွာဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်အား အကြောင်းကြားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် ဆရာတော်က အဆိုပါ တပ်ဖွဲ့မှ ဗိုလ်မှူး အောင်ဆွေအားတိုင်ကြားခဲ့ကြောင်း၊ ဗိုလ်မှူး အောင်ဆွေမှ အဆိုပါ ပြဿနာအား ဖြေရှင်းပြီး သက်ဆိုင်သူ ဘိုအောင်ကို အရေးယူပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဖေါ်ပြသည်။

ဒုဗိုလ် ဘိုအောင်မှာ မကြာခဏ ကျေးရွာသားများထံမှ ဆက်ကြေးငွေ တောင်းခံလေ့ရှိပြီး မပေးနိုင်သူ ကျေးရွာသားများကို အမြဲတန်း နှိပ်စက် ညှဉ်းပမ်းမူများ ပြုလုပ်သူ ဖြစ်သည်ဟု သိရသည်။

ဒုဗိုလ် ဘိုအောင်သည် ဧပြီလ ၇ နေ့ကလည်း သူတောင်းသော ကြက်ကို မပေးနိုင်သူ ကျေးရွာသား တဦးကို သတိမေ့သွားအောင်ထိ အပြင်း အထန်ရိုက်ပုတ်ပြီး သေနတ်နှင့် ပစ်ခတ်ကြောင်း၊ သေနတ် မပေါက်သဖြင့် နောက်ထပ် ပစ္စတိုနှင့် ပစ်ခတ်ရန် ပြုလုပ်စဉ် ရွာသား တဦးကြက်ဖြင့် ရောက်လာသဖြင့် ဘိုအောင်မှ ကြက်ကို ယူပြီး ထိုနေရာမှ ထွက်ခွာ သွားကြောင်း အဆိုပါ သတင်းတွင် ဖေါ်ပြသည်။

၎င်းပြင် ခမရ ၂၃၂ သည် အဆိုပါ ဒေသတွင် ယခုအခါ နှင်းမိုင်းများကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ထောင်နေသည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်ကျေးရွာများ အများအပြား တည်ရှိရာ ရခိုင် အမျိုးသမီးများ အနေဖြင့် ရှေ့တန်းထိုင် နအဖ စစ်သားများ၏ အနှောင့်အယှက် လုပ်မူကို မကြာခဏ ခံနေကြပြီး လွန်ခဲ့သောနှစ် အနည်းငယ်ကလည်း ရခိုင်အမျိုးသမီး တဦးမှာ နအဖ စစ်သားများ၏ အုပ်စုလိုက် မုဒိမ်းကျင့်မူကို ခံရပြီး သေဆုံးသွားခဲ့သည်။

န၀တ စစ်အစိုးရ အာဏာ သိမ်းပြီးနောက်ပိုင်း ၁၉၉၀ ပတ်ဝန်းကျင်တွင် အဆိုပါ ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာများတွင် ဗမာ စစ်သားများက မီးပုံပွဲများ ပြုလုပ်၍ အရက်များ သောက်ကာ လင်ရှိ - လင်မရှိ အမျိုးသမီးများကို အတင်း ခေါ်ယူပြီး ညစဉ် ညတိုင်း မီးပုံပွဲ လုပ်ကာ စစ်သားများနှင့် ကခိုင်း သဖြင့် အနည်းဆုံး ရခိုင်ကျေးရွာ (၅) ရွာမှာ ပြိုပျက်သွားပြီး အိန္ဒိယ ဘက်သို့ ထွက်ပြေးခဲ့ကြသည်။

ထိုကျေးရွာများမှာ ပုန်းညင်းဝ၊ စတင်ဝ၊ ပကာဝ၊ ငွေလက်ဝ စသည့် ရခိုင်ကျေးရွာ ၄ ရွာနှင့် တခြား ကျေးရွာ တရွာမှာ လောင်းကတူး မြုံကျေးရွာ ဖြစ်သည်။

ထိုစဉ်က ပုန်းညင်းဝရွာတွင် နေထိုင်ခဲ့သူ ကိုရဲလင်းအောင်က စစ်သားများ နိုင်ထက် စီးနှင်း ပြုလုပ်မူကို ယခုကဲ့သို့ ပြန်ပြောသည်။

“အဲဒီတုန်းက ကျွန်တော် အသက်ဟာ ၁၄ နှစ်ရှိပါတယ်။ ကျွန်တော်တို့ မိသားစုက အဲဒီတုန်းက အိန္ဒိယနဲ့ မြန်မာ နယ်စပ် ပုန်းညင်းဝ နေပါတယ်။ ကျွန်တော် အထက်က အသက် ၁၇ အရွယ် အစ်မ တဦးရှိပါတယ်။ ရွာသားတွေဟာ စစ်သားတွေ လာတော့မယ်ဆိုရင် ထင်းတွေ စုပုံ ထားရပါတယ်။ တအိမ်ထောင်က အရက် ၂ ပုလင်းနဲ့ ကြက်တကောင်စီ စုထားရပါတယ်။ အဲဒါတွေအားလုံးဟာ စစ်သားတွေ လာတဲ့အခါ သူတို့ ပျော်ပါးဖို့ စီစဉ်ပေးထားရတာ ဖြစ်ပါတယ်။ သူတို့လာတော့မယ် ဆိုရင် အသက် ၄၀ အောက် လင်ရှိ မိန်းမရော လင်မရှိတဲ့ အပျိုအရွယ် မိန်းမရော ရွာမှာ နေပေးရပါတယ်။ မနေရင် သူတို့က ပြောက်ကျားတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲပြီး လူကြီးတွေကို ဖမ်းဆီး ရိုက်နှက် ပါတယ်။ စစ်သားတွေ ရွာကို ရောက်လာတဲ့ ညကျရင် ရွာသားတွေက ထင်းတွေနဲ့ မီးဖိုပေးရပြီး စစ်သားတွေက အရက်တွေ သောက်ပြီး ရွာက မိန်းမတွေနဲ့ မိုးအလင်း တွဲက ကြပါတယ်။ ကတဲ့ အခါမှာလည်း မဖွယ်မရာတွေ လုပ်ပါတယ်။ ရွာသားတွေ အကုန်လုံး လာပြီး မီးပုံပွဲမှာ လက်ခုတ် တီးပေးရပါတယ်။ စစ်သားတွေ ပြောတာကတော့ ဒေသ လူထု စည်းရုံးရေး အတွက် လုပ်တယ်လို့ ပြောပါတယ်။ တချို့ယောင်္ကျားတွေဟာ ကိုယ့်မိန်းမ စစ်သားတွေနဲ့ ကနေတာကို မမြင်ချင်ပေမယ့် လက်ခုတ်တီးပြီး အားပေးရပါတယ်။ မဟုတ်ရင် အသတ်ခံရနိုင်ပါတယ်။ ကျွန်တော် အစ်မလည်း စစ်သားတွေနဲ့ ကရပါတယ်။ တနေ့တော့ စစ်သားတွေ လာမယ် ဆိုတာကို သိတော့ ကျွန်တော် အစ်မက စစ်သားတွေနဲ့ မကချင်တာကြောင့် ကျွန်တော်ကို ခေါ်ပြီး တခြား အနီးအနားက ရွာ တရွာကို ထွက်ပြေးခဲ့ကြပါတယ်။ အဲသလို ထွက်ပြေးသွားတာကို သိတဲ့အတွက် စစ်သားတွေဟာ ကျွန်တော့် အဖေကို လက်ပြန်ကြိုး တုတ်ပီး အပြင်းအထန် ရိုက်နှက်ပါတယ်။ ဒဏ်ငွေလည်း တထောင် တပ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ မိသားစုတွေ အပါအ၀င် ရွာသားတွေ အကုန်လုံးဟာ အိန္ဒိယ ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။” ဟု ပြောသည်။

ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်ထဲတွင် တည်ရှိသော်လည်း အဆိုပါ မြို့နယ်တွင် ရခိုင်ကျေးရွာ အများ အပြားတည်ရှိသည်။ အထူးသဖြင့် အိန္ဒိယ နယ်စပ် တလျှောက်တွင် တည်ရှိသော ရခိုင်ကျေးရွာများတွင် ယခုကဲ့သို့ နဖအ ဗမာ စစ်သားများ၏ နိုင်ထက်စီးနှင်း လုပ်မူကို အမျိုးသမီးများ အနေဖြင့် ခံနေကြရသည်ဟု သိရသည်။

----------------------------------- ----------------------------------- ----------------------------------- -----------------------------------
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

Thursday, May 6, 2010

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ဆိုသည်မှာ

Posted by DPNS on March 10th, 2010 in ဝေဖန်သုံးသပ်ချက်, ၂၀၁၀

သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၀)
(၂၀၁၀ ခုနှစ်၊ မတ်လ ၁၀ ရက်)
http://www.dpnsburmese.org/?p=1057
(နအဖ) စစ်အစိုးရက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတို့ကို ထုတ်ပြန်ခဲ့ပါပြီ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပထမလေ့လာကြည့်ကြပါစို့။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို နိဒါန်းအပါအဝင် အခန်း (၁) မှ အခန်း (၄) အထိ ဖွဲ့စည်းထားပြီး၊ ဥပဒေပုဒ်မပေါင်း (၁၄) ခု ပါရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အခရာကျသည့် လုပ်ငန်းမှာ “ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန်နှင့် နိုင်ငံရေးပါတီများကို ကြီးကြပ်ရန်ဖြစ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ မည်သို့ပင် ရေးသားဖေါ်ပြ ထားပါစေ။
ကော်မရှင်ဥပဒေ၊ အခန်း(၂) ပုဒ်မ (၄) ပုဒ်မခွဲ (ခ) “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် (နအဖ)စစ်အစိုးရက ယူဆသူဖြစ်ရမည်” ဟူသော အချက်သည် ကော်မရှင်ဥပဒေတစ်ခုလုံး၏ အဓိက အနှစ်ချုပ်ဖြစ်သည်။

ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် (နအဖ) စစ်အစိုးရက မယူဆလျှင် မည်သည့်ပုဂ္ဂိုလ်မျှ ကော်မရှင်အဖွဲ့ဝင်ဖြစ် လာစရာအကြောင်းမရှိပါ။

အခန်း (၃) တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပုဒ်မ (၉)၊ ပုဒ်မခွဲ (က) မှ (ဂ) အထိ ပြဌာန်းချက်များသည် ကော်မရှင်၏ အဓိကလုပ်ပိုင်ခွင့်များပင် ဖြစ်သည်။ ပြတ်ပြတ်သားသားပင် ရေးသားဖေါ်ပြထားသည် “ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည်” ဟု ပါရှိသည်။

ထို့အပြင် နိဂုံးချုပ်အနေဖြင့် အခန်း (၄) အထွေထွေ၊ ပုဒ်မ (၁၄) တွင် ယခင် (နဝတ)စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဥပဒေ” (နဝတ) ဥပဒေအမှတ် (၁/၈၈) ကို ရုတ်သိမ်းလိုက်သည်ဟု ဖေါ်ပြထားသည်။

သို့ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို အနှစ်ချုပ်လိုက်လျှင် ကော်မရှင်တွင် ပါဝင်ကြမည့် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို (နအဖ)စစ်အစိုးရ စိတ်ကြိုက် ရွေးချယ်ခန့်အပ် တာဝန်ပေးမည်၊ ကော်မရှင်သည် ကော်မရှင်၏ လုပ်ငန်းများကို စိတ်ကြိုက် ဆောင်ရွက်နိုင်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို လေ့လာကြည့်ကြပါစို့။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြဌာန်းထားသည့် အချက်များကို လေ့လာဖတ်ရှုပြီးသည့်အခါ “နိုင်ငံရေးပါတီဆိုသည်မှာ (နအဖ)စစ်အစိုးရက နိုင်ငံရေးပါတီ ဖြစ်သည်ဟု လက်ခံယူဆသည့် ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုမည်ဖြစ်ပြီး(နအဖ)စစ်အစိုးရ က နိုင်ငံရေးပါတီဖြစ်သည်ဟု လက်ခံယူဆနိုင်ခြင်းမရှိသည့် ပါတီကို မှတ်ပုံတင်ခွင့်ပြုမည်မဟုတ်” ကောက်ချက်ကို ရရှိပါသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် နိဒါန်းအပါအဝင် အခန်း(၁) မှ အခန်း (၅) အထိ ဖွဲ့စည်းထားပြီး၊ ဥပဒေပုဒ်မပေါင်း (၂၇) ခု ပါရှိသည်။

တားမြစ်ကန့်သတ်ချက် အများဆုံး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဟု “ဂင်းနစ် မှတ်တမ်းစာအုပ်” တွင် မှတ်တမ်းတင်ရမည်။

အခန်း (၂) ပုဒ်မ (၆) ၊ ပုဒ်မခွဲ(က) မှ (စ) အထိ ပြဌာန်းထားချက်များကို စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်း ဝန်ခံချက်ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားသူက ဝန်ခံချက် လက်မှတ်ထိုးရမည်ဟု ဆိုထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၏ အနှစ်ချုပ်မှာ ပုဒ်မ (၆) ပုဒ်မခွဲ (ဂ) “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့် အချက်ပင်ဖြစ်သည်။ ယင်းအချက်ကို လက်ခံနိုင်ခြင်းမရှိလျှင် အခြား ဘာမျှ ဆက်လုပ်စရာမလိုအပ်တော့ချေ။ (နအဖ)စစ်အစိုးရက ဤအချက်ဖြင့် အားလုံးကို ချုပ်ကိုင်ထားလိုက်ပြီ။

သက်ဆိုင်သူအားလုံး ပါဝင်ရေး၊ တရားမျှတရေး ဆိုသည့် စကားလုံးများမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားတော့မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန် “ရွှေဂုံတိုင်ကြေညာချက်” ဖြင့် တောင်းဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းပြည်နှင့် လူထုသို့ ရှင်းလင်းပြတ်သားသည့် အဖြေကို ပေးရတော့မည်။ အချိန်ဆွဲနေ၍ မရတော့ပါ။

နောက်ထပ် ထုတ်ပြန်လာမည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ တို့ကို လေ့လာစရာမလိုတော့ပါ။

တိုင်းပြည်နှင့် လူထုသို့ ဒီမိုကရေစီအရေး ဆက်လက်တိုက်ပွဲဝင်ရမည့် တိုက်ပွဲမဟာဗျူဟာနှင့် နည်းပရိယာယ်ကို ချပြရတော့မည်။

အောက်ဖေါ်ပြပါ ပုဒ်မနှင့် ပုဒ်မခွဲများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါရှိသည့် တားမြစ်ကန့်သတ်ချက်များပင် ဖြစ်ပါသည်။

အခန်း(၂) နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ၊ ပုဒ်မ (၃) ပုဒ်မခွဲ (က) ၊ ပုဒ်မ (၄) ပုဒ်မခွဲ(င) ၊ ပုဒ်မ(၅) ပုဒ်မခွဲ(စ) ၊ပုဒ်မ(၆) ပုဒ်မခွဲ (ဂ)၊ ပုဒ်မ(၇) ပုဒ်မခွဲ (က) မှ (င) အထိ၊ ပုဒ်မ (၁၀) ပုဒ်မခွဲ (က) မှ ( ဈ) အထိ၊

အခန်း(၃) ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိခြင်း ပုဒ်မ (၁၂) ပုဒ်မခွဲ (က) နှင့် (ခ)၊ ပုဒ်မ (၁၃) ၊ ပုဒ်မ (၁၈)၊ ပုဒ်မ(၁၉) ပုဒ်မခွဲ(က) နှင့် (ခ)။

အခန်း(၄) ရန်ပုံငွေနှင့်ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ပုဒ်မ (၁၄)၊ ပုဒ်မ(၁၅)၊ ပုဒ်မ(၁၆) ပုဒ်မ (၁၇)။

အခန်း (၅) အထွေထွေ ပုဒ်မ (၂၀) ပုဒ်မခွဲ (က) နှင့် (ခ)၊ ပုဒ်မ (၂၁) ၊ ပုဒ်မ(၂၄) ပုဒ်မခွဲ( က) မှ (င) အထိ ဖြစ်ပါသည်။ ပုဒ်မ(၂၅) ဦးတည်ချက်မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တရားဝင်တည်ရှိဆဲ နိုင်ငံရေးပါတီ (၁၀) ခုအတွက် ပြဌာန်းထားချက်ပင် ဖြစ်ပါသည်။ ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်။ ကော်မရှင်ကခွင့်ပြုလျှင် ဆက်လက်တည်ရှိမည်၊ သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီသည် အလိုအလျောက် ပျက်ပြီးဖြစ်သည်” ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ရက်ပေါင်း (၆၀) အချိန်ရမည်။ အဖြေပေးရလိမ့်မည်။ မပေးလျှင် အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်လိမ့်မည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဘယ်လို အဖြေပေးမည်လဲ။

ပုဒ်မ( ၂၇) မှာ ယခင် (နဝတ) စစ်အစိုးရကထုတ်ပြန်ခဲ့သည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေ” (နဝတ) ဥပဒေအမှတ် ၄/၈၈ ကို ရုတ်သိမ်းလိုက်သည်ဟုဖေါ်ပြထားသည်။ ယင်းရုပ် သိမ်းချက်အရဆိုလျှင် တည်ဆဲနိုင်ငံရေးပါတီများသည်ပင်လျှင် ယခုကာလသည် ရုတ်သိမ်းခံ လိုက်ရသည့်အနေအထားဖြစ်ပါသည်။

(နအဖ)စစ်အစိုးရက ညီလာခံကိုလည်း စိတ်ကြိုက် ကျင်းပခဲ့သည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း စိတ်ကြိုက် ချမှတ်ရေးဆွဲ အတည်ပြုခဲ့ပြီ။

ရွေးကောက်ပွဲကော်မရှင်ကိုလည်း စိတ်ကြိုက် ဖွဲ့စည်းဦးမည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကိုလည်း တားမြစ်ချက်မျိုးစုံဖြင့် ကန့်သတ်ထားခဲ့ပြီ။

ဤလုပ်ရပ်များမှာ (နအဖ)စစ်အစိုးရ ပြောနေသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်၏ စံကျသော နိဒါန်းဖေါ်ပြချက်များပင် ဖြစ်ပါတော့သည်။

(နအဖ)စစ်အစိုးရပေးသည့် စပေ့ (ဝါ) ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ အပ်နဖားပေါက်ထဲ ကုလားအုပ်ဝင်ရမည့်ကိန်း ဖြစ်နေပြီ။

သို့ပါ၍ ကျနော်တို့ ပြည်တွင်းပြည်ပအင်အားစုအားလုံး ဆောင်ရွက်ရမည့် အဓိကတာဝန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ကြရန်မှတပါး အခြားနည်းလမ်း ရှိမည်မထင်တော့ပါ။