Friday, October 30, 2009

မြေအောက်လျှို့ဝှက်ရေးလုပ်ငန်း ၏ လမ်းညွှန် (ကွန်မြူနစ် ပါတီ-ဗမာပြည်)
့်


အောက်ဖော်ပြပါ လမ်းညွှန်စာတမ်းသည် ဗမာပြည်ကွန်မြူနစ်ပါတီက ထုတ်ဝေသော လမ်းညွှန်စာတမ်းဖြစ်ပါသည်။ မြေအောက်လုပ်ငန်းများ တာဝန်ထမ်းဆောင်နေသော မည်သည့် ရဲဘော်မဆို သိသင့်၊ လေ့လာသင့်သော အချက်အလက်များ ပါရှိသည် ဟု မိမိ ယူဆပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ အမျိုးသားလွတ်မြောက်ရေး တို့ အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်နိုင်ရေး လုပ်ငန်းများတွင် စွန့်လွှတ် တာဝန်ထမ်းဆောင်လျက်ရှိနေကြသော မြေအောက် ရဲဘော်များ၊ မြေအောက်လုပ်ငန်း များတွင် စိတ်ပါဝင်စားသူများ အနေဖြင့် ရှင်းလင်း လွယ်ကူစွာ ရေးသားထားသည့် ဤ လမ်းညွှန်စာတမ်းက အထောက်အကူပြုမည် ဟု မိမိ ယုံကြည်မိပါသည်။

မူလစာမူ ပိုင် အဖွဲ့အစည်းအားလည်း ခွင့်ပြုချက် ရယူခြင်းမရှိပဲ ထပ်ဆင့် ဖြန့်ဝေခြင်း အပေါ် နာလည်ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံပါသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ

မြေအောက်လျှို့ဝှက်ရေးလုပ်ငန်း၏

လမ်းညွှန်

မာတိကာ

■ မြေအောက် လျှို့ဝှက်ရေး လုပ်ငန်း (ယူဂျီ)

■ ယူဂျီ သဘောသဘာဝ နှင့် တာဝန်များ

■ ပါတီအဖွဲ့အစည်းများ ထူထောင်ခြင်း

■ လက်တွေ့လုပ်ငန်းပိုင်းတွင် ဂရုစိုက်ရမည့် အချက်များ

■ တိုက်ပွဲဆင်ရာတွင် ကျင့်သုံးရမည့် မူများ

■ တိုက်ပွဲ နည်းပရိယာယ်များ

■ ယူဂျီ စည်းကမ်း နှင့် စနစ်

■ သတိပြုရမည့် အချက်များ

■ ယူဂျီရဲဘော်များ ဖြည့်ဆည်းထားရမည့် အချက်များ

■ ရန်သူ ကျင့်သုံးလေ့ရှိသည့် နည်းပရိယာယ်များ

(၁)

မြေအောက်လျှို့ဝှက်ရေးလုပ်ငန်း (ယူဂျီ)

ဒီမိုကရေစီ အခွင့်အရေးမရှိသည့် အခြေအနေ၌ မိမိယုံကြည်ရာ နိုင်ငံရေးလုပ်ငန်းကို မြေပေါ်တွင် တရားဝင် ထင်ရှားပေါ်လွင်စွာ ဆောင်ရွက်နိုင်ခြင်းမရှိချေ။ ထို့ကြောင့် မြေအောက် လျှို့ဝှက်ရေးနည်းဖြင့် မိမိ၏ နိုင်ငံရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရခြင်း ဖြစ်သည်။ အဓိကအားဖြင့် အောက်ပါ လုပ်ငန်းတာဝန်များကို လုပ် ဆောင်ကြရသည်။

၁။ ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးလမ်းစဉ်ကို ဆောင်ရွက်ခြင်း နှင့် ၀ါဒဖြန့်ချိရေးလုပ်ငန်း။

၂။ စည်းရုံးရေးလုပ်ငန်း။

၃။ တပ်ပေါင်းစုလုပ်ငန်း။

၎။ လူထုလုပ်ငန်း။

အထွေထွေပေါ်လစီမှာ

၁။ မြေအောက်လက်ရွေးစင် ကေဒါများကို ရေရှည်မြှုပ်နှံရေး။

၂။ အင်အားများ စုဆောင်းရေး။

၃။ အခွင့်အခါကောင်းကို စောင့်ဆိုင်းရေး တို့ဖြစ်သည်။

(၂)

ယူဂျီ သဘောသဘာဝ နှင့် တာဝန်များ

ယူဂျီလုပ်ငန်းသည် ပါတီ၏ အလုပ်သမားလူတန်းစား အခြေခံမူကို တည်ဆောက်သည်။ ပါတီအဖွဲ့အစည်းကို လူ့အဖွဲ့အစည်းနှင့် အဆက်အသွယ်ယူကာ လူထု နှင့် တသားတည်း ဖြစ်စေသည်။ ယူုဂျီလုပ်ငန်းဆုံးရှုံးပါက အလုပ်သမား လူတန်းစား အခြေခံမူ တစတစ ဆုတ်ယုတ် လာခြင်း၊ လူထု နှင့် ကင်းကွာခြင်း၊ လူ့အဖွဲ့အစည်း နှင့် အဆက်အသွယ်ပြတ်ခြင်း တို့ ဖြစ်ပေါ်စေ သည်။

ထို့အပြင် မြေအောက်လုပ်ငန်းသည် လက်နက်ကိုင်တိုက်ပွဲ နှင့် လူထုတိုက်ပွဲ ကို ပေါင်း စပ်ခြင်း၊ လက်နက်ကိုင်တိုက်ပွဲ အတွက် ပြင်ဆင်ခြင်း၊ လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပေသည်။

မြေအောက်လုပ်ငန်း စည်းရုံးရေးတွင် ထားရှိရမည့် လူတန်းစား အခြေခံမူ

စက်မှုအလုပ်သမားများကို အလေးထားချက်ဖြစ်ရမည်။ စက်မှုလုပ်ငန်းမရှိသော နေရာ တွင် လက်မှုလုပ်ငန်း အလုပ်သမားများ၊ ကျေးလက် လယ်ယာ အလုပ် သမားများ နှင့် ဆင်းရဲ နိမ့်ကျသော လယ်သမားများအား အင်အားသစ်အဖြစ် သိမ်းသွင်း ရမည်။ ပညာတတ်များဆိုလျှင် လူ့အဖွဲ့အစည်း၏ လူမှုရေးအခင်းများတွင် တက်တက်ကြွကြွ ရှိသူတို့ကို ရှာဖွေရန် ကြိုးစား ရမည်။

ပညာတတ်များအား ပါတီဝင်အဖြစ် သိမ်းသွင်းသည့်အခါ၌ ပါတီအဖွဲ့အစည်း ၏ သိပ်သည်းကျစ်လစ်မှုကို ပိုမို၍ ဂရုစိုက်ရမည်။ ပါတီပ မှ မိမိတို့အား စာနာ ထောက်ထားသည့် ပညာတတ်အမြောက်အများနှင့် ပတ်သက်၍မူ သူတို့နှင့် သင့်လျော် သော ဆက်သွယ်မှု ရှိရမည်။

ကြားအင်အားစုများ ကိုယ့်ဖက် ပါလာစေရန်လည်း ဂရုစိုက်သင့်ပြီး နည်းလမ်း ရှိသမျှ ကြိုးပမ်းရမည်။

မြေအောက်လုပ်ငန်း (ယူဂျီ)သည် ရန်သူ့နှလုံးသား နှင့် အနီးဆုံးနေရာတွင် လုပ်ရခြင်း ဖြစ်သည်။ ရန်သူက ဤ လုပ်ငန်းများအပေါ် အလွတ်မပေး အမြဲသတိ ထားနေမည်ဖြစ်သည်။ ကွန်မြူနစ်ဆိုလျှင် ပို၍ အလေးထားမည်မှာ ယုံမှားစရာမရှိပေ။ ထို့ကြောင့် ဤလုပ်ငန်းသည် အတိမ်းအစောင်းမခံသော အလုပ်ဖြစ်သည်။ ယူဂျီပုံစံ၊ ယူဂျီစနစ်၊ ယူဂျီစည်းကမ်း နည်းလမ်းများ အတိုင်း လုပ်ပါမှ အသက်ရှည်နိုင်ပေသည်။

ဥပမာ ~ ပါတီက တကြိုးတည်းစနစ် သို့မဟုတ် ထောင်လိုက်စနစ် ကျင့်သုံးရန် ညွှန် ကြားထားသည်။ သို့သော် ပါတီ၏ ယူဂျီသမိုင်းတွင် မကြာခဏ အစုလိုက် အပြုံ လိုက် ရန်သူက ဖော်ထုတ်နိုင်ခဲ့သည်များရှိခဲ့သည်။ “ထောင်လိုက်စနစ် မှားနေပြီလား?” မဟုတ်ပါ။ ချုပ်ကြည့် သော် ထောင်လိုက်စနစ် မကျင့်သုံး၍၊ အပျော်တမ်းဆန်နေကြ၍၊ ဝိုင်းကြီးပတ်ပတ်ဆက်ဆံကြ၍ ကျဆုံးသွားရသည်က အများစုဖြစ်၏။

အတွေ့အကြုံအချို့အရ ပြောရလျှင် ၄၈ ခုနှစ် မှ ၆၈ ခုနှစ်အထိ ရန်သူကျင့်သုံးသော နည်းတခုမှာ “တောထဲက မိလာသည့် စာရွက်စာတမ်း … တွေ ထဲမှာ စာရင်းပါနေလို့” ဟုဆိုကာ မြို့ပေါ်ရှိ ယူဂျီများကို အစုလိုက် အပြုံလိုက် ဖမ်းလေ့ရှိသည်။ ရန်သူ၏ ရည်ရွယ်ချက်မှာ တောထဲရှိ ခေါင်းဆောင်များအပေါ်၊ ပါတီအပေါ် စိတ်နာအောင်၊ နောင် တောနှင့် မဆက်ချင်၊ မဆက်ဆံရဲအောင် လီဆယ်ကြခြင်းသာဖြစ်သည်။ အမှန်မှာ ခပ်စောစောကတည်းက အကြောင်း အမျိုးမျိုး နှင့် ပေါ်သွားသည်များ၊ ဖော်ထုတ် သိရှိထားသည်များကို ကြိုးရှည်ရှည်နှင့် လှန်ထား၊ စောင့်ကြည့်ထားရာမှ လိုအပ်သောတချိန်ချိန်တွင် ကောက်ဖမ်းလိုက်ခြင်း သာဖြစ်သည်။

“တောတွင်း” မှ အရေးကြီး စာရွက်စာတမ်းများကို ရန်သူရရှိသွားခဲ့ခြင်းများ လည်း ရှိခဲ့ဖူးပါသည်။ တော်လှန်ရေးအတွက် ထိခိုက် နစ်နာမှုကြီးများလည်း ရှိခဲ့ဖူး သည်။ သို့သော် ဘယ်တုန်းကမျှ ယူဂျီစာရင်း (တန်းစီဇယား) ကို ရန်သူ မရဖူးပါ။ အင်္ဂလိပ် နယ်ချဲ့ ဆန့်ကျင် လှုပ်ရှားမှု နှင့် ဂျပန်ဖက်ဆစ် တော်လှန်ရေးများကို ဖြတ်သန်း ခဲ့ဖူးပြီး၊ ယူဂျီအတွေ့အကြုံ အများ အပြားရှိနေသော ပါတီတစ်ရပ်အဖို့ ဤမျှ ရိုး အ ထုံထိုင်းစွာ ယူဂျီစာရင်းစာရင်းဇယားပြုစုပြီး ထိန်းသိမ်းထားမည်မဟုတ်ကြောင်းကို သာမန် စဉ်းစားဉာဏ်ရှိသူများပင် သိနိုင်ပါသည်။ သို့သော် ရန်သူသည် နယ်ချဲ့ အမေရိကန်ဂိုဏ်း၏ စိတ်ဓာတ်စစ်ဆင်ရေး ကျောင်းထွက်များ ပီပီ “စိတ် ဓာတ်စစ်ဆင် ရေး” ကို လုပ်မြဲလုပ်နေမည်သာဖြစ်သည်။

ရေရှည်လုပ်ငန်းအတွင်းတွင် အသွေးအရောင် ပြောင်းသွားကာ လက်နက်ချ သစ္စာ ဖောက်သွားသော ယူဂျီ တာဝန်ခံများ လည်း ရှိခဲ့သည်။

ထို့်ကြောင့်ပင်လျှင် ယူဂျီကေဒါ ရွေးချယ်ရာတွင် နိုင်ငံရေးရပ်တည်မှု၊ တော်လှန်ရေး အသိစိတ်ဓာတ်၊ တော်လှန်ရေး လုပ်ဟန်၊ သံမဏိစည်းကမ်း လိုက်နာမှုတို့ကို အလေးထားပြီး စိစစ် ရွေးချယ်ခြင်းဖြစ်သည်။

ဤသို့ရွေးချယ်သည့်အတွင်းမှပင် စုန်းပြူးများ ပါလာနိုင်သေးသည်။ အဆိုးဆုံးကား ရန်သူက မိမိအတွင်းသို့ သွင်းပေးလိုက်သော “နှစ်ဖက်ချွန်” သူလျှိုများ ပါလာခြင်း ဖြစ်သည်။ ထို့ကြောင့် ယူဂျီနည်းစနစ်ကို အတိအကျ လိုက်နာရန် တောင်းဆိုရခြင်း ဖြစ်သည်။

အပျော်တမ်းဆန်ခြင်း၊ မိမိ၏ စိတ်ဆန္ဒဖြင့် ပေါ်လစီကို အစားထိုးခြင်း၊ စိတ်ဓာတ် တက်ကြွနေလျှင် မိုးထိုးတော့ မယောင်ဖြစ်၊ စိတ်ဓာတ်ကျလျှင် ဇောက်ထိုးဆင်း၊ ဤကဲ့သို့ ကယိမ်းကယိုင် ဖြစ်ခြင်းများကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်။

စက်မှု သိပ္ပံဆိုင်ရာ လုပ်ငန်းကြီးများတွင် အရေးပေါ် စနစ်များ၊ အန္တရာယ် ကာကွယ ရေးစနစ်များ ရှိရသလို၊ လူမှု တော်လှန်ရေး သိပ္ပံဆိုင်ရာ လုပ်ငန်းကြီးဖြစ်သည့် ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေး လုပ်ငန်းကြီးတွင်လည်း အရေးပေါ်စနစ်၊ အန္တရာယ် ကာကွယ်ရေးစနစ် များ ပို၍ပင် လိုအပ်ပေသည်။

လူမှုလောကတွင် အခြေအနေများသည် ပြောင်းလဲမှုမြန်ဆန်သည်။ အခြေ အနေ အပြောင်းအလဲကို လိုက်၍ သန်းပေါင်းများစွာသော ပြည်သူတို့၏ စိတ်ဓာတ် ပြောင်းလဲနေသည်။ အတက်အကျရှိသည်။ ပြည်သူများနှင့် အတူပင်လျှင် ထောင်ပေါင်း များစွာသော တော်လှန်ရေး သမားများ၏ စိတ်ဓာတ်သည်လည်း အတက်အကျ ရှိကြပေမည်။ လူမှုတော်လှန်ရေးကြီး တရပ် သည် နျုကလီးယား ဓာတ်ပေါင်းဖိုတခုထက် အဆပေါင်းများစွာ ကြီးမား ကျယ်ပြန့်ပြီး ရှုပ်ထွေး သည်။ အရေးပေါ်စနစ်၊ ကာကွယ်ရေး စနစ်များ ရှိရမည်။ အပျော်တမ်း ဆန်၍မရ။ စည်းစနစ်များ မကျိုးပေါက်အောင် ထိန်း သိမ်းထားရမည်။

“ကိုယ့်အချင်းချင်းမှ မယုံလျှင် ဘယ်သူ့ယုံမလဲ”

“ကိုယ့်အထဲမှ မပြောရလျှင် ဘယ်သွားပြောရမလဲ”

“အားလုံးကို အသိပေးမှ ပြည့်ပြည့်စုံစုံ စဉ်းစားနိုင်မှာပေါ့” ဟူသော စကားများ သည် ယေဘုယျ အမှန်တရားများ ဖြစ်သည်။ သို့သော် ယူဂျီ လုပ်ငန်းတွင် ချသုံး၍ မဖြစ်ပေ။ နိုင်ငံရေး အတွေးအခေါ် တည်ဆောက်ရေးတွင်မူ အသုံးပြုနိုင်သည်။

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးကာလက ယူဂျီလုပ်ငန်း အတွေ့ အကြုံ များကိုပင် ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးကာလအတွက် “ပုံသေချသုံး” ၍ မဖြစ်နိုင်ပေ။

အခြေအနေနှင့် အချက်အလက်များ ကွာခြားနေသည်ကို ထည့်တွက်ရပေမည်။ နယ်ချဲ့ သမားများ၊ ဖက်ဆစ်များသည် ပြည်ပမှ ဖြစ်သည်။ ပြည်တွင်းတွင် ၎င်းတို့ ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အုတ်မြစ်သည် နှိုင်းယှဉ်ချက်အားဖြင့် ကျဉ်းမြောင်း သည်။

နယ်ချဲ့ဖက်ဆစ်တို့နှင့် နှိုင်းစာလျှင် ပြည်တွင်းအုပ်စိုးသူ ဖောက်ပြန်ရေးအစိုးရများ၏ အုတ်မြစ်သည် ကျယ်ပြန့်သည်။ တစုံတရာ နက်ရှိုင်းသည်။

ဤသည်ကို အသိအမှတ်ပြုပြီး ယူဂျီစည်းကမ်းကို ပို၍ တင်းကျပ်ရမည်။ ဖက်ဆစ် တော်လှန်ရေးကာလက လုပ်ဟန်မျိုးကိုပင် အစိမ်းလိုက် ကူးယူအသုံးချ၍မဖြစ်ပေ။

ထိုစဉ်က အခြေအနေ နှင့် အချက်အလက်မျိုးလည်း ယခုမျက်မှောက်တွင်မရှိ ပေ။

၁၉၆၈ နောက်ပိုင်းတွင် ရန်သူက လုပ်နည်းကိုင်နည်းတချို့ ပြောင်းလဲလာခဲ့သည်။ အရေးပါသည့် မြေအောက် ခေါင်းဆောင် တဦးဦးမိမှ ကျန် တပြုံလုံးကို ဖမ်းပါသည်။ “ခေါင်း ဆောင်လုပ်သူက ရိုက်တောင်မရိုက်ရသေးဘူး၊ အကုန်ဖော်တာပဲ” ဆိုပြီး လေသံလွှင့်ပါတော့ သည်။ ရန်သူ၏ ရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။

ယူဂျီများသည် ရန်သူ့ဘက်မှ ပြောင်းလဲလာသော နည်းပရိယာယ်များကို မျက်ခြေ မပြတ်ဖို့ အရေးကြီးသည်။ ရန်သူထုတ်လွှင့်သော သတင်းများကို စိစစ်မှုရှိရှိ နားထောင်ရမည်။ အာဏာရှိနေသူဖြစ်၍ ရန်သူသည် ဝါဒဖြန့်ယန္တယားကိုသုံးကာ စိတ်ကြိုက်အကွက်ဆင်ပြီး အစီ အစဉ်ရှိရှိ လုပ်နေသည်။

ယခုအချိန်တွင် စစ်ထောက်လှမ်းရေးသည် အရာရာ လွှမ်းမိုးတွင်ကျယ် လာခဲ့ပြီဖြစ် သည်။ စစ်တပ် အုပ်စိုးသူများ၏ နိုင်ငံရေးအခန်းကဏ္ဍကို ပြည်သူများက လုံးဝ ဥဿုံ မျက်ကွယ် ပြုခဲ့ပြီးဖြစ်သည်။ စစ်အစိုးရအနေဖြင့် နိုင်ငံရေးလှည့်ကွက်လုပ်ပြီး ပြည် သူကိုလှည့်စားဖို့ထက် ဗြောင် ခြိမ်းခြောက် အကြပ်ကိုင်ဖို့သာ ပိုပြီး လုံးပမ်းနေရသည်။ တိုင်းပြည်ကို ထောက်လှမ်းရေး လက် ၀ကွက်အပ်ထားရသလို အခြေအနေမျိုး ဖြစ်နေသည်။ ထောက်လှမ်းရေးကလည်း သူ့အနေ အထား ခိုင်ခံ့ရလေအောင် ဖွဲ့စည်းပုံအသစ်များ (အချင်းချင်း တဦးကိုတဦး မယုံ၍ တန်ပြန် ထောက်လှမ်းရေး အဆင့်ဆင့်) ဖြင့် ကျားကန် နေရချိန်ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ရက်စက်ယုတ်မာ၊ လိမ်ညာကောက်ကျစ်သော နည်းလမ်း မျိုးစုံ ကို တဆင့်တိုး၍ သုံးလိမ့်မည်။

ဤ အချက်ကို ယူဂျီရဲဘော်များ အမြဲသတိရှိရပေမည်။

(၃)

ပါတီအဖွဲ့အစည်းများ ထူထောင်ခြင်း

ပါတီအဖွဲ့အစည်းများ ထူထောင်ရာတွင် ရှေးဦးစွာ လူထုနှင့် တသားတည်း ဖြစ်နေသော ရဲဘော်များကို ရှာဖွေဖို့လိုသည်။ ပါတီအဖွဲ့အစည်းများအတွက် အခြေခံတရပ်ကို စတင် ထူထောင်သည့်ကိစ္စတွင် လူဟောင်းကိုဖြစ်စေ၊ အင်အားသစ်ဖြစ်စေ အရေအတွက် များများ ရှာဖွေရန် အဓိကမဟုတ်ပဲ အရည်အချင်းကို အလေးထားရမည်။

ဆက်သွယ်သူတိုင်း၏ ပါဝင်ရာအခန်းကဏ္ဍနှင့် ၎င်းတို့ ထမ်းဆောင်မှုကို အသေအချာ စိတ်ချရအောင်လုပ်ရမည်။

ကေဒါ ခရိုင်နှင့် ညီမျှသော အဆင့်များရှိ ခေါင်းဆောင်မှုနေရာကို ပုံမှန် အလုပ်အကိုင် ရှိသော ရဲဘော်များက ကိုင်တွယ်ရမည်။ ကော်မတီသည် လူထုနှင့် မကင်းကွာစေရန်၊ စွမ်းရည်မဲ့မှု မဖြစ်စေရန် ဤသို့သော နည်းများဖြင့်သာ အာမခံနိုင်သည်။

ခရိုင်ကော်မတီများ ရှိရမည်။

မြို့နယ်ကော်မတီများ ရှိရမည်။

၎င်းအဖွဲ့အစည်းများအောက်တွင် ပါတီခွဲများ ရှိရမည်။

မြို့နယ် နှင့် ခရိုင်ကော်မတီများ မထူထောင်ရသေးသော ဒေသများ၌ နှိုင်းယှဉ်ချက် အရ ပိုမို ခိုင်မာ တောင့်တင်းသော အဖွဲ့ခွဲများ၏ လုပ်ငန်းများကို ညွှန်ကြားရန် အတွက် အထူးအဖွဲ့ခွဲ အဖြစ် တာဝန်အပ်နှင်း သတ်မှတ်နိုင်သည်။ အထူးအဖွဲ့ခွဲကိုပင် မဖွဲ့နိုင်သေးပါက စည်းရုံးရေး တာဝန်ခံကို အထက်အဖွဲ့အစည်းမှ ခန့်အပ်ရမည်။

သော့ချက်ကျသော ခရိုင် နှင့် မြို့နယ်များရှိ ပါတီကော်မတီများသည် အိမ်နီး နားချင်း ခရိုင် နှင့် မြို့နယ်များရှိ ပါတီအဖွဲ့အစည်းများအား လမ်းညွှန်မှု ပေးရမည်။

ရန်သူ့အဖွဲ့အစည်းအတွင်း မိမိလူများကို အပျံ့အနှံ့ ၀င်ရောက်နေစေရမည်။

ပါတီဝင်များ ကလာပ်စည်း တခုမှ အခြား ကလာပ်စည်းတခုသို့ ပြောင်းရွှေ့ရာတွင် ထောက်ခံစာ တစုံတရာ ပါမသွားစေရ။ ကိုယ့်အကြောင်း ဖော်ပြသည့် မည်သည့် စာရွက်စာတမ်းမျှ မသယ်ဆောင်ရ။

ရန်သူ့ဖိအား ပြင်းထန်နေသည့် အခြေအနေ၊ မိမိအင်အား ဆုံးရုံးနေသည့် အခြေအနေ နှင့် လုပ်ငန်းပြန်လည်ထူထောင်ရေး

ရန်သူက နောက်ဆုံးပိတ် ဥသြဆွဲလိုက်သည့်အချိန် …

ရန်သူ့အုပ်စိုးမှုအောက်ရှိမြို့ကြီးများအားလုံးမှ အရောင်အသွေးပေါ်နေသူများ အားလုံး သည် စနစ်တကျ ဆုတ်ခွာရမည်။ ပါတီဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ရန်သူက သိသွားသော၊ ရန်သူက စောင့်ကြည့်ခြင်းခံရသူများသည် လက်ရှိ နေရာမှ ခွာကာ လွတ်မြောက် ရာသို့ ဆုတ်ခွာရန် နည်းလမ်းရှာရမည်။ ရန်သူ၏ လှုပ်ရှား မှု ပြီးဆုံးသွားမှသာ လုပ်ငန်းများကို တလှမ်းချင်း ပြန်စရမည်။

ခြေမှုန်းခံလိုက်ရသော အဖွဲ့အစည်းများတွင် အလျင်စလို အစားထိုးခြင်း မပြုရ။ သစ္စာ ဖောက်ပေါ်ထွက်ခဲ့သော အဖွဲ့အစည်းများ နှင့် ယာယီ အဆက်အသွယ် ဖြတ်ထားပြီး၊ အခြေ အနေများ ရှင်းလင်းသွားပြီးမှ လိုအပ်သလို လုပ်ဆောင်ရမည်။

(၄)

လက်တွေ့လုပ်ငန်းပိုင်းတွင် ဂရုစိုက်ရမည့်အချက်များ

မြေအောက်လုပ်ငန်းတွင် ကွန်မြူနစ်ပါတီက ၀ါဒဖြန့်ချိရေး နှင့် စည်းရုံးရေး လုပ်ငန်းများ လုပ်ရာတွင် လောကြီးသည့် အရဲစွန့်သည့် ပေါ်လစီကို မကျင့်သုံးရ။ မပေါက်ကြားစေရန် လုပ်ဆောင်ရမည်။

* တိုက်ပွဲဆင်ရာတွင် အခြေခိုင်ခိုင် နှင့် ခြေလှမ်းမှန်မှန် တိုက်ပွဲဆင်ရန် လို သလို စည်းရုံးရေးတွင်လည်း အခြေခိုင်ခိုင် ခြေလှမ်းမှန်မှန် နှင့် အင်အား စုဆောင်း သွားရမည်။

· ယူဂျီလုပ်ငန်းတွင် တပ်ပေါင်းစုစည်းရုံးရေး ၏ အခြေခံလမ်းညွှန်မှာ …

* တိုးတက်သည့်အင်အားများ ကြီးထွားစေရန် ဆောင်ရွက်ခြင်း၊ ပါတီအဖွဲ့ အစည်းများ နှင့် လူထုလှုပ်ရှားမှု များ ဖြစ်ထွန်း တိုးပွားစေခြင်း။
* ကြားနေအင်အားစုများကို သိမ်းသွင်းခြင်း။
* ရန်သူ ခေါင်းမာ အင်အားစုကို အထီးတည်းဖြစ်စေခြင်း တို့ ဖြစ်သည်။ စစ် အစိုးရကို အထီးကျန် တကောင်ကြွက်ဖြစ်စေပြီး ပြည်သူ့ဒီမိုကရေစီ အင် အားစုများ အခြေအနေကောင်းလာစေရန် ကြိုးပမ်း ဆောင်ရွက်သွားရမည်။
* ပြည်တွင်းစစ်၊ စစ်အာဏာရှင်စနစ် နှင့် ထောက်လှမ်းရေးတို့၏ ရက်စက်မှုကို ဆန့်ကျင်သော ကျယ်ပြန့်သည့် တပ်ပေါင်းစုကို ဖွဲ့စည်းရန် ကြိုးပမ်းသွားရ မည်။
* ရန်သူ ၏ ဖိနှိပ်ရေးပေါ်လစီများကို တန်ပြန် တွန်းလှန်ရာတွင် မိမိတို့၏ ၀ါဒဖြန့်ချိရေး အ၀န်းအ၀ိုင်းကို တိုးချဲ့နိုင်ရမည်။ ရန်သူ ၏ ဖောက်ပြန်သော လုပ်ရပ်များ နှင့် အကြမ်းဖက်သော လုပ်ရပ်များကို အစွမ်းကုန်ဖွင့်ချပြီး ပြည် တွင်းမှာရော ပြည်ပမှာပါ ၎င်းတို့ကို လူသိရှင်ကြား ထုတ်ဖော်ကြေညာရမည်။
* ရန်သူ့ဒေသ ယူဂျီလုပ်ငန်းတွင် အခွင့်အခါကောင်း နှင့် အချိန်အခါ ကောင်း ဟူသည်မှာ အခြေအနေ အလိုက် နေရာဒေသအလိုက် အမျိုးမျိုးအဖုံဖုံ ရှိနိုင်သည်။
o အချို့ဒေသအတွက်ဆိုလျှင် လက်နက်ကိုင် တပ်များနှင့် ပေါင်းစပ် လှုပ်ရှားနိုင်သော အခြေအနေသည် အချိန်အခါကောင်း ဖြစ်ချင် ဖြစ်မည်။
o အချို့ဒေသတွင် လက်နက်ကိုင်တိုက်ပွဲအဆင့်သို့ မြှင့်တင်ပြီး ရန် သူကို ထိုးနှက် တိုက်ခိုက်နိုင်သော အချိန်ကို အချိန် အခါကောင်း ဟု သတ်မှတ် သင့်သည်။
o အချို့ဒေသအတွက်ကား လူထုတိုက်ပွဲအရှိန်ကို မြှင့်တင်ပြီး ရန်သူ့ အုပ်စိုးမှု ယန္တယားကို သွက်ခြာပါဒ လိုက်စေခြင်းဖြင့် ပြည်သူ့ တိုက်ပွဲကို အခွင့်သာစေနိုင်သော အချိန် ဖြစ်ချင်ဖြစ်မည်။

အခွင့်အခါကောင်း နှင့် အချိန်အခါကောင်းသို့ ရောက် မရောက် ဆိုသည် ကို အထက် သက်ဆိုင်ရာ အဖွဲ့အစည်းကသာ ဆုံးဖြတ် သတ်မှတ်ပေး ရမည်။

* ယူဂျီလုပ်ငန်းသည် ဒေသလက္ခဏာဆောင်သော သို့မဟုတ် တပြည်လုံး လက္ခဏာဆောင်သော မည်သည့် ရုတ်တရက် ဖြစ်ပွားနိုင်ဖွယ်ရာ အရေး အခင်းများကိုမဆို ရင်ဆိုင်နိုင်ရန် ပြည့်စုံစွာ ပြင်ဆင်ထား ရမည်။
* ခရိုင်ကော်မတီ၊ မြို့နယ်ကော်မတီ … အစရှိသည့် အဆင့်ဆင့် ကော်မတီဝင် များ မှ သာမန် ရဲဘော်အထိ တင်းတင်းကျပ်ကျပ် စေ့စေ့ စပ်စပ် စိစစ် ရမည်။ သံသယ ဖြစ်ဖွယ်ကောင်းသူ တဦးယောက်မျှ ရှိနေခွင့် မပြုနိုင်။
* အထက်မှ စုစည်းချုပ်ကိုင်သော ခေါင်းဆောင်မှုစနစ်ကို တင်းတင်း ကျပ်ကျပ် လိုက်နာရမည်။ မည်သည့်ခြွင်းချက်မျှ မရှိစေရ။
* အထက်အဖွဲ့အစည်း နှင့် အောက်အဖွဲ့အစည်းကို ခွဲခြားထားရမည်။
* မြို့ပြလုပ်ငန်း နှင့် ကျေးလက် လုပ်ငန်း ကို ခွဲခြားထားရမည်။
* မြေအောက်လုပ်ငန်းတွင် လုပ်ကိုင်သော ကေဒါများအား ဂရုတစိုက် ရွေး ချယ်ရမည်။
* အရေးကြုံလာပါက အစားထိုးနိုင်ရန် အရံ ဖွဲ့စည်းမှုများ စီစဉ်ထားရ မည်။
* သိသိ မသိသိ အခြား ယူနစ်တခု ၏ ခြေလှမ်းသည် မိမိ ယူနစ် ၏ ကြံရွယ် ချက်ကို ထိခိုက်နေလျှင် အထက်သို့ အစီရင်ခံရမည်။
* ယူဂျီကာလတွင် ချုပ်ကိုင်မှုက ပထမ၊ ဒီမိုကရေစီက ဒုတိယ ဆို သည်ကို မမေ့ပါနှင့်။
* တဦးချင်းဆက်သွယ်သည့် ခေါင်းဆောင်မှုစနစ် (ထောင်လိုက် စနစ်) ဖြင့် လုပ်ကိုင်ရမည်။
* ခေါင်းဆောင် အဖွဲ့အစည်းများအား ကာကွယ်ဖို့ အထူး ဂရုစိုက်ရ မည်။
* ကွန်မြူနစ်အဖွဲ့အစည်းဆိုသည်မှာ ရန်သူ၏ အဓိကပစ်မှတ်ဖြစ်သည် ဆိုခြင်း ကို မမေ့ပါနှင့်။ ခေါင်းဆောင်အဖွဲ့များသည် အလွန် ဖုံးဖုံးဖိဖိ နေကြရမည်။ အစည်းအဝေး နည်းရမည်။ မကြာခဏ ဆိုသလို ဆက်သွယ်မှုကို အချိန်အခါ အခြေအနေ တင်းကျပ်လာ သည်နှင့်အမျှ လျှော့ချရမည်။
* လုံခြုံရေး နှင့် အလုပ်ဖြစ်မြောက်ရေးကို မှန်မှန်ကန်ကန် ပေါင်းစပ် ပေးနိုင်ရ မည်။
* ကေဒါများသည် သူတို့ကိုယ် သူတို့ လူထုအတွင်း၌ မြှုပ်နှံထား နိုင်ရမည်။ လူထုတိုက်ပွဲများကိုလည်း ခေါင်းဆောင်နိုင်စွမ်း ရှိရမည်။
* တိုးတက်ဖြစ်ပေါ်လျက်ရှိသော အခြေအနေကို မျက်ခြေမပြတ် စောင့် ကြည့် ရမည်။
* အထွေထွေ အခြေအနေကို ခွဲခြမ်းစိတ်ဖြာရန် နှင့် လမ်းညွှန်မှုများ ပေးနိုင်ရန် ပိုမို ကြိုးပမ်းကြရမည်။
* ပြည်တွင်းသာမက နိုင်ငံတကာ ယူဂျီလုပ်ငန်းများအကြောင်း လေ့လာထား နိုင်လျှင် ပိုကောင်းသည်။

(၅)

တိုက်ပွဲဆင်ရာတွင် ကျင့်သုံးရမည့် မူများ

* ဥပဒေ အမိန့် နှင့် ဓလေ့ထုံးစံများက ခွင့်ပြုသည့် ဘောင်အတွင်း၌ အတိအလင်း တိုက်ပွဲ ၀င်ခြင်း အပါအ၀င် နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်ရမည်။
* တိုက်ပွဲဝင်ရာတွင်

၁။ အကြောင်းအချက် ခိုင်လုံရမည်။

၂။ အကျိုးအမြတ် ရှိရမည်။

၃။ အကန့်အသတ် ရှိရမည် … ဟူသော မူကို လက်ကိုင်ပြု ထားရမည်။

တလှမ်းပြီးတလှမ်း ပိုင်ပိုင်နိုင်နိုင် လုပ်သွားရမည်။ ရန်သူကို ဆန့်ကျင်ရန် အတွက် လူထု ကို စည်းရုံးလှုံ့ဆော်ရာတွင် ပါတီပေါ်လစီကို စွဲကိုင်လွှင့်ထူထားသည့် တချိန်တည်းမှာ ပင် ဥပဒေတွင်းတိုက်ပွဲ နှင့် ဥပဒေပ တိုက်ပွဲကို ယခု ပေါင်းစပ်လိုက်၊ ယခု ခွဲခြားလိုက် ဖြင့် ပျော့ပျော့ပြောင်းပြောင်း လုပ်ဆောင်တတ်ရမည်။ အုတ်အုတ်ကျက်ကျက် တိုက် စည်တိုက်မောင်းနှက်၍ ဇွတ်တိုးသည့်နည်းဖြင့်လုပ်လျှင် မည်သည့်အခါမျှ အောင်မြင်နိုင် လိမ့်မည် မဟုတ်ပေ။

* မြေအောက်လုပ်ငန်းတွင် မိမိကိုယ်မိမိ ကာကွယ်သော သေနင်္ဂဗျူဟာ ချမှတ် ထားရမည်။
* မြေအောက်လုပ်ငန်းတွင် ပါတီ နှင့် တကွ ဒီမိုကရေစီအင်အားစုများ၊ တိုးတက် သော အင်အားစုများကို ကာကွယ်ရမည်။ ဤနည်းဖြင့် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ကို တွန်းတင်ရန်ဖြစ်သည်။ ထို ရည်ရွယ်ချက် အောင်မြင်စေရန် ပိုင်းဖြတ်မှု ရှိရမည်။ ရဲဝန့်မှု ရှိရမည်။ တချိန်တည်းတွင် နိုးကြားသတိရှိပြီး ဆင်ဆင်ခြင်ခြင် လုပ်ဆောင်ရမည်။
* ယူဂျီရဲဘော်များသည် ၀မ်းရေးအတွက်ရော၊ မိမိကိုယ်မိမိ ကာကွယ်ရန်ပါ အလုပ် အကိုင်ရှိရမည်။ (အခြေခံမဲ့သူ သို့မဟုတ် အလုပ်အကိုင်မရှိသူတို့ကို ခွင့်ပြုထားလေလေ ပါတီအဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်း နှင့် အဆက်ပြတ်နေသော အ၀န်းအ၀ိုင်း ငယ်လေး တခုအဖြစ် ကန့်သတ် တည်ရှိခံရလေလေ ဖြစ်ပေလိမ့်မည်။ ထိုသို့ဖြစ်ပါက ပါတီအဖွဲ့အစည်းသည် လူ့အဖွဲ့အစည်းအခြေခံ၊ လူတန်းစားအခြေခံတို့ကို တည် ဆောက်နိုင်မည် မဟုတ်ပေ။)
* ရန်သူ့စစ်သားများအား သိမ်းသွင်းရေး လှုပ်ရှားမှု လုပ်ရမည်။ ကာကွယ်ရေး တပ်တွင်း လုပ်ငန်းလည်း ရှိရမည်။
* ဒီမိုကရေစီ အသင်းအဖွဲ့များ၊ လူထုအဖွဲ့အစည်းများ အရေးပါသော တိုးတက် သူများ နှင့် ဆက်သွယ်ရာတွင် ၎င်းတို့၏ လုံခြုံရေးအနေအထားကို အထူး ထောက်ထားရမည်။ ဗဟို ၏ တာဝန်ပေးချက်အရ လုပ်ရမည်။ ဗဟိုသို့ တင်ပြပြီး သဘောတူချက်ယူကာ ဆောင်ရွက်ရမည်။

(၆)

တိုက်ပွဲ နည်းပရိယာယ်များ

လူထုတိုက်ပွဲသည် ဆုံးရှုံးမှုများကို ရှောင်ရှားနိုင်ခြင်း ရှိ မရှိ ဆိုသည်မှာကား ကျွန် တော်တို့၏ ဦးဆောင်လမ်းညွှန်မှု၊ မည်သည့် နည်းပရိယာယ်များကို ချမှတ်သည် ဆိုသည် နှင့် ကျွန်တော်တို့၏ အင်အားများကို မည်သို့ကောင်းအောင် စည်းရုံးစုဖွဲ့သည် ဆိုသော အချက်များ တွင် မူတည်လိမ့်မည်။

ယူဂျီလုပ်ငန်း၌ လူထုကြီးကို စည်းရုံးပြီး ရန်သူအား တိုက်ပွဲဆင်ရာတွင် …

* ခေါင်းအေးအေးထားကာ ပျော့ပျောင်းသော နည်းပရိယာယ်များကို ကျင့်သုံးရမည်။ လူထု အပေါ် မှီခိုရမည်။ အရဲစွန့်ဝါဒအမှားကို ရှောင်ရမည်။
* ကြားအင်အားစုများ လက်မခံကြသေးသည့် ကြွေးကြော်သံများ မတင်ရ။
* တိုးတက်သူ အနည်းစုကို စည်းရုံးမိယုံမျှဖြင့် ရန်သူ၏ တိုက်ခိုက်မှုများကို ထိပ်တိုက် ရင်ဆိုင် ခြင်း မပြုရ။
* အခွင့်မသာသော အခြေအနေများအောက်တွင် ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ပါ။
* ဥပဒေတွင်း နည်းလမ်းများကို အသုံးချကြရမည်။
* ရန်သူ၏ အားအနည်းဆုံးနေရာများကို ရှာဖွေပြီး ပြင်းပြင်းထန်ထန် ထိုးနှက်ကြရမည်။
* အချိန်အခါ နှင့် အခွင့်အခါကောင်း မဟုတ်ပါပဲလျက် လမ်းပေါ်ထွက် ဆန္ဒပြရန် လှုံ့ဆော်မြဲ လှုံ့ဆော်နေလျှင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖမ်းဆီးခံရသော အန္တရာယ် ကျရောက် စေနိုင်သည်ကို သတိပြုပါ။
* အလုပ်သမား၊ ကျောင်းသားများ နှင့် ပြည်သူများ ၏ တိုက်ပွဲများမှာ အကန့်အသတ် များ မုချ ရှိနေသည်။ ဤ အကန့်အသတ်များကို လွန်ပြီး လုပ်ခွင့်မပြုနိုင်ပေ။ အချိန်အခါ မကျသေးပဲ အစိုးရဖြုတ်ချရေး ကြွေးကြော်သံဖြစ်စေ၊ အလားတူ အဓိပ္ပာယ် ထွက်သော ကြွေးကြော်သံများကို ဖော်ထုတ်ခြင်း၊ လက်နက်ကိုင်တိုက်ပွဲ လုပ်ရန် သို့မဟုတ် ပြင်ဆင်ရန် လှုံ့ဆော်ခြင်း သည် အနည်းစုကိုသာ ဆွဲဆောင် နိုင်လေ့ရှိသည်။ ရှေ့တန်းရောက်အင်အားကို လူထုနှင့် ကင်းကွာစေပြီး၊ ယာယီ ဆုံးရှုံးမှု မှ ကြီးမားသော ဆုံးရှုံးမှုများအထိ ဖြစ်ပေါ်စေနိုင်သည်။ ရန်သူတို့ နောက်ဆုံး ပြိုပျက်ချိန် မရောက်မချင်း၊ တောင့်တင်း အားကောင်းသော လက်နက် ကိုင်တိုက်ပွဲ နှင့် မပေါင်းစပ်နိုင်မချင်း မြို့ကြီးများတွင် နှစ်ပေါင်းများစွာ စုစည်းလာခဲ့သော တော်လှန်သည့် ခေါင်းဆောင်အင်အားကိုအရမ်းကာရော သုံးဖြုန်းမပစ်ရ။
* အများစုက လက်နက်ကိုင်တိုက်ပွဲကို ဆက်လက် မသယ်ဆောင်ဝန့်၊ မသယ် ဆောင်ချင် တော့သောအခါ နိုင်ငံရေးအရ နိုးကြားသော အနည်းစုကို ကိုယ်ချည်း အထီးတည်း တိုက်ပွဲ ၀င်စေခြင်း မပြုပါနှင့်။
* တိုက်ပွဲအတွင်း တက်ကြွသူ နှင့် နောက်တွန့်သူများ၏ အင်အား အချိုးအစားကို ဂရုစိုက် စောင့်ကြည့်ရမည်။
* အချိန်အခါ နှင့် နေရာကောင်းကို ထိုင်စောင့်နေ၍ မရနိုင်။ ယူဂျီလုပ်ငန်း၊ အခြားသော လုပ်ငန်းများကို လုပ်ခြင်းဖြင့် အချိန်အခါကောင်း၊ အခွင့်အခါကောင်းကို ဖြစ် ပေါ်စေရမည်။

(၇)

ယူဂျီ စည်းကမ်း နှင့် စနစ်

ယူဂျီစည်းကမ်းဆိုသည်မှာ အဓိကသည် လျှို့ဝှက်ရေး ဖြစ်သည်။ လျှို့ဝှက်ရေး ကို ယူဂျီ ၏ အသက် ဟု ပြောလျှင် မမှားပါ။ လျှို့ဝှက်ရေးစည်းကမ်းကို မလိုက်နာ၊ မလေးနက်ခြင်း တချက်တည်ဖြင့် သည်လူသည် ယူဂျီ နှင့် မသင့်လျော် ဟု ယေဘုယျ ပြောနိုင်သည်။

မဆိုင်သည်ကို မပြောဖို့၊ မမေးဖို့၊ မစပ်စုဖို့ လိုသည်။

ဆိုင်တာကို ထိန်း၊ မဆိုင်တာကို မေ့ပစ်၊ မလိုတာကို အဆက်ဖြတ်လိုက် ရပါမည်။

သတ်မှတ် တာဝန်ပေးထားသည့် လုပ်ငန်းမှအပ ဘယ်ထဲမှ မပါဖို့ လိုသည်။ အထူး သဖြင့် လူထုတိုက်ပွဲတွေထဲမှာ တာဝန်မပေးပဲ လိုက်ပါခြင်းမပြုရန် လိုအပ်သည်။ စည်းရုံးရေး လုပ်ငန်းများမှာလည် တာဝန်မပေးပဲ မစည်းရုံးပါနှင့်။ မိမိတွေ့ရှိထားသော၊ မိမိလုပ်နိုင်သော၊ သတင်းထူး စသည်တို့ ရှိပါကသက်ဆိုင်ရာသို့ သတင်းပေးပို့ပါ။

လျှို့ဝှက်ရေးကို အာမခံနိုင်ရန် ထောင်လိုက် စနစ်ကို ကျင့်သုံးကြရမည်။ အတွင်းစည်း၊ အပြင်စည်း ခွဲခြားထားရမည်။ အပြင်စည်း ဆိုသည်မှာ စည်းရုံးသိမ်းသွင်း ကာစ ရဲဘော်သစ်တွေ၊ လက်ငင်း လုပ်ငန်းတာဝန်မရှိသေးသည့် ရဲဘော်တွေ နှင့် ဆက်ဆံရာတွင် ထားသည့် အပြင်စည်း ဖြစ်သည်။ ထောင်လိုက်စနစ်ဖြစ်သည့်အတွက် ကလာပ်စည်း တခုထဲမှ လူချင်းပင် (မလိုအပ် ပါက) တယောက် နှင့် တယောက် အသိပေးစရာ မလိုပါ။ ပျားအုံတအုံလို တကန့်စီ ရှိရပါမည်။ ထောင်လိုက်စနစ် ဆိုသည် မှာ အထက်ကနေ အောက်ကိုသာ အများအားဖြင့် ဆက်သွယ်ပါ သည်။ အောက်ကနေ အထက်ကို ဆက်သွယ်မှုကတော့ လိုအပ်မှသာ သင့်လျော်သော ပုံစံအမျိုး မျိုးဖြင့် ဆက်သွယ်ရန် စီစဉ်ထားရပါသည်။ မလိုအပ်ပါက စီစဉ်ထားရန် မလိုအပ်ပါ။

အောက်ပါစနစ်အချို့ နှင့် စည်းကမ်းများကို သတိမူပါ။

တေ့ဆက် နှင့် ဆက်ထုံး … တေ့ဆက် ဆိုသည်မှာ ဆက်သွယ်ရာတွင် အချိန်၊ နေရာ အတည်တကျမထားပဲ လွှဲပြောင်းလုပ်ကိုင်ခြင်းဖြစ်သည်။ လမ်းပေါ်မှာ၊ အများ ဆိုင်ရာ နေရာမှာ၊ အချိန် နေရာ အမျိုးမျိုးပြောင်း၊ ပုံစံအမျိုးမျိုးပြောင်း ဆက်သွယ်ပြီး အမြန် အဆက်ဖြတ်လိုက်ရပါမည်။ လူချင်းဆုံ၍သော်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း၊ စကားဝှက်၊ သင်္ကေတအားဖြင့် လည်းကောင်း အမျိုးမျိုး ဆက်သွယ်နိုင်သည်။

ဆက်ထုံးဆိုသည်မှာ ခြေရာဖျောက်ထားသည့် ကြားခံလူကို ရည်ညွှန်း သတ်မှတ်ခြင်း ဖြစ်သည်။ အရေးအကြောင်း ရှိလာပါက အဆက်ဖြတ်ရန် ကွင်းဆက် ဖြတ်နိုင်ရန် ရည်ရွယ်သည်။ ရန်သူကို လှည့်ဖျားရန်အတွက်လည်း ဆက်ထုံးတု (အမှန်တကယ်မရှိ သော ကြားခံလူ) များ ဖန်တီးနိုင်သည်။ ဤနည်းနှင့်ပင် အကြောင်း မသင့်၍ ရန်သူ့ လက်တွင်းကျရောက်ခဲ့သော် ကွင်းဆက်များ ဖြတ် နိုင်ပါမည်။

အတွင်းစည်း/အပြင်စည်း (ဆက်သွယ်မှု နှင့် အဆက်ဖြတ်မှု)

ရဲဘော်တဦးကို စည်းရုံး စမ်းသပ်ပြီးမှ တာဝန်ပေးခြင်းကို ပြုလုပ်ရသည်။ တာဝန် ပေးပြီဆိုလျှင် အတွင်းစည်း သွင်းလိုက်ခြင်း မည်ပါသည်။ ၎င်းသည် တစုံ တရာကို သိသွားပြီ ဖြစ်သည်။ ထိုသူသည် ယူဂျီစည်းကမ်းကို လိုက်နာ စောင့်ထိန်း ရပါတော့မည်။ ၎င်းအား မည်သို့ စည်းအတွင်း သွင်းမည်နည်း?၊ စတင် ဆက်သွယ်သူ စည်းရုံးသူ ရဲဘော်က တိုက်ရိုက် ကိုင်တွယ် မည်လား?၊ အခြားတဦးထံ လွှဲပေးမည်လား?။ အခြားတဦးထံ (လိုအပ်ချက်အရ) လွှဲပေးပြီဆိုလျှင် ဆက်သွယ်ခြင်း နှင့် အဆက်ဖြတ်ခြင်း တွင် ပြဿနာပေါ်တတ်သည်။ ဤနေရာတွင် လိုင်းပူး တတ်ကြသည်။ လျှို့ဝှက်ရေး စည်းကို ဖောက်ဖျက်မိ တတ်ကြသည်။ ထို့ကြောင့် နည်းနာ ကြွယ်ဝ ရန် လိုအပ်သည်။

မူများမှာ …

* မိမိသဘော နှင့် မိမိ လက်လွတ်စပယ် လွှဲမပေးရ။ အထက် အဖွဲ့အစည်းသို့ တင်ပြ ပြီး ခွင့်ပြုချက်ရယူပါ။
* မျက်နှာလွှဲ ခဲပစ် လွှဲမပေးရ။ `ခင်ဗျားကို ရဲဘော် က ဆီ လွှဲပေးလိုက်ပြီ´ ဆိုပြီး ချက်ချင်းကြီး မလုပ်ပါနှင့်။ ပထမ လွှဲပေးမည့် ကေဒါ နှင့် လက်ခံမည့် ကေဒါကို ကြိုတင်၍ ၎င်းတို့ချင်း နီးစပ်စေရန် တနည်းနည်းဖြင့် ဆောင်ရွက်ပေးရမည်။ ၎င်းတို့ချင်း နီးစပ်ပြီဆိုမှ တရားဝင် လွှဲပေးပါ။
* တရားဝင်လွှဲပြီဆိုလျှင် အမျှင်တန်းလန်း လုပ်မနေပါနှင့်၊ ဆက်သွယ်မှုဟောင်းကို ယတိပြတ် ဖြတ်တောက်ပစ်ပါ။ သုံးဦး သုံးဖလှယ် အမျှင်တန်းဖြင့် ဆက်စပ်နေမှု သည် အန္တရာယ် ကြီး မားသည်။ လိုင်းပူးသွားခြင်းဖြစ်သည်။ တနွယ်ငင် တစင်ပါ ဖြစ်ပြီး အုပ်စုလိုက် လိုင်းပူးသွား နိုင်သည်။ အပျော်တမ်းဆန်မှု မှ မြစ်ဖျားခံသော ဤ စည်းစနစ်ဆိုင်ရာ အားနည်းချက်သည် သေစေလောက်သော အမှားကို မလွဲမသွေ ဖြစ်ပေါ်စေသည်။ ပါတီတွင် ယင်းကဲ့သို့ သင်ခန်း စာများ မနည်းတော့ပေ။
* အုပ်စုလိုက် လွှဲပြောင်းပေးခြင်းမျိုး လုံးဝမပြုလုပ်သင့်ပါ။ ဤအမှားမျိုးသည် သာမန်အချိန်များ တွင် ဖြစ်ရန် နည်းသည်။ အများအားဖြင့် လူထုအုံကြွမှုကြီးများ ဖြစ်နေချိန်၌ ဖြစ်တတ်သည်။ တခါတရံ အထက်အဖွဲ့အစည်း နှင့် အဆက်ပြတ်နေ ချိန်တွင်လည်း ကိုယ့်သဘောနှင့်ကိုယ် အုပ်စုလိုက် လွှဲပြောင်းပေးတာမျိုး ဖြစ်တတ်သည်။ စိတ်လောကြီး၍ ဖြစ်တတ်သော အမှား များဖြစ်သည်။ ယူဂျီလုပ်ငန်းတွင် စိတ်မရှည်မှုသည် အန္တရာယ်ဖြစ်သည်။ စိတ်ရှည်ရှည် စောင့် ဆိုင်းရန် လိုအပ်သည်။
* အရာရာတိုင်း၌ အထက်အဖွဲ့အစည်းကို နာခံ၊ ညွှန်ကြားချက်ကိုတောင်းခံ၊ မိမိ သဘောဖြင့် မိမိ မဆောင်ရွက်ရန် ဆိုသော မူကို ဤ လွှဲပြောင်းရေးကိစ္စများတွင် အထူး လိုက်နာရမည်။
* အထက် ဖော်ပြခဲ့သည်များသည် အတွင်းစည်းရဲဘော်များအား လွှဲပြောင်းပေးခြင်း ကိစ္စများ ဖြစ်သည်။ အတွင်းစည်း အတွင်းသို့ မရောက်သေးသော စည်းရုံးဆဲ ကေဒါ များကိုမူ မိတ်ဆက်ပေးခြင်း၊ အောင်သွယ်ပေးခြင်း နည်းများဖြင့် မသိမသာ လွှဲပေး နိုင်သည်။
* လွှဲပြောင်းမှုများကို နည်းနိုင်သမျှ နည်းစေရန် ဆောင်ရွက်ရမည်။ မလွှဲမဖြစ်သော အခြေ အနေများ၌သာလျှင် လွှဲပြောင်းပေသင့်သည်။ တခုလုံးအကျိုးအတွက် အရေးတကြီးလိုအပ်မှု ရှိမှ လွှဲပြောင်းပေးသင့်သည်။ ကေဒါတဦး (ဥပမာ~ အစိုးရ၀န်ထမ်း တဦး) နယ်ပြောင်း သွားခြင်းကို လိုက်ပြီး လွှဲပေးနေရန် မလိုအပ်ပါ။ မူလ နေရာမှပင် ကိုင်ထားရပါမည်။ အဆက် မပြတ်ရေးကို နှစ်ဦးနှစ်ဖက် တာဝန်သိသိ ဆောင်ရွက် ရပါမည်။

(၈)

သတိပြုရမည့်အချက်များ

၁။ လူ နှင့် လုပ်ငန်း လက်သည် မပေါ်စေနှင့်။

မိမိ နှင့် အခြားတယောက်သည် မည်သူများဖြစ်သနည်း? (ကွန်မြူနစ် ၊ ယူဂျီ အဖွဲ့ အစည်းရှိ မရှိ၊ တကိုယ်တော် အတိုက်အခံ ~ စသည်ဖြင့်)

မည်သူဖြစ်သနည်း။ (အမည်၊ နေရပ်၊ နောက်ကြောင်း ~ စသည်ဖြင့်) မပေါ်ပါ စေနှင့်၊ ဖုံးကွယ်ပါ။ အလုပ်တွဲလုပ်သူချင်း မိမိ ဘာလုပ်နေသည်ကို သိနိုင် သော်လည်း မိမိ မည်သူဖြစ်သည်ကို သိချင်မှ သိမည်။ မသိပါက ပိုကောင်းသည်။ ပေါ်နေလျှင်ပင် အတည်ပြုပေးရန် မလိုအပ်ပေ။ ရန်သူမိပြီး မိမိ ပေါ် သွားလျှင်ပင် အခြား ရဲဘော်များ ထပ်၍ မပေါ်ပါစေနှင့်။ မိမိ အသွေးအရောင်၊ မိမိတာဝန်၊ လုပ်နေသည့်အလုပ်တွေ နှင့် ပတ်သက်၍ မိမိအတွက်လည်း တာဝန်ယူ၊ အခြားသူအတွက်လည်း တာဝန်ယူ ရပါမည်။

မိမိ အသက်ရှူချောင်စေရန် အခြားသူ၊ အခြား အဖွဲ့အစည်းများအပေါ် လမ်းကြောင်း ပြောင်းပေးခြင်းမျိုးမပြုလုပ်သင့်ပါ။

၂။ လိုင်းမပူးပါနှင့်။

လုပ်ငန်းငယ်ကလေးများ (ဥပမာ ~ သတင်းစာပို့ခြင်း၊ စာစောင်ရိုက်ခြင်း၊ ပစ္စည်းငှား ခြင်း၊ ဆက်သွယ်ခြင်း ~ စသည်ဖြင့်) ပေါ့လျော့ကြခြင်းကြောင့် လိုင်းပူးခြင်းများ ဖြစ် တတ်သည်။ ကလာပ်စည်းတခု နှင့် တခု ပူးနေရာ မှ ယူနစ်မတူသည့် လိုင်းများ ပူးခြင်း ~ စသည်ဖြင့် ပူးနိုင်သော အခြေအနေ အတော်များများ ရှိသည်။ ဒေသ ကျဉ်းကျဉ်း၊ မြို့ငယ်များတွင်ဖြစ်ပါက ရှောင်၍ မလွတ်တတ်ခြင်းကြောင့် ပို၍ သတိထား ဆောင်ရွက် ရန် လိုအပ်သည်။

လိုင်းပူးခြင်းသည် အန္တရာယ် ကြီးမားလှသည်။ ရန်သူအနေဖြင့် လိုက်ရ အလွန် လွယ် သွားပြီး ကွန်ချက် တချက်တည်းဖြင့် ငါးအများအပြား ရသွားနိုင်သည်။

အထက်မှ ခန့်ခွဲမှု လွဲချော်ခြင်းကြောင့် လိုင်းပူးခြင်းများလည်း ရှိနိုင်သည်။ အောက်မှ အနေမတတ်၍ ပူးခြင်းမျိုးလည်း ရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ ကာမူ လိုင်းပူးသည် ကို သိလျှင်သိချင်း အမြန် ခွာနိုင်ရန် လိုအပ်သည်။ လိုအပ်ပါက ခြေရာဖျောက်ရပါမည်။ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရပါမည်။ ဤအခြေအနေသည် ထောင်လိုက် စနစ် ကျိုးပျက်နေခြင်းဖြစ်သည်။ အထက် သို့ အမြန်ဆုံး အစီရင်ခံတင်ပြပါ။

၃။ သဲလွန်စ မကျန်ရစ်ပါစေနှင့်။

အများဆုံးသဲလွန်စမှာ စာစောင် စာတမ်းများ ဖြစ်သည်။ လက်နှိပ်စက်၊ ပုံနှိပ် ပစ္စည်း၊ အခြား ရုတ်ဝတ္ထုပစ္စည်းများမှလည်း သဲလွန်စ ကျန်ရစ်နိုင်သည်။ ကြေညာချက်များ၊ ပေးစာများ၊ မှတ်တမ်းများသည် အန္တရာယ် ကြီးမားသည်။ မိမိကို ဖမ်းစဉ် ဤ ရုပ်ဝတ္ထု ပစ္စည်းများကို ရန်သူ ရရှိသွားပါက မိမိကိုယ်မိမိ ကြိုးတုတ်ပေးလိုက်သကဲ့သို့ ဖြစ်စေ သည်။

တတ်နိုင်သမျှ အချက်အလက်များကို မှတ်ဉာဏ်တွင်သာ မှတ်သားထားပါ။ မလိုအပ် တော့သော စာရွက် စာတမ်း၊ ပစ္စည်းများကို မိမိရှေ့တွင် ဖျက်စီးပစ်ပါ။ သိမ်းသင့် သည်များကိုလည်း လုံခြုံစွာ သိမ်းဆည်းပါ။ ၀ှက်ထားပါ။ ကြေညာ စာတမ်းများ မိမိထံမှ ထွက်သည်ကို မပေါ်စေရန် အရေးကြီးသည်။

၎။ ရန်သူဖမ်းမိပါက လိုက်နာရန်အချက်များ

(က) ရန်သူမသိသေးလျှင် မိမိသည် အဖွဲ့အစည်းမှ ဖြစ်ကြောင်း မပေါ်ပါ စေနှင့်။

(ခ) အဖွဲ့အစည်းရှိကြောင်း မပေါ်ပါစေနှင့်။

(ဂ) မိမိတို့လုပ်ငန်းကို မပေါ်ပါစေနှင့်။

(ဃ) အခြား ရဲဘော်များ ကို မဖော်ထုတ်ပါနှင့်၊ ဖုံးကွယ်ရန် တာဝန်ရှိသည်။ စကား ကို အပို မပြောပါနှင့်၊ ပြောလည်းရ မပြောလည်းရ ကိစ္စမျိုး တွင်ပင် မပြော လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။ သွေးပူနေစဉ် အရေးမကြီးဟု ထင်ကာ ဖော်ထုတ်လိုက်မိသော အချက်အလက် တခုသည် လိုက်၍မဆုံး သော သဲလွန်စတခု ဖြစ်နေတတ်သည်။ `ကိစ္စကြီး ဖုံးကွယ်ရန် ကိစ္စသေး ပေးလိုက်သည်´ ဟု ဆိုခြင်းသည် အဘက်ဘက်က ချင့်တွက်ပိုင်နိုင်ရန် အရေးကြီးသည်။

ဤနေရာတွင် ရဲဘော်များ ကြံ့ခိုင်ရန်၊ ယုတ္တိရှိရှိ ဆင်ခြေပေးနိုင်ရန် လိုအပ် သည်။ မာယာ များရပါမည်။

လက်တွေ့ရင်ဆိုင်ရာတွင်

* ကြောက်ခြင်း၊ ထိတ်လန့်ပြာယာခတ်ခြင်းများကို ကျော်နင်းပါ။
* အခြေအနေ၊ အတိုင်းအတာကို ချင့်တွက်ပါ၊ (ရန်သူ မည်သည့်အရာများ သိထား သည်၊ မည်သည်ကို မသင်္ကာဖြစ်သည်၊ မည်သည်က အစပေါ်နေ သည်)
* သဏ္ဍာန်ဆောင်ပါ (ကြောက်ဟန်၊ စိုးရိမ်ဟန်၊ ရိုးသားဟန်၊ ရိုကျိုးဟန်၊ မကျေ လည်ဟန် ~ စသည်ဖြင့်)
* အပိုစကား မပြောပါနှင့် (နိုင်ငံရေးအကြောင်း၊ သူ့အကြောင်း၊ ကိုယ့် အကြောင်း ~ စသည်ဖြင့်)
* စကားလမ်းကြောင်း ပြောင်းပစ်ပါ။
* သာမန်လူများအတိုင်း ပြုမူပါ။ (တရားခံတဦး၊ အမာခံတဦး၊ အပြစ်ရှိသူ တဦး ကဲ့သို့ မနေပါနှင့်။ မိမိ မိသားစု၊ အိမ်၊ နောင်ရေးများကို ပူပင် စိတ်ဒုက္ခရောက်မှု ကို ပြပါ။ ဖရဲသီးကဲ့သို့ အပြင်ပန်း အရောင်စိမ်းပြီး အတါင်းသား နီရဲနေပါစေ)
* အချိန်ဆွဲပါ။ (အခြားရဲဘော်များအတွက် အချိန်ရစေနိုင်ပါသည်)
* ရန်သူ စွဲချက်တင်လာသော အချက်အလက်များ ခိုင်လုံလာပြီး၊ သက်သေခံပစ္စည်း များလည်း ရှိနေပါလျှင်မူ ဖုံးတ၀က်၊ ဖော်တ၀က် လုပ်နိုင်ပါသည်။ (ပေါ်နေသမျှ မိမိတွင် တာဝန်ရှိကြောင်း ရပ်ခံလိုက်ပြီး လိမ်၍မရသမျှကို အတု လူတဦးအပေါ် ပုံချလိုက်ပါ။)

(၉)

ယူဂျီရဲဘော်များ ဖြည့်ဆည်းထားရမည့်အချက်များ

* ရန်သူ၏ အုပ်ချုပ်ရေး ယန္တယား အကြောင်း၊ ထောက်လှမ်းရေး ယန္တယား အကြောင်း၊ ၎င်းတို့၏ အခွင့်အာဏာများ၊ သတင်းပိုက်ကွန် ချထားမှု၊ ရန်သူ၏ အမူအကျင့်၊ စည်းမျဉ်း နည်းနာများ မည်သို့ရှိသည်၊ တရားဥပဒေ အရ မည်ကဲ့သို့ရှိသည် စသည် များကို တတ်နိုင်သရွေ့ လေ့လာရပါမည်။
* ထောက်လှမ်းရေး အကြီးအကဲများ အဆက်ဆက် ပြောင်းလဲနေသည်။ ဖွဲ့စည်းပုံများ တိုးချဲ့ပြင်ဆင်နေသည်။ အဆက်ဆက်သော ထောက်လှမ်းရေး မင်းစဉ် မင်းဆက်များ၏ လုပ်နည်းကိုင်နည်းများ၊ အလေ့အကျင့်များကို သိထား နိဂုံးချုပ်ထားရပါမည်။ လက် တွေ့ တွင် ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းကို လျှော့မတွက်မိရန် အရေးကြီးသည်။
* မိမိတို့လုပ်ငန်းနှင်ပတ်သက်၍ ရန်သူ မည်မျှသိရှိထားသည်ကိုလည်းကောင်း၊ ကြိုးရှည် ရှည်နှင့် လှန်ထားခြင်း မျှောထားခြင်း ရှိမရှိ ကိုလည်းကောင်း အမြဲ ချင့်တွက်နေရမည်။
* ရန်သူက အဖမ်းအဆီး စတင်လုပ်ဆောင်လာလျှင် အန္တရာယ်ခေါင်းလောင်း စတင်မြည် လာကြောင်း သတိထားပါ။ မသင်္ကာစရာတွေ့သည်နှင့် ကြိုတင် စဉ်းစားထားသည့် အတိုင်း အဆင့်လိုက် စီမံဆောင်ရွက်ရန်များ စတင်လုပ် ဆောင်ပါ။ ရန်သူကို အချိန် မပေးပါနှင့်။ သို့သော် အိနြေ္ဒရရ ခြေလှမ်းလှမ်းရန် မမေ့ပါနှင့်။ ရှောင်သင့်သူ ရှောင်ရ တော့မည်။ သတိရှိရှိ နေကြရတော့မည်။ ရန်သူသည် အစ တစ်စ ရသည်နှင့် စစ်ဆင် ရေးတရပ်အဖြစ် ရေဆုံးရေဖျား လိုက်တတ်သည်။ လက်ဦးမှု ကို ဆုပ်ကိုင်ထားနိုင်ရန် လိုသည်။ ဖျောက်ဖျက် စရာများကို ဖျောက်ဖျက်ပစ်ရမည်။ ခြွင်းချက်မှအပ လုပ်ငန်းများ ရပ်ဆိုင်းထားပါ။ မိမိတို့၏ ဆက်သွယ်ရေး သဏ္ဍာန်များ ကို ပြောင်းလဲပစ်ရမည်။ မကြာ ခဏ ပြောင်းလဲပေးရန် လိုအပ်သည်။ တတ်နိုင်ပါက သဏ္ဍာန်တုများ ဖန်တီးထားပါ။
* အဆုံးအရှုံးနည်းစေရန် ယူဂျီ တန်ပြန်ထောက်လှမ်းရေး ကွန်ယက် ထူထောင်ထားနိုင် ပါက အကောင်းဆုံးဖြစ်သည်။
* ရှောင်တိမ်းမည့်သူများ ပုန်းခိုရန်၊ အလုပ်လုပ်ရန် နေရာများ ကြိုတင် ရှာဖွေ ထားရမည်။ ရေရှည် ရှောင်တိမ်းရမည့်သူများအတွက် လူအများကြားတွင် ပျောက်သွားနိုင်သည့် နေရာ ဒေသများကို ပြင်ဆင်ထား၊ အဆက်အသွယ် လုပ်ထားရမည်။

(၁၀)

ရန်သူ ကျင့်သုံးလေ့ရှိသည့် နည်းပရိယာယ်များ

ရန်သူက ယူဂျီ ရဲဘော်များအား ပြောင်းလဲပစ်ချင်သည့် သဏ္ဍာန်များမှာ အကြမ်း အားဖြင့် ၃ မျိုး ရှိသည်။

(၁) ရပ်တည်ချက်ပြောင်းစေပြီး ၎င်းတို့ခိုင်းသမျှ တက်ကြွစွာ လုပ်ဆောင်ပေးမည့် လူစား (သစ္စာဖောက် အဆင့်)

(၂) နှိပ်စက်ညှဉ်းပမ်း၍ သော်လည်းကောင်း၊ နည်းပရိယာယ်အရ သော်လည်း ကောင်း လွှမ်းမိုး အနိုင်ယူကာ ကာလတခုမျှ ဒူးထောက် အညံ့ခံလိုက်ရသည့် လူစား (သို့သော် ရပ်တည်ချက် ပြောင်းချင်မှ ပြောင်းမည့်သူများ)

(၃) စိတ်ဓာတ်ကျပြီး နိုင်ငံရေး မှ စွန့်ခွာသွားသူများ ဖြစ်စေရန် လုပ်ဆောင်လေ့ ရှိသည်။

ဤအခြေခံမှ အောက်ပါနည်းပရိယာယ်များကို ကျင့်သုံးခြင်းဖြစ်သည်။ ယူဂျီ ရဲဘော်များ ရင်ဆိုင်ရမည့် ကိစ္စများလည်း ဖြစ်သည်။

ရိုက်နှက်ညှဉ်းပန်းခြင်း၊ ကိုယ်ခန္ဓာသာမက စိတ်ဓာတ်အရပါ ညှိုးကျသွား စေရန်ပြုလုပ် ခြင်းသည် အရင်းခံအကျဆုံးလက်သုံးနည်းဖြစ်သည်။ ဒဏ်ရာဒဏ်ချက် များ အပြင် အစား၏ ဆင်းရဲခြင်း၊ နေမှုထိုင်မှု ဆင်းရဲခြင်း စသည်များသည် ပထမဆုံး ရင်ဆိုင်ရမည့် ကိစ္စများဖြစ်သည်။

၎င်းနောက် ခြိမ်းခြောက်ခြင်း၊ ကောလဟလ သတင်းများ ထုတ်ပြီး ထင်ယောင်ထင်မှား ဖြစ်စေခြင်း များ လိုက်လာပေမည်။

၎င်းနှင့်ဆန့်ကျင်စွာ အချိုသတ်ခြင်း၊ မက်လုံးပေးခြင်း စသည်များကိုလည်း လူပေါ်လိုက် ၍ ပြောင်းလဲကျင့်သုံးတတ်သည်။

* သားသမီး၊ မိဘ ဆွေမျိုး သားချင်းများ၏ အခက်အခဲကိုပြော၍ စိတ်ဓာတ်ကျ စေခြင်း။
* မိမိကိုယ်သာမက ဆွေမျိုးအသိုင်းအ၀န်း ၏ အန္တရာယ်များကို ညွှန်ပြပြီး ခြိမ်း ခြောက်ခြင်း။
* မိဘ ဆွေမျိုးသားချင်းများ လွှတ်ပြီး နှူးစေခြင်း။
* နောက်ပိုင်းတွင် အမျိုးသမီးများဆိုလျှင် လူလွှတ်၊ အိမ်ထောင်သည်ပါ မရှောင် ဘ၀ပျက်အောင် လုပ်လွှတ်လိုက်မှုများ အထိ ကမ်းကုန်သည် အထိ ပြုမူကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤစနစ်များ ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်ရန် ပိုင်းဖြတ်ချက်ချ ထားပြီးဖြစ်သော ယူဂျီရဲဘော်များသည် ဤအတားအဆီးများကို ကျော်လွှားနိုင်မည်သာဖြစ်သည်။

`အသက်စွန့်ရန် မကြောက်၊ အခက်အခဲဖယ်ရှား၊ အောင်ပွဲအရယူ´ ကြနိုင်မည့်သူများ သာ ဖြစ်ကြသည်။

၁၉၉၆၊ ဇန်န၀ါရီ

ဗဟိုဌာနချုပ်

ဗမာပြည် ကွန်မြူနစ်ပါတီ။

Monday, October 26, 2009

မနောဖြူ - မှ ကောသလမင်း အိပ်မက် ၁၆ ချက်
မေးလ် ထဲကနေရလာလို့  ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင် ....
နောင်ဖြစ်လာမယ့် နိမိတ်တွေ လို့  ဘုရားရှင် ကဟောကြားခဲ့ တယ်လို့  ဖတ်ဖူးပါတယ်....
နိမိတ်တွေ ကတော့ အခုလက်ရှိမှာ ဖြစ်နေပြီလို့ ထင်ပါတယ်နော်.... :



၁၉၄၇ ခုနှစ်ပင်လံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ...

ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်
လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်
တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်
များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်
တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီ
စေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့်
နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသ
အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသ
များ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်
ဖြ စ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများ အတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်
၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း
ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက်
အထ မြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ
အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်
ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ
ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူ
အညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး
အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။
မြန်မာနိုင်ငံတော်အစိုးရ
(ပုံ) အောင်ဆန်း
၁၂-၂-၄၇
ကချင်ကော်မတီ
(ပုံ)
ဆမားဒူးဝါးဆင်ဝါးနောင်
မြစ်ကြီးနား (ပုံ)
ဇော်ရစ်
မြစ်ကြီးနား (ပုံ)
ဒိန်ရတန်
မြစ်ကြီးနား (ပုံ)
ဇော်လ
ဗန်းမော်
(ပုံ)
ဇော်လွန်း
ဗန်းမော် (ပုံ)
လဗန်းဂရောင်း
ဗန်းမော်
ချင်းကော်မတီ
(ပုံ)
ဦးလွှာမှုန်း
အေတီအမ်။
အိုင်တီအက်(စ်)အမ်၊ ဖလမ်း။ (ပုံ)
ဦးသောင်ဇာခပ်
အေတီအမ်၊ တီးတိန်။ (ပုံ)
ဦးကွယ်မန်း
အေတီအမ်၊ ဟားခါး။
ရှမ်းကော်မတီ
(ပုံ)
ခွန်ပန်းစိန်
တောင်ပိုင်းစပ်ဖလုံ (ပုံ)
စပ်ရွှေသိုက်
ညောင်ရွှေစပ်ဖလုံ (ပုံ)
စပ်ဟုံဖ
မြောက်ပိုင်းသိန္နီစပ်ဖလုံ (ပုံ)
စပ်နွံ
လဲချားစပ်ဖလုံ
(ပုံ)
စပ်စံထွန်း
မိုင်းပွန်စပ်ဖလုံ (ပုံ)
စပ်ထန်းအေး
သာမိုင်းခမ်းစပ်ဖလုံ (ပုံ)
ဦးဖြူ
သထုံစပ်ဖလုံ၏ ကိုယ်စားလှယ် (ပုံ)
ခွန်းဖုံး
မြောက်ပိုင်းသိန္နီ
(ပုံ)
ဦးတင်ဧ (ပုံ)
ဦးထွန်းမြင့် (ပုံ)
ဦးကြာပု (ပုံ)
ဦးခွန်စော
(ပုံ)
စပ်ရစ်ဖ (ပုံ)
ဦးခွန်ထီး










THE PANGLONG AGREEMENT
1947
Dated the12th February 1947,
Panglong,


A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representative of the Shan States, the Kachin Hills and the Chin Hills:


The Members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government:

1. A Representative of the Hill Peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples (SCOUHP), shall be appointed a Counsellor for Frontier Areas shall be given executive authority by similar means.

2. The said Counsellor shall also be appointed a Member of the Governor's Executive Council, without portfolio, and the subject of Frontier Areas brought within the purview of the Executive Council by Constitutional Convention as in the case of Defence and External Affairs. The Counsellor for Frontier Areas shall be given executive authority by similar means.

3. The said Counsellor shall be assisted by two Deputy Counsellors representing races of which he is not a member. While the two Deputy Counsellors should deal in the first instance with the affairs of their respective areas and the Counsellor with all the remaining parts of the Frontier Areas, they should by Constitutional Convention act on the principle of joint responsibility.

4. While the Counsellor, in his capacity of Member of the Executive Council, will be the only representative of the Frontier Areas on the Council, the Deputy Counsellors shall be entitled to attend meetings of the Council when subjects pertaining to the Frontier Areas are discussed.

5. Though the Governor's Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of those Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle.

6. Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935.

7. Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries.

8. The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.

9. The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and the Union Hills are entitled to receive from the revenues of Burma, and the Exeutive Council will examine with the Frontier Areas Counsellor and Deputy Counsellors the feasibility of adopting for the Kachin Hills and the Chin Hills financial arrangement similar to those between Burma and the Federated Shan States.



Burmese Government.
(Signed) Aung San


Kachin Committee.
(Signed) Sinwa Naw, Myitkyina
(Signed) Zaurip, Myitkyina
(Signed) Dinra Tang, Myitkyina
(Signed) Zau La, Bhamo
(Signed) Zau Lawn, Bhamo
(Signed) Labang Grong, Bhamo

Chin Committee
(Signed) U Hlur Hmung, Falam
(Signed) U Thawng Za Khup, Tiddim
(Signed) U Kio Mang, Haka

Shan Committee
(Signed) Saohpalong of Tawngpeng State.
(Signed) Saohpalong of Yawnghwe State.
(Signed) Saohpalong of North Hsenwi State.
(Signed) Saohpalong of Laihka State.
(Signed) Saohpalong of Mong Pawn State.
(Signed) Saohpalong of Hsamonghkam State
(Signed) Representative of Hsahtung Saohpalong. Hkun Pung
(Signed) U Tin E
(Signed) U Htun Myint
(Signed) U Kya Bu
(Signed) Hkun Saw
(Signed) Sao Yape Hpa
(Signed) Hkun Hte
မဟုတ်မခံ ခွပ်ဒေါင်းတို့ရဲ့ မာန်
ကဗျာ
နီသင်းနိုင် (VCT)
အင်္ဂါနေ့၊ စက်တင်ဘာလ 29 ရက် 2009 ခုနှစ် 14 နာရီ 27 မိနစ်

ni-thin-naings
ရာဇဝင်မကောင်းတဲ့ အတိတ်ရလဒ်နဲ့

ပရဟိတမရှိတဲ့ ရာဇဝင်ဖြစ်စဉ်

ဘယ်တော့မှ သမိုင်းကောင်းမဝင် …

တလမ်းသွားအမှောင်တို့ရဲ့

အတ္တကြည့် အာဏာရှင်တပည့်ကိုလည်း

ဘယ်တော့မှ ဆရာ မတင်ဘူး …

စစ်ခြေရာကို စစ်ခွာတွေ ထပ်ခင်းဖို့

ဥပါယ်တံမျဉ် ဒိုင်ယာလော့ တေးသားနဲ့

၂၀၁၀ မိစ္ဆာရွေး တရားကိုလည်း

ဘယ်တော့မှ

ဘုရားလို့ မထူးဘူး …။



နင်းသွားမယ့်မြေမှာ

သွေးအခါအခါ ထွက်ခဲ့လည်း

ကြိုးတရာကို မကြောက်

ဒူးထောက်လို့ အာဏာရှေ့ရောက်မခံ

မိန်ကောင် မာန်ငှက်ဆိုး ဖက်ဆစ်အရိုးရဲ့

မုန်ယစ်စနစ်မျိုး

လည်မျိုကျိုးသွားပါစေ

တုတ်မကျိုးစေရ …။



အလင်းတခု စီးဆင်းဖို့

ထွန်းညှိစို့ဆိုပြီး

ပေါင်းကူးခံ ကျောင်းသားချွေးစက်တွေနဲ့

ဒေါင်းတို့ရဲ့ အလံကို

အောင်သံပေးလို့ ဆုပ်ကိုင်

မဏ္ဍိုင်မလဲဟေ့ ဘယ်တော့မှ

စစ်အာဏာတည်နေသမျှတော့

လာ … …

အမြစ်လှန် မီးရှို့တိုက်ဖျက်ကြမယ် …။ ။

ဇောချုပ်(သို့မဟုတ်)တရုတ်ဖြူဆန့်ကျင်ရေးစစ်ရဲ့ တက်မ, ကိုင်ရေးသူ – မောင်အေးဝင်း
ကျနော်တို့ကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစ စာဖတ်တဲ့ အကျင့်စွဲစေခဲ့တာ ရုပ်ပြတွေ၊ ကာတွန်းတွေက စပါတယ်။ မော်ဒန်ကာတွန်း၊ ကာတွန်းညွန့်ပေါင်း၊ ကာတွန်း ပဒေသာ၊ ကလေးဂျာနယ် စတာတွေပေါ့လေ။ ဇာတ်ကောင်တွေလည်း အများကြီး၊ ဇာတ်လမ်း တွေလည်း အများကြီးပါပဲ။ နောက်မှ တဆင့်တက်ပြီး ရှုမ၀ရုပ်စုံမဂ္ဂဇင်း၊ မြ၀တီမဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်းတွေ ဖတ်လာတယ်။ စာဖတ်တဲ့ အကြောင်းကို နောက်မှ သပ်သပ် ရေးပါဦးမယ်။ ခုပြောချင်တာ တိုက်ဆိုင်မှုရှိလာရင် မျက်စိထဲ၊ ခေါင်းထဲမှာစွဲ နေတဲ့ အရုပ်တွေ၊ အကြောင်းအရာတွေပဲ။
၂၀၀၇ မှာ ဓူဝံစာပေက ထုတ်တဲ့ “ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော” ရဲ့ “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” စာအုပ်ကို ပြန်ဖတ်တော့ ( ပထမတခါ ထွက်သေးတယ်၊ ဒီစာအုပ်က ပြည့်ပြည့် စုံစုံ ပေါင်းချုပ်မို့ ပြန်ဖတ်ရတာ) ငယ်ငယ်တုန်းက ဖတ်ရတဲ့ စာအုပ်၊ ကြည့်ရတဲ့ ရုပ်ရှင်တချို့ကို ပြန်မြင်လာတယ်။ လုံးဝဥဿုံ ထင်ထင်ရှားရှား မြင်တာမဟုတ်ပေမယ့် တပိုင်းတစ ထင်ထင် ရှားရှားဖြစ်ပါတယ်။ အဲဒါတွေက ဘာတွေလဲ။
(လေသူရဲဗိုလ်ပီတာအကြောင်း ရုပ်ပြစာအုပ် ကလေးပဲ။ ဗမာပြည်ကို ကျူးကျော်လာတဲ့ တရုပ်ဖြူတွေကို မောင်းထုတ်ရာမှာ လေကြောင်းတိုက်ပွဲမှာ ကျသွားရှာတဲ့ ဗမာ့လေသူရဲ ဗိုလ်ပီတာအကြောင်းကို ဖော်ပြထားတာ။ နောက်ပြီး မြ၀တီမဂ္ဂဇင်းဓါတ်ပုံပြိုင်ပွဲကဏ္ဍမှာ လှုပ်ရှားမှုသတင်းဓါတ်ပုံတွေ။ ရန်ကုန်က အမေရိကန်သံရုံးရှေ့မှာ တရုပ်ဖြူဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ အဲဒီတုန်းက ကမ္ဘာပတ်ရင်း ရန်ကုန်မှာ ရောက်နေတဲ့ နိုက်ဂျီးရီးယားက အဂျလာ ဆိုတဲ့ လူမဲကျောင်းသားက သံတိုင်ဆိုင်းဘုတ်ကြီးကို ဟာကြူလီလို မ, ပြီး ပစ်ထုတ်နေပုံ၊ ရဲက သေနတ်နဲ့ပစ် မျက်ရည်ယိုဗုံး ခွဲလို့ ထွက်ပြေးကြတဲ့အထဲမှာ ကြေးမုံသတင်းထောက် ကိုရွှေမောင် ရိုလီဖလက်ကင်မရာက တဖက်၊ ကျန်တဲ့ လက်တဖက်က ပုဆိုးစကိုမပြီး အူယားဖားယား ပြေးနေရပုံ၊ တိုက်ပုံအနက်နဲ့ လူတယောက် သေနတ်တလက်နဲ့ လူအုပ်ထဲကို ပစ်နေပုံ။ အတိတ်ရဲ့ ၀ိုးတ၀ါး ပုံရိပ်တွေပေါ့လေ။ ကိုယ်က ကလေးပဲ ရှိသေးတော့ စာအုပ်တွေ သတင်းစာတွေ မှာပါတာလောက် ဖတ်ရ မြင်ရတာ။ တရုပ်ဖြူစစ်သားတွေ ရှမ်းပြည်မှာ ရှမ်းအမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ကြောင်း။
နောက်ပြီး ကျော်ဆွေနဲ့ခင်ယုမေ သရုပ်ဆောင်ပါဝင်တဲ့ “ပုလဲမျက်ရည်” ရုပ်ရှင်။ ဗမာ စစ်ရုပ်ရှင် ကားတွေထဲမှာ ရှားရှား ပါးပါး ‘မြင်ကွင်းကျယ် စီနီမာ စကုတ်’ (ဟိုတုန်းကအသုံး အနှုန်း)။ အဲဒီရုပ်ရှင်က တရုတ်ဖြူ နဲ့ ဗမာ့တပ်မတော် စစ်တိုက်ကြတဲ့ စစ်ရုပ်ရှင်ကား။
နည်းနည်းကြီးလာတော့ “သိန်းသန်းထွန်း” ရဲ့ “အချစ်ရူးလေးရဲ့အချစ်ဦး” ၀တ္ထု။ အဲဒီဝတ္ထုမှာလဲ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအကြောင်း၊ ရကသ ဗကသ ဦးဆောင်တဲ့ အမေရိကန်သံရုံးရှေ့ တရုတ်ဖြူဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအကြောင်း၊ ဘွဲ့နှင်းသဘင်ခန်းမမှာ လာလုပ်တဲ့ အစည်းဝေးပွဲတခုမှာ တရုတ်ဖြူကိုယ်စားလှည်က အစည်းဝေးလာတက်လို့ ကျောင်းသားတွေ ဆန္ဒပြတဲ့အကြောင်း။ ၁၉၆၁- ခုနှစ်၊ ဖေဖော်ဝါရီ ၂၁၊ ဗကသ၊ တကသ၊ ရကသ တွေ ပူးပေါင်းပြီး ကိုလိုနီစနစ်အလောင်းကောင်၊ အမေရိကန်နယ်ချဲ့ရဲ့ ရုပ်ပုံကြီးတွေ လုပ်ပြီး သံရုံးရှေ့မှာ မီးရှို့ကြပုံတွေ။
နောက်ပြီး လင်းယုန်ဂျာနယ်ထဲက “ဇောချုပ်အကြောင်း သိကောင်းစရာ” အခန်းဆက် လဆက် ဆောင်းပါးများ။ ဒါတွေ ပြန်အမှတ်ရလာတယ်။)
“ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော” ရဲ့ “ဆိုင်းစုမှသည် မန်းဟိုင်းဆီသို့” စာအုပ်မှာ “တရုတ်ဖြူ သို့မဟုတ် ကူမင်တန်များ၏ ကျူးကျော်မှုသမိုင်းအကျဉ်းချုပ်” (စာမျက်နှာ ၁၆၁-၁၆၅)၊ “ဘုရင့်နောင်စစ်ဆင်ရေးကြီး” (စာမျက်နှာ ၁၆၇-၁၉၁) တွေ့ရပါတယ်။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဟာ တရုတ်ဖြူစစ်ဆင်ရေးကြီးမှာ ဦးဆောင်သူ တက်မကိုင်ကြီး ဖြစ်တဲ့အတွက် မည်သူပဲ ဒီအကြောင်းကိုရေးရေး သူ့လောက်ပြည့်စုံ သူ့လောက်တိကျမှာ မဟုတ်နိုင်ပါဘူး။ ဒါကြောင့် ကာယကံရှင်နှင့်တကွ ထုတ်ဝေသူဆီမှာ ခွင့်ပြုချက်တောင်းပြီး တရုတ်ဖြူစစ်ဆင် အစိတ်အပိုင်းတချို့ကို မာယာစာဖတ်ပရိသတ်အတွက် တင်ပြလိုက်ပါတယ်။
အပြည့်အစုံ အစအဆုံးဖတ်ချင်ရင်တော့
Duwun Publishing
Box 1792
Hyattsville, MD 20788
U.S.A. မှာ စုံစမ်းပြီး၊ မှာယူရင် ရနိုင်မယ်လို့ ထင်ပါတယ်။
တရုတ်ဖြူ သို့မဟုတ် ကူမင်တန်များ၏ ကျူးကျော်မှုသမိုင်းအကျဉ်းချုပ်
ရေးသူ – ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော
တရုတ်ပြည်ကြီးတွင် ချန်ကေရှိတ်ဦးဆောင်သည့် ကူမင်တန်အစိုးရနှင့် မော်စီတုန်း ဦးဆောင်သည့် ကွန်မြူနစ်ပါတီတို့ ၂ ဘက် နှစ်ရှည်ကြာများ ပြည်တွင်းစစ်ဆင်နွှဲရာမှ ၁၉၄၉ ခုနှစ် အောက်တိုဘာလတွင် ကွန်မြူနစ်များက တပြည်လုံးတွင် အောင်ပွဲခံသွားပါတော့သည်။ ချန်ကေရှိတ်အပါအ၀င် ထိပ်သီးကူမင်တန်များ ထိုင်ဝမ်သို့ ထွက်ပြေးသွားနိုင်သော်လည်း ကျွန်တော်တို့ နိုင်ငံနှင့် နယ်ချင်းဆက်နေသည့် ယူနန်ပြည်နယ်မှ စစ်ရှုံးကူမင်တန် တပ်ပျက် တချို့မှာ ကျွန်တော်တို့၏ အရှေ့ဘက်နယ်နမိတ်များကို ဖြတ်ကျော်ပြီး ရှမ်းပြည်နယ်၊ ကျိုင်းတုံ ခရိုင်ထဲသို့ စတင် ကျူးကျော် ၀င်ရောက်လာပါသည်။
ဝင်လာစက အင်အားမှာ ၈၀၀ လောက်သာဟု ယူဆရပါသည်။ နောင်မှ တဖြည်းဖြည်း များလာခြင်း ဖြစ်ပါသည်။ ၁၉၅၀ ဇန်န၀ါရီလတွင် တရုတ်ဖြူများက ကျိုင်းတုံမြောက်ဘက်ရှိ မိုင်းယန်းမြို့ကို သိမ်းပိုက်တပ်စွဲလိုက်ပါသည်။ မတ်လထဲတွင် ကျိုင်းတုံ အရှေ့ပိုင်းသို့ ၀င်ရောက်လာပြီး နောက်ပိုင်း အိမ်ထောင်သည်များပါ လိုက်လာပါသည်။
ကျိုင်းတုံအရှေ့တောင်ဘက် မောင်းလင်းမှာ အခြေချပြီး အရှေ့ဘက် မဲခေါင်မြစ် (လာအို-မြန်မာနယ်စပ်)၊ အနောက်ဘက် ကျိုင်းတုံ-တာချီလိတ်လမ်း၊ တောင်ဘက် ယိုးဒယား-မြန်မာနယ်စပ်၊ တြိဂံနယ်မြေတွင် တပ်ဖြန့်ပြီး တပ်စွဲနေထိုင်ခဲ့ကြပါသည်။
၎င်းတို့သည် ယူနန်ပြည်နယ်၊ ကေအမ်တီ (KMT) အမှတ် (၈) တပ်မတော်နှင့် အမှတ် (၂၆) တပ်မတော်တို့မှ တပ်ကြွင်းတပ်ကျန်များ ဖြစ်ပြီး၊ အမှတ်(၈) တပ်မတော်ကို ဗိုလ်ချုပ် လီမီ ဦးဆောင်ပြီး၊ အမှတ် (၂၆) တပ်မတော်ကိုမူ ဒုဗိုလ်ချုပ် လူကိုချန်းက ဦးဆောင်ပါသည်။ တချို့ တပ်သားများမှာ ကျိုင်းတုံမြို့တွင်းသို့ပင် ရုပ်ဖျက်ပြီး တဖြည်းဖြည်း စိမ့်ဝင်လာနေပါသည်။
ဗမာ့တပ်မတော်က ၁၉၅၀ ခုနှစ် ဇွန်လဆန်းတွင် လက်နက်ချရန် သို့မဟုတ် တိုင်းပြည်နယ်မြေမှ ထွက်သွားရန် တရုတ်ဖြူများကို ရာဇသံ ပေးလိုက်ပါသည်။ တရုတ်ဖြူများ က သူတို့ကို တိုက်လျင်၊ သူတို့က ပြန်တိုက်ဖို့ အသင့်ရှိကြောင်း တင်းတင်းမာမာ ပြန်ကြားသည့်အပြင် တချိန်တည်းမှာပင် ယိုးဒယား – မြန်မာနယ်စပ်နှင့် တာချီလိတ်မြို့ ကလေးပါ တာချီလိတ်လမ်း မိုင်တိုင် (၈၁) မှ စ၍ ၎င်းတို့က တိုးချဲ့ သိမ်းပိုက်လိုက်ပါသည်။
ဗမာ့တပ်မတော် (ထိုစဉ်က ပြည်ထောင်စုတပ်များဟု ခေါ်ပါသည်) က ကျိုင်းတုံမြို့ထဲ ရုပ်ဖျက်ဝင်ရောက်နေသည့် တရုတ်ဖြူ ၂၀၀ လောက်ကို ဖမ်းဆီးပြီး မိတ္ထီလာ၊ မန္တလေးသို့ ပို့ ချုပ်နှောင်ထားလိုက်ပါသည်။ တာချီလိတ်ကိုလည်း ပြန်လည် တိုက်ခိုက် သိမ်းပိုက်လိုက်နိုင် ပါသည်။
သို့သော် ၁၉၅၁ ခုနှစ်တွင် တရုတ်ဖြူများသည် ထိုင်ဝမ်နှင့် အဆက်အသွယ်ရသွားကာ သူတို့၏ ကျူးကျော်ရေးစီမံကိန်းကို စနစ်တကျ ပြင်ဆင်လှုပ်ရှား လာပါတော့သည်။ အမေရိကန်များကလည်း ၀င်ရောက် ကိုင်တွယ်နေကြသည်။
၁၉၅၁ ခု နှစ်ဦးတွင် ဗိုလ်ချုပ်လီမီ ဦးဆောင်သည့် တရုတ်ဖြူအင်အား ၁၀၀၀ – ၁၅၀၀ မျှသည် ကျိုင်းတုံခရိုင် အနောက်တောင်ပိုင်း မိုင်းဆတ်မြို့ကလေးမှာ မိုင်းဆတ်လွင်ပြင်ကို အခြေပြုပြီး အခြေခံစခန်းသစ် ဖွဲ့စည်းတည်ထောင်ကြပါသည်။ နောင်တွင် ထိုစခန်းမှာ ဗမာပြည် တရုတ်ဖြူကျူးကျော်မှုဌာနချုပ်ကြီး ဖြစ်လာပါတော့သည်။ ကျိုင်းတုံမြောက်ဘက် မိုင် ၅၀ ကွာရှိ မိုင်းယန်းမြို့ကလေးနှင့် ကျိုင်းတုံအရှေ့တောင် ၆၅ မိုင်ကွာ မိုင်းယောင်းမြို့ကလေး များတွင်လည်း တရုတ်ဖြူစစ်သားစုဆောင်းရေးနှင့် စစ်လေ့ကျင့်စခန်းများ ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။ နေရာအနှံ့အပြားမှ စစ်သားများလည်း စုဆောင်းကြပါသည်။ ထိုင်ဝမ် (ဖော်မိုဆာ) မှ လေ့ကျင့်ရေးမှူးများလည်း ရောက်ရှိလာပြီး စစ်သင်တန်းများပေးကာ တပ်သစ်များ ဖွဲ့စည်းကြ ပါသည်။ ထိုင်းက ထိုလေ့ကျင့်ရေးမှူးများနှင့် စစ်ပစ္စည်းလက်နက်ခဲယမ်းများကို ဗမာပြည် နယ်စပ် ပွန်ပါကျင်သို့ ကားနှင့် ပို့ပေးသည်။ တချို့ကို လေထီးနှင့် ချပေးသည်။
ဤသို့ဖြင့် တရုတ်ဖြူ၏ ကျူးကျော်မှုမှာ သံလွင်မြစ်အရှေ့ဖက်တခြမ်းလုံး ပျံ့နှံ့သွားပြီး မြောက်ဘက်သို့ ချဲ့ရာ ‘၀’နယ်၊ ကိုးကန့်နယ်၊ သိန္နီနယ် များအထိ တိုးချဲ့သွားပြီး၊ အင်အားမှာ လည်း ၄၀၀၀ ခန့် ရှိလာပါသည်။ အချက်အချာကျသည့် မြို့ကလေးများတွင်လည်း အခြေခံစခန်းများဆောက်ပြီး အခိုင်အမာ နေထိုင်လာကြပါသည်။ ထို့အပြင် ဗမာပြည် အတွင်းပိုင်းဝင်ရန် ရည်ရွယ်ချက်ဖြင့် သံလွင်မြစ် အနောက်ဘက်ကမ်းသို့ ကူးလာကာ ဗမာပြည် တောင်ပိုင်း ကယားပြည်နယ်စပ်၊ ကဒူးကြီးဧရိယာအတွင်းထိပင် ၀င်လာပြီး တပ်စွဲ လိုက်ပါသည်။ ၁၉၅၁ ခုနှစ် ဇူလိုင်လထဲတွင် ဖြစ်ပါသည်။
၁၉၅၁ ခုနှစ် မေလထဲတွင် လီမီသည် ‘၀’နယ်မှနေပြီး တရုတ်ပြည်မကြီးကို ကော်လံ ၂ ခု ခွဲပြီး ၀င်တိုက်ပါသည်။ အမေရိကန်များက လေယာဉ်များနှင့် ရိက္ခာများ လိုက်ချပေးပါသည်။ သို့သော် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တိုက်ထုတ်၍ ပြည်မအတွင်း မိုင်အနည်းငယ်သာ ၀င်နိုင်ပြီး ၂ ပတ်အတွင်း အကျအဆုံးများစွာနှင့် ဆုတ်ခွါလာရပါသည်။
ဤ မဖြစ်စလောက် အင်အားကလေးနှင့် ပြည်မကြီးကို ၀င်တိုက်သည်မှာ ထူးဆန်း သဖြင့် ကျွန်တော်က သူတို့၏ ရည်ရွယ်ချက်ကို စဉ်းစားကြည့်ရာတွင် စစ်ရေးထက်၊ နိုင်ငံရေး ရည်ရွယ်ချက်ဖြစ်မည်ဟု ယူဆရပါသည်။ တရုတ်ပြည်တွင်း မငြိမ်မသက် ဖြစ်နေသည့်သဘော၊ တရုတ်အစိုးရ တရားဝင်အစိုးရမဖြစ်နိုင်သည့်သဘော ပေါ်လွင်စေချင်ဟန် ရှိသည်။ ထိုအချိန်က ကိုးရီးယားစစ်ပွဲလည်း ဖြစ်နေသဖြင့် ပြည်မကြီးအတွင်း ကျန်ခဲ့သည့် ကူမင်တန်လူဟောင်း များ အားတက်ပြီး ပုန်ကန်ထကြွစေလိုဟန်လည်း ရှိသည်။ ဤကဲ့သို့ ၀င်တိုက်တာကိုလည်း အကြီးအကျယ်တိုက်နေသလို ၀ါဒလည်းဖြန့်သည်။ ထို့ကြောင့် နောက်ထပ် ယူဆစရာ အချက်တရပ်မှာ အမေရိကန်ပြည်သူများက ချန်ကေရှိတ်ကို ဆက်ပြီး ဒေါ်လာတွေ အကူအညီ တွေထောက်ပံ့ဖို့ အကျိုးခံစားရမည့် အမေရိကန်အချို့နှင့် ချန်ကေရှိတ်တို့ ပူးပေါင်းကြံရွယ်ချက် လည်း ဖြစ်ဟန်ရှိသည်။ သို့သော် တရုတ်အစိုးရတပ်များက တိုက်ထုတ်လိုက်လို့၊ ထိုနောက်ပိုင်း တွင်တော့ ဗမာပြည်အတွင်းပိုင်းကိုသာ ရည်ရွယ်လာပါတော့သည်။
၁၉၅၁ ခုနှစ် အကုန်တွင် တရုတ်ဖြူအင်အား ၆၀၀၀(ခြောက်ထောင်) ကျော်လာပါ သည်။ လီမီလည်း လေ့ကျင့်ရေး လူ ၇၀၀ ခေါ်ကာ ထိုင်းမှတဆင့် ထိုင်ဝမ်သို့ ခေတ္တ ပြန်သွားပါသည်။ ၁၉၅၂ ခုနှစ် မှာတော့ တရုတ်ဖြူအင်အားအမြင့်မားဆုံးအထိ တိုးချဲ့ပြီး အလုံးအရင်းနှင့် သံလွင်မြစ်ကို ဖြတ်ကျော်ကာ မြောက်ဘက် ကချင်ပြည်နယ်၊ ဗန်းမော် ဖြစ်ကြီးနားမှ စ၍ တောင်ဘက် မွန်ပြည်နယ်၊ မော်လမြိုင်အထိ ထိုးဖောက်ကျူးကျော်သည့်နှစ် ဖြစ်ပါသည်။ တပ်သားသစ် စုဆောင်းရေးတွင်လည်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွင်းရှိ တရုတ်လူမျိုးများ သာမက၊ ယိုးဒယားပြည်တွင်းက တရုတ်များကိုပါ စုဆောင်းပါသည်။
နောက် အင်အားတသောင်း ရှိလာသောအခါ ဒီဝီဇံတပ်မ ၃ တပ် အသစ်ဖွဲ့ပြီး၊ ဤတပ်များသည် သံလွင်မြစ်ကူး၍ ဗမာပြည်အတွင်းပိုင်းသို့ ၀င်ရောက်သည့် အဓိကတပ်များ ဖြစ်လာသည်။ ပျောက်ကျားတပ်ခွဲကလေးများကိုလည်း သီးသန့် ဖွဲ့စည်းခဲ့ကြသေးသည်။ ထိုတပ်များကတော့ သံလွင်မြစ်အရှေ့ပိုင်း၌သာ ထားခဲ့သည်။
တရုတ်ဖြူတပ်အားလုံး၏ စစ်သေနာပတိအဖြစ် ဗိုလ်ချုပ်လီမီကို ထားပြီး၊ တပ်ဖွဲ့များကို တော့ “ယူနန်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူ့ကယ်တင်ရေးတပ်မတော်” ဟူသော အမည်နှင့် ဖွဲ့စည်းခဲ့သည်။
၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလတွင် မိုင်းဆတ်လေယာဉ်ကွင်းကို တရုတ်ဖြူများက ပြင်ဆင် ဖွင့်လှစ်လိုက်နိုင်သည့်အတွက် အရေးကြီးသည့် စစ်လက်နက်၊ လူ (အရာရှိများ)၊ ပစ္စည်းအကူ အညီများ ဖော်မိုဆာ (ထိုင်ဝမ်) မှ တိုက်ရိုက်လည်းကောင်း၊ ထိုင်းမှတဆင့်လည်းကောင်း၊ သယ်ယူပို့ဆောင်လာနိုင်ကြသည်။ ထိုင်ဝမ်သို့ ခေတ္တပြန်သွားသည့် ဗိုလ်ချုပ်လီမီလည်း နည်းပြဆရာများ အပါအ၀င် သင်တန်းဆင်း လူအင်အား ၇၀၀ နှင့်အတူ လေယာဉ်များနှင့် ထိုမိုင်းဆတ်သို့ ပြန်ရောက်လာသည်။ထို့နောက် တပ်အင်အားများ စနစ်တကျ တိုးချဲ့ပြီး သင်တန်းများ ဖွင့်လှစ်ခဲ့သည်။
ထိုသို့ အင်အား တိုးချဲ့ပြီးနောက် ၁၉၅၂ ခုနှစ် တနှစ်လုံး ဗမာပြည်အတွင်းပိုင်းသို့ ၀င်ရောက်ရေးကို လျင်မြန်စွာတိုးချဲ့ ပြုလုပ်လာကြသည်။ ဗမာပြည်တွင်းမှ ပုန်ကန်ထကြွနေ သည့် အစိတ်အပိုင်းများကိုလည်း သွေးဆောင်စည်းရုံးနိုင်ကြသည်။ ထိုသူများမှတဆင့် အတွင်းပိုင်းသို့ စိမ့်ဝင်လာရာ ကရင်သူပုန်များရှိရာ မော်ချီးမိုင်းဒေသ၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်စပ်ရှိ ကဒူးကြီးဒေသများအထိ ၀င်ရောက်အခြေချလာနိုင်ပါတော့သည်။ ဤသည်မှာ အချက်အချာ ကျလှသော မန္တလေးလမ်းမကြီးကို စစ်တောင်းအရှေ့ဘက် တောင် တန်းများပေါ်မှနေ၍ စတင်ခြိမ်းခြောက်ရန် ခြေကုတ်ယူနေခြင်း ဖြစ်ပါသည်။
ထို့နောက် တရုတ်ဖြူ ဒီဝီဇံတပ်တတပ်သည် သြဂုတ်လတွင် မော်ချီးမှ ဖာပွန်ကို ဖြတ်ကာ မော်လမြိုင်နှင့် ကျိုက္ခမီခရိုင်အတွင်း ၀င်ရောက်ကာ မွန်ဒေသ ပင်လယ်ကမ်းစပ်များ (ကရုပ္ပိ၊ ပင၊ ကော့ဒွပ်) အထိ ချီတက် တပ်စွဲခဲ့ကြပါသည်။ ဤသည်မှာ တောင်ဘက် စစ်ကြောင်း ဖြစ်သည်။ ရေကြောင်းဖြင့် အကူအညီများ တိုးချဲ့ ပေးပို့နိုင်ရန် ဖြစ်သည်။
အလယ်ပိုင်း စစ်ကြောင်းမှာ ‘၀’နယ် ပန်ယန်းတွင် အခြေပြုပြီး သံလွင်မြစ် အနောက် ဘက်ကမ်း ကူးကာ လားရှိုးအရှေ့တောင်ဘက်ရှိ မိုင်းရှူးဒေသတွင်းသို့ ကျူးကျော်ဝင်ရောက် တပ်စွဲလာသည်။ တောင်ကြီးမြို့၏ အရှေ့တောင်ဘက် မိုးနဲမြို့အနီးဒေသများကိုလည်း ၀င်ရောက်လာကြသည်။ ကျိုင်းတုံခရိုင်အတွင်းရှိ ‘မိုင်းပူအောင်လွင်ပြင်’ ကို ချီတက်တပ်စွဲ ကြသည်။ ကျိုင်းတုံ – တောင်ကြီးလမ်းမကြီးကို ကြီးကျယ်စွာ ခြိမ်းခြောက်လိုက်ခြင်း ပင် ဖြစ်သည်။
ဤသို့ ၁၉၅၂ ခုနှစ် တနှစ်လုံး ဗမာပြည် အတွင်းပိုင်းရောက်အောင် တိုးချဲ့ဝင်ရောက်ပြီး နောက် ၁၉၅၃ ခုနှစ်တွင်မူ ကျွန်တော်တို့၏ တပ်များကို နေရာအနှံ့အပြားမှ စတင်တိုက်ခိုက် ပါတော့သည်။ တဖက်မှာ ဤကဲ့သို့ စတင်တိုက်ခိုက်ပြီး တဖက်မှာလည်း သူတို့၏ အင်အားကို တနင်္သာရီပင်လယ်ဘက်က ဖော်မိုဆာ(ထိုင်ဝမ်) နှင့် တိုက်ရိုက် သင်္ဘောလမ်းဖွင့်ပြီး တိုးချဲ့ဖို့ ကြီးကျယ်သည့် စီမံကိန်းနှင့် ကြိုးစားခဲ့သေးသည်။
၁၉၅၃ ခုနှစ် ဆန်းလျင် ဆန်းချင်း ရှမ်းပြည်အလယ်ပိုင်းဒေသတွင် အချက်အချာ ဖြစ်သော မိုင်းရှူးနှင့် မုံးအော့ကို စတင်တိုက်ခိုက် သိမ်းပိုက်လိုက်ကြသည်။ ဒုတိယ လွိုင်ကော်မြို့ကို တိုက်သော်လည်း အကျအဆုံးများစွာနှင့် ဆုတ်ခွါသွားရသည်။ မိုင်းပန်မြို့ ကိုတော့ ဖေဖော်ဝါရီလတွင် သိမ်းပိုက်ရရှိသွားသည်။ တရုတ်ဖြူများ ၃ ရက်ကြာ သိမ်းထားခဲ့ ကြသည်။ တချိန်တည်း မှာလိုပင် ဗမာပြည်မြောက်ပိုင်းသို့ ၀င်ရောက်နေသည့် တရုတ်ဖြူတပ် များသည် တရုတ်မြန်မာ နယ်စပ်မြို့များဖြစ်သည့် မူဆယ်၊ ကြူကုတ်၊ မိုင်းယု စသည့်မြို့များကို တပြိုင်နက်တည်း ၀ိုင်းတိုက်ကြသည်။ မိုင် ၂၈၀ ကျော် ရှိသော တောင်ကြီး – ကျိုင်းတုံ လမ်းမကြီး ပေါ်တွင်လည်း တရုတ်ဖြူတပ်များ အတော်လှုပ်ရှားကာ၊ တပ်စခန်းများကို ၀င်ရောက် တိုက်ခိုက်ကြသည်။
ဤကဲ့သို့ တရုတ်ဖြူများ ဗမာပြည်တွင်း ကျူးကျော်ဝင်ရောက်လာမှုအပေါ် ဗမာပြည်သူ များက အုံကြွဆန့်ကျင်လာပါသည်။ ၁၉၅၂-၅၃ ခုနှစ် ပါလီမန်ဒီမိုကရေစီ ခေတ်ဖြစ်သဖြင့် သတင်း စာနယ်ဇင်း လွတ်လပ်ခွင့်များလည်း အသင့်အတင့် ရှိသေးသဖြင့် တိုးတက်သည့် အယူအဆ ရှိသည့် စာစောင်များ၊ လက်ဝဲစာစောင်များလည်း ထုတ်ဝေလျက်ရှိပါသည်။ ထို့ကြောင့် ပြည်သူများ နိုးကြားနေပြီး ထိုအန္တရာယ်ကို ဖြေရှင်းရန် အစိုးရအား တိုးတက် တောင်းဆိုနေကြပါသည်။
ထိုကြောင့် ဖဆပလ အစိုးရအနေနှင့် တရုတ်ဖြူကျူးကျော်မှုကို တိုက်ထုတ်ရန် စီစဉ်စိုင်းပြင်းရပါတော့သည်။ ၁၉၅၃ ခုနှစ်တွင် တပ်မတော်မှ နေရာအနှံ့အပြားကို အပြင်းအထန် ပြန်လည်တိုက်ခိုက် သိမ်းယူရပါသည်။ တရုတ်ဖြူတပ်များကို သံလွင်မြစ် အရှေ့ဘက်ကမ်းအထိ ပြန်လည်မောင်းထုတ်နိုင်ခဲ့ပါသည်။
တောင်ပိုင်း စစ်ဆင်ရေးတွင်လည်း သံတောင်-မော်ချီလမ်းကို ဗမာ့တပ်မတော်က ပြန်သိမ်းပိုက်လိုက်ပါသည်။ တောင်ငူနယ်ရှိ ကရင်သူပုန်များက တရုတ်ဖြူများကို လက်မခံ သဖြင့် အတော်သက်သာသွားခြင်း ဖြစ်ပါသည်။ တောင်ငူသာ ရန်သူ့လက်ကျသွားပါက ဗမာပြည် ထက်ပိုင်းကျိုးသလို ဖြစ်နိုင်ပေသည်။
နောက် တောင်ပိုင်းတွင် ဒုတိယအရေးကြီးသည့် စစ်ဆင်ရေးမှာ ကရုပ္ပိ၊ ပင၊ ပင်လယ်စပ်တွင် တပ်စွဲထားသော တရုတ်ဖြူတပ်များကို ပင်လယ်ကြောင်းမှရော ကုန်းကြောင်း မှပါ တိုက်ခိုက်မောင်းထုတ်ရခြင်း ဖြစ်ပါသည်။ ဤနေရာတွင် တရုတ်ဖြူများတပ်စွဲရသည့် အကြောင်း၏ နောက်ကွယ်တွင် အလွန်ကြီးမားသည့် စီမံကိန်းရှိနေကြောင်း နောက်ပိုင်းကျမှ သိလာရပါသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဗမာပြည်တွင်း တရုတ်ဖြူတပ်များအတွက် တပ်သစ်များတည်ဆောက်ဖို့၊ လက်နက်ပစ္စည်းတန်ပေါင်းများစွာ လိုအပ်ရုံမက တပ်မှူး တပ်သားအပါအ၀င် လူအင်အားလည်း အများအပြား လိုအပ်လျက်ရှိရာ ထိုလိုသမျှပစ္စည်းများ ကို သင်္ဘောဖြင့်ပို့ရန် ပင်လယ်ကမ်းစပ် လိုအပ်ပါသည်။
ထိုမွန်ပြည်နယ် ကမ်းစပ်ဒေသများသည် ရေ ၆ ပေ မှ ၉ ပေကျော်အထိ နက်သဖြင့် သင်္ဘောများ အလွယ်တကူ ကပ်နိုင်ပါသည်။ ထို့ကြောင့် ထိုဒေသမှ တရုတ်ဖြူများကို မောင်းထုတ်လိုက်နိုင်သဖြင့် တရုတ်ဖြူ၏တပ် နောက်ထပ်တိုးချဲ့ရေး အစီအစဉ်ကို အတော်ပင် အားနည်းသွားစေခဲ့ပါသည်။ ထိုဒေသကို ကျွန်တော်တို့ တပ်များ တိုက်နေစဉ်မှာပင် ဖော်မိုဆာ (ထိုင်ဝမ်) မှ ပထမ အသုတ် သင်္ဘောများသည် တပ်မှူးများ၊ လက်နက်ပစ္စည်းများ သယ်ဆောင်ကာ မြိတ်ကျွန်းစုသို့ ဆိုက်ရောက်လာကြောင်း၊ နောက်ပိုင်းသိရပါသည်။ တရုတ်ဖြူများအနေနှင့် ၎င်းတို့ တပ်စွဲထားသော ပင်လယ်ကမ်းစပ်များမှ ဆုတ်ခွါထက်ပြေးနေရ သည့်အတွက် ထိုသင်္ဘောစုနှင့် ၀ိုင်ယာလက် အဆက်အသွယ်ပြတ်ခါ ဆက်လက်ဝင်မလာနိုင် တော့ပဲ ဆုတ်ခွါသွားကြရပါတော့သည်။
၁၉၅၃ ခုနှစ် မတ်လတွင် တရုတ်ဖြူများ အခိုင်အမာစွဲထားသည့် မိုင်းတုံနှင့် မိုင်းဆတ် လွင်ပြင်ကို သိမ်းပိုက်ရန် ရည်ရွယ်ချက် အထူးစစ်ဆင်ရေးကြီးတရပ် ပြုလုပ်ရန် မြောက်ပိုင်းတွင် ပြင်ဆင်ပါသည်။ ထိုစစ်ဆင်ရေးမှာ “နဂါးနိုင်စစ်ဆင်ရေး” ပင်ဖြစ်သည်။
သို့သော် ထိုစစ်ဆင်ရေး၏ ပထမ အဆင့်မှာပင် မြန်မာတပ်များ လက်နက်ပစ္စည်းရော လူအင်အား အများအပြားပါ ကျဆုံး ဆုံးရှုံးရပြီး ပြန်ဆုတ်ခဲ့ရပါတော့သည်။ တရုတ်ဖြူတပ်များ က ကျွန်တော်တို့ တပ်များ သံလွင်မြစ်ကျော်သည်ကို စောင့်ကြည့်နေပြီး သံလွင်မြစ်အရှေ့ဘက် ကမ်း တလျှောက် ပေ ၅၀၀၀ ကျော်မြင့်သည့် တောင်ထွတ်များပေါ်က ယခင်ဂျပန်ဝင်စဉ်က ဆောက်လုပ်ထားသည့် ခံတပ်ငယ်များမှ ခံပြီး ကျွန်တော်တို့တပ်များ အကုန်နီးပါး မြစ်ကူးလာ ပြီးမှ သံလွင်မြစ်နှင့် ပိတ်ပြီး အကြီးအကျယ် တိုက်ခိုက်ရာ ကျွန်တော်တို့ တပ်များ လက်နက်ကြီး အမြောက်များ ထားခဲ့ရပြီး မြစ်ကူးပြန်ပြေးခဲ့ကြရပါသည်။
ဤမျှ အရေးပါသည့် စစ်ဆင်ရေးကြီး ကျွန်တော်တို့ဘက်မှ အရေးနိမ့်သွားရသည့် အတွက် တရုတ်ဖြူများ ပိုမို အားတက်ခါ ခေါင်းမာစွာ ဆက်လက်လှုပ်ရှား လာပါသည်။ ထိုအတွင်းမှာပင် ပြည်သူလူထုကလည်း လှုပ်ရှားအုံကြွလာပြီး တရုတ်ဖြူအန္တရာယ် တားဆီး ရေးအတွက် တောင်းဆိုလာမှုကြောင့် ဖဆပလ အစိုးရအနေနှင့် စစ်ရေးအရ အရေးယူမှုများအပြင် သံခင်းတမန်ခင်းအဖြစ် ၁၉၅၃ ခုနှစ် ဧပြီလတွင် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးသို့ ကိုယ်စားလှယ်လွှတ် တိုင်တန်းရပါတော့သည်။ သက်သေခံ အလုံအလောက် နှင့် တိုင်ကြားသည့်အတွက် နိုင်ငံအများ၏ ထောက်ခံမှုကို ရရှိခဲ့ပါသည်။
ထို့ကြောင့်ပင် ကျူးကျော်သူတပ်များ ထွက်ခွါပေးရမည်ဆိုသော ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ၀င် နိုင်ငံပေါင်း ၆၀ အနက် ၅၉ မဲထောက်ခံချက်ဖြင့် ဆုံးဖြတ်နိုင်ခဲ့ပါသည်။
ကြားနေမဲ ပေးခဲ့သော တဦးတည်းသော နိုင်ငံမှာ တရုတ်ဖြူများပင် ဖြစ်ပါသည်။ (ထိုစဉ်က ကုလသမဂ္ဂတွင် တရုတ်ပြည်၏ တရားဝင်ကိုယ်စားလှယ်မှာ တရုတ်ဖြူများပင် ဖြစ်နေပါသေးသည်)။ ထိုစဉ်က ကျူးကျော်သူဟု ဆိုရာတွင် တရုတ်ဖြူဟု နာမည်တပ်ခွင့်မရပါ။ “ကျူးကျော်သူနိုင်ငံခြားတပ်များ” ဟုသာ အမည်တပ်ရပါသည်။
ကျူးကျော်သူ တရုတ်ဖြူဟု ဆိုလိုက်လျင် တရုတ်ဖြူများကို ရှုတ်ချဖို့ ကုလသမဂ္ဂမှ ထုတ်ပစ်ဖို့များအထိ အရေးယူခိုင်းလာမှုများ ဖြစ်လာနိုင်သည်ကို ကာကွယ်ရန်အတွက်နှင့် တရုတ်ဖြူများ နောက်ကွယ်ရှိ ဆရာရင်း အမေရိကန်များအထိပါ လိုက်ရှုတ်ချလာနိုင်မှုများကို ကာကွယ်ရန်တို့အတွက်ပါ ဖြစ်ပါသည်။ ဗမာပြည်ဘက်အနေနှင့်လည်း ထွက်သွား ပြီးရော သဘောထား လိုက်လျောခဲ့ကြ ရပါသည်။
ထိုဆုံးဖြတ်ချက်ကျပြီးနောက် အကောင်အထည် ဖော်ရန်အတွက်၊ မြန်မာ၊ ထိုင်း၊ အမေရိကန်၊ တရုတ်ဖြူ လေးနိုင်ငံ စစ်ဖက်ကော်မရှင်တခုဖွဲ့ပြီး ဆောင်ရွက်ရန် စီစဉ်ကြရပါ သည်။ ထိုဆွေးနွေးပွဲများကို ၁၉၅၃ ခုနှစ် မေလ ၂၂ ရက်နေ့မှ စတင်၍ ပြုလုပ်သော်လည်း အချိန်ဆွဲရန်သာ ရည်ရွယ်ကြောင်း ထင်ရှားလာပါသည်။ နောက်ဆုံး တရုတ်ဖြူကိုယ်စားလှယ် များက ဆုတ်ခွါရေးကို လုံးဝ ငြင်းပယ်လိုက်ပါတော့သည်။
ပြည်သူလူထုက ကုလသမဂ္ဂ၏ ဆုတ်ခွါပေးရမည်ဟူသော ဆုံးဖြတ်ချက်ကြောင့် အုံကြွမှု အရှိန်ကျသွားပါသည်။ မိုးကလည်း ကျလာပါပြီ။ စစ်ရေးအရလည်း နဂါးနိုင် စစ်ဆင်ရေး အရေးရှုံးနိမ့်မှုကြောင့် ဘာမှ ဆက်မလုပ်နိုင် ဖြစ်နေပါသည်။ ဖဆပလ အစိုးရအနေ နှင့် ကလည်း သူ၏ ပင်ကိုယ်ဖောက်ပြန်ရေးအနေအထားကြောင့် ပြည်သူလူထု လုံးဝအုံကြွ လာအောင် မလုပ်ရဲပါ။ နဂါးနိုင်စစ်ဆင်ရေး ရှုံးနိမ့်မှုများကို ဖုံးဖိထားခြင်း၊ လေးနိုင်ငံကော်မရှင် အစည်းအဝေများကို တမင်သက်သက် အချိန်ဆွဲပြီးလုပ်နေခြင်း စသည့် အချက်များကို ပြည်သူလူထုကို အသိမပေးပဲ ဖုံးဖိထားပါသည်။
ထိုအချိန်မှာ ကျွန်တော်တို့ နိုင်ငံ မျက်နှာအငယ်ဆုံး အချိန်ဖြစ်ပါသည်။ တချို့နိုင်ငံကြီး များက (အထူးသဖြင့် နယ်ချဲ့နိုင်ငံများက) “ဘာကုလသမဂ္ဂတိုင်ရမှာလဲ ကိုယ်မခံချင်ရင် ကိုယ့်ဟာကို တိုက်ပေါ့” ဟု ငေါ့ကြပါသည်။ “တရုတ်ကိုမနိုင်ရင် ဘာလို့ လွတ်လပ်ရေးယူသေး လဲ ကျွန်းကလေးတကျွန်းပေါ် တက်နေကြပါလား” ဟုပင် ပြောင်လှောင်ပြောဆိုခြင်း ခံလာကြရ ပါသည်။ အလွန် နာကျည်းဘွယ်ရာ ဖြစ်ခဲ့သည်။
{ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ရေးတဲ့- ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ်- ဆိုင်းစုမှ သည် မန်ဟိုင်းဆီသို့ စာအုပ်၊ စာမျက်နှာ ၁၆၁-၁၆၅}
ကျနော့်အနေနှင့် စာရေးသူနှင့် ထုတ်ဝေသူတို့ကို အကြံပြု အလေးအနက်တိုက်တွန်း ချင်တာက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ တရုတ်ဖြူစစ်၊ ဘုရင့်နောင်စစ်ဆင်ရေး စတာတွေ ကို သပ်သပ် စာအုပ်ထုတ်ပေးရင် ကောင်းမလားလို့ပါ။



ကမ္ဘာကျော်တွေရဲ့ ကဗျာ
Tuesday, 16 December 2008 by ကိုအောင်(ပျူနိုင်ငံ)

ရေးသူ- ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှ အယ်ဒီတာတစ်ဦး
(Teen Magazine- ကဗျာကဏ္ဍမှ)

ဖူးငုံတွေက ကဗျာကို ချစ်တတ်ကြတာမို့ ဖတ်ခဲ့ဖူးတဲ့ထဲက ကမ္ဘာကျော်တွေ
ရဲ့ ကဗျာတချို့ကို မျှဝေပေးချင်ပါတယ်။ ဒီလအတွက် ဖော်ပြပေးလိုက်တဲ့
ကဗျာကတော့ တရုတ်နိုင်ငံခေါင်းဆောင်ကြီး မော်စီတုန်း အသက် ၄၂ နှစ်
အရွယ် ၁၉၃၅ ခုနှစ်က ရေးခဲ့တဲ့ လက်ရာကဗျာပါ။

လျူပန်တောင်

တိမ်ဟာ အမွေးအတောင်တွေရဲ့ အယောင်ဆောင်ခြုံလွှာတစ်ခု မဟုတ်
ကောင်းကင်မှာ ငန်းရိုင်းတွေ မမြင်ရ
ငါတို့ဟာ ဂရိတ်ဝေါလ်ကို မရောက်မချင်း သူရဲကောင်း မဟုတ်
ဖြတ်လျှောက်ခဲ့ပြီးတဲ့ခရီးက မိုင်နှစ်သောင်းကျော်စေဦးတော့။
လျူပန်တောင်ထိပ်က မြေကြီးပေါ်မှာ အလံနီတွေကို စိုက်ထူ
အနောက်လေ မြူးလိုက်ရင် ခပ်ကြမ်းကြမ်း တဖျပ်ဖျပ်လွင့်
လက်ထဲမှာ မှိန်း၊ စိတ်ထဲမှာ သတ္တိ၊
ငါတို့ဟာ နဂါးရိုင်းကို ဖမ်းချုပ်နိုင်တော့မှာ၊ ဒါပေမယ့် ဘယ်တော့တဲ့လဲ။ ။


maopoem.jpg

မော်စီတုန်း (၁၈၉၃ - ၁၉၇၆)

အဲဒီအချိန်က ချန်ကေရှိတ်ခေါင်းဆောင်တဲ့ အမျိုးသားရေးဝါဒီတွေက
ကွန်မြူနစ်တွေကို တိုင်းပြည်ထဲမှာ မနေနိုင်အောင် တိုက်ထုတ်ခဲ့ချိန်ပါ။
အဲဒီမှာ ကွန်မြူနစ်တွေဟာ သူတို့ရဲ့ဌာနချုပ်ကို ချန်ကေရှိတ်အဖွဲ့တွေ
မတိုက်ခိုက်နိုင်အောင် လက်လှမ်းမမီ နိုင်တဲ့နေရာကို ရွှေ့ပြောင်းအခြေ
ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရုတ်ပြည် အရှေ့တောင်ဒေသကနေ အနောက်
မြောက်ဒေသအထိ မိုင်ခြောက်ထောင်ကျော်ခရီးကို ချီတက်ပြီး ရွှေ့ပြောင်း
ခဲ့ကြရာမှာ ချန်ကေရှိတ်အဖွဲ့တွေကလည်း လိုက်တိုက်ခိုက်ပါသေးတယ်။
ခရီးစဉ်မှာ တောင်တန်းပေါင်း ၁၈ ခုနဲ့ မြစ်ပေါင်း ၂၄ ခုကို ဖြတ်သန်းခဲ့ကြ
ပြီး တစ်နှစ်နီးပါး ကြာမြင့်ခဲ့ကာ ခရီးစဉ်အတွင်း လူပေါင်း ငါးသိန်းလောက်
အသက်သေဆုံးခဲ့ရပါတယ်။ အောက်တိုဘာ ၁၉၃၅ မှာ အသက်မသေ
ကျန်ရစ်တဲ့တပ်သား ရှစ်ထောင်နဲ့အတူ ရှန်စီပြည်နယ်က ဌာနချုပ်အသစ်
ကို မော်စီတုန်းဦးဆောင်ပြီး အခြေချခဲ့နိုင်ပါတယ်။ အဲဒီနောက် မော်စီတုန်း
ရဲ့ ကွန်မြူနစ်ပါတီက ချန်ကေရှိတ်တို့ကိုပါ အနိုင်ရခဲ့ပါတယ်။ အခုဖော်ပြ
ထားတဲ့ကဗျာဟာ ဒီနာမည်ကျော် ခရီးရှည်ချီတက်ပွဲကာလ အတွင်းမှာ
မော်စီတုန်းကိုယ်တိုင် ရေးဖွဲ့ခဲ့တဲ့ ကဗျာပါ။ မော်စီတုန်းဟာ ၁၈၉၃ ခုနှစ်ဖွား
ဖြစ်ပြီး ၁၉၄၉ မှာ တည်ထောင်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ စစ်ရေးနဲ့
နိုင်ငံရေးခေါင်းဆောင်ပါ။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ အဆိုကို
လက်မခံခဲ့ သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို နိုင်ငံရေးနဲ့ အတွေး
အခေါ်ဆိုင်ရာ ကဗျာဆရာအဖြစ်လည်း လူသိများပါတယ်။ သူ ဟာ ဂန္ထ၀င်
တရုတ်ကဗျာဟန်နဲ့ ရေးဖွဲ့လေ့ရှိပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်
ခဲ့ပါတယ်။ ဒီကဗျာမူရင်းက တရုတ်ဘာသာဖြင့် ဖြစ်ပါတယ်။ အင်္ဂလိပ်
ဘာသာဖြင့် ပြန်ဆိုထားတဲ့ ကဗျာကနေ မြန်မာဘာသာသို့ ပြန်ဆိုပေး
လိုက်ရာမှာ သူ့လေနဲ့ သူ့ဟန်ကို ငုံမိအောင်၊ အနက် ထင်ဟပ်နိုင်အောင်
ကြိုးစားပေးထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀သမိုင်းအကျဉ်းချုပ်
ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀သမိုင်းအကျဉ်းချုပ်


၁၉၁၅ ဖေဖော်ဝါရီ ၁၃ - မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်း၊
နတ်မောက်မြို့နယ်တွင် မွေးဖွားခဲ့သည်။

၁၉၃၂ - မက်ထရစ်စာမေးပွဲကို မြန်မာနှင့် ပါဋ္ဋိ နှစ်ဘာသာ ဂုဏ်ထူးဖြင့်
အောင်မြင်ခဲ့သည်။

၁၉၃၅ မှ ၁၉၃၈ - ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အမှုဆောင်အဖြစ်
အရွေးခံခဲ့ရသည်။ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော အိုးဝေ မဂ္ဂဇင်း၏ အယ်ဒီတာ
ဖြစ်လာခဲ့သည်။

၁၉၃၈ အောက်တိုဘာ - တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ခဲ့ပြီး သခင်အောင်ဆန်း
ဖြစ်လာခဲ့သည်။

၁၉၃၈ မှ ၁၉၃၉ - ၁၃၀၀ပြည့် အရေးတော်ပုံကို ကူညီအားပေးခဲ့သည်။

၁၉၃၈ မှ ၁၉၄၀ သြဂုတ် - တို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးအဖြစ်
ဆောင်ရွက်ခဲ့သည်။

၁၉၃၉ - မော်လမြိုင်တွင် ကျင်းပခဲ့သော တို့ဗမာအစည်းအရုံး ညီလာခံတွင်
စစ်အတွင်း ဗြိတိသျှကို မကူညီရေး အဆိုကို တင်သွားခဲ့သည်။

၁၉၄၀ - ဗြိတိသျှ အစိုးရ၏ ဖမ်းဆီးအမိန့်ကြောင့် မြေအောက်လှုပ်ရှားမှုအတွက်
ပုန်းနေခဲ့သည်။

၁၉၄၀ သြဂုတ် ၈ - တရုတ်နိုင်ငံ အမွိုင်မြို့သို့ ထွက်ခွာခဲ့သည်။ ထို့နောက်
ဆက်လက်၍ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာခဲ့သည်။

၁၉၄၁ မတ်လ ၃ - မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခဲ့သည်။ ဂျပန်နိုင်ငံမှ
ငွေကြေးနှင့် လက်နက် အထောက်အပံ့များ ရခဲ့သည်။

၁၉၄၁ - ရဲဘော် သုံးကျိပ်နှင့် ဂျပန်ပြည်သို့ ထွက်ခွာခဲ့သည်။
ဟိုင်နန်ကျွန်းတွင်ရဲဘော်သုံးကျ
ိပ်ကို ခေါင်းဆောင်၍ စစ်ပညာသင်ယူခဲ့သည်။

၁၉၄၁ ဒီဇင်ဘာ ၂၆ - ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌
ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေကို
ဖွဲ့စည်းခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆန်း
ဖြစ်လာခဲ့သည်။

၁၉၄၂ မတ် - ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ခေါင်းဆောင်ကာ ဂျပန်နှင့်အတူ
မြန်မာနိုင်ငံကို ချီတက် တိုက်ခိုက်ခဲ့သည်။

၁၉၄၂ မတ် ၈ - ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။

၁၉၄၂ ဇူလိုင် - ဗမာ့လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေကို ဗမာ့ကာကွယ်ရေး
တပ်မတော် ဘီဒီအေ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

၁၉၄၂ စက်တင်ဘာ ၈ - ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။

၁၉၄၃ မတ် - ဘီဒီအေ၏ ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။

၁၉၄၃ သြဂုတ် ၁ - ဂျပန် အစိုးရက မြန်မာနိုင်ငံကို ရွှေရည်စိမ် လွတ်လပ်ရေး
ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက ကာကွယ်ရေး ၀န်ကြီး ဖြစ်လာခဲ့သည်။

၁၉၄၃ - ဘီဒီအေကို ဗမာ့အမျိုးသားတပ်မတော် ဘီအန်အေ အဖြစ် အမည်ပြောင်းခဲ့သည်။

၁၉၄၄ သြဂုတ် - ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့ချုပ်ကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။

၁၉၄၅ မတ် ၂၇ - ဗမာ့တပ်မတော်ကို ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။

၁၉၄၅ သြဂုတ် - ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့ကို ဖက်ဆစ်တိုက်ဖျက်ရေးနှင့်
ပြည်သူ့ လွတ်လပ်ရေးအဖွဲ့သို့ အမည်ပြောင်းခဲ့သည်။

၁၉၄၅ - ဘီအန်အေကို ပီဘီအက်ဖ် မျိုးချစ် ဗမာ့တပ်မတော်အဖြစ် အမည်ပြောင်းခဲ့သည်။

၁၉၄၆ ဇန်န၀ါရီ - ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး၏ ဥက္ကဌအဖြစ်
ရွေးချယ်ခံရသည်။

၁၉၄၆ စက်တင်ဘာ - အစိုးရ၀န်ကြီးများအဖွဲ့၏ ဒုဥက္ကဌ နှင့်
ပြည်ပဆက်ဆံရေးတာဝန်များ ယူခဲ့သည်။

၁၉၄၇ ဇန်န၀ါရီ ၂၇ - အောင်ဆန်းအက်တလီစာချုပ် ချုပ်ပြီး တစ်နှစ်အတွင်း
လွတ်လပ်ရေးပေးရန် ကတိရခဲ့သည်။

၁၉၄၇ ဖေဖော်ဝါရီ ၁၂ - ပင်လုံစာချုပ် ချုပ်ဆိုပြီး တိုင်းရင်းသားများ၏
စည်းလုံးမှုနှင့် လွတ်လပ်ရေးကို ပြည်နယ်ပြည်မ မခွဲခြားပဲ လိုအပ်ကြောင်း
သက်သေပြခဲ့သည်။

၁၉၄၇ ဇွန် ၁၆ - ပထမတိုင်းပြုလွှတ်တော်တွင် အချုပ်အခြာ အာဏာပိုင်သမ္မတ
မြန်မာနိုင်ငံတော်ကို ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့သည်။

၁၉၄၇ ဇူလိုင် ၁၃ - မြို့တော်ခန်းမတွင် နောက်ဆုံးမိန့်ခွင်းကို
ပြောကြားခဲ့ရာ လူထုကို စည်းကမ်းလိုက်နာရန် မှာကြားခဲ့သည်။

၁၉၄၇ ဇူလိုင် ၁၉ - ၀န်ကြီးများရုံးတွင် နံနက် ၁၀နာရီ ၃၇ မိနစ်၌
အစည်းအဝေးကျင်းပနေစဉ် ၀န်ကြီးချုပ်ဟောင်း ဦးစော၏ ဦးဆောင်လုပ်ကြံမှုဖြင့်
ကျဆုံးခဲ့သည်။

Sunday, October 25, 2009


ရွှေဥဒေါင်း၏ အနှစ် ၉၀ ကျော် ခေတ်စားနိုင်သောနည်း
Saturday, 24 October 2009 16:22 ဘိုဘိုလန်းစင်

(၁)

မှတ်မိပါသေးသည်။ လူထုတိုက်အပေါ်ထပ်တွင် ကာဖီသောက်နေကြခိုက် အဘွားက ဤသို့ဆိုလာပါ၏။

လူထုဒေါ်အမာ။ ။ မင်းက ဦးလေးသိန်းနဲ့တူတယ်။
ဘိုဘိုလန်းစင်။ ။ ဘယ်လိုတူတာတုန်း အဘွားရဲ့။
လူထုဒေါ်အမာ။ ။ အစားကောင်း ကြိုက်တာ၊ self-centred (အတ္တဆန်တာ) ဖြစ်တာ၊ ဘဝင်မြင့်တာပေါ့။

ကောင်းကြပါလေရော။ ထိုမှတ်ချက်မှာ မကြာခင် အနေနေအရာရာကို ပျံ့သွားလေရာ ရန်ကုန်တွင် စာပေသမားတွေကို ဒိုင်ခံဖြန့်ပေးသူမှာ ယခု ပူးသတ်ဆရာကြီးအဖြစ် ဝိုင်းမေတ္တာ အပို့ခံနေရရှာသော ဆရာကျော်ဝင်းတည်း။ ……. ဒေါ်ဒေါ်ကိုယ်တိုင်ပြောတာဗျ။ ဒီကောင်လေးဟာ ဆရာကြီး ရွှေဥဒေါင်း ဝင်စားတာတဲ့….။ စာပေဗိမာန် ဦးအေးမောင်နှင့် မဆုံဘူးလိုက်တော့လဲ ဟုတ်မဟုတ်မမေးလိုက်ရပါ။
(၂)

ဆရာကြီး ရွှေဥဒေါင်း
ဆရာကြီးကို အဘေး၏ ကျောင်းနေဘက်သူငယ်ချင်း၊ ဘိုးဘွားများနှင့် လုပ်ဖော်ကိုင်ဖက်စသည့် ပုဂ္ဂိုလ်ရေး ပတ်သက်မှုများထက် အကြိုက်ဆုံး စာဆိုတယောက်၊ အထူးအားဖြင့် မြန်မာပြည်တွင် လွတ်လပ်စွာတွေးခေါ် တတ်မှု၏တန်ဖိုးကို လွတ်လပ်ရေးရစ လက်ဝဲခေတ်စားသည့်ကာလကြီးတွင် ညွှန်ပြခဲ့သည့် စာရေးဆရာကြီး တယောက်အဖြစ် ပိုလို့အမှတ်ရနေမိပါသည်။

အမှန်စင်စစ် အတွေးအခေါ်လွတ်လပ်ရေးတရားများကို ပီမိုးနင်း၊ သခင်ဘသောင်း၊ ညိုမြ၊ မောင်ထင်စသည့် ခွသမား သရော်စာဆရာကြီးများက ၁၉၂၀-၃၀ တဝိုက်ကစတင် ရေးသားနှိုးဆော်နေပြီဖြစ်သည်။

ပဒေသရာဇ်ခေတ်ပျက်သည်မှာ အနှစ် ၃၀-၄၀ မရှိသေးချိန်မို့ ခေတ်ပညာတတ် လက်တဆုပ်စာကလွဲပြီး ပြည်သူအများစုမှာ ဟောင်းနွမ်းသည့် အစဉ်အလာ အယူအဆများအောက်မှ ရုန်းမထွက်နိုင်ကြသေးသည်ကို အားမရနိုင်သည့် ခေတ်ပြင်ဆရာများက ဦးဆောင်လှုံ့ဆော်ခဲ့ကြခြင်းပေတည်း။ တယူမသန်ဘဲ အယူမှန်မှ ကျွန်ဘဝကလွတ်ကျွတ်နိုင်ကြမည်မဟုတ်ပါလော။

ရွှေဥဒေါင်းကဤ ဆရာများထက် ထူးသည့်အချက်မှာ သူကိုယ်တိုင် လက်ဝဲဝါဒကို တိမ်းညွှတ်သော်လည်း လက်ဝဲသမားများ “ချော်” သည့်အချက်တို့ကို အဂတိမလိုက်ဘဲ ဟုတ်တိုင်းမှန်ရာရေးခဲ့ခြင်းပါပေ။

မြန်မာလူမျိုးတွင် အုပ်စုစိတ်က အင်မတန်ကြီးလှရာ လက်ဝဲခေါင်းဆောင်ကြီးများကို ဗျာဒိတ်ပေးလောက် မှတ်ကြသည့်ခေတ်တွင် ဤသို့ဝေဖန်ရဲသူမှာ နယ်ချဲ့လက်ကိုင်တုတ်ဘဝရောက်ဖို့ ကျိန်းသေပေါက် ဖြစ် တော့သည်။

သို့ကြောင့် အခုလို ဆရာကြီး ၁၂၀ ပြည့်ပြီဆိုသည့်အချိန်မျိုးမှာ မြန်မာပြည်နှင့် မြန်မာလူမျိုးတို့အကြား သူဖြစ် စေချင်သည့် မိမိကိုယ်ပိုင်ဆင်ခြင်တုံတရားအပေါ် အခြေပြုပီး ရှင်းရှင်းပြတ်ပြတ်ဝေဖန်သုံးသပ်သည့်ဓလေ့ မထွန်းကားသေးသည်မှာ အင်မတန် စိတ်မချမ်းသာစရာပါပေ။ ဒိဋ္ဌေဒိဋ္ဌမတ္တံ ပရိသတ်ထက် မောင်စံရှား ပရိသတ် ပိုသည်ကမဆန်းသော်ငြား တသက်တာမှတ်တမ်းတွင် အတွေးအခေါ်များအပိုင်းကို လူအများ အရေးထားမဖတ်သည်က ဆိုးလှ၏။

ဒါပေသည့် တခြားရှေးဆရာကြီးများနှင့်ယှဉ်ကြည့်ပါက ခုချိန်ထိအောင် မြန်မာပြည်နှင့် မြန်မာလူမျိုးများ အကြား ဆရာကြီး၏ သြဇာအရှိန်ကြီးတုန်းရှိသေးသည်ကို သူ့ဝတ္ထုအဟောင်းအနွမ်းများကို ရှာဖွေကာ တကျော့ပီးတကျော့ ပြန်ပြန်ထုတ်နေကြသည်ကို ထောက်က သိနိုင်ပါသည်။

ဘော်တယ်သမားလက်မရောက်က စာကြည့်တိုက်ထဲမှာသာ ပိုးထိုးပြီး တမြေ့မြေ့နှင့် စာအုပ်သက်ကြွေမည့် စာအုပ်မျိုးလဲမဟုတ်ကြပေ။ ဝါကျံ့ကျံ့သူရိယသတင်းစာမျက်နှာများမှသည် အင်တာနက်ပေါ်ထိ သူ့ပရိသတ် က မပြတ်ခဲ့။ အနည်းဆုံး မျိုးဆက် ၄-၅ဆက်အားပေးခံရသည့် မြန်မာစာရေးဆရာဟု ဇိနတ္တပကာသနီကျမ်း ပြု ကျီးသဲလေးထပ်ဆရာတော်အပြင် ဦးဖေသိန်း ခေါ် ရွှေဥဒေါင်းပဲ ရှိလိမ့်မည်။

စင်စစ် နိုင်ငံရေးဘိုးအေ ခေတ်သစ်မြန်မာစာပေကို စတင်ထူထောင်သူ အာဒိကမ္ပ ဆရာကြီးသခင်ကိုယ်တော် မှိုင်းပင်လျှင် သူ့နိုင်ငံရေးသိက္ခာကို လူတွေလေးစားတုန်းဆိုပေသည့် သူ့ ဋီကာလေးချိုးကြီးတွေကို တအုပ် တပုဒ် ပြီးအောင်ဖတ်ဖူးကာ စွဲနေအောင် ကြိုက်လှသည်ဆိုသည့် ပရိသတ်မျိုးမရှိတော့ပါပေ။

စစ်ပြီးစ ဒဂုန် တာရာတို့ ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့တယ် ဆိုသော ခေတ်ကစ၍ ဆရာမှိုင်း၏ ကဗျာရှည်ကြီး များ မှာ ခေတ်ပြောင်းစံနစ်ပြောင်းကို ကြုံတွေ့နေရသည့် လူငယ်များအကြား နိုင်ငံရေးအရ လိုအပ်လျှင် ကိုးကား ရန် အဆင့်သာရှိတော့သည်။ ထို့နည်းတူစွာ ဦးလတ်၊ လယ်တီပဏ္ဍိတဦးမောင်ကြီး တို့၏ ခမ်းနားသိုက်မြိုက် သည့် စကားပြေနှင့် ဗဟုသုတတွေကို ဟင်းလေးအိုးကြိုထားသည့် ဝတ္ထုကြီးများ ကိုထားဘိ ၊ ရွှေဥဒေါင်းနှင့် ခေတ်ပြိုင် အတွေးအရေး ခေတ်ရှေ့က အင်မတန်ပြေးသဖြင့် ခရစ်ယာန်ဟု သတ်မှတ်ခံရသည့် ဆရာကျော် ခေါ် ပီမိုးနင်း၏ ဝိတိုရိယခေတ် ဗြိတိသျှအချစ်ဝတ္ထုတွေကို တိုတိုပြတ်ပြတ် စကားပြင်နှင့် မှီးရေးသော နေရီရီ ၊ သဲမြညှာတို့ကိုပင် ခုခေတ်ပရိသတ်က မတောင်းဆိုလှတော့ပါ။ ဆရာကြီး နှင့် လိုင်းတူသည်ဟုဆိုရမည့် စုံထောက်နှင့် လျှို့ဝှက်သဲဖိုဆရာကြီး ဒဂုန်ရွှေမျှား၏ အရေးအသားမှာလဲ များ စွာခြောက်သွေ့လှပါ၏။ ဆရာ ကြီးထက်ငယ်သည့် ဇေယျ၊ ဒဂုန်ခင်ခင်လေးတို့ကိုပင် သူတို့၏ ဆွတ်ပျံ့ဖွယ် အောင် အချစ်ဇာတ်လမ်းများထက် ရာဇဝင် မြန်မာမှု သုတဆောင်းပါး၊ ခရီးသွားမှတ်တမ်းများနှင့်သာ ပိုတွဲ အမှတ်ရကြပါလိမ့်မည်။

စင်စစ် ဇော်ဂျီ၊ မင်းသုဝဏ်တို့၏ ခေတ်စမ်းမတိုင်မီ စာရေးဆရာများအနက် ယနေ့ထိ လူဖတ်များသည့် စာပေ တန်းဝင် စာရေးဆရာဟူ၍ ရွှေဥဒေါင်း အပြင် မှော်ပီဆရာသိန်းကြီး၊ အမျိုးသားပညာဝန် ဦးဖိုးကျား၊ မဟာဆွေ၊ သခင်ဘသောင်းတို့ လောက်သာ ရှိပါတော့မည်။ (ပီမိုးနင်း၏ အပျိုလမ်းညွှန်၊ ဆိုက်ကော်လော်ဂျီ စသည့် ဘုရားပွဲဈေး စာအုပ်များကို ထည့်မယူပါ)
(၃)


၁၉၅၂ ခုနှစ် က တရုတ်နိုင်ငံ ပီကင်း ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးကွန်ဖရင့် သို့ သခင်ကိုယ်တော်မှိုင်း၊ လူထုဦးလှတို့နှင့်အတူ ဆရာကြီး ရွှေဥဒေါင်း တက်ရောက်ခဲ့စဉ်
ရွှေဥဒေါင်းကို စွဲကြသည့်တကြောင်းမှာ ဝါကျရှည်ရှည်ခန့်ခန့်ကြီးများအကြား အရပ်သုံး မန္တလေးစကားလေး များကို ညှပ်ကာညှပ်ကာ ထည့်တတ်ခြင်းကြောင့်ပင်။ ပဲမှုန့်စစ်စစ်ကောင်းကောင်းနှင့် ပျစ်ပျစ်နှစ်နှစ်ရှိလှသည့် မုန့်တီဟင်းတွင် အကြော်အလှော်၊ဒညင်းသီး၊ပဲသီးတောင့်စသည့် အဆာစုံညှပ်စားသည့်ပမာရှိလှသည်။ သူ့စတိုင် လန်ဘားကျောက်တံတား ဝါကျရှည်ကြီးများ သပ်သပ်ဆိုလျှင် စတုမဓူကို ထမင်းလွတ်စားရသလို အီဆိမ့်သွားလိမ့်မည်။ တသက်တာမှတ်တမ်းတွင် ဆိုသကဲ့သို့ ဝါကျဆက် သမ္ဗန္ဓများကို အထူးအားထုတ် ရွေးချယ်ခြင်း၊ စကားပြေ၏ အတက်အကျနှင့် စာပိုဒ်ဆက်အစပ်သဘောကို ဝါကျ လက်သမားကောင်း တယောက်အဖြစ် ကျင်လည်ပိုင်နိုင်ခြင်းများက ရွှေဥဒေါင်းကို ခေတ်ပြိုင် ၂၀ ရာစု ဦး မြန်မာစာရေးဆရာများ ထံမှ ကွဲထွက်နေစေသည်။

၁၉ရာစု အင်္ဂလိပ်ပညာရှိ မက်ကောလေး၏ စာရေးနည်းကို စုတုပြု လာသည့် ရွှေဥဒေါင်းအတွက် အခြား သော ခေတ်ပြိုင်စာရေးဆရာများကဲ့သို့ စကားလုံးများကို ဝေဝေလှိုင်းလှိုင်းနှင့် ဖွဲ့ကာနွဲ့ကာ လှည့်ကာပတ်ကာ တီတီတာတာ ရေးဖို့ထက် ဖတ်သူစိတ်ထဲ ချောခနဲ ရောက်သွားဖို့၊ လိုရင်းဆိုက်ဖို့က ပဓာနကျလေသည်။ အကွက်ကျကျရေးနည်းကို ဂရုပြုသည့်အချက်တွင် ကောလိပ်ကျောင်းထွက် ခေတ်စမ်းအုပ်စုနှင့် အပုံကြီး ဉာဏ်ချင်းထပ်လှသည်။

ထို့ပြင် မောင်စံရှား၊ သူတော်စိန်၊ ဒဂုံတင့်စသည့် အမှီးဝတ္ထုများတွင် မြို့တော်ရန်ကုန်၏ ကိုလိုနီခေတ်ကို နောက်ခံထား ဖွဲ့ခြင်းသည်လည်း ရွှေဥဒေါင်း၏ အမှတ်သင်္ကေတတခုပင်။ ကုလားနှင့် လူမျိုးခြားပေါင်းစုံ ကြီးစိုးသော ရန်ကုန်မြို့ကြီးနှင့် မြို့သူမြို့သားများ အနောက်တိုင်းဆန်ပုံ၊ အပျော်စုံကျူး ဟန်ကြီးကြပုံတို့မှာ အလွန်အကျွံအမျိုးသားရေးဝါဒမှိုင်းအောက်တွင် ပိတ်ဆို့ခေတ်နောက်ကျနေသည့် လူနေမှုစံနစ်အောက်မှ စာဖတ်သူများအတွက် ထွက်ပေါက်တခုဖြစ်လေသည်။ အထူးသဖြင့် ကိုယ်နှင့်မနီးစပ်သည့် တိုင်းတပါးက ချမ်းသာသုခများထက် ကိုယ့်ရပ်ဌာနီတွင် အရင် နှစ်တရာတွင်းက ဘယ်သို့ကောင်းစားခဲ့သည်ဆိုသော ဇာတ်ကြောင်းများမှာ များစွာ စိတ်ကူးအိပ်မက်လို့ကောင်းပါသည်။ ပစ္စက္ခတွင် မွဲတေဟောင်းနွမ်းနေသည့် တိုက်အိုများအပေါ်တွင် စိတ်ကူးဆေးသုတ်ပြီး တမ်းတမှန်းဆရန်လည်း လွယ်ကူသည်။ ထို့ပြင် ရွှေဥဒေါင်း၏ မှီငြမ်းပုံမှာ ဂါဝန်ကိုချွတ် ထဘီစွပ်ပြီး ဘောလ်ကို ပျော်ပွဲကြီးခင်းကျင်းသည်ဆိုသော သာမည်ညောင်ည ခိုးချ ဘာသာပြန်မျိုး၊ ယခုခေတ်ပေါ် အပျော်ဖတ်ရှဲဒိုးဝတ္ထုမျိုးမဟုတ်ဘဲ မြန်မာ့လေ မြန်မာ့ဟန် အပြည့်ပါပေ၏။

ထို့ပြင် ရွှေဥဒေါင်း၏ စုံထောက်၊ စွန့်စားခန်းနှင့် ဆန်းထွေထူးပုံဝတ္ထုများမှာ စာဖတ်စလူငယ်များအတွက် အဖော်ကောင်း ဖြစ်သကဲ့သို့ ဘာသာရေးနှင့် အတွေးအခေါ်၊ နိုင်ငံရေး၊ စာပေရေးရာတို့လို အလေးအနက် ပရိသတ်အတွက်လည်း ရွှေဥဒေါင်းက တွေ့ဆုံရန် အသင့်ရှိနေသည်။
(၄)

ဆရာကြီးကို အထူးနှစ်ခြိုက်မိသည့် တချက်မှာ အထက်ကဆိုခဲ့သလို ဝါဒမှိုင်းကို စောစောခွဲနိုင်ခြင်းပင်။ ခေတ်အဆက်ဆက် နိုင်ငံရေးလမ်းကြောင်းရွေးမှန်လှသည်ဟု ထင်ရှားသော ဆရာကြီးမှိုင်းသည်ပင် တရုတ် ပြည်မှာ မဟော်သဓာတို့နေခဲ့သည့်ပြည်ဟု ဂုဏ်တင်စာဖွဲ့သည်အထိ အထင်ကြီးလွန်ခဲ့ဖူးသည်။

၁၉၅၀၊ ၆၀ ပြည့်လွန်နှစ်များကား မြန်မာပြည် ပညာတတ်လောကတွင် အရှေ့လေက အနောက်လေ မလှန် နိုင်အောင် တိုက်သောအချိန်တည်း။ အနှီလို ကာလကြီးတွင် ဆိုဗီယက်နှင့်တရုတ်စသည့်နိုင်ငံကြီးများက ဖိတ်၍ ၆၀ ကျော်မှ နိုင်ငံရပ်ခြားရောက်ခဲ့ဖူးသော်လည်း ထိုတိုင်းပြည်များ ကောင်းကြောင်း ဟိမဝန္တာချီးမွမ်း ခန်းချည်း ဖွင့်ခဲ့သူမဟုတ်ပါပေ။ လက်ဝဲနိုင်ငံများ ကောင်းသည်ဆိုးသည်ဟူသမျှ မထောက်မညှာ တိတိပပ ဖွင့်ထုတ်ရေးလိုသည်ဟု ရေးခဲ့သည့် ရွှေဥဒေါင်းကို လူထုဒေါ်အမာက ဦးလေးသိန်း ပညာတတ်ဉာဉ် ရှိသည် ဟု အောက်မေ့ခဲ့၏။

နောက်မှ စစ်အေးပြီးချိန်၊ အရှေ့အုပ်စုပြိုကွဲချိန်တွင် လက်ဝဲအစစ်နှင့် အတုတိုင်းပြည်များတွင် ဒီမိုကရေစီ ဆိုသည့်အသံ မြည်ဟည်းနေပါပြီဟု ဒေါ်အမာက ဝန်ခံခဲ့ဖူးသည်။

ထို့ပြင် မြန်မာပြည်ကဲ့သို့ ဘုန်းကြီးတန်ခိုးထွားသည့်တိုင်းပြည်တွင် ဦးနုက ကွန်မြူနစ်ဆန့်ကျင်ရေးလက်နက် အဖြစ် ဘာသာရေးကို အလွန်အကျွံရှေ့တန်းတင်လာခြင်းကို ကျိုးကြောင်းဆင်ခြင်နည်းကျကျ ထောက်ပြ ဝေဖန်ခဲ့သူမှာ ဝဏ္ဏကျော်ထင်ရွှေဥဒေါင်းဖြစ်ပါသည်။

ကျွန်ုပ်၏အဘေးနှင့်အတူ မဟာစည်ဆရာတော်ကို ဆိပ်ခွံမှ ပင့်လာခဲ့သည့် ရွှေဥဒေါင်းသည် သူ၏ ဘာသာ ရေးစာပေနှံ့စပ်မှုကို အသုံးချပြီး သာသနာရေးဌာနတွင် လူပေါ်လူဇော်လုပ်ဖို့ စိတ်မကူးခဲ့ပါလေ။

ဒေါက်တာဆိုနီ၊ ဦးကျော်လှကဲ့သို့ မန္တလေးပညာရှိအချင်းချင်း နှီးနှောဖလှယ်ရရုံနှင့် ရှုမဝတွင် ဆောင်းပါးတွေ ပျော်ပျော်ကြီးရေးရရုံနှင့် ရောင့်ရဲနိုင်ခဲ့သည်။ဂျင်းတဲလ်မန်းခေါ် အင်္ဂလိပ်လူကြီးလူကောင်းစိတ်ဓာတ်သည် ငါးပါးသီလသမားထက်သာသည်ဟု ဆဋ္ဌသင်္ဂါယနာ ခေတ်ကြီးတွင် ပြောရဲခဲ့သူ၊ သူ့စိတ်တွင် ဘဝင်မကျက အာဇာနည်ဟု တတိုင်းပြည်လုံးက ဗိမာန်ဆောက် အလေးပြုရသည့် ဗိုလ်ချုပ်အောင်ဆန်းတို့ကိုပင် လူများ သတ်သဖြင့် ရုတ်တရက်သေရသူကို အာဇာနည်ဟု မသတ်မှတ်နိုင်ဟူသော မှတ်ချက်မျိုးပေးရဲသည့် အာဂ ရွှေဥဒေါင်းပါပေ။

စားတော်ဝန်မြေး၊ စာတော်ဖတ်ရွာစားသားဟု နန်းတွင်းမင်းမှုထမ်းမျိုးမှ တိုက်ရိုက်ဆင်းသက်သော်လဲ ဆရာကြီးသည် လူအချင်းချင်း အောက်ကျို့ရခြင်း၊ အရိုအသေကြိုက်ခြင်းဟူသည့် ပဒေသရာဇ်ထုံးစံများကို တမင်တကာပင် လျစ်လျူရှုတတ်သူဖြစ်ပါ၏။ သူအတုယူခဲ့မည့် ရတနာပုံခေတ်ဓလေ့မှာ ယောအတွင်းဝန်၊ ကင်းဝန်မင်းကြီးတို့ စတင်ပျိုးထောင်ခဲ့သည့် အနောက်မှ အတွေးသစ် အရေးသစ်တို့ကို မြန်မာ့ဓလေ့တွင် စိမ့်ဝင်ဆန်းသစ်စေခြင်း၊ မှန်ရာကို မကြောက်မရွံ့ ရေးရဲဆိုရဲခြင်းတို့သာ ဖြစ်လိမ့်မည်။ သို့အတွက် ရွှေဥဒေါင်းကို ပါတော်မူပြီးနောက် အထက်မြန်မာပြည်မှ ပေါ်ခဲ့သမျှပညာရှိများတွင် သြဇာအကြီးဆုံးဟု ဆိုသင့်လှလေပြီ။

ဆရာကြီးတွင် ညံ့ချက်တကွက်အဖြစ် ပြောစရာကျန်ခဲ့သည်မှာ သူ့ကိုဖမ်းပြီးတိုက်ပိတ်ခဲ့သည့် ဦးနု၊ ဗိုလ်ခင်မောင်ကလေးတို့၏ ဖဆပလအစိုးရကို အလွန်အခဲမကျေသဖြင့် ဥပဒေဖောက်ဖျက်အာဏာရယူ ခဲ့သည့် ဗိုလ်ချုပ်နေဝင်း၏ လုပ်သားသတင်းစာတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းတည်း။

နက်ဆာ၊ တီတိုးတို့ကဲ့သို့ ဆိုရှယ်လစ်စနစ်ကို အောင်အောင်မြင်မြင် ထူထောင်နိုင်ရန် ဘုန်းပညာ သမာဓိ သိက္ခာနှင့် မပြည့်သည့် မင်းခွေးချေးလို အာဏာရှင်နှင့် ရာဇသင်္ကြန်လို ပညာမာနခဲတို့၏ လက်တွဲမှု ကြာရှည်မခိုင်မြဲခဲ့ခြင်းမှာ မောင်စူးစမ်း၊ သိန်းဖေမြင့်၊ ဦးဘညိမ်၊ မောင်ချစ်လှိုင်စသည့် လက်ဝဲပညာတတ်များ ဘေးလွင့်ရသည်နှင့် တယ်မခြားလှဘဲ ဆရာကြီး၏ ပညာဂုဏ်ကြောင့်ကြီးလွန်းလှသည့်အတွက်သာ ပရိသတ်၏ လေးစားမှု မယုတ်လျော့ဘဲ ရှိခဲ့သည်။
(၅)

ထိုသို့ အတွေးအခေါ်လွတ်လပ်မှုအလေ့ကို လက်ဝဲဝါဒနှင့်ယှဉ်ပီး လက်ခံခဲ့ရုံသာမက အနောက်တိုင်းစာပေ ကိုအားပြုပြီး မြန်မာစာပေကို တခေတ်ပြောင်းစေခဲ့သူ၊ ယနေ့တိုင် စာဖတ်ပရိသတ်က မမေ့နိုင်သေးသည့် ရွှေဥဒေါင်းဟူသည့် စာရေးဆရာ ‘မာနကြီး’ ၏ ၁၂၀ ပြည့်အမှတ်တရကာလတွင် သူ့စာပေအမွေအနှစ်တို့ကို ဆက်လက်ရှာဖွေပုံနှိပ်ခြင်း (ဥပမာ- သူရိယနှင့်လူထုခေါင်းကြီးများ၊ ရတနာပူရကဲ့သို့ သူရိယသတင်းစာထဲက ဝတ္ထုများ)၊ ဆွေးနွေးနှီးနှောပြီး အကဲဖြတ်စာများ ရေးသားထုတ်ဝေခြင်းစသည့် ပညာဖြင့် ဂုဏ်ပြုခြင်းမျိုး ပြုသင့်ကြရုံမက သူ၏ ရဲရင့်လွတ်လပ်သည့် အတွေးယဉ်ကျေးမှုကိုပါ မြှင့်တင်အားပေးသင့်လှပါကြောင်း။။


စာရေးသူ ဘိုဘိုလန်းစင် မှာ လန်ဒန်တက္ကသိုလ်တွင် စစ်ပြီးစမြန်မာစာပေသမိုင်းနှင့် စပ်လျဉ်း၍ သမိုင်းမဟာဝိဇ္ဇာ ဘွဲ့ယူကျမ်းတင်သွင်းထားသူဖြစ်သည်။

Thursday, October 22, 2009


မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စိုးရိမ်ရ
မြန်မာစစ်အစိုးရက ရှေ့နှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြောဆိုနေပေမဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်စရာအဆင့်မှာ ရှိနေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ ဒီလိုပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ကလည်း နိုင်ငံရေး အခြေအနေတွေ တိုးတက်စေဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သွားဖို့ တိုက်တွန်းခဲ့တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တာမို့ ဒါတွေဟာ နိုင်ငံရေး အခြေအနေတွေအပေါ် သက်ရောက်မှုတွေပါ ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ၆၄ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ တတိယကော်မတီကို အစီရင်ခံစာ တင်သွားရာမှာ သူက ပြောခဲ့တာပါ။ ဒီအတွက်ကြောင့်လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ရှေ့လထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေကြောင်းလည်း မနေ့တုန်းကပဲ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းရင်းနဲ့ အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojae Quintana) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“လူ့အခွင့်အရေး အခြေအနေတွေအပေါ် ယေဘုယျ ဆန်းစစ်ချက်အရ စိုးရိမ်စရာအဆင့်မှာ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ကျနော် ပြောခဲ့တာပါ။ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ ပုံစံမျိုး ရှိနေသလို ဒီလို ကျူးလွန်မှုတွေကိုလည်း လွတ်ငြိမ်းခွင့် ပြုထားတာက ဒီချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားခွင့် ပေးထားသလိုလည်း ဖြစ်နေပါတယ်။ ဒီလို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်သိမှု၊ တာဝန်ယူမှုတွေ အမြန်ဆုံး အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ အစိုးရကိုလည်း ကျနော် တောင်းဆိုခဲ့တာပါ။”

အထူးသဖြင့် အနေနဲ့ မြန်မာစစ်အစိုးရက လာမယ့်နှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပပြီး ဒီမိုကရေစီရေး ဖော်ဆောင်နေပါတယ်လို့ ပြောဆိုနေချိန်မှာပဲ အခုလို လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိဘဲ ဖြစ်နေရတာကို လူ့အခွင့်အရေး ကိုယ်စားလှယ်က အလေးထား ပြောသွားခဲ့တာပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံကို အစီရင်ခံစာ ဖတ်ကြားတင်သွင်းတဲ့ နေရာမှာလည်း ဒါကိုပဲ ဦးဦးဖျားဖျား ပြောခဲ့တဲ့အကြောင်း သူက အစီရင်ခံစာ တင်သွင်းအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒီရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာပြီး တရားမျှတမှု ရှိရမယ်လို့ အစိုးရကို ကျနော်ပြောခဲ့ပါတယ်။ နိုင်ငံတွင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ လှုပ်ရှားခွင့်တွေကို အာမခံနိုင်ဖို့၊ ဒီရွေးကောက်ပွဲ မတိုင်မီမှာလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ လိုတာကို ပြောခဲ့တာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ သောင်မတင် ရေမကျ ဖြစ်နေရတဲ့ ကိစ္စတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် အထွေထွေညီလာခံမှာ ဗုဒ္ဓဟူးနေ့တုန်းကပဲ တိုက်တွန်းမှုတွေ လုပ်ခဲ့တာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်တဲ့ နေရာမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု၊ အပြန်အလှန် နားလည်မှုတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေကို အခြေခံမှသာ ဖြစ်နိုင်မယ့်အကြောင်း ပြောခဲ့တာပါ။

နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ တိုင်းပြည်ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိဖို့နဲ့ အစိုးရနဲ့ အတိုက်အခံ အင်အားစု၊ တိုင်းရင်းသားတွေကြား စစ်မှန်တဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်ဖို့၊ ဒီအချက် ၃ ချက်ကို မြန်မာစစ်အစိုးရဘက်က မဆောင်ရွက်မချင်းတော့ အစိုးရရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်အပေါ် သံသယရှိနေကြဦးမှာ ဖြစ်တဲ့အကြောင်းကိုလည်း ပြောခဲ့တာပါ။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားကလည်း အခြေခံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုတဲ့အကြောင်း အလားတူ တိုက်တွန်းခဲ့တာပါ။

“အရေးအကြီးဆုံးဖြစ်တဲ့ လူ့အခွင့်အရေး အခြေခံ ၄ ခုအဖြစ် ကျနော် သတ်မှတ်ထားတာကတော့ ပထမအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးရမယ်၊ ဒုတိယ အချက်ကတော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ နိုင်ငံရဲ့ ဥပဒေရေးရာမှာ ပြန်လည်သုံးသပ်မှုနဲ့ ပြုပြင်မှုတွေ လုပ်ရမယ်၊ တတိယကတော့ သီးခြားလွတ်လပ်ပြီး ဘက်လိုက်မှု ကင်းစေဖို့ အာမခံချက် ပေးနိုင်မယ့် တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်၊ စတုတ္ထအနေနဲ့ကတော့ ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ အရပ်သားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးသွားနိုင်အောင်၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာအောင် စစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်ပါတယ်။”

လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူစဉ်ကစလို့ မြန်မာနိုင်ငံကို ၂ ကြိမ် သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားဟာ လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်စဉ်မှာတော့ မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့ သူ့အနေနဲ့ သတ်မှတ်ထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။ ဒီခရီးစဉ်အတွင်း လူ့အခွင့်အရေးနဲ့ လူမှုရေး ပြဿနာတွေ ကြုံနေရတဲ့ နယ်စွန်နယ်ဖျား တိုင်းရင်းသား ဒေသတွေကို သွားရောက်ပြီး အခြေအနေတွေကို အကဲခတ် စုံစမ်းဖို့ ရည်ရွယ်ထားကြောင်းလည်း သူက ပြောခဲ့ပါတယ်။

Wednesday, October 21, 2009

မခင်ဥမ္မာ နှင့်တွေဆုံမြေးမြန်းခန်း (VOA 21) 9:30
အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် မြန်မာနိုင်ငံက လူထုအဖွဲအစည်း ကိုယ်စားလှယ် အဖြစ် မြန်မာအရေး လှုပ်ရှားသူမခင်ဥမ္မာကို ရွေးချယ်ထားပါတယ်။ မြန်မာစစ်အစိုးရက သူတို့စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ လူတချို့ကို လူထုအဖွဲ့အစည်း ကိုယ်စားလှယ်တွေအဖွဲ့လို့ စေလွှတ်ခဲ့ပေမဲ့လို့ စီးစပ်ရေး အဖွဲက ဆွေးနွေးစဉ်းစားပြီးတော့ ဒေါ်ခင်ဥမ္မာကို အခုလိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ နော်ရှိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

နော်ရှိုး။ ။ လာမဲ့အောက်တိုဘာလ ၂၃ ရက်နေ့မှစတင် ကျင်းပမဲ့ အာဆီယံထိပ်သီး အစည်းအဝေးပွဲမှာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမဲ့ အာဆီယံနိုင်ငံအသီးသီးက လူထုကိုယ်စားပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေထဲ့မှာ မြန်မာနိုင်ငံက တစ်ဦးအဖြစ် ပြည်ပအခြေစိုက် မြန်မာ့အရေးဆောင်ရွတ်နေသူ ဒေါ်ခင်ဥမ္မာကို ရွေးချယ်လိုက် တာပါ ဒေါ်ခင်ဥမ္မဟာ ၈၈လေးလုံး အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပြီးတဲ့နောက် ပြည်ပကို ထွက်ခွာလာခဲ့သူဖြစ်ပါတယ်။ တစ်ခါထိုင်းအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ အပါအဝင် မြန်မာအဖွဲ့အစည်းတော်တော်များများမှာလည်း ပါဝင်လှုပ်ရှားနေသူ တစ်ဥိးဖြစ်ပါတယ်။ အခုလိုရွေးခံရတာနဲ့ ပတ်သက်ပြီးမေးကြည့်တော့ သူကခု လိုပြောပါတယ်။
ဒေါ်ခင်ဥမ္မာ။ ။ နိုင်ငံတစ်ခုရဲ့ လူထုအခြေပြုဖွဲ့တွေကို ကိုယ်စားပြုတဲ့လူကို ရွေးတယ်ဆိုလို့ ရှိရင် ရွေးတဲ့နေရာမှာ လိုက်နာရမဲ့ စံချိန်စံညွန်တွေပေါ့နော် လိုက်နာဖို့ အချက် အလက်တွေရှိတယ်။ အဲဒီအချက်အလက်တွေထဲ့မှက ဘာပါလည်းဆိုလို့ရှိရင် ဖေဖော်ဝါရီး ၂၀၀၉ မှာ ကျင်းပသွားတဲ့ လူထုအစည်းအဝေးပွဲကြီးမှာ ဆိုလို့ရှိရင် ဆုံးဖြတ် ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြီးသွားလို့ရှိရင် တစ်နေ့ကမှ ကျင်းပလို့ပြီးသွားတဲ့ အာဆီယံ လူထုအစည်းပွဲရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာရမှာ ရှိတယ်ဆိုတဲ့ ဆုံးဖြတ် ချက်တွေရယ်။ ရှိတယ်ရှင် အဲဒီထဲ့မှာ ဘာတွေပါလည်းဆိုလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ပေါ့လေ အထူးသဖြင့် နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍမှာ မြန်မာ နိုင်ငံရဲ့ လောလောဆယ်အခြေအနေကို သေခြားတင်ပြထားတဲ့ဟာ အားလုံးဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေလွတ်မြောက်ရေး ၂၀၀၈ ဖွဲ့စည်းပုံကို နအဖကနေပြီးတော့မှ သူတစ်ဦးထဲ့ အတည်ပြုထားတဲ့ ၂၀၀၈ အဖွဲ့စည်းပုံကို ပြည်လည်လည်သုံးသပ်ပြင်ဆင်ရေး အဲလိုမလုပ်လို့လို့ရှိရင် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့လည်းလက်မခံဘူး။ ရလာမဲ့ရလာဒ်ကိုလည်း အသိမှတ်မပြုဘူး။ ကလေးစစ်သားသုံးတဲ့ကိစ္စတွေ စစ်တပ်ကနေပြီးတော့မှ တိုင်းရင်းသူ အမျိုးသမီးတွေကို မုဒိမ်း ကျင့်တဲ့ကိစ္စတွေ ဒါတွေကိုရပ်ဖို့ကိစ္စတွေ ပေါ့နော် အဲဒါတွေလည်းပါတယ်ပေါ့။ ဆိုတော့ ခုဏကကိုယ်စားလှယ်သွားမဲ့သူက ဒါတွေကိုသက်ဝင်ယုံကြည်တဲ့သူ ဖြစ်ရမယ်။ ထောက်ခံတဲ့သူ ပြောတဲ့သူ ကိုယ်စားပြုတဲ့သူ ဖြစ်ရမယ်။ အဲဒီလိုရွေးတဲ့လူဆိုရင် နအဖဘက်ကနေပြီးတော့မှာ လွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့က ဒီလိုမျိုး အကြောင်းအရာတွေကို ပြည်သူအတွက်မှာ ကိုယ်စားပြုပြီးတော့မှာ ပြောဖို့အတွက်မှာ သူတို့မှာ သူတို့ဘက်မှာ အခြေအနေမှမပေးတာ အဲဒီတော့အခြေခံမူပေါ်မှာဘဲ ရွေးတဲ့သဘောပါ။ ကျမတို့နယ်စပ်အခြေစိုက် လူထုအဖွဲအစည်းတွေက လာပြီးတော့မှ လာကြတဲ့လူတွေနဲ့တော့ သူတိုကိုလည်းကျမတို့ကတော့ ပွင့်ပွင့်လင်းလင်း ပြောပြ တာပါ။ ဘယ်သူဘဲဖြစ်ဖြစ် သူတို့ဘက်က ကိုယ်စားပြုသွားချင်တဲ့သူရှိရင်လည်း ကိုယ့်ပြည်သူရဲ့ တကယ်ဖြစ်နေတဲ့ဘဝအမှန် လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေ အနေအမှန်တွေကို ကိုယ်းစားပြုပြီးတကယ်တင်ပြနိုင်တယ်ဆိုရင် ကျမတို့ဘက်ကနေ ရွေးချယ်ဖို့အဆင်အသင့်ဘဲဆိုပြီးတော့ ကျမတို့ဘက်က လမ်းဖွင့်ပေးပါတယ်။ သို့သော်လည်းဘဲ တကယ်တမ်းအဲဒီလိုမျိုးပြောဖို့ အနေအထား မရှိတဲ့အခါကြတော့ အခုနယ်စပ်အခြစိုက်ထဲ့ကနောဘဲ ခုကျမအနေနဲဘဲ ဒီဟာကို ဒီအခြေအနေတွေကို တင်ပြနိုင်ဖို့အတွက် ဆိုပြီးတော့မှ ရွေးချယ်ခံရတယ်ဆိုတဲ့ သဘောပါဘဲ။
နော်ရှိုး။ ။ ဆိုတော့အမ အာဆီယံလူထုအခြေအပြုအဖွဲ့မှာ မြန်မာပြည်ကိုယ်စားလှယ်အဖွဲ့မှာ ရွေးချယ်ခံရတာဆိုတော့ အမဘယ်အဖွဲ့အစည်းကိုကိုယ်စားပြု ပြီးတက်ရောက်ဖို့ရှိပါသလဲ။
မခင်ဥမ္မ။ ။ အခုကျမတို့ပြောမယ်ဆိုလို့ ရှိရင်တော့ နယ်စပ်မှာရှိနေကြတဲ့အခါမှာ အခုအစည်းအဝေးကို ကျမတို့လာတက်တာဆိုလို့ရှိရင် ကျမတိုခေါ်တာတော့ ဖိုက်ဖို့အင် အာဆီယံ ဘားမားပေါ့ အာဆီယံနဲ့ မြန်မာနိုင်ငံရေးရာ အထူးလုပ်ငန်းဖွဲ့ဆိုပြီတော့မှ နယ်စပ်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းတွေ ပူပေါင်ပြီးတော့မှ လုပ်ဆောင်နေကြတာရှိတယ်။ အဲဒါက အမျို့သမီးရေး၊ လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ ကလေးစစ်သားကိစ၊္စ ကျန်းမာရေး၊ ပညာရေး၊ ဒီမိုကရေစီးရေး တိုင်းရင်း သားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာ ဒါမျိုးတွေလုပ်နေတဲ့ အဖွဲ့တွေအားလုံးဟာ စုပြီးတော့မှာ ပူးပေါင်းလုပ်ဆောင်နေတဲ့အဖွဲ့ဆိုတော့ အဲဒီအထူးလုပ်ငန်း အဖွဲ့ ရဲ့ အဖွဲ့ဝင်တစ်ရောက်အနေနဲ့ ကျမတက်ထားပေါ့။
ဒါကတော့ ဒေါ်ခင်ဥမ္မာ ပြောပြသွားတာဖြစ်ပါတယ်ရှင်။ အာဆီယံဟာလူထု အခြေအပြုအဖွဲ့အစည်းဖြစ်ရမယ်ဆိုတဲ့ အာဆီယံပဋ္ဌိဥာဏ် စာတမ်းပါမှုအရ နိုင်ငံ ခေါင်းဆောင်တွေဟာ လူထုကိုကိုယ်စားပြုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ကိစ္စဆိုတာဖြစ်လာတာပါ။ မြန်မာနိုင်ငံအပါအဝင် တချို့နိုင်ငံတွေမှာ NGO သို့မဟုတ် စစ်ဘက် ဆက်စံရေးအဖွဲ့အစည်းလို့ခေါ်တဲ့ လူထုအခြေအပြုအဖွဲ့အစည်း စစ်မှန်တွေထက် စစ်အစိုးရအလိုတကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ဖို့တင်ပြမူတွေများ နေတဲ့အတွက် ဒီမူကိုအကောင်းအထည်းဖော်ဖို့ အခတ်ကြုံနေတာဖြစ်ပါတယ်။ ဒီနှစ်မှာဆိုရင် မြန်မာစစ်အစိုးရဘက်က လူထုကိုယ်စားပြု အဖွဲ့အစည်းကိုယ်စားလှယ်တွေ အဖြစ် အငြိမ်းစားရဲမှူးကြီး ဦးစိန်အေးအပါအဝင် ကြံခိုင်ရေးဖွံ့ဖြိုရေးအဖွဲ့အဝင်တွေ အမျိုးသမီးရေးရာအဖွဲ့အဝင်တွေကို စေလွှတ်ခဲ့ပေမဲ့ စီစပ်ရေးအဖွဲ့တွေက သူတို့ လက်မခံဘဲ ဒေါ်ခင်ဥမ္မာကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ရွေးချယ်ခံရတဲ့ ဒေါ်ခင်ဥမ္မာဟာ အရင်နှစ်ကလည်း အလားတူရွေးချယ်ခံခဲ့ဘူးပေမဲ့ မြန်မာစစ်အစိုးရနဲ့ ကမ္ဘောဒီယား စစ်အစိုးရတို့ရဲ့ ကန့်ကွပ်ပယ်ချခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

Tuesday, October 20, 2009

အာဆီယံ လူထုအခြေပြု ညီလာခံ ထုတ်ပြန်ချက်မူကြမ်း ပြည်တွင်း NGO ကန့်ကွက့်
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ လူထုအခြေပြု ညီလာခံ အပိတ်နေ့မှာ ညီလာခံကိုယ်စားပြု ထုတ်ပြန်မယ့် ကြေညာချက်အပေါ် ပြည်တွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ကန့်ကွက်မှုတွေ ရှိနေပါတယ်။ မနေ့က အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ နိုင်ငံကိုယ်စားပြုတယောက် ရွေးချယ်ရာမှာ ပြည်တွင်း ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပေမဲ့ ဒီနေ့တော့ နောက်ဆုတ်သွားပြီ ဖြစ်ပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကြေညာချက်ပါ စာသားတချို့နဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံအချို့ အပါအ၀င် ပြည်ပရောက် မြန်မာကိုယ်စားလှယ်တွေနဲ့ ပြည်တွင်း ကိုယ်စားလှယ်တွေအကြား အငြင်းပွားနေကြပါတယ်။ ပြည်တွင်း ကိုယ်စားလှယ်တွေက လူ့အခွင့်အရေး ဆိုးရွားမှု အခြေအနေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ထောက်ခံတဲ့ကိစ္စနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ လူထုထောက်ခံမှု မရှိတဲ့အကြောင်း စသဖြင့် အကြောင်းအရာ အများစုကို ကြေညာချက်ထဲ မထည့်ဖို့ ကန့်ကွက်ကြတာ ဖြစ်ပါတယ်။
ညီလာခံ ကိုယ်စားလှယ်ဖြစ်တဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြည်တွင်း ကိုယ်စားလှယ်အဖွဲ့ရဲ့ အခြေအနေကို ခုလိုရှင်းပြပါတယ်။
“ဒီ အာဆီယံ People forum ကို ကိုယ်စားပြုတဲ့ Statement ထဲမှာ သုံးထားတဲ့ဟာတွေကို အဓိကတော့ ဗမာ့အရေး၊ ဗမာအကြောင်းပေါ့၊ ဥပမာ ဗမာပြည်က လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေတယ်၊ ဗမာပြည်တွင်းက ဟာက Internal ပေါ့၊ ပြည်တွင်းရေးကိစ္စ မဟုတ်ပါဘူး၊ ဒေသတွင်းဆိုင်ရာ ကိစ္စ ဖြစ်ပါတယ်ဆိုတာ သူတို့က မဟုတ်ပါဘူး ဆိုတာမျိုးပေါ့၊ အဲဒါမျိုးကို ငြင်းနေရတာ။ သူတို့က ဒီစာတန်းကို ဖြုတ်ပေးပါ။ ကျနော်တို့ကလည်း မဖြုတ်နိုင်ပါဘူး၊ ဒါကို ကျနော်တို့ ဗမာ့အရေးကို သိပြီးတော့ ထောက်ခံသူတွေကလည်း ဒါကို မဖြုတ်သင့်ပါဘူးပေါ့ဗျာ။ သူတို့က ဟိုဘက်က အစိုးရက စနစ်တကျ လွှတ်လိုက်တဲ့ အဖွဲ့လိုမျိုး လာတာကိုး။”
ပြည်ပအခြေစိုက် မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ တင်ပြတာကို အဖွဲ့ဝင်နိုင်ငံ အချို့က ထောက်ခံတယ်လို့ သူက ဆက်ပြောပါတယ်။
“ဒီဥစ္စာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖိုရမ်ဆိုတော့ လက်ရှိ ဗမာပြည် အခြေအနေကိုလည်း နားလည်ကြတဲ့ လူတွေများတော့ ကျနော်တို့ ရေးထားတဲ့ ဟာတွေကို လက်ခံကြတာပေါ့။ ဥပမာအားဖြင့် ၂၀၀၈ ခု ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင် စဉ်းစားသင့်တယ် ဆိုတဲ့ဟာမျိုး ရေးထားတာ၊ ဒါကို သူတို့က ဖျက်ပေးပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက တကယ်အတည်ပြုပြီးပြီ၊ ရွေးကောက်ပွဲလည်း လုပ်တော့မှာပဲ၊ ဆိုတော့ ကျနော်တို့က ဒီအခြေခံဥပဒေဟာ သူတို့သဘောနဲ့ သူတို့ အတည်ပြုထားတယ်ဆိုတာ ငြင်းကြခုံကြပေါ့။”
အာဆီယံ လူထုအခြေပြု ညီလာခံက နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းထားတဲ့ ဒေါ်ရွှေရွှေစိန်လတ်ကိုလည်း ပြည်တွင်း ကိုယ်စားလှယ်တွေက ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ အကယ်၍ ကိုယ်စားလှယ်အဖြစ် နိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဆုံတဲ့အခါမှာရော၊ မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ အခါမှာရော မြန်မာနိုင်ငံ အခြေအနေကို အမှန်အတိုင်း တင်ပြဖို့ ပြည်ပကိုယ်စားလှယ်တွေက တောင်းဆိုမှုကြောင့် အခုလို နောက်ဆုတ်သွားတာလို့ သိရပါတယ်။
တချိန်တည်းမှာပဲ ထိုင်း NGO တွေက ဦးထူးချစ်ကို မြန်မာနိုင်ငံကိုယ်စား အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဒီလိုတင်သွင်းရတာဟာ မခင်ဥမ္မာကို အဆိုပြုရင် ပြီးခဲ့တဲ့နှစ်ကလို ကန့်ကွက်မှု ခံရမယ်လို့ အကြောင်းပြချက် ရှိပေမဲ့ မြန်မာ့အရေး လှုပ်ရှားတဲ့ ကိုယ်စားလှယ်တွေကတော့ မခင်ဥမ္မာကိုပဲ ဆက်လက် အမည်စာရင်း တင်သွင်းထားပါတယ်။ အစီအစဉ်အတိုင်းဆိုရင် ဒီညနေမှာ ကိုယ်စားလှယ်အမည်ကို အတည်ပြုရမှာ ဖြစ်ပေမဲ့ အာဆီယံ လူထုအခြေပြု ညီလာခံက ဘယ်သူ့ကို ရွေးချယ်မယ်ဆိုတာ အတည်မပြုရသေးပါဘူး။

Monday, October 19, 2009


ဒီရှေ့မှာ အရင်ပေါ်စေချင်တဲ့စာထည့်
ဒီမှာ ခေါက်ထားချင်တဲ့စာထည့်

Saturday, October 17, 2009

ပါတီးတည်ထောင်ခြင်း ၂၁ နှစ်မြောက်မွေးနေ့

ဒီရှေ့မှာ အရင်ပေါ်စေချင်တဲ့စာထည့်
ဒီမှာ ခေ
ါက်ထားချင်တဲ့စာထည့်

Saturday, October 10, 2009

စကားပြောသော သွေး

ခိုင်မာကျော်ဇော

အောက်တိုဘာ ၉၊ ၂၀၀၉
#fullpost {display:none;}

ဒီလဟာ ကျမရဲ့ မွေးလမို့လားတော့မသိ ဒီလထဲမှာ မောင်နှမတွေကို ကျမ သတိရနေမိတယ်။ ထူးထူးခြားခြား သတိရမိတာကတော့ အမကိုပါ။ အခုလည်း အမကို သတိတရ ရှိတာနဲ့ ဒီစာလေးကို ကျမ ရေးဖြစ်ပါတယ်။
အမနဲ့ကျမအကြောင်းကို စာလုံးတွေနဲ့ရေးချမယ်ဆိုတော့ ကျမ ဘယ်က ဘယ်လို စရမှန်းမသိ ဖြစ်နေပါတယ်။ ပုံပြင်တွေ၊ ဇာတ်ကြောင်းတွေပြောသလိုမျိုး ငယ်ငယ်တုန်းကလေလို့ ဇာတ်လမ်းစဖို့ကလည်း ခက်ခက်ပါပဲ။ အမနဲ့ကျမက တအူတုံထဲ ဆင်းခဲ့ကြတာမှန်ပေမယ့် အတူတူနေထိုင် ကြီးပြင်းခဲ့ကြတာ မဟုတ်လေတော့ အမနဲ့ ကျမရဲ့ ဇာတ်လမ်းကို ဘယ်ကဘယ်လို စရမှန်းမသိ ဖြစ်နေရတာပါ။

ကျမမှတ်မိတာက စပြောရရင် ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို တောရွာလေးတရွာကနေ ကျောင်းလာတက်တဲ့ တောသူ ကောင်မလေးတယောက်ကို မြို့က အိမ်ရှင်သူဌေးသမီးက အပေါ်စီးကနေ ဆရာလုပ်ဆက်ဆံခဲ့တာတွေက စပြီး ပြောရမလိုပါပဲ။

တကယ်လည်း အမကို ကျမ မလိမ်မိုးမလိမ္မာနဲ့ အဲဒီလို ပြုမူဆက်ဆံ ပြောဆိုခဲ့ပါတယ်။ မလိမ်မိုး မလိမ္မာလို့ပြောလို့ ကိုယ့်ကိုယ်ကို ကာကွယ်တယ်လို့တော့ ကျမအပေါ် ကောက်ချက်ချ မစောလိုက်ပါနဲ့။ အဲဒီအချိန်က အမကို ကျမရဲ့ အမပါလို့ ဘယ်သူမှ ကျမကို ပြောပြခဲ့တာ မဟုတ်ပါဘူး။

မိဘတွေဆုံးပါးသွားလို့ တကောင်ကြွက်ဖြစ်နေတဲ့ ကောင်မလေးတယောက်ကို အဖိုးအဖွားတွေက သနားလို့ မွေးစားထားသလိုလို။ အဖိုးအဖွားတွေနဲ့ ကျေးဇူးမကင်းတဲ့သူတွေရဲ့ ကလေးတဦး လိုလို။ ကျမနဲ့ သွေးအများကြီးဝေးတဲ့ ဝမ်းကွဲမောင်နှမလိုလိုနဲ့။ ဘယ်သူကမှ အမနဲ့ ကျမကို ညီိအမရင်းတွေပါလို့ တိတိကျကျ ပြောပြခဲ့တာမဟုတ်ပါဘူး။

မြို့ပြတွေမှာ နေခဲ့ရပြီး အားနည်းချက်တခုကြောင့် အဖိုးအဖွား၊ မိဘများရဲ့ အလိုလိုက်ခံဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကျမဟာ အမကိုသာမက မိဘဖိုးဖွားများနဲ့ ဦးလေး၊ အဒေါ်များ၊ မောင်နှများနဲ့ သူငယ်ချင်းများကို နေရာတကာမှာ ဆရာလုပ်တတ်ပြီး မဟုတ်မခံစွာစွာတာတာ လုပ်တတ်တဲ့အကျင့်ကြောင့် ရိုးရိုးအအ တောကတက်လာတဲ့အမကို အပေါ်စီးကနေ ဆက်ဆံခဲ့မိတာပါ။

ဒီအကြောင်းတွေပြောရရင် ကျမ ဝမ်းလည်းနည်းပါတယ်။ ပြီးတော့ ကျမငယ်ဘဝ အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ အကျင့်ဆိုးအတွက်လည်း နောင်တများစွာ ရမိပါတယ်။

အမနဲ့ ကျမ စပြီးဆုံခဲ့တာက ကျမ အဖိုးအဖွားတွေရဲ့ အိမ်မှာပါ။ အမက ကျမ အဖိုးအဖွားအိမ်မှာနေပြီး ကျောင်းလာတက်တာပါ။ အမက ကျမရဲ့ မောင်နှမအရင်းအခြာတွေထဲမှာ အကြီးဆုံး သမီးပါ။ ကျမ အပါး(အဖေ)တော်လှန်ရေးသမားကြီးရဲ့ အချစ်ဆုံးသမီးလည်း ဖြစ်ပါတယ်။ အကြီးဆုံးသမီး၊ အချစ်ဆုံးသမီးဆိုတော့ အမက သူ့မိသားစုတွေထဲမှာတော့ ဗိုလ်ပါပဲ။

ကျမနဲ့တွေ့တော့ အမဟာ ကျမ ဗိုလ်ကျသမျှခံ ကျမပြောခိုင်းသမျှ လုပ်ပေးရတဲ့ ကျမ ခိုင်းဖတ် ဖြစ်နေပါတယ်။

ကျမကို မွေးစားခဲ့တဲ့ ကျမအဖေက စစ်မှုထမ်းတဦိးပါ။ အဖေ တာဝန်ကျတဲ့ မြို့ကနေ တောမှာရှိတဲ့ ကျမတို့ အဖိုးအဖွားတွေရှိရာကို ကျမတို့ နှစ်စဉ်နှစ်တိုင်း အလည်လာလေ့ရှိပါတယ်။ အဖေအမေတွေ မလာရင်တောင်မှ အဖိုးရဲ့ အသည်းစွဲဖြစ်တဲ့ ကျမကို တနှစ်တခေါက် ပြန်ပို့ပေးဖို့ အဖိုးက ကျမအမကို စာရေးမှာတတ်ပါတယ်။

နွေကျောင်းပိတ်ရက်တခုမှာ ကျမတို့ရွာကို အလည်ပြန်တော့ အမနဲ့ကျမ စပြီးဆုံရပါတယ်။

ကျောင်းကြီးပိတ်ပေမယ့် အမက မိဘတွေရှိတဲ့ တောလှန်ရေးနယ်မြေကို ပြန်လမ်းမသာသူ မို့ ပြန်ခွင့်မရဘဲ ကျမနဲ့ ဆုံခဲ့ရတာပါ။ အမဟာ ကျမထက် (၈) နှစ်ကျော်ကြီးပါတယ်။ ဒါပေမယ့် အမနဲ့ကျမ ပညာအရည်အချင်းအရတွက်ရင် (၁)တန်း ပဲကွာပါတယ်။ အဲဒီအချိန်က ကျမက (၃)တန်း၊ အမက(၄)တန်းပါ။

ကျမထက် အသက်များကြီးကွာပြီး အတန်းသိပ်မကွာတဲ့ အမကို ကျမက အထင်သေးပါတယ်။ ပြီးတော့ အမရဲ့ဝတ်စားဆင်ယင်မှု၊ အပြောအဆို အနေအထိုင် ထုံထုံအအ ဖြစ်မှုတွေကို ကျမ အထင်သေးပါတယ်။ ကျမ အမကို ပိုပြီး အထင်သေးတာကတော့ ကျမကျောင်းက သင်တဲ့စာတွေ ရွတ်ပြဆိုပြရင် အမက မျက်လုံးကြီးတွေ ကလယ်ကလယ်နဲ့ ကျမကို ကြောင်ပြီး ကြည့်နေတာကိုပါပဲ။ သင်္ချာဆိုရင်လည်း အမက ကျမထက်ညံ့ပါတယ်။

အဲဒီအချိန်က အမကို ကျမ နှိမ်ချ ပြောတတ်တဲ့ စကားတွေကို ကျမ အမှတ်ရနေပါသေးတယ်။

“ ဒီအရွယ်ကြီးနဲ့ အတန်းက(၄)တန်းပဲရှိသေးတယ်”

“(၄) တန်းလည်း ပြောသေးတယ်။ (၃) တန်းစာမေးတော့လည်း တလုံးမှမရဘူး”

“သင်္ချာကလည်း ညံ့လိုက်တာ ခြာတူးကို လန်နေတာပဲ”။

နောင်နှစ်ပေါင်းများစွာကြာမှ ကျမအဖိုးအဖွားတွေပြောပြလို့ အမကြောင်းကို ကျမသိရပါတယ်။

“နင့်အမက တောထဲမှာပဲ (၁) တန်း အထိပဲ ကျောင်းနေရတာ”

“သူတို့ကျောင်းတွေကလည်း တနှစ်တကျောင်း ပြောင်းနေရတာ စာကောင်းကောင်း သင်ရတာမဟုတ်ဘူး”

“သူ့အဖေက သူ့သမီးကို စာတတ်စေချင်လွန်းလို့ အဖွားတို့ဆီပို့လိုက်တာ”

“သူ့အရွယ်ကလည်းကြီး အသက်ကလည်းကြီးတော့ အရွယ်နဲ့အတန်းမလိုက်မှာစိုးလို့ တွဲဖက်ကျောင်းက ဆရာလေးနဲ့တိုင်ပင်ပြီး သူ့ခင်မျာ (၄) တန်းစာ သင်နေရတာ။ ညည်းတို့ကျောင်းက စာတွေ သူဘယ်ရပါ့မလဲ”တဲ့။

ကျမ တော်တော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

နွေကျောင်းပိတ်ရက် (၃)လလုံးမှာ အမဟာ ကျမ အနိုင်ကျင့်သမျှ၊ ကျမ ဗိုလ်ကျသမျှကို ခံခဲ့ပါတယ်။ ကျမ ပြောသမျှ၊ လုပ်သမျှကို အမခေါင်းငုံ့ခံခဲ့တာကလည်း ကျမဟာ သူ့ရဲ့ညီမလေးတယောက်ဖြစ်နေတယ်ဆိုတာကို အမက သိထားလို့လည်း ဖြစ်ပါတယ်။

အမနဲ့ ကျမဟာ အထက်အောက် ညီမတွေ မဟုတ်ပါဘူး။ အမနဲ့ ကျမကြားမှာ အကိုတယောက် ရှိပါသေးတယ်။ သူတို့ကတော့ အမိုး အပါး (အဖေ အမေ) တွေပြောပြလို့ ကျမအကြောင်းကို ကောင်းကောင်းသိနေပုံရပါတယ်။ သူတို့မှာ ညီမတယောက်ရှိတယ်။ အဲဒီညီမက မြို့မှာကျောင်းသွားနေတယ်ပေါ့။ မြို့မှာကျောင်းနေတဲ့ ညီမက သူ့အမကို ဘယ်လို ဗိုလ်ကျတယ်ဆိုတာကိုတော့ အဲ့ဒီအမက သူတို့ကို ပြန်ပြောပြ မပြတော့ ကျမ အတိအကျမသိပါဘူး။

အမအပေါ် ကျမ အနိုင်ကျင့် ဗိုလ်ကျတာတွေကိုတော့ ကျမ အဖွားက တစက်မှ သဘောမကျပါဘူး။ သူ့မြေးကို ကျမက နှိပ်စက်တယ်ဆိုပြီး အဖိုးနဲ့အဖွား စကားတွေများကြပါတယ်။ ကျမတို့အကြောင်းကိုလည်း အဖွားက ဖွင့်ပြောမယ် တကဲကဲလုပ်တော့ ကျမအဖိုးက သူ့ငှက်ကြီိးတောင်ဓားကို ထဆွဲပါတော့တယ်။ ကျမဟာ မွေးစားသမီးတယောက်ဖြစ်တယ်ဆိုတာကို ကျမ အဖိုးအပါအဝင် ကျမမိဘတွေက ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး။ ဒီအမေ၊ ဒီဖေ၊ ဒီအဖိုးအဖွားဆိုတဲ့အသိနဲ့ ပျော်ရွင်ကြေနပ်နေတဲ့ ကလေးတဦးရဲ့ ပျော်ရွင်မှုကို ဘယ်အကြောင်းတရားနဲ့မှ ပျောက်ပျက် မသွားစေချင်ကြပါဘူး။ နောက်ဆုံးတော့ အဖွားကပဲ သူ့ဒေါသ သူသတ်ပြီး အလျော့ပေးခဲ့ရတယ်လို့ ကျမ ပြန်ပြီးသိခဲ့ရပါတယ်။

ကျမတို့အဖိုးအဖွားခြံမှာ နွေကျောင်းပိတ်ရက်ဆိုရင် မြေးမြစ်တွေ စုံကြပါတယ်။ အားလုံးထဲမှာ မြို့ကလာတဲ့ ကျမကတော့ ဗိုလ်ပါပဲ။ ကျမတို့အဖိုးအဖွားခြံက အတော့်ကိုကျယ်ပါတယ်။ စားပင်သီးပင်တွေလည်း တော်တော်စုံပါတယ်။ အုန်း၊ ငှက်ပျော၊ သရက်၊ မာလာကာတွေကို ကျမတို့တွေ မုန်းအောင်ကိုစားရပါတယ်။ ကျမတို့ကလေးတွေ တက်ထိုင်ပြီိး စိတ်ကြိုက်ခူးစားလို့ရတဲ့ အူနီသီး မာလကာပင်ကြီးတွေလည်းရှိပါတယ်။ ကျမ တွန်းချလို့ အမ မာလာကာပင်ကြီးပေါ်က ပြုတ်ကျပြီး ဒူးကွဲဖူးပါတယ်။

စာသင်တမ်းကစားတဲ့အခါ ကျမက ဆရာမ၊ အမက တပည့်။ စာလို့မရလို့ ဝါးခြမ်းပြားနဲ့ တဖြန်းဖြန်းရိုက်သူက ကျမ၊ အရိုက်ခံရသူက အမပါ။ ဈေးရောင်းတမ်းကစားရင် ကျမက ချိန်ခွင်တလုံးနဲ့ အချိန်ပြည့်ဈေးရောင်းနေသူဖြစ်ပြီး အမက အသီးအရွက်တွေ ရှာပေးရသူပါ။ စိန်ပြေးတမ်းကစားဖို့ ကျားဗိုလ်ဆွဲလို ဘယ်သူပဲနိုင်နိုင် ကျမက ပြေးသူ အမြဲဖြစ်ပြီး အချိန်ပြည့်လိုက်ရသူက အမပဲဖြစ်ပါတယ်။ ပြေးလွှားကစားကြတဲ့အခါမှာ ကျမဖိနပ်ကို ကိုင်ပေးရသူက အမပါ။ အမအပေါ်မှာ စိတ်နဲ့မတွေ့ရင် မတွေ့သလို ခေါင်းခေါက်တာတို့၊ ဆွဲစိတ်တာတို့ ကျမလုပ်တတ်သလို အမအကျီ င်္၊ စကတ်တွေကို ဘရိတ်ဓားနဲ့လှီးတာကိုလည်း ကျမ လုပ်တတ်ပါသေးတယ်။

အမကတော့ ကျမ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ခေါင်းငုံခံရှာပါတယ်။ အသားနာလို့ မခံနိုင်တဲ့အခါမျိုးမှာ အမ ကြိတ်ပြီးငိုပါတယ်။ နွေကျောင်းပိတ်ရက် (၃)လမှာ ကျမ ဒဏ်ကို အမတော်တော် ခံလိုက်ရပါတယ်။

နောက်တော့ အမနဲ့ကျမ အကြာကြီး ကွဲသွားခဲ့ပါတယ်။ အမနဲ့ ကျမ တော်တော်နဲ့ ပြန်မဆုံခဲ့ဘူး။ တနှစ်တခေါက် နွေကျောင်းပိတ်လို့ အဖိုးအဖွားတွေဆီကို ပြန်တဲ့အချိန်မှာ အမကို ကျမ သတိရတတ်ပါတယ်။ အမအကြောင်းကျမ မေးရင် “သူ့မိဘတွေဆီ ပြန်သွားပြီ”လို့ပဲ အဖိုးအဖွားတွေက ကျမကို အဖြေပေးတတ်ပါတယ်။ ကျမ (၉) တန်းနှစ်ရောက်တော့ အမနဲ့ကျမ တခါထပ်ပြီး ဆုံရပါတယ်။ အဲဒီအချိန်မှာ အမ အိမ်ထောင်ကျနေပါပြီ။

အရွယ်ကြီးပြီး စာမလိုက်နိုင်တော့ အမက ရှက်တယ်ဆိုပြီး မိဘတွေဆီပြန်ဖို့ပူဆာလို့ တောထဲကို အမပြန်ရောက်သွားပါတယ်။ အဲဒီနှစ်မှာပဲ အပါး(အဖေ)ရဲ့ တပ်ခွဲက ဆေးတပ်သားတယောက်နဲ့ အမ ခိုးရာလိုက်ပြေးပါတယ်။ အဲဒီအချိန်က အမအသက် (၁၇) နှစ်လို့ သိရပါတယ်။ အမက အပါးရဲ့ အချစ်ဆုံးသမီးပါ။ ဒီအတွက် အပါး ဒေါသူပုန်ထခဲ့တယ်လို့ ဆိုပါတယ်။ သူ့သမီးငယ်ငယ်ရွယ်ရွယ်လေးကို ခိုးပြေးရပါ့မလားဆိုပြီး သူ့ရဲ့ဘော်ကို သေနတ်ဖောက်၊ ခြိမ်းခြောက်တာတွေလုပ်တော့ အမနဲ့ သူ့ခင်ပွန်းတို့ တော်လှန်ရေးနယ်မြေထဲက ထွက်ပြေးလာကြပြီး သူ့ခင်ပွန်းရဲ့ ဇာတိရွာမှာ ဇာတ်မြုပ်နေခဲ့ပါတယ်။

အမခင်ပွန်း မိဘတွေက ဥယျာဉ်ခြံတွေစိုက်ပါတယ်။ ဆင်တွေလည်းရှိတော့ အမခင်ပွန်းက ဆင်ဦိးစီးအလုပ်ကို လုပ်ပါတယ်။ အမတို့နေတဲ့ရွာက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက တောင်ခြေရွာလေးပါ။ သူတို့ တောင်ခြေရွာလေးကနေကြည့်ရင် ကျိုက်ထီိးရိုးဘုရားကြီးကို ထင်းထင်းလင်းလင်း မြင်ရပါတယ်။

အမက အပါးရဲ့အချစ်ဆုံးသမီးဖြစ်သလို ကျမအဖွားရဲ့ အသည်းကျော်လည်းဖြစ်တာမို့ ကျမအဖွားက အမ ဘယ်ရောက်ရောက် အမသတင်းကို အမြဲစုံစမ်းထောက်လှမ်းပါတယ်။ အမနေတဲ့နေရာ ဘယ်လောက်ဝေးဝေး မရောက်ရောက်အောင်လည်း သွားတတ်ပါတယ်။ အမနေတဲ့ တောင်ခြေရွာလေးကို အဖွားသွားတော့ ကျမအဖွားရဲ့ အဖော်အဖြစ်နဲ့ လိုက်ရပါတယ်။

ကျမ အဖိုးနဲ့ မိဘများကတော့ သိပ်သဘောမကျလှပါဘူး။ အမတို့မှာ ဆင်ရှိတာကို အဖွားပြောပြလို့ သိထားတဲ့ ကျမကတော့ ဆင်စီးချင်လို့ အဖွားနောက်ကို လိုက်ဖို့ စိတ်အားထက်သန်ခဲ့တာပါ။

အဲဒီအချိန်မှာ အမနဲ့ ကျမ ဆက်နွယ်မှုကို ကျမ သိခဲ့ရတာက အမနဲ့ ကျမ မောင်နှမ(၂)ဝမ်းကွဲတော်တယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းကို အမေခင်းခဲ့တယ်ဆိုတာ ကျမနောက်မှ သိရပါတယ်။ အမနဲ့ ကျမ မောင်နှမအရင်းအခြာပါလို့ အမေက ကျမကို မသိစေချင်ပါဘူး။ သွေးက စကားပြောလာမယ်ဆိုတာကိုလည်း အမေ နားလည်လက်ခံထားပုံ ရပါတယ်။ ဒါကြောင့်လည်း မနီးမဝေးသွေးအဖြစ်နဲ့ အမေဇာတ်လမ်း ဆင်ခဲ့တာပါပဲ။ အမေနဲ့ အမကြားမှာ ဘယ်လို သစ္စာဆိုထားတယ် မသိပါဘူး။ အမက ကျမကို သူ့ညီမလေးဖြစ်တာကို သိနေခဲ့ပေမယ့် ကျမဟာ သူ့ညီမဖြစ်တယ်ဆိုတဲ့ စကားကို အမတခါမှ မဟခဲ့သလို။ တခါမှလည်း အရိပ်အရောင် မပြခဲ့ပါဘူး။ ဒါပေမယ့် အမ ကျမရဲ့ အနွံအတာတော့ အများကြီးခံခဲ့ပါတယ်။

တောင်ခြေရွာလေးမှာ အမနဲ့ကျမ ပြန်ဆုံကြတော့ အမအပေါ် အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ ကျမက အားတုံ့အားနာနဲ့ အမမျက်နှာ လှမ်းကြည့်ပါတယ်။ အမကတော့ သူ့ထုံးစံအတိုင်း မတုန်မလှုပ် အေးတိအေးစက်နဲ့။ ဒါပေမယ့် ကျမကြိုက်တတ်တဲ့ ဟင်းတွေကို အိုးကြီးခွက်ကြီးတွေနဲ့ အချိန်ပြည့်ချက်ပါတယ်။ ထမင်းလက်ဆုံ စားကြတော့လည်း စကားတလုံးမှ မပြောပဲ ကျမ ပန်းကန်ထဲကို ဟင်းတုံးတွေ အပြည့်ခပ်ထည့်ပေးခဲ့ပါတယ်။ အမတို့နေတဲ့ တောင်ခြေရွာကလေးကနေ ဆင်စီးပြီး ကျိုက်ထီးရိုးဘုရား ဖူးခဲ့ရတာကိုတော့ ကျမ အရမ်းပျော်ပါတယ်။ ဒီအတွက်လည်း အမကို ကျမ ကျေးဇူးအရမ်းတင်ပါတယ်။

အချိန်တန်လို့ အိမ်ပြန်ကြမယ်ဆိုတော့ အဖွားက အမကို တတွတ်တွတ်နဲ့ မှာပါတယ်။

ကျမကတော့ ဆင်ကြီးစီးပြီး ကျိုက်ထီးရိုးဘုရားဖူးခဲ့ရတဲ့အတွေ့အကြုံကို အဖိုးနဲ့ မိဘများကို ပြန်ပြောပြဖို့ပဲ ဇောကပ်နေခဲ့ပါတယ်။

ကျမ (၁ဝ)တန်းအောင်တဲ့နှစ်မှာတော့ ကျမ အပါး (အဖေ) ဆုံးပါတယ်။

အမိုး(အမေ)နဲ့ ကျမမောင်နှမတွေလည်း အမတို့နေတဲ့ တောင်ခြေရွာလေးကို ရောက်လာကြပါတယ်။ အဲဒီကာလတွေကတော့ ကျမဘဝမှန်ကို ကျမ သိခဲ့ရ။ ကျမနှလုံးသားတွေ ကြေကွဲရ။ ကျမစိတ်တွေ ရှုပ်ထွေးရ။ အမတို့နဲ့ ကျမ နီးလိုက်ဝေးလိုက် ဖြစ်ခဲ့ရတဲ့ ကာလတွေပါပဲ။

အမကို အမတယောက်လို့ သိခဲ့ရတဲ့အချိန်မှာ ကျမ နောင်တမျက်ရည် ကျမိပါတယ်။ အမကတော့ လောကဓံတရားကို နားလည်ထားပုံရပါတယ်။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပဲ။

ကျမ တောခိုမယ့်လို့ ဆုံးဖြတ်တော့ အမကို အရင်ဆုံး ဖွင့်ပြောဖြစ်တယ်။ အမက ကျမဆန္ဒကို အားလည်းမပေးသလို ကန့်လည်း မကန့်ကွက်ခဲ့ဘူး။

“လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်”တဲ့။

“ကိုယ်မှန်တယ်ထင်ရင် ကိုယ်လုပ်”တဲ့။

ပြီးတော့ အမက ကျမကို စကားတခွန်းပြောတယ်။

“တို့တတွေ ဘယ်လိုပဲ ကွဲခဲ့ကွာခဲ့၊ ဘယ်လောက်ပဲ ဝေးခဲ့နီးခဲ့၊ ဘယ်အရပ်ဘယ်ဒေသကိုပဲ ရောက်ခဲ့ရောက်ခဲ့ သွေးကတော့ စကားပြောမှာပဲ”တဲ့။

ဒီနေ့လည်း သွေးက စကားပြောတယ် ထင်ပါရဲ့။

ဒီနေ့တနေ့လုံး အမကို ကျမ ထူးထူးခြားခြား သတိရနေမိတယ်။

အောက်တိုဘာ ၆ရက်၊ ၂ဝဝ၉ ခုနှစ်။ ။