Tuesday, November 24, 2009

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဖြတ်သန်းမှုနှင့် နိုင်ငံရေးအမြင်
ကျနော်တို့ ဒီအပတ်အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ လှုပ်ရှားမှုတွေကို မီးမောင်းထိုးပြဖို့ ရည်စူးထား ပါတယ်။ အရင်ဆုံး ဥက္ကဌ ဦးအောင်မိုးဇော်ခင်ဗျ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဖြစ်ပေါ်လာပုံနဲ့ သမိုင်းကြောင်းကို အကျဉ်းချုံးပြီး နည်းနည်းလေး တင်ပြပေးပါလားခင်ဗျာ။


ဦးအောင်မိုးဇော်။ ။ ကျနော်တို့ ပါတီရဲ့ ၂၁ နှစ် သမိုင်း အကျဉ်းချုပ်ပြောပြရမယ်ဆိုရင်တော့ အပိုင်း ၃ ပိုင်း ခွဲပြီးတော့ ပြော ရမယ်။ ပထမအပိုင်းက မြေပေါ်လှုပ်ရှားမှုအပိုင်း၊ အားလုံးသိတဲ့အတိုင်းပဲ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်းမှာ အဓိက ကျတဲ့ ကျောင်းသားခေါင်းဆောင်တွေ အဲဒီတုန်းက ဗကသများအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေး မှူးဖြစ်တဲ့ ရဲဘော်မိုးသီးဇွန် ခေါင်း ဆောင်ပြီးတော့ ကျနော်တို့ပါတီကို ထူထောင်ခဲ့တာဖြစ်တယ်။ အတော်အတန်အင်အား ကောင်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုတခုအဖြစ် မြေ ပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်း ၁၉၉၁ အစောပိုင်း မှာ ကျနော်တို့ပါတီ အဖျက်သိမ်းခံခဲ့ရတယ်။ ကျနော်တို့ တော်တော်များများ ဒီလက်နက်ကိုင်ဒေသ အထူးသဖြင့်တော့ မာနယ်ပလောကို အခြေစိုက်တဲ့ လွတ်မြောက်နယ်မြေကို ရဲဘော်တော် တော်များများ ရောက်ရှိခဲ့တယ်။ တပြိုင်နက်တည်း မှာလည်းပဲ ကျနော်တို့ထောင်ထဲမှာ ကျနော်တို့ရဲဘော်တော်တော်များများ ထောင်ထဲ ကို ရောက်ခဲ့ကြရတာဖြစ်တယ်။ ဆိုတော့ နောက်ပိုင်းကာလတွေမှာ ၁၉၉၅၊ ၉၆၊ ၉၇ ကာလတွေ နောက်ပိုင်းမှာလည်း ကျနော်တို့ပါတီ ဒီဘက်မှာ Exile သဘောမျိုး ပြည်ပကို အခြေစိုက်တဲ့ အခြေအနေကို ကျနော်တို့ပါတီရောက်ခဲ့တယ်။ ဒီ ၂၁ နှစ်တာ သမိုင်းမှာတော့ အခြေခံအားဖြင့်တော့ ကျနော်တို့ ပါတီဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ လူထုကို အခြေခံတဲ့ လှုပ်ရှားမှုကို ဖော်ဆောင်ရေး ကိစ္စ၊ နောက် တခု တောထဲတောင်ထဲမှာ ဖြတ်သန်းတဲ့အခါကျတော့လည်း ကျနော်တို့ ညီအကိုတော် တိုင်းရင်းသားတွေနဲ့ ချစ်ကြည်ရင်းနှီးဖို့ နားလည် မှု တည်ဆောက်တဲ့ဘဝ၊ နောက်အခု ဒီဘက်ပိုင်းမှာလည်းပဲ အဲဒီ ညီအကိုတော်များနဲ့ပဲ လက် တွဲပြီးတော့ တတ်နိုင်တဲ့ဘက်ကပေါ့နော် ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီပြန်လည်ထွန်းကားဖို့ကိစ္စကို ကျနော်တို့ ဆောင်ရွက်နေတယ်။ ကျနော်တို့ အထူးသဖြင့်တော့ တိုင်း ရင်းသားသွေးစည်းညီညွတ်ရေးကိစ္စ၊ မဟာမိတ်ညီအကိုတော် တွေနဲ့ ပေါင်းပြီးတော့ အထူးသဖြင့်တော့ လူထုကို ဦးစားပေးတဲ့၊ လူထုကို အခြေခံတဲ့ လှုပ်ရှားမှုတွေကိစ္စကို အလေး အနက် ဖော်ဆောင်နေတယ်။ အခြေခံအားဖြင့် ပြောမယ်ဆိုရင်တော့ ကျနော်တို့ပါတီကို အကြမ်းအားဖြင့် ၃ ပိုင်းခွဲလို့ရတာ ပေါ့။ တပိုင်းက မြေပေါ်လှုပ်ရှားမှုအပိုင်း၊ နောက်တပိုင်းက ဒီလက်နက်ကိုင်ဒေသကို အခြေခံတဲ့ လှုပ် ရှားမှုအပိုင်း၊ တတိ ယပိုင်းကတော့ ပြည်ပမှာအခြေစိုက်တဲ့အပိုင်းပေါ့။ ဒီ ၃ ပိုင်းစလုံးမှာ ကျနော်တို့ပါတီရဲ့ တစ် တချက် ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေးကိစ္စ၊ နှစ် တချက် အမျိုးသားသွေးစည်းညီညွတ်ရေးကိစ္စ၊ သုံး တချက်ကတော့ ရေရှည်အနာဂတ်မှာ ကျနော် တို့တိုင်းပြည်ကို ပြန်လည် တည်ဆောက်နိုင်ရေးကိစ္စ စတဲ့ပြင်ဆင်မှုတွေကို ဒီအနှစ် ၂၀ လုံးလုံးတောက်လျှောက် ကျနော်တို့ ဆောင် ရွက်နေတာ အခုအချိန်ထိပါပဲ။

အခု ဦးအောင်မိုးဇော်ပြောတာနဲ့ ပတ်သက်ပြီးတော့ ဦးငွေလင်းကရော ဘာများ ဖြည့်စွက်ချင်ပါသေးသလဲ ခင်ဗျာ။

ဦးငွေလင်း။ ။ အထူးတော့ ဖြည့်စရာမရှိတော့ပါဘူး။ ကျနော်တို့ ပါတီက စောစောက ဥက္ကဌပြောသလိုပါပဲ မြေပေါ်မှာ ရပ်တည်ခွင့် စစ်အစိုးရက နည်းနည်းပဲပေးတယ်။ ပေးပြီးတဲ့နောက်ပိုင်း ကျနော်တို့အားလုံးကို တောထဲမောင်းထုတ်လိုက် တဲ့ သဘောပါပဲ။ အဲဒီလို ဆိုတော့ ကျနော်တို့ပါတီဟာ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ထားတဲ့ ပါတီဖြစ်တော့ ကျနော်တို့ ဘယ်နေရာ ပဲ ရောက်ရောက်၊ တောထဲပဲရောက်ရောက်၊ ထောင်ထဲပဲရောက်ရောက်၊ နယ်စပ်ဒေ သပဲ ရောက်ရောက် ဘယ်နေရာပဲ ရောက်ရောက် ကျနော်တို့ ပြည်သူတွေအတွက် ကျနော်တို့ပါတီက အလုပ်အကျွေး ပြုရေး လုပ်ငန်းစဉ်တွေကို တောက်လျှောက်ကိုင်စွဲပြီး ဒီကနေ့အထိ ဆောင်ရွက်နေတယ်လို့ ပဏာမ မိတ်ဆက်ချင်ပါ တယ်။

ဦးတိုးတိုးထွန်းကရော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး တခုခု ဖြည့်စွက်ချင်သေးသလား ခင်ဗျ။

ဦးတိုးတိုးထွန်း။ ။ သမိုင်းကြောင်းအနေနဲ့ကတော့ ဥက္ကဌနဲ့ ကိုငွေတို့ ပြောသွားတာ ပြည့်စုံပါတယ်။ ကျနော်တို့ပါတီရဲ့ သမိုင်းကတော့ ဖြစ်တည်လာတာက ရှစ်လေးလုံး အရေးတော်ပုံကြီးက ပေါက်ဖွားလာတာပဲ။ ပေါက်ဖွားလာပြီးတော့ ကျောင်းသားလူငယ်တွေရဲ့ တိုက်ပွဲ ဆိုပြီးတော့ အဲဒီတိုက်ပွဲစဉ်ကြီးကနေပြီးတော့မှ ကျနော်တို့ လူ့ဘောင်သစ်ပါတီဆိုပြီး တော့ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဒီစစ်အုပ်စုရဲ့ ဖြို ခွဲမှုတွေ၊ သွေးခွဲသပ်လျှိမှုတွေအောက်မှာ ကျနော်တို့က မြေပေါ်မှာလည်း ရပ်တည်ခဲ့တယ်၊ တောထဲမှာလည်းရပ်တည်ခဲ့တယ်၊ အခု လည်း ကျနော်တို့က ဥက္ကဌပြောသလိုပေါ့ ကျနော်တို့ ဘော်ဒါ တွေမှာရပ်တယ်၊ နိုင်ငံတကာမှာ ပြန့်ကျဲသွားတယ်။ သို့သော် ကျနော်တို့ ရဲ့ ပါတီရဲ့ အလံပေါ်မှာတော့ ကြံ့ကြံ့ခံဆက် လက် ရပ်တည်နေတယ်။ အဲဒီလို ရပ်တည်ရင်းနဲ့ မဟာမိတ်တွေနဲ့အတူတူ၊ ပြည်တွင်းမှာ ရှိနေတဲ့ အင်အားစုတွေနဲ့အတူတူ ဆက်လက်ဖြတ်သန်းနေတယ်ဆိုတာကို အဓိက ပြောချင်ပါတယ်။

ဒုတိယအချက်အနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ ဝေဖန်သုံးသပ်ချင်သလဲဆိုတာ ကျနော် သိ ချင်ပါတယ်။ အခုအားလုံးသိကြတဲ့အတိုင်း လက်ရှိမှာတော့ လတ်တလောမှာတင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆီကို စာပို့ပြီးတော့ နိုင်ငံတော် အကျိုးစီးပွားအတွက် သူနဲ့ တွေ့ဆုံဆွေးနွေးချင်ပါတယ်လို့ ကမ်း လှမ်းခဲ့တဲ့ အကြောင်းအရာမျိုးတွေ ရှိပါတယ်။ တပြိုင်တည်းမှာ အမေရိကန်အစိုးရ အပါအဝင် နိုင်ငံတကာအစိုးရတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အပြောင်းအလဲ တချို့ လည်း ရှိပါတယ်ခင်ဗျာ၊ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် ကုလသမဂ္ဂကနေပြီးတော့ မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ပြီး ဒီမိုကရေစီရေး ဆောင်ရွက်ဖို့အတွက် တိုက်တွန်းထား တဲ့အချက်တွေ စသည်ဖြင့် မြန်မာ့နိုင်ငံရေး ဒီရေတက်နေတဲ့ ကာလလို့ ကျနော်တို့ ပြောရင်ရမယ်လို့ထင်ပါတယ်ခင်ဗျာ။ အဲဒီတော့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လိုများဝေဖန်မလဲခင်ဗျ။

ဦးအောင်မိုးဇော်။ ။ ကျနော်တို့တိုင်းပြည် ကနေ့လိုအပ်နေတာကတော့ အခြေခံအားဖြင့် တွေ့ဆုံဆွေးနွေးရေးပဲ။ မနေ့ တနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်သန်းရွှေထံ စာပေးတယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပဲလေ၊ ဗိုလ်ချုပ် သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေး ဖို့ကိစ္စကိုပြောတယ်။ သူအဲဒီလိုမဆွေးနွေးခင်မှာလည်း သူ့ရဲ့ စီအီးစီနဲ့ တွေ့ဆုံဖို့ ဒေါ်အောင် ဆန်းစုကြည် တောင်းဆိုထားတာရှိတယ်။ ကျနော်တို့တိုင်းပြည်ရဲ့ ပြဿနာတွေကို တကယ်တန်းကျတော့ တွေ့ဆုံဆွေး နွေးပြီး အဖြေရှာမယ်၊ အမျိုးသားပြန်လည်သင့်မြတ်မှု ပြန်လည်တည်ဆောက်မယ်ဆိုရင် ကျနော်တို့တိုင်းပြည် ကနေ့ကြုံ နေရတဲ့ အထွေထွေပြဿနာတွေထဲက မြန်မြန်ဆန်ဆန် ရုန်းထွက်နိုင် လိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုထင်တယ်။ သို့သော်လည်းပဲ တဖက်က ခုနက နအဖ စစ်အုပ်စုဘက်က ဗိုလ်ချုပ်သန်းရွှေတို့ဘက်က အခုအချိန်အထိတော့ တွေ့ဆုံ ဆွေးနွေးရေးလုပ်မယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တွေဆုံဆွေး နွေး ပြီးတော့ ပြဿနာတွေကို အဖြေရှာမယ်။ တိုင်းရင်းသားအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ပြဿနာတွေကို အဖြေရှာမယ် ဆိုတဲ့ အရိပ်အယောင်ကတော့ မတွေ့ရသေးဘူး။ တဖက်ကလည်းပဲ ရွေးကောက်ပွဲ၊ ပြုလုပ်မယ့် ရွေးကောက်ပွဲကို အတင်းအကြပ်သူတို့ စီစဉ်နေတယ်။ ဟိုတနေ့က အမျိုးသားနေ့သဝဏ်လွှာကိုပဲကြည့်ကြည့်၊ ဗိုလ်ချုပ်သန်းရွှေ ပြောသွား တဲ့ စစ်မှုထမ်းဟောင်းများ ညီလာခံ မှာ ပြောသွားတဲ့ မိန့်ခွန်းကိုပဲ လေ့လာလေ့လာ နအဖ ဖက်ကတော့ တဖက်သတ် ရွေးကောက်ပွဲကို လုပ်တော့မယ်ဆိုတဲ့ အရိပ်အ ယောင်တွေကို ထပ်ခါတလဲပဲပြနေတယ်။ ကျနော်တို့အနေနဲ့ကတော့ ကနေ့ကာလမှာ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာမယ်၊ အဲဒီကမှ တဆင့် တိုင်းပြည်ရဲ့အပြောင်းအလဲကို ဆက်သွားမယ်ဆို ရင်တော့ အကောင်းဆုံးလို့ ကျနော်တို့မြင်တာပဲဗျာ။

ဟုတ်ကဲ့ ဦးငွေလင်းရော ဘယ်လိုသုံးသပ်မလဲ ခင်ဗျ။

ဦးငွေလင်း။ ။ ကျနော်တို့မြင်တာက ဒီကနေ့မြန်မာပြည်ရဲ့ ပြဿနာက စောစောက ဥက္ကဌ ထောက်ပြသလိုပဲ တွေ့ ဆုံဆွေးနွေးပြီး အဖြေရှာကြရမယ်၊ ဒီဥစ္စာ အကောင်းဆုံးထွက်ပေါက်ဖြစ်တယ်၊ လုပ်ငန်းစဉ်ဖြစ်တယ်လို့ ကျနော် အဲဒီလို မြင်တယ်။ မြင်တော့ အဲဒါနဲ့ ပတ်သက်ရင် NLD က ဧပြီ ၂၈၊ ၂၉ ထုတ်ပြန်ကြေညာချက်ပေါ့ဗျာ၊ ရွှေဂုံတိုင်ကြေညာစာတမ်း ဒီကြေညာစာတမ်းမှာ တောင်းဆိုထား တဲ့အချက် ၄ ချက်၊ ဒီအချက် ၄ ချက်က အင်မတန် ကျိုးကြောင်းဆီလျှော်ပြီးတော့မှ ကနေ့တိုက်ပွဲလိုအပ်ချက်နဲ့ ကိုက်ညီတယ်လို့ ကျ နော်တို့က မြင်တယ်။ သေချာတာက နိုင်ငံရေးအကျဉ်းသားတွေ အကုန် လုံး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား တွေအကုန်လွှတ်ပေးရမယ်။ နောက်ပြီး ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုရမယ်။ နောက်ပြီးတော့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ရမယ်။ နောက်ပြီးတော့ ၂၀၀၈ Constitution ကို ပြန်ပြီးတော့မှ ပြုပြင်ကြရမယ်။ အဲဒီတောင်းဆိုချက် ၄ ရပ်က အင်မတန် ကျိုးကြောင်းဆီလျှော်တယ်လို့ မြင်တယ်။ မြင်တော့ အဲဒီဥစ္စာကို NLD က ရပ်ခံပြီးတော့မှ သေသေချာချာ ကိုင်စွဲထားတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပေးတဲ့ ပေးစာ၊ တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ချင် တယ် ဆိုတဲ့ ကိစ္စကလည်း ဒီရွှေဂုံတိုင်ကြေညာစာတမ်းကိုပဲ တနည်းနည်းနဲ့ ရုပ်လုံးဖော်တယ်လို့ ကျနော်တို့ သဘောရ ပါ တယ်။ ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်းနာကြွယ်မှုကို လေးလည်း လေးစားတယ်၊ တန်ဖိုးလည်း ထား တယ်။ တကယ်က ခုနကပြောသလို တဖက်က အဲလို ပြင်ပြင်ဆင်ဆင်နဲ့ တိုင်းပြည်ရဲ့ မျက်နှာကို ကြည့်ပေမယ့် ကျနော်တို့ မြင်ရတာတော့ စစ်အစိုးရက နည်းနည်းမှ ဒါကို လှည့်ကြည့်ဖို့၊ လိုက်လျောဖို့ လမ်းသိပ်မမြင်ရဘူးဗျ။ အဲဒီဥစ္စာကိုတော့ ကျနော်တို့ သူ့လုပ်ရပ်တွေ၊ သူ့ပြောဆိုချက်တွေမှာ တော်တော်ပဲ အထင်အရှားတွေ့ရတယ်လို့ ကျနော် အဲဒီလို ဆွေးနွေး ချင်ပါတယ်။

ဟုတ်ကဲ့ ဦးတိုးတိုးထွန်းကရော ဘယ်လိုမြင်ပါသလဲ ခင်ဗျ။ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်လာမယ့် အနေ အထား မြင် သလား၊ လက်ရှိနိုင်ငံရေးအခြေအနေကို ဘယ်လိုသုံးသပ်မလဲခင်ဗျာ။

ဦးတိုးတိုးထွန်း။ ။ လက်ရှိ နိုင်ငံရေးက ကျနော်တို့ အခု ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့မှ ဗိုလ်ချုပ်သန်းရွှေဆီကို ပေးတဲ့စာပေါ့၊ ဒီစာရဲ့တကယ့်အနှစ်သာရအရလည်း ရွှေဂုံတိုင်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံရေး အခြေအနေနဲ့ သူ့ရဲ့ ပကတိ ပြည် တွင်းမှာရှိနေတဲ့ နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာအခြေအနေတွေပေါ်မှာ သူက လိုက် လျောညီထွေ တောင်းဆိုလိုက်တာပဲဖြစ်တယ်။ အမှန်က ဖြစ်သင့်တာက ဒီနေ့ကာလမှာ တွေ့ဆုံဆွေးနွေးမှုက အဓိကကျ နေတယ်၊ နောက်တခုက ဒီတွေ့ဆုံဆွေးနွေးမှုကို ပြောပြီဆိုလို့ ရှိရင်လည်း မြန်မာပြည်ရှေ့ဆက်သွားမယ့် ဗိုလ်သန်းရွှေ တို့က ကနေ့ တောက်လျှောက်ပြောနေတာ ၂၀၀၈ Constitution ကိုပဲ သူတို့ က ကိုင်စွဲမယ် ၂၀၁၀ ကို ဆက်ပြီးတော့မှ Road Map အတိုင်းသွားမယ်ဆိုတာတွေ သူတို့က လုပ်မယ်ပြောနေတယ်။ ကနေ့ အဲဒါတွေ လုပ်မယ်ဆိုလို့ရှိရင် နိုင်ငံတကာက တောင်းဆိုနေတဲ့ အထူးသဖြင့် အမေရိကန် ပေါ့လေ ၂၀၁၀ မှာ အားလုံးပါဝင်ဖို့ ပြောနေတယ်။ အဓိ က က အဲဒီ အကျဉ်းသားတွေ လွတ်မြောက်ဖို့ အားလုံးပါဝင်ဖို့ ဆိုတဲ့ကိစ္စတွေ တကယ်လုပ်ဖို့ဆိုလို့ရှိရင် NLD ရဲ့ အခန်းကဏ္ဍ၊ NLD မပါဝင်ဘဲနဲ့ ၂၀၁၀ ပေါ်မှာပဲဖြစ်ဖြစ် ကျနော်တို့ အနာဂတ်နိုင်ငံရေးပေါ်မှာပဲဖြစ်ဖြစ် ဒီကနေပြီးတော့မှ တိုးတက်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ဆိုတာ မမြင်ဘူး။ အဲဒီတော့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးပို့တဲ့စာက တကယ်ကို လက်တွေ့အခြေအနေအရ စစ်အစိုးရ အနေနဲ့ နအဖအနေနဲ့ တကယ်လုပ်သင့် လုပ်ထိုက်တာ တခုကို တိုင်းပြည်အကျိုး အတွက် လုပ်ရမယ့်ဟာလို့ ထင်တယ်။ အဲဒီလို မလုပ် ဘူးဆိုလို့ ရှိရင်တော့ ကျနော်တို့ ရှေ့ဆက်ဖြစ်လာမယ့်အလားအလာ နိုင်ငံရေးအလားအလားတွေကတော့ မကောင်းဘူးလို့ ထင်တယ်။ ကျနော်တို့တော့ အဲဒီလိုပဲမြင်ပါတယ်။

အဲဒီတော့ မြန်မာ့နိုင်ငံရေးကို အဖြေရှာဖို့အတွက် တွေ့ဆုံဆွေးနွေးပွဲသာလျှင် တခုတည်းသော နည်းလမ်းဖြစ်တယ် ဆိုတာ ကတော့ မြန် မာနိုင်ငံနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံသားတွေရော မြန်မာနိုင်ငံသားဆိုတဲ့နေရာမှာလည်း ပြည်တွင်းပြည်ပပေါ့ အဲဒီလိုပဲ နိုင်ငံတကာ အသိုင်းအဝိုင်းကရော ဒီစကားကိုတော့ အမြဲပြောနေကြတာ ကျနော်တို့ ကြားနေရတယ်ခင်ဗျ။ ဒီလို ကြားနေရတာလည်း နှစ်ပေါင်းက ကြာပါပြီ။ လက်ရှိ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ တချို့ကလည်း ကိုယ့်အားကိုယ်ကိုးရမယ်၊ ကိုယ့်အ ချင်းချင်း ရှင်းမှပဲ ပြီးမှာပဲ၊ ကိုယ့်အချင်းချင်းပေါ် မူတည်တယ်။ တချို့က လည်း နိုင်ငံတကာရဲ့ အားပေးမှုတွေ တိုက်တွန်းမှုတွေ ဖိအား တွေလိုတယ်ဆိုတာ ပြောတယ်။ အဲဒီတော့ ဒါတွေကို ဘယ် လို မျှမျှတတ တွေးမလဲခင်ဗျ ဦးအောင်မိုးဇော်။

ဦးအောင်မိုးဇော်။ ။ အခြေခံအားဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လက်ဦးစာပို့တယ် နောက် တွေ့ဆုံ ခွင့် တောင်းတယ်ဆိုတာက ကျနော်တို့တိုင်းပြည် ဒီမိုကရေစီခေါင်းဆောင်ကိုယ်၌က တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အတွက် Initiative Movement လှုပ်ရှားမှု တခု ခြေလှမ်းတခု လို့ ကျနော်မြင်တယ်။ အခြေခံအားဖြင့်တော့ အများပြောနေ ကြသလိုပေါ့ ကျနော်တို့ တိုင်း ပြည်ရဲ့ ပြဿနာတွေကို ကျနော်တို့ ဖြေရှင်းကြရမှာပါ။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် လေးလည်း လေးနက်မှု အခိုင်အမာရှိ တယ်။ ဒီအတွက်လည်း သူကစပြီးတော့ ဆွေးနွေးလိုတယ်လို့ တောင်းဆိုတာဖြစ် တယ်လို့ ကျနော်တော့ အဲဒီလိုမြင်တယ်။ တပြိုင်နက် တည်းမှာပဲ နိုင်ငံတကာအခန်းကအရေးမကြီးဘူးလားလို့ ပြောတဲ့အခါ မှာ အရေးကြီးတယ်လို့ ကျနော်တော့ ပြောချင်ပါတယ်။ ဘာ ကြောင့်လဲလို့ ပြောမလဲဆိုတော့ ဥပမာ ဟိုတလောကပဲ အမေရိကန် ပြည်ထောင်စုက ဆီနိတ်က ပုဂ္ဂိုလ်တွေ၊ အထက်တန်းအရာရှိတွေ၊ သံတမန်တွေ မြန်မာပြည်လာတယ်။ ဝန်ကြီးချုပ်သိန်းစိန် သွားတွေ့တယ်၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးတယ်။ ဒါ တွေသည်ပင်လျှင် နိုင်ငံတ ကာရဲ့အခန်းပေါ့ နိုင်ငံတကာက တောက်လျှောက်ဖိအားပေးလာမှုတွေကို နအဖ စစ်အုပ်စုအနေနဲ့ တစုံတရာ တုန့်ပြန်လာရ တာ ဖြစ်တယ်။ တစုံတရာ နိုင်ငံတကာနဲ့ ဆက်ဆံဖို့လိုအပ်လာတယ်ဆိုတဲ့ အခြေခံအပေါ်မှာ သူအခုလို အမေရိကန်ပြည် ထောင်စုနဲ့ စကားပြောဖို့ သူတို့ စလာတာဖြစ်တယ်လို့ ကျနော်တော့ အဲဒီလိုမြင်တယ်။ နိုင်ငံတကာရဲ့ အခန်းကဏ္ဍ နိုင်ငံ တကာကနေ မြန်မာပြည်ဒီမိုကရေစီရေးကို တစိုက်မတ်မတ် ထောက်ခံမှုကလည်း အရေးပါတယ်လို့ ကျနော်တော့ထင် တယ်။ အဓိက ကတော့ ကိုယ် ကလုပ်ရမှာပဲလေ။ ဗိုလ်ချုပ်သန်းရွှေအနေနဲ့က အခုနက အမေရိကန်ပြည်ထောင်စုနဲ့ စကား ပြောလိုတဲ့ စိတ်ဆန္ဒ၊ နိုင်ငံတကာနဲ့ စကား ပြောလိုတဲ့ စိတ်ဆန္ဒ တစုံတရာ ပြနေဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောလိုတဲ့ စိတ်ဆန္ဒပြဖို့လိုတယ်။ ဒီမိုကရေစီအင်အား စုတွေနဲ့ စကားပြောဖို့ စိတ်ဆန္ဒကိုလည်း ပြဖို့လိုတယ်။ အဓိကပြဿနာက ကျနော်တို့ချင်း စကားပြောကြရမှာဖြစ်တယ်။ ဗိုလ်ချုပ် သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြော ရမှာဖြစ်တယ်။ နောက် ဗိုလ်ချုပ်သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စကားပြောရ မှာဖြစ်တယ်။ အဲလို စကားပြောပွဲသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင် နိုင်ငံတကာရဲ့ထောက်ခံပံ့ပိုးမှုကလည်း ဒီ့ထက်ပိုလာမယ်။ ကျနော်တို့တိုင်းပြည် အကြပ်အတည်းတွေထဲက ရုန်းထွက်မှုကလည်းပဲ ပိုပြီးတော့ မြန်ဆန်လိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုထင်တာပဲဗျ။

ဟုတ်ကဲ့ခင်ဗျ၊ ဦးငွေလင်းကရော ဘာများပြောလိုပါသလဲ။

ဦးငွေလင်း။ ။ ဥက္ကဌဆွေးနွေးတဲ့အတိုင်းပါပဲ ကျနော်တို့အနေနဲ့ကဆိုလို့ရှိရင် နိုင်ငံတကာရဲ့ မြန်မာ့အရေးကိုစာနာ ပြီးတော့ အခုလို ဝန်းရံထောက်ခံနေကြတဲ့ကိစ္စ အပေါ်မှာ ကျေးဇူးတင်ပါတယ်။ မစ္စတာ ဘန်ကီမွန်းအပါအဝင်၊ အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင် ငံတကာမိသားစုတွေပေါ့ဗျာ အခု ဒီ UNGA က ဆုံးဖြတ်ချက်တွေ ချဖို့ကြိုးစားပေးကြတဲ့ နိုင်ငံ တွေအပါအဝင် ကို ကျနော်တို့ ကျေး ဇူးတင်ပါတယ်။ ဒါဟာ ကျနော်တို့ မြန်မာ့အရေးကို အငြိမ်းချမ်းဆုံးနဲ့ပြေလည် သွား စေချင်တဲ့ဆိုတဲ့စိတ်ဆန္ဒတွေနဲ့ ကူညီအားပေးကြ တယ်လို့ ကျနော်တို့ သဘောရပါတယ်။ အဲဒီတော့ စစ်အစိုးရအနေနဲ့ ကျတော့ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အားထုတ်မှုက တော်တော်နည်းနေတာကို တွေ့ရတယ်။ သူ က စောစောက ဥက္ကဌထောက်ပြသလိုပဲ အမြင်ကောင်းရုံ၊ နိုင်ငံတကာ Pressure လျော့ရုံ ဆိုတာလောက် လုပ်ပြနေတာ မျိုး ကျနော်တို့ တွေ့နေရတယ်။ ဒီကြားထဲမှာ ပြီးခဲ့တဲ့ နိုင်ငံခြားရေးဌာနက ဦးမင်းလွင်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သိပ်မကြာခင် လွှတ်ပေးတော့မယ်ဆိုတာမျိုး အသံမျိုးအထိပေါ့ဗျာ ထုတ်တာတွေ ကျနော် တို့တွေ့ရတယ်။ တွေ့ရတော့ ဒါတွေဟာ စိတ်ရင်းနဲ့ လုပ်နေတာလား ဆိုတာ ကျနော်တို့ အများကြီးသံသယဖြစ်တယ်။ သံသယဖြစ်တယ် ဆိုတာ သူက တကယ်လို့သာ သူ့စိတ်ရင်း မှန်တယ်ဆိုရင် သူဘာက အစပြုရမလဲဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည်ထောက်ပြတဲ့ အတိုင်းပဲ NLD ရဲ့ EC တွေအကုန်လုံး တွေ့ဆုံခွင့် ပေးကိုပေးရမှာဖြစ်တယ်။ ဦးတင်ဦး မပါရတို့ ဘယ်သူမပါရတို့ ဒါမျိုး လုံးလုံး မလုပ် ကောင်းဘူး၊ မလုပ်အပ်ဘူး။ အဲဒီတော့ အားလုံးကို တွေ့ဆုံခွင့်ပေးပြီးတော့မှ အဲဒီ EC တွေအားလုံးတွေ့ရ မယ်ဗျာ။ ကနေ့အခြေအနေ တွေပေါ်မှာ သုံးသပ်ခွင့်ပေးရမယ်၊ အကဲဖြတ်ခွင့်ပေးရမယ်၊ ရှေ့လုပ်ငန်းစဉ်တွေ မှန်မှန်ကန် ကန် ချမှတ်ခွင့် တိတိကျကျ ချမှတ်ခွင့် သူတို့ပေးရမယ်။ ပေးပြီးတော့မှ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စကိုလည်း တကယ့်ကို စိတ်ရင်းနဲ့ကိုပဲ တကယ် Political will ရှိရှိနဲ့ တကယ် လုပ်သင့်တာပါ။ အခုအဲဒီလို လုပ်ဖို့ကတော့ ကျနော် အနေနဲ့ ကျနော် တို့ပါတီအနေနဲ့ ဆိုရင်တော့ သိပ်မတွေ့ရဘူး။ ဘာပဲတွေ့ရလဲဆိုရင် တော့ နိုင်ငံတကာ Pressure လျော့လို လျော့ငြား နည်းနည်း ဟန်ပြလောက်ပဲ လုပ်နေတာမျိုးကို တွေ့ရတဲ့အတွက် ကျနော်တို့ တော် တော်လေးကို စိတ်ပျက်မိပါတယ်။

ဟုတ်ကဲ့ ဦးတိုးတိုးထွန်း ကရော စောစောက ဦးအောင်မိုးဇော်နဲ့ ဦးငွေလင်းတို့ ပြောသွားတာကို ဘယ်လိုမြင်လဲခင်ဗျ။ ဘာများဖြည့်စွက်ချင်ပါသလဲ။

ဦးတိုးတိုးထွန်း။ ။ ကျနော်တို့က ဒီနေရာမှာ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လာရင် ကျနော်တို့ ဒီမိုကရေစီအင်အားစု တွေက ဒေါ်အောင်ဆန်းစုကြည်ကလည်း ၁၉၈၉ ကတည်းက ကျနော်တို့အင်အားစုတွေအားလုံး နိုင်ငံရေးအင်အားစုတွေ အားလုံးကို ကိုယ်စား ပြုပြီးတော့မှ ကိုယ်စားလှယ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးတောင်းခဲ့တာရှိပါတယ်။ သို့သော် နအဖ စစ် အုပ်စုသည် တွေ့ဆုံဆွေးနွေး ရေးနဲ့ ပတ်သက်တဲ့ဟာကို သူက တောက်လျှောက်ငြင်းပယ်ခဲ့တယ်။ နောက်တခုက ကျနော် တို့ နိုင်ငံတကာ Pressure တွေ ကျနော် တို့ ပြည်တွင်း Pressure တွေ ကြီးလာတဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးရေးကို ဟန်ပြ လုပ်တယ်။ ဒါဟာ တောက်လျှောက် လုပ်နေတာ ဖြစ်တယ်။ အခုထက်ထိလည်း ဗိုလ်ချုပ်အောင်ကြည်နဲ့ လုပ်တယ်။ ကျနော် တို့ နိုင်ငံတကာကနေပြီးတော့မှ ကိုယ်စားလှယ်တွေ လာတဲ့ အချိန်မှာ အပြတွေလုပ်တယ်ပေါ့ မီဒီယာတွေကနေပြီးတော့ လုပ်တယ်။ ဒါပေမယ့် သူ့ရဲ့မူလရပ်တည်ချက်ဖြစ်တဲ့ စစ်တပ်အကျိုးစီးပွား၊ စစ်အာဏာတည်မြဲရေးနဲ့ ပတ်သက်လာရင် တော့ သူရဲ့ ဦးတည်ချက်၊ ဒို့တာဝန်အရေး ၃ ပါး စတဲ့ သူ့ရဲ့ အဓိကဦးတည်ချက်တွေပေါ့ နောက်ခု ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းတွေမှာပဲဖြစ်ဖြစ် ကြည့်လိုက်တဲ့အခါမှာ သူတို့ ဒီတွေ့ဆုံဆွေးနွေးရေးဆိုတာကို လက်တွေ့ကျကျပေါ့ လေ တကယ် တိုင်းပြည်အတွက် ဘာမှ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့အကောင်အထည်ဖော်မှုတွေမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ အခု ဆက်ပြီးတော့ ချုပ်ထားတယ်။ ဆက်လက်ပြီးတော့မှ ဖမ်းဆီးမှုတွေ ဖိနှိပ်မှုတွေ လုပ်နေ တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က တွေ့ဆုံဆွေးနွေးရေးဆိုတဲ့နေရာမှာ ကျနော်တို့ လက်တွေ့ကျတဲ့ ဒီ စစ်အုပ်စုကိုပေါ့ တောင်းဆိုနိုင်တဲ့ ဖိ အားပေးနိုင်တဲ့ လက်တွေ့ကျနော်တို့ကနေပြီးတော့ တွေ့ဆုံဆွေးနွေးရေး လုပ်မလား၊ မလုပ်ဘူးလား ဆိုတဲ့အခြေအနေမျိုး ဖန်တီးဖို့ တွေလည်း လိုအပ်လာတာရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ဟာက ခုန ဦးခင်မောင်စိုး ပြောသလိုပေါ့ နိုင်ငံတကာက ဘယ်လောက်ပြောပြော ကျနော်တို့လည်း ဘယ်လောက်တောင်း ဆို တောင်းဆို နအဖ သည် လက်တွေ့မှာ သူက သိ သာထင်ရှားတဲ့ လက်တွေ့၊ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုး စီးပွားကို လုပ်နေပါတယ်လို့ ဒီနေ့ထက်ထိ မမြင်ရသေးဘူး ဆို တာ ကျနော်တို့ သွားတွေ့ရတယ်။ ဒါက ကျနော်တို့ ပကတိ နိုင်ငံရေးကို ကြည့်တာပေါ့။

ဟုတ်ကဲ့ ကျေးဇူးပဲ ဦးတိုးတိုးထွန်း။ အဲဒီတော့ ဦးအောင်မိုးဇော် ခင်ဗျ၊ အားလုံးပဲ သဘောတူညီကြတဲ့အချက်ကတော့ တွေ့ ဆုံဆွေး နွေးပွဲတွေ ပေါ်ပေါက်မှသာလျှင် မြန်မာ့နိုင်ငံရေးက အဖြေထွက်မယ်လို့ မြင်ကြပါတယ်။ အဲဒီတော့ တွေ့ဆုံဆွေး နွေးပွဲဖြစ်ဖို့ကလည်း အခုသိပ်ပြီး ရေရေရာရာမမြင်ရသေးလို့လည်း ဦးအောင်မိုးဇော်တို့ပြောပါတယ်။ အဲဒီတော့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာ အောင် ဦးအောင်မိုးဇော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဘာတွေလုပ်နေသလဲ ဒါမှ မဟုတ် ဘာတွေလုပ်ဖို့များ အစီအစဉ်ရှိသ လဲ။ ရှိရင် ကျနော် သိပါရစေခင်ဗျ။

ဦးအောင်မိုးဇော်။ ။ အခြေခံကတော့ တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့ဆိုရင် ကျနော့်နားလည်မှုပေါ့နော် နိုင်ငံတကာအနေနဲ့ ဖြစ်ဖြစ် ပြည် တွင်းက ကျနော်တို့ နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကဖြစ်ဖြစ် အဲဒါတွေကို ထပ်မြှင့်ဖို့လိုတယ်လို့ အဲဒီလို ကျနော်တော့ ထင် တယ်။ တဖက်ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်တို့ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကို ကိုယ်စား ပြုပြီးတော့ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ တိုင်းပြည်ပြဿနာတွေ အဖြေရှာဖို့အတွက်ကို နအဖစစ်အုပ်စုကို ကမ်း လှမ်းနေတာတွေရှိတယ်။ ဒီကိစ္စတွေကို ကျနော်တို့ဆက်ပြီးတော့ ဆက်လက်အားပေးဖို့ ဆက်လက်ထောက်ခံဖို့လိုလိမ့် မယ်လို့ ကျနော်တို့ ထင်တယ်။ တပြိုင်နက်တည်းမှာ လည်းပဲ အကယ်၍ တွေ့ဆုံဆွေးနွေးရေးဆိုတာ သူတို့ ဟန်ပြလုပ်ပြီး တဖက်က သူတို့လုပ်ချင်တာတွေကို သူတို့ လုပ်မယ်။ သူတို့ လုပ် ချင်တာလို့ ပြောတဲ့အခါမှာ သူတို့ ခဏခဏ ထပ်တလဲလဲ ပြောနေတဲ့ သူတို့ရဲ့ လမ်းပြမြေပုံ ၇ ခု၊ ၇ ဆင့်ပေါ့နော် အဲဒီ ၇ ဆင့်ရဲ့ အဆင့် တခုဖြစ်တဲ့ ရွေးကောက်ပွဲကိစ္စပေါ့ အကယ်၍ ဒီရွေးကောက်ပွဲကိစ္စကို အများပြောနေတာတွေကို နားမထောင်ဘဲနဲ့ အတင်းဆက် လုပ်မယ်ဆိုရင်တော့ အဲဒီ တဖက်သတ်လုပ်မယ့် ရွေးကောက်ပွဲကို အကုန်လုံးက သပိတ်မှောက်နိုင်ဖို့ ကျနော်တို့ ဆော်သြကြရမှာဖြစ် တယ်။ အခု ကိစ္စကလည်း ဒီလိုအခြေအနေမျိုးတွေ လုပ်နိုင်အောင်လို့ နိုင်ငံရေးအင်အားစုတွေ ကျနော်တို့ မဟာမိတ်တွေကို ကျနော်တို့ နှိုးဆော်ထားတာရှိတယ်။ အကယ်၍ နအဖ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲကို တဖက်သတ်လုပ်လာမယ်ဆိုရင်တော့ ဝိုင်း ဝန်းဆန့်ကျင် ကြဖို့ အဲဒီအတွက်ပဲ အခုကတည်းက ပြင်ဆင်မှုရှိကြဖို့ပေါ့နော် စသည်ဖြင့် ကျနော်တို့ နှိုးဆော်ထားတာရှိ တယ်။ အကယ်၍ နအဖ က တွေ့ဆုံဆွေးနွေးပွဲစကားဝိုင်းကို ဟန်ပြသဘောသာ သွားပြီးတော့ တဖက်က သူတို့လုပ်ချင် တာကို အတင်းဇွတ်လုပ်မယ်ဆိုရင် အဲဒီကိစ္စ က နိုင်ငံရေးအင်အားစုအသီးသီး ဝိုင်းဝန်းဆန့်ကျင်ကြဖို့ ဆန့်ကျင်နိုင်ဖို့ အခု ကတည်းက ကျနော်တို့ ဆော်သြနေတာရှိပါတယ်။

ဟုတ်ကဲ့။ ဦးအောင်မိုးဇော် ကျနော်ဒီနေရာမှာ ကျနော် တခု ဖြတ်ပြီးတော့ စိတ်ထဲ ဝင်လာတာလေး မေးပါရစေ။ မြန်မာ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ သမိုင်းကွေ့တကွေ့နားကို ရောက်နေတယ်လို့ ကျနော်တို့ ပြောလို့ရမယ်ထင်ပါတယ်။ ရွေးကောက်ပွဲရယ် လတ်တလောဖြစ်ပေါ်နေတဲ့ အချက်အလက်တွေပေါ်မူတည်ပြီးတော့ ကျနော်ပြောတာပါ။ အဲဒီတော့ တချိန်က ကျနော်တို့မြန်မာနိုင်ငံမှာ ဒီ ဦးအောင်မိုးဇော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပေါ်ပေါက်ခဲ့တဲ့ ၈၈ အရေး အခင်းကိုပဲ ပြန်ကြည့်မယ်ဆိုရင် အဲဒီကာလနဲ့ ပတ်သက်လို့ ဆရာလူထုဦးစိန်ဝင်းတို့ ဆရာဦးဝင်းတင်တို့ စတဲ့ ဝါရင့် စာနယ်ဇင်းသမားများ ဒီ နိုင်ငံရေးသမ္ဘာရင့် ပုဂ္ဂိုလ်များက တညီ တည်းပြောတဲ့အချက်ကတော့ ၈၈ မှာ အရေးအခင်းက တကယ်တော့ မြန်မာ့စစ်အစိုးရ မလှုပ်မရှားဖြစ်နိုင်ပြီးတော့ လူထုက အလွယ်တ ကူ ဒီမိုကရေစီရဖို့ အခွင့်ကောင်းကြုံခဲ့ပါ လျက်နဲ့ နိုင်ငံရေးအင်အားစုတွေပေါ့လေ မညီညွတ်ခဲ့လို့ မရခဲ့ဘူးဆိုတဲ့ သုံးသပ်ချက်ကို ကျ နော် အမြဲလိုလို ကြားရလေ့ရှိပါ တယ်။ အဲဒီတော့ ဒီပုဂ္ဂိုလ်များရဲ့စကားကို ထောက်မယ်ဆိုလို့ရှိရင် နောက်တခါ ကွယ်လွန်သွားတဲ့ အမေလူထုဒေါ်အမာတို့ ကိုယ်တိုင်လည်း ကွယ်လွန်တဲ့အချိန်အထိ တဖွဖွပြောသွားတာက “သားရေ ငါတို့မြန်မာတွေက ညီညွတ်မှု သိပ်အားနည်း တယ်ကွယ်” ဆိုတဲ့စကား ကျနော် ကြားရပါတယ်ခင်ဗျာ၊ အဲဒီတော့ လက်ရှိကာလမှာရော ဒီအတိုက်အခံအင်အားစုတွေ ကြားထဲမှာ ညီညွတ်ရေး အဖွဲ့အစည်းတခုထဲမှာ ညီညွတ်ရေး၊ အဖွဲ့အစည်းတွေ အချင်းချင်းညီညွတ်ရေး အဲဒါတွေနဲ့ ပတ် သက်လို့ လက်ရှိ ညီညွတ်မှုအင်အားကို ဦးအောင်မိုးဇော် ဘယ်လိုသုံးသပ်မလဲ ခင်ဗျ။

ဦးအောင်မိုးဇော်။ ။ ကျနော်အနေနဲ့ ကျနော် ပြောချင်တာကတော့ ကျနော်တို့ ရည်ရွယ်ချက်က အခြေခံအားဖြင့် အင်အား စုအ သီး သီးကြားမှာ တူညီတယ်။ ဆိုကြပါစို့ အခု ကျနော်တို့တိုင်းပြည်မှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့လိုတယ် ဆိုတဲ့အချက် က နိုင်ငံ ရေး အင် အားစုအားလုံး ညီကြတယ်။ ဒါတခုပေါ့။ ဒုတိယအချက် တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ ဒီအတိုင်းမဖြစ်ဘူး၊ အားလုံး ဝိုင်းကြရလိမ့် မယ် ဆိုတဲ့ အပေါ်မှာ အားလုံးသဘောပေါက်တယ်။ အားလုံးညီတယ်လို့ ကျနော်တော့ အဲဒီလိုယူဆ တယ်။ နောက်တခုက အကယ်၍ ကနေ့ကာလ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘူး၊ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ဘူး ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘူး ဆိုလို့ရှိ ရင် ဒီရွေးကောက်ပွဲဆိုတဲ့ ကိစ္စကိုလည်း လက်ခံနိုင်ဖို့ဆိုတဲ့ကိစ္စ က အကုန်လုံးမှာ အခက်အခဲရှိတယ်။ ဒီနေရာမှာ အရေးအကြီးဆုံးက တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဖြစ်တယ်လို့ပဲ ကျနော်ထင်တယ်။ သို့သော်လည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေ ခံဥပဒေကို မပြင်ဘူး၊ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ဘူး အားလုံးပါဝင်နိုင်တဲ့အခြေအနေတွေ မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲကြီး ကို ဘယ်သူမှ လက်မခံ ဘူးဆိုတဲ့အပေါ်မှာ အားလုံး အခြေခံအားဖြင့် ညီတယ်။ ဒါပေမယ့် ကျိန်းသေတာက ရုပ်ပိုင်းအရပေါ့ဗျာ ကျနော်တို့အဖွဲ့အစည်း အသီး သီးက တနေရာစီ မှာဗျ။ တချို့ကလည်းတောထဲမှာ တချို့ကလည်း ထောင်ထဲမှာ တချို့ကလည်း ရန်ကုန်မှာ မြို့ထဲမှာ တချို့ကလည်း ပြည် ပမှာ ဘယ်လိုပဲ နေရာဒေသအသီးသီး ကွဲနေပါစေ ခုန ကျနော်ပြောတဲ့အချက်တွေ အပေါ် မှာတော့ အခြေခံအားဖြင့် ညီကြ တယ် လို့ ကျနော်တော့ထင် တယ်။ ကျနော်တို့ သူ့နေရာနဲ့သူ သူ့နေရာနဲ့သူ အလုပ် လုပ်ကြမယ်ဆို ရင် ကျနော်တို့လှုပ်ရှားမှု ဟာ ဒီထက်အရှိန် ကောင်းလာနိုင်တယ်လို့ ကျနော်တော့ အဲဒီလိုထင်တယ်။ ချုပ်ပြီးပြောရမယ်ဆိုရင်တော့ ကျနော်တို့မှာ ကျနော်တို့ ရည်ရွယ်ချက်တွေ ဒီကနေ့ လက်ရှိနိုင်ငံရေးအခြေအနေပေါ်မှာ မြင်နေတဲ့အမြင်တွေ၊ လက်ရှိနိုင်ငံရေးအခြေ အနေအောက်မှာ ဘာလုပ်သင့်တယ်ဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ကျနော်တို့ အင်အားစုတော်တော်များများကြားမှာ အရှိန် အားဖြင့် တူညီမှုရှိတယ်လို့ ကျနော် ပြောချင်ပါတယ်။

ဟုတ်ကဲ့။ ဦးငွေလင်းရော ဦးအောင်မိုးဇော်ပြောတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်သလဲခင်ဗျာ။

ဦးငွေလင်း။ ။ ဥက္ကဌ ပြောဆိုဆွေးနွေးချက်တွေ အကုန် ကျနော်သဘောတူပါတယ်။ ဒီအတိုင်းပါပဲ။ အဖွဲ့အစည်းတွေ ကပေါ့ဗျာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရှိကြတာကိုး။ အထဲထဲမှာ Legal fold မှာ ဥပဒေအတွင်းမှာ ရပ်နေကြရတာ ဒီလိုအဖွဲ့အ စည်းတွေလည်း ရှိတယ်။ နောက် နယ်စပ်ဒေသမှာ ရပ်နေရတဲ့ ကျနော်တို့လို အဖွဲ့အစည်းတွေလည်းရှိတယ်။ နောက်ပြီး တော့ အပစ်ရပ်ပြီးတော့မှ ထားတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်။ နောက် အပစ်မရပ်ဘဲ ဆက်တိုက်နေတဲ့ အဖွဲ့အစည်း တွေလည်းရှိတယ်။ ဆိုတော့ ဒီအဖွဲ့ အစည်း တွေအားလုံးမှာ တူညီတဲ့ကိစ္စကတော့ ဘာလဲဆိုရင် ဒီစစ်အစိုးရ လုပ်ချင်တိုင်း လုပ်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို လုံးလုံး လက်မခံ ဘူးဆိုတဲ့ ကိစ္စပဲ။ အဲဒီတော့ ဒီအခြေခံဥပဒေမှာပါတဲ့အချက်အလက် တွေ၊ နောက်အခြေခံဥပဒေ ဆွဲခဲ့ပုံဆွဲခဲ့နည်း၊ နောက်အ ခြေခံဥပဒေ ကို အတည်ပြုခဲ့ပုံ အတည်ပြုခဲ့နည်း အဲဒါတွေ အားလုံး ကို ဘယ်သူမှ လက်မခံဘူး။ ဒါတွေဟာ ဒီမိုကရေစီ ဖြစ်ပေါ် ပြောင်းလဲဖို့ရာ အတွက် အဆင့်တဆင့်ဖြစ်တယ်ဆိုတာကို ဘယ်သူမှ လက်မခံဘူး။ အဲဒါကြောင့် အားလုံးရဲ့ တညီတညွတ်တည်း တောင်းဆိုချက်က အခြေခံဥပဒေကို ပြင်ပါ ပြန် လည်သုံးသပ်ပါ ဒီလိုပြောနေတာရှိတယ်။ အဲဒီတော့ အဲဒါကို မသုံးသပ်ဘဲနဲ့ မပြင် ဆင်ဘဲနဲ့ တွေ့ဆုံဆွေးနွေးပွဲ မလုပ်ဘဲနဲ့ အကျဉ်းသားတွေ အားလုံးကို မလွှတ်မြောက်ဘဲနဲ့ ဘာမှမလုပ်ဘဲနဲ့ သူ့ ၂၀၁၀ ရွေးကောက်ပွဲ ဇွတ်လုပ်လာမယ်ဆိုလို့ရှိရင် အဲဒီဇွတ်လုပ်လာမယ့် ရွေးကောက်ပွဲကိုလည်း နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သပိတ်မှောက်ပစ် မယ်ဆိုတဲ့ အဲဒီအချက် မှာလည်း ညီကြတယ်။ ဒီဥစ္စာ တချို့ဖော်ပြချက်တွေက သူ့နေရာဒေသအလျောက်ဖော်ပြချက်တွေမှာ တခုနဲ့ တခု ကွက် တိ မတူသော်လည်းပဲ တူလို့မရလို့ မတူရသော်လည်းပဲ အနှစ်သာရအားဖြင့်အတူတူပဲလို့ ကျနော်တို့ အဲဒီလိုသုံးသပ်မိ တယ်။ သုံးသပ်မိတော့ ကနေ့အခြေအနေမှာ သေချာပေါက်တိုက်ပွဲဖော်ကြရမှာပဲ ကျနော်တို့ တကယ်လှုပ်ရှားကြရတော့ မှာပဲ တွန်း တင်ကြရတော့မှာပဲ။ အဲလို တွန်းတင်ကြရတော့မယ်ဆိုရင် ကျနော်တို့မှာ ဥပမာ ခေါင်းဆောင်မှုမဲ့နေမှာ ခေါင်း ဆောင်မှုအားနည်း နေမှာလားဆိုတဲ့ စိုးရိမ်စိတ်မျိုး ကျနော်တို့ ပါတီအနေနဲ့ဆိုရင်တော့မရှိဘူး။ ဒီဥစ္စာသေသေချာချာကိုပဲ တိုက်ပွဲအရကိုပဲ ညီညွတ်သွား ပြီးတော့မှ ညီညွတ်တဲ့ စုစည်းနိုင်မှု ခေါင်းဆောင်မှုဟာ အလိုလိုပဲ တိုက်ပွဲကြားထဲမှာ ထီးထီး မားမား ပေါ်လာမယ်လို့ ကျနော်တို့ အဲဒီလိုပဲမြင်ပါတယ်။

ဟုတ်ကဲ့ ကျေးဇူးပဲ ဦးငွေလင်းခင်ဗျ။ ပေးတဲ့အချိန်ကလည်း ပြည့်ခါနီးသွားပြီဖြစ်တဲ့အတွက် ကျနော်တို့ ဒီနေ့ဆွေးနွေး ချက်တွေအပေါ် အကျဉ်းချုပ်ပြီးပြောလိုရာများရှိရင် ပြောပေးဖို့ပါ။ ဦးတိုးတိုးထွန်း စပြီးပြောပေးပါလား။

ဦးတိုးတိုးထွန်း။ ။ ကျနော်တို့ ဒီနေ့ကာလမှာ တွေ့ဆုံဆွေးနွေးရေးကို NLD ကရော ပြည်တွင်းမှာရော အားလုံးတောင်း နေတယ် နိုင်ငံ တကာကလည်း တောင်းနေတယ်။ ဒါပေမယ့် ကျနော်တို့ လက်တွေ့ ရင်ဆိုင်နေရတဲ့ နအဖ စစ်အုပ်စုနဲ့ ပတ် သက်လာရင် မြန်မာပြည် နိုင်ငံရေးသမိုင်းကြောင်းကို ကျနော်တို့ ရှင်းရှင်းလင်းလင်းကြည့်လိုက်တဲ့အခါမှာ စစ်အုပ်စုက ၆၂ ကနေစပြီး ဒီနေ့ထက်ထိ တိုင်းပြည် နဲ့ ပြည်သူလူထုအတွက် ဘယ်တော့မှ လုပ်ခဲ့တာမဟုတ်ဘဲနဲ့ သူတို့အာဏာတည်မြဲရေး အတွက်ပဲ လိုသလို လုပ်သွားတယ်ဆိုတဲ့ သမိုင်းသင်ခန်းစာတွေရှိတယ်။ ရှိတဲ့အခါကျတော့ ဒီနေ့ကာလမှာ တွေ့ဆုံဆွေး နွေးရေးဖြစ်ဖို့ဆိုလို့ရှိရင် ကျနော်တို့ဟာတကယ် ဦးဝင်း တင်ပြောတဲ့ လူထုကို မျက်နှာမူတဲ့နိုင်ငံရေးတွေ၊ လူထုနဲ့ ပူးပေါင်းပါ ဝင်တဲ့ နိုင်ငံရေးတွေနဲ့ ဒီနေ့စစ်အုပ်စုပေါ့ နအဖ စစ်အုပ်စုကို တွေ့ဆုံရေးလမ်းကြောင်းပေါ်ကို မတက်တက်အောင် ကျနော် တို့ လုပ်ရမယ်။ တောင်းဆိုမှုတွေ တိုက်ပွဲတွေ လိုအပ်တယ်လို့ ထင် တယ်။ အဲဒီနေရာမှာ NLD က အဓိကကျတယ်လို့ထင် တယ်။ NLD အနေနဲ့က ဒီနေ့ကာလမှာ လူထုနဲ့အတူတူ ချီတက်နိုင်ဖို့အတွက် ဒီကနေ့ တိကျတဲ့ Massage ပေးဖို့လိုလာ ပြီလို့ တခု ထင်တယ်။ နောက်တခုက နအဖ စစ်အုပ်စုနဲ့လည်း တကယ်တွေ့ဆုံဆွေးနွေး ရေးကို သွားမယ်ဆိုလို့ရှိရင် အနိမ့် ဆုံးအဆင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမယ်။ ဒီမိုကရေစီ ပတ်ဝန်းကျင်တွေ အား လုံးပါဝင်နိုင်တဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးနိုင်ရမယ်လို့ ကျနော်တို့က အဲဒီလိုမြင်တယ်။ တကယ့်လက်တွေ့ ပြောနေတဲ့ နိုင်ငံရေးကို နအဖ စစ်အုပ်စုက ဖန်တီးရမယ်လို့ ကျနော်တို့က သူ့မှာ အဓိက တာဝန်ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်။

ဟုတ်ကဲ့၊ ဦးတိုးတိုးထွန်း ကျေးဇူးပဲ။ ဦးငွေလင်း ကရော နောက်ဆုံးနိဂုံးချုပ်အနေနဲ့ ဘာများပြောလိုပါသေးလဲခင်ဗျာ။

ဦးငွေလင်း။ ။ အခု အခြေအနေကြီးကို ကျနော်တို့ ပြောင်းလဲပစ်ဖို့ဆိုရင် အဓိက ကျနော်တို့ ဆုပ်ကိုင်ရမယ့် ကိစ္စကို မမေ့ဖို့လို တယ်။ အဲဒီ ဆုပ်ကိုင်ရမယ့် ကိစ္စက ဘာလဲဆိုရင် ရွှေဂုံတိုင်ကြေညာချက်က တောင်းဆိုထားတဲ့ ၄ ချက်ပဲ။ အဲဒီ တောင်းဆိုထားတဲ့ ၄ ချက် မရဘဲနဲ့ ကျနော်တို့ ဘာကိုမှ စစ်အစိုးရ မျက်လှည့်ပြတဲ့ ကိစ္စ သို့မဟုတ် ခြိမ်းခြောက်တဲ့ကိစ္စ တွေအပေါ်မှာ ကျနော်တို့ ဘာကိုမှ ယစ်မူးလို့ပဲဖြစ်ဖြစ် ကြောက်လန့်လို့ပဲဖြစ်ဖြစ် ကျနော်တို့ ဘာမှ တုန့်ဆိုင်းမသွားဖို့ အရေးကြီးတယ်။ ကျနော်တို့ အလုပ်ကို ကျနော်တို့ တည့်တည့်လုပ်ရလိမ့်မယ်။ ကျနော်တို့ ပြည်သူကို ကူညီကြရလိမ့်မယ် ပြည်သူကို ကျနော်တို့ ရှေ့ဆောင်လမ်းပြကြရလိမ့်မယ်။ ပြည်သူနဲ့အတူ ကျနော်တို့ ချီတက်ကြရလိမ့်မယ်။ အဲဒါကြောင့် ကိုတိုးတိုးထွန်းတို့ ဆွေးနွေးသလိုပဲ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ တရပ်လုံးလိုက်ပါဆောင်ရွက်နိုင်တဲ့ လုပ်ငန်းစဉ်တွေ ကို တကယ်ဦးဆောင်ပါတီတွေက ကျကျနန ချရမယ်။ ချပြီး အဲဒီအတိုင်းပဲ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေလည်း ချပြ ချပြပြီး အဲဒါတွေနဲ့အတူ လူထုအားအရယူပြီးတော့မှ ချီတက်မှသာ ကျနော်တို့ကို စစ် အစိုးရ ခြောက်တဲ့ကိစ္စ ကြောက်စရာ မလိုဘူး ချော့တဲ့ကိစ္စလည်း ပျော့စရာမလိုဘူးဆိုတဲ့ကိစ္စ ပိုပြီးအထင်အရှားပြနိုင်လိမ့်မယ်လို့ ကျနော်တို့မြင်ပါတယ်။ အဲဒီ တော့ ကျနော်တို့ လူထုပါဝင်တဲ့ လုပ်ငန်းစဉ်တွေ ချပြီးတော့မှ ရွှေဂုံတိုင်ကို ရုပ်လုံးပေါ်လာအောင် ကြွ တက်လာအောင် ဆောင်ရွက်ကြပါလို့ ကျနော် အားလုံးကို တိုက်တွန်းပန်ကြားချင်ပါတယ်။

ဟုတ်ကဲ့ ဦးငွေလင်း ကျေးဇူးပဲ။ ဦးအောင်မိုးဇော် ရေ နိဂုံးချုပ်အနေနဲ့ ဘာများပြောလိုပါသေးလဲခင်ဗျာ။

ဦးအောင်မိုးဇော်။ ။ ကျနော်တို့ ရဲဘော်တွေ ပြောတာနဲ့ ကွာလိမ့်မယ် မထင်ပါဘူး။ အခြေခံအားဖြင့် တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ် သက်လို့ စကားပြောတဲ့ ဆိုတဲ့အသံတွေ ညံနေတယ်။ ဦးခင်မောင်စိုး တို့လည်းသိတဲ့အတိုင်းပဲ ကျနော်တို့ ရဲဘော်ရဲ ဘက်တွေ မဟာ မိတ်တွေ ကျနော်တို့ ညီအကိုတွေ ကျနော် အဓိကပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် တခါ တုန်းက ပြောဖူးသလိုပါပဲ။ အကောင်းဆုံးကိုတော့ မျှော်လင့်လို့ ရပါတယ်။ တပြိုင်နက်တည်းမှာလည်းပဲ ကျနော်တို့အတွေ့ အကြုံတွေအရ အဆိုးဆုံးအတွက် လည်း ခိုင်ခိုင်မာမာပြင်ဆင်ထားဖို့လိုအပ်ပါတယ်လို့ ကျနော်တို့အနေနဲ့တော့ အဲဒီလို ပြောချင်ပါတယ်။

Sunday, November 15, 2009

ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ စာပို့
့်
14 November 2009


ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအကျိုးအတွက် စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဖို့ မေတ္တာရပ်ခံတဲ့ စာတစောင်ကို နိုဝင်ဘာလ ၁၁ ရက်နေ့က ပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဒီ မိတ္ထူစာတစောင်ကို အသံမလွှင့်ခင် အချိန်အနည်းငယ် အတွင်းမှာပဲ ရရှိခဲ့တာပါ။ ဒီစာနဲ့ ပတ်သက်တဲ့ သိရသမျှ အချက်အလက်တွေကိုတော့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

ဒီစာကတော့ - သို့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဆိုပြီးတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့စွဲတပ်ထားတဲ့စာ ဖြစ်ပါတယ်။ အကြောင်းအရာကတော့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲ တင်ပြခြင်း ဆိုပြီးတော့ ရေးထားတာ တွေ့ရပါတယ်။

ပထမ စာပိုဒ်မှာတော့ - ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို မစ္စတာ ကာ့တ် ကမ်ဘဲလ် ရောက်ရှိလာ တုန်းမှာ တွေ့ခွင့်ပေးတဲ့အတွက်ကြောင့် စစ်အစိုးရကို ကျေးဇူးတင်တဲ့အကြောင်း၊ ဒုတိယ စာပိုဒ်မှာကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သိရှိလိုတယ်ဆိုတဲ့ နိုင်ငံခြားက စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို သိရှိနိုင်အောင် နိုင်ငံတော် ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက် စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်တယ် ဆိုတဲ့ အကြောင်း ဖော်ပြထားပါတယ်။

တတိယ စာပိုဒ်ကတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အကျိုးရှိမယ့် လုပ်ငန်း တွေ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ရေးထားပြီးတော့ စတုတ္ထ စာပိုဒ်မှာတော့ - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ငန်း များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံးကို ကျမ၏ နေအိမ်သို့ ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးလိုပါသည်။ ကျန်းမာရေးအရ မိမိတို့ နေအိမ်အသီးသီးတွင်သာ နေထိုင်လျက်ရှိကြသော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင် တို့ကို ၄င်းတို့၏နေအိမ် အသီးသီးသို့ သွားရောက် ဂါရ၀ပြု ကန်တော့ပြီး - နံပါတ် (၁) ဒုတိယဥက္ကဌ ဦးတင်ဦး၊ နံပါတ် (၂) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွှန့်ဝေ တို့ ပါဝင်သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ စုံညီအစည်းအဝေးကို ကျမ၏နေအိမ်တွင် ကျင်းပရန် စီစဉ်ခြင်းနှင့် စပ်လျဉ်းပြီး သဘောတူညီချက် ရယူရေးကို စီစဉ်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါသည်လို့ ဖော်ပြထားပါတယ်။

နောက်ဆုံးစာပိုဒ်မှာတော့ - အဲဒီလို ဆွေးနွေးပြီးတဲ့နောက် ဒါဟာ နိုင်ငံတော်နဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စကို ဆွေးနွေး တိုင်ပင်ဖို့အတွက် နိုင်ငံတော် အေးချမ်းသာယာရေးအဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံတင်ပြခွင့် ပြုပါရန် အထူး မေတ္တာ ရပ်ခံအပ်ပါသည်။ - ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးထားတာ တွေ့ရပါတယ်။

ဒီစာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင်ဖြန့်ဝေလို့ ရရှိခဲ့တာ မဟုတ်တဲ့အတွက် ဒီစာဟာ အစစ်အမှန် ဟုတ် မဟုတ် authenticity နဲ့ ပတ်သက်ပြီးတော့သော်လည်းကောင်း၊ ဒီစာကို ကျနော်တို့ သတင်းအဖြစ် ထုတ်လွှင့်ခွင့် ရှိမရှိ ဆိုတာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကျနော် အခုပဲ ဆက်သွယ်မေးမြန်းပါတယ်။

ဦးဉာဏ်ဝင်းကတော့ ၁၁ ရက်နေ့ နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပြီး စာတစောင် ပေးပို့ထားတာ မှန်ကန် တယ် ဆိုတဲ့အကြောင်း၊ ဒီစာ ဟုတ်မဟုတ် အတိအကျ ဆိုတာတော့ သူမပြောနိုင်တဲ့အကြောင်း သတင်းမလွှင့်ခင်မှာဘဲ လွှင့်နိုင်ပါတယ်လို့ ပြောတဲ့အတွက် အခုလို ထုတ်လွှင့်လိုက်တာ ဖြစ်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အိုဘားမား တိုက်ရိုက် တောင်းဆို
15 November 2009


Members of the ASEAN 10 stand for a group photo with US president Obama, Nov 15, 2009.AP
အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားကို အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်များနှင့် အတူတွေ့ရစဉ်။ နိုဝင်ဘာ ၁၅၊ ၂၀၀၉။
နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မြန်မာစစ်ခေါင်းဆောင်တွေကို ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီတခါ တောင်းဆိုတဲ့အချိန်မှာ ထူးခြားတာကတော့ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကိုယ်တိုင် ရှိနေတဲ့ အစည်းအဝေးခန်းထဲမှာ အမေရိကန် သမ္မတက တောင်းဆိုခဲ့တာပါ။ မြန်မာဝန်ကြီးချုပ်နဲ့ အမေရိကန် သမ္မတတို့ တိုက်ရိုက် စကားပြောဆို ဖြစ်ခဲ့ကြသလား၊ အမေရိကန် သမ္မတက အခုလို တည့်တည့် တောင်းဆိုတဲ့အပေါ် မြန်မာအတိုက်အခံတွေဘက်ရော ဘယ်လို တုံ့ပြန်ခဲ့သလဲ၊ စတာတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားတို့ဟာ အစည်းအဝေး ခန်းမထဲမှာ သူတို့နှစ်ယောက်ကြားထဲ သုံးယောက်ပဲခြားပြီး ထိုင်နေခဲ့ကြပေမဲ့ တယောက်နဲ့တယောက် စကား တည့်တည့်မပြော၊ လက်ဆွဲ နှုတ်ဆက်တာလည်း မရှိခဲ့ဘူးလို့ စင်ကာပူကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။ ဒါပေမဲ့ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အေးပက် (APEC) ထိပ်သီးအစည်းအဝေး ပြင်ပမှာ အာဆီယံ (ASEAN) အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ခေါင်းဆောင် ၁၀ ယောက်နဲ့ သီးခြား တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ မစ္စတာအိုဘားမားက တိုက်ရိုက် တောင်းဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးပြီး လူနည်းစု လူမျိုးစုတွေအပေါ် ဖိနှိပ်နေတာတွေကို အဆုံးသတ်ဖို့ မစ္စတာအိုဘားမားက တောင်းဆိုခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မစ္စတာအိုဘားမားက စင်ကာပူကို မလာခင် ဂျပန်နိုင်ငံမှာ ကတည်းက အခုလို တောင်းဆိုခဲ့တာဖြစ်ပြီး မြန်မာခေါင်းဆောင်နဲ့ အစည်းအဝေးခန်း တခုထဲမှာ ရှိနေတဲ့အချိန် ထပ်တောင်းဆိုလိုက်တဲ့အပေါ် ကြိုဆိုပါတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အခု အေးပက် အစည်းအဝေးမှာ မြန်မာခေါင်းဆောင်ကြီးများ ရှိတဲ့အချိန်မှာ ပြောတာပါ။ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားနဲ့ ပတ်သက်ရင် ခိုင်ခိုင်မာမာပဲ ဆက်လက်ရှိနေတာကို ကျနော်တို့ တွေ့ရတဲ့အတွက် ကြိုဆိုပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ရေးဆိုတာဟာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေမှာ အဓိက အခန်းက ပါတယ်။ ဒါကိုလည်း မြန်မာနိုင်ငံ ခေါင်းဆောင်များ သဘောပေါက်လာပြီ၊ သဘောပေါက်ဖို့ နီးစပ်တယ်လို့ ကျနော်တို့တော့ ဒီလိုပဲမြင်ပါတယ်။”

ဒီလို တောင်းဆိုတဲ့အပေါ် မြန်မာဝန်ကြီးချုပ်က သော်လည်းကောင်း၊ တခြား အာဆီယံ ခေါင်းဆောင်တွေက သော်လည်းကောင်း ဘယ်လို တုံ့ပြန် ပြောဆိုခဲ့သလဲဆိုတာ သတင်းတွေမှာ မတွေ့ရပေမဲ့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်မယ့် ကြေညာချက်ထဲမှာတော့ ဒီလို တောင်းဆိုတဲ့စာပိုဒ် ပါလာမှာ မဟုတ်တော့ပါဘူး။ အရင်က ရေးထားတဲ့ ထုတ်ပြန်ချက် မူကြမ်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့စာပိုဒ် ပါပေမဲ့ နောက်ဆုံးထွက်လာမယ့်မူမှာ မပါတော့ဘူးလို့ ထုတ်ပြန်ချက် မိတ္တူတွေကို ဖတ်ရတဲ့ အေပီသတင်းက ရေးပါတယ်။ ဘာ့ကြောင့် ဒီစာပိုဒ်ကို ဖြုတ်လိုက်တာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

မြန်မာ အပါအ၀င် အာဆီယံခေါင်းဆောင် ၁၀ ယောက်စလုံးနဲ့ တစားပွဲထဲထိုင်ပြီး စည်းဝေးတာမျိုးဟာ အမေရိကန်သမ္မတ တယောက်အနေနဲ့ ဒါ ပထမဆုံးပါပဲ။ အရင်သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W.Bush) လက်ထက်ကဆိုရင် မြန်မာနိုင်ငံ ပါဝင်တဲ့အတွက် အေးပက် အစည်းအဝေးကိုတောင်မှ မတက်ခဲ့ပါဘူး။ အမေရိကန်က မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူထားတာတွေ မရုပ်သိမ်းသေးပေမဲ့ ထိတွေ့ဆက်ဆံမှုလည်း လုပ်သွားမယ်ဆိုပြီး ကြေညာထားခဲ့ပြီးတဲ့နောက် ဒီမူဝါဒကို အမေရိကန်သမ္မတ ကိုယ်တိုင်က လက်တွေ့ ကျင့်သုံးပြလိုက်တယ်လို့လည်း ဆိုရမှာပါ။ ဒါပေမဲ့လည်း ထိတွေ့ဆက်ဆံတာရော၊ ဒဏ်ခတ် အရေးယူတာရော နည်းလမ်းနှစ်ခုစလုံးကို တပြိုင်နက်တည်း ကိုင်စွဲအသုံးပြုတာဟာ အလုပ်ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေကလည်း ရှိနေပါတယ်။

ဦးဉာဏ်ဝင်းကတော့ ဒီလို နည်းလမ်းနှစ်ခုစလုံးကို အသုံးပြုတဲ့အပေါ် မှန်ကန်တယ်လို့ သဘောထားပါတယ်။

“Engage လုပ်တဲ့အခါမှာ အပြန်အလှန် ဟိုဘက်ဒီဘက် ဆွေးနွေးကြမယ်၊ ညှိနှိုင်းကြမယ်။ ဒီသဘောတူညီချက် အပေါ်မှာ မူတည်ပြီးတော့၊ Direct Engagement ပေါ်မှာ မူတည်ပြီးတော့ Sanctions ရုပ်သိမ်းရေးကလည်း တပြိုင်တည်း ပေါ်ပေါက်လာမယ့် ကိစ္စမျိုးပါ။ ဒါကြောင့် အဲဒီမူဝါဒ ထားရှိတယ်လို့ မစ်စ်ကလင်တန်က ကြေညာပြီး နာရီပိုင်းအတွင်းမှာ ကျနော်ကိုယ်တိုင်ပဲ ဒီဥစ္စာကို ကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောကြ ဆိုကြဖို့ လိုတယ်။ ပြောကြ ဆိုကြမှ ပြောကြ ဆိုကြတဲ့အပေါ် မူတည်ပြီး အလုပ် လုပ်လို့ရမယ်။ မပြော မဆိုရင် ဘာမှ လုပ်လို့မရဘူး။ ဒါဟာ ဒီ Engagement ကိုလည်း ကျနော်တို့ ထောက်ခံတဲ့ အရေးကြီး အကြောင်းအချက် တခုအနေနဲ့ ပြောချင်တာပါ။”

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန်က မူဝါဒ ပြောင်းလဲကျင့်သုံးမယ်လို့ ကြေညာလိုက်ပြီး ကတည်းက ဆက်တိုက်ဆိုသလိုပဲ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံတာတွေ လုပ်လာခဲ့ပါတယ်။ နောက်ဆုံး တောက်လျှောက် ပြစ်တင်ဝေဖန်လာခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့တောင် အစည်းအဝေးခန်း တခုထဲမှာ အတူထိုင်ပြီး ဆွေးနွေးတာမျိုးအထိ ရှိလာပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်ခေါင်းဆောင်တွေ ဘက်မှာတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ လုပ်ပြတာမျိုး၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ထင်ရှားတဲ့ တိုးတက်မှုတွေ မြင်ရအောင် လုပ်ပြတာမျိုး ခုချိန်ထိ မရှိသေးဘူးလို့ မြန်မာ့အရေး လေ့လာသူတွေကို ထောက်ပြ ပြောဆိုကြပါတယ်။

Wednesday, November 11, 2009

အပစ်ရပ် နှင့် နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီးယွက်စစ်သုံးသပ်ပြောဆို

ဗုဒ္ဓဟူးနေ့၊ 11 နိုဝင်ဘာလ 2009 သျှမ်းသံတော်ဆင့်
E-mail Print

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ - “အပစ်ရပ်ခဲ့တာ အပျော်အပါးလိုက်ဖို့မဟုတ်ဘူး - နိုင်ငံရေးပြဿနာကိုစစ်ရေး နည်းနဲ့မဖြေရှင်းဘဲ နိုင်ငံရေးစားပွဲဝိုင်းမှာဆွေးနွေးဖို့” - ဟု ဗိုလ်မှူးကြီးယွက်စစ်က ပြောပါသည်။

အမျိုးသားညီလာခံ NC ၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ တင်ပြချက်ကို စစ်အစိုးရက လက်မခံသောကြောင့် တိုင်းရင်းသားတန်းတူအခွင့်အရေးအတွက် ဆက်လက်ငြင်းဆန်နေခြင်းဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဌ/ သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးယွက်စစ်က -၁။ စစ်အစိုးရက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ အချိန်ဆွဲထားခြင်း၊
၂။ အမျိုးသားညီလာခံ၌ အပစ်ရပ်တို့ တင်ပြခဲ့သည့်အကြောင်းအရာ အချက်လက် များကိုလက်မခံ /ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ မထည့်သွင်းထားခြင်း ၊
၃။ အပစ်ရပ်တို့အား လက်နက်ချရန်သာ အတင်းအကြပ်ဖိအားပေးခြင်း၊
၎။ လက်နက်အတင်းအကြပ်ချခိုင်း၍မရသည်တွင် နယ်ခြားစောင့်တပ်/ဒေသကာကွယ်ရေးတပ် (ပြည်သူ့စစ်) အဖြစ်ပြောင်းခိုင်းခြင်း - စသဖြင့် တဆင့်ပြီးတဆင့် ခြေလှမ်းတိုး ဖိအားပေးလာခဲ့ခြင်းဖြစ်သည်ဟု ပြော၏။
[ဗိုလ်မှူးကြီးယွက်စစ် ]

ဗိုလ်မှူးကြီးယွက်စစ်

“သူတို့ အပစ်ရပ်ခဲ့တာ ဆယ်စုနှစ်ချီရှိပြီ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းနိုင်ဘူး၊ တဖွဲ့ပြီးတဖွဲ့ လက်နက်ဖြုတ် ခံရတာ ဘဲရှိတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

ဝ တပ်ဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖ ဖိအားပေးရာမှာ - “အပစ်ရပ်လာတာ အနှစ် ၂၀ တောင်ရှိပြီ အပြောင်းအလဲအတွက် ဘယ်လောက်အထိ စောင့်ရမလဲ” - ဟု စစ်အစိုးရကမကြာခဏ ပြောကြောင်း၊ ၀ တပ်ဖွဲ့ကလည်း “ကျနော်တို့အပစ်ရပ်လာတာ အနှစ် ၂၀ ရှိပြီ၊ ကျနော်တို့တောင်းထားတဲ့ဟာ ဘာတခုမှမရဘူး၊ အဲဒါကြောင့် အနှစ် ၁၀၀ အထိလဲ စောင့်သင့်ယင် စောင့်ရမှာဘဲ” -ဟု အချင်းချင်းပြောဆိုကြောင်း နယ်စပ်ဘက်ခရီးသွားလာသူတဦးက ပြန်လည် ပြောပြ၏။

ထို့အတူ ကချင်လွတ်လပ်ရေးတပ်မတော်ကလည်း - နအဖတို့ ပင်လုံစာချုပ်အတိုင်း ပြန်လည်အကောင်အထည် ဖေါ်လျှင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးမဆိုထားနှင့် လက်နက်အပြီးအပိုင်စွန့်ခိုင်းလည်း စွန့်မည်ဖြစ်ကြောင်း - ကချင် သတင်းဌာန KNG က ရေးသား၏။

သျှမ်းပြည်မြောက်ပိုင်းမှ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတဦးက - ၀ တို့ မိုင်းလားတို့ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့ နယ်ခြားစောင့်တပ် BGF ဒေသကာကွယ်ရေးတပ် HGF အား နာမည်ဖြင့်သာ လက်ခံပြီး နောက်ဆက်တွဲပါအချက်များ တခုမှလက်မခံခြင်းသည် ၀ိုင်အရက်ဟောင်းအား ပုလင်းသစ်/တံဆိပ်သစ် ပြောင်းတပ်ခြင်းနှင့်သာတူကြောင်း သုံးသပ်ပြ ပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးမူ ကိုင်စွဲထားကြောင်း


အန်အယ်လ်ဒီ ကြေညာချက်ထုတ်
မင်းနိုင်သူ / ၁၁ နိုဝင်ဘာ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒကို ကိုင်စွဲထားဆဲဖြစ်ကြောင်း ကြေညာချက်တစောင် ထုတ်ပြန်သည်။


ပါတီရုံးချုပ်၌ ယနေ့ကျင်းပသည့် (၈၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ပါတီရုံးခွဲများပြန်လည် ဖွင့်လှစ်ခွင့်ရရေး၊ ဖျက်သိမ်းခံထားရသော တိုင်းရင်းသားပါတီများအား ပြန်လည်မှတ်ပုံတင်ခွင့်ပေးရေးနှင့် လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ရရှိရေး တို့ကို ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏ အခမ်းအနားအပြီး နေ့လယ် (၁၁) နာရီခန့် တွင် စတင်သော အန်အယ်လ်ဒီပါတီ၏ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမှာစကားပါးလိုက်ကြောင်း သိရသည်။

“ဒီနေ့ ဦးဉာဏ်ဝင်း နေအိမ်ပြင်ဖို့ ကိစ္စနဲ့ ဒေါ်စုအိမ်ကိုသွားပါတယ်။ ဒေါ်စုက အဖွဲ့ချုပ်ကကျင်းပတဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေကို ကျေးဇူးတင်ကြောင်း အမှာစကားပါးလိုက်တာပါ။ အဲဒါကို ဦးခင်မောင်ဆွေက အခမ်းအနားမှာ ပြန်ပြောသွားပါတယ်”ဟု အန်အယ်လ်ဒီပါတီပြန်ကြားရေးမှ ဦးအုံးကြိုင်က ပြောသည်။

အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားတခုခု ပေါ်ထွက်လာလိမ့်မည်ဟူသော သတင်းများ ပေါ်ထွက်ခဲ့သောကြောင့် ပြည်တွင်းမီဒီယာများကလည်း ယနေ့ပွဲကို အထူးအာရုံစိုက်ခဲ့ကြကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

“အန်တီစု တခုခုပြောမယ်လို့ သတင်းတွေကြားထားတာ။ ဟိုနေ့က တွေ့ခွင့်ရထားတဲ့ ဦးဉာဏ်ဝင်းကလည်း သူ့ကို အထူးကိစ္စတခု ခိုင်းထားတယ်ဆိုပြီး သတင်းဌာနတွေကို ပြောထား၊ ပဟေဠိလုပ်ထားတော့ ဒီနေ့များ အဲဒါဖြစ်လာမလားဆိုပြီး စောင့်ကြရတာပေါ့။ အခုတော့သိပ်မထူးပါဘူး။ ကျေးဇူးတင်ကြောင်း ပြောသွားတာပါပဲ” ဟု ၎င်းက ပြောသည်။

ယနေ့ရန်ကုန်တွင် လုံခြုံရေးကားများလှည့်လည်မှုရှိပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများ၏ အခမ်းအနားနှင့် အဖွဲ့ချုပ်၏ အခမ်းအနားများကိုလည်း သတင်းတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြည့်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

(၈၉) နှစ်မြောက် အမျိုးသားနေ့အောင်ပွဲအခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေအိမ်၌လည်း ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ တိုင်းရင်းသားပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေက ၎င်းတို့အဖွဲ့သည် နိုင်ငံရေးပါတီတရပ်မဟုတ်ကြောင်း၊ ၁၉၃၉ ခုနှစ် ခန့်မှစတင်ကာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ကြောင်း၊ ကြွေးကြော်သံမှာ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ ထိုကြွေးကြော်သံနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်များက လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့ကြောင်း၊ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းတို့တည်ဆောက်ခဲ့သည့် ညီညွတ်ရေးသည် ပြိုကွဲခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ယခင်က မြန်မာ့နောက်တွင် ကျန်ရစ်ခဲ့သည် စင်ကာပူ၊ ထိုင်း၊ မလေးရှားတို့ကို ယခု မိမိတို့က ပြန်မော့ကြည့်နေရပြီဖြစ်ကြောင်းများကို ထောက်ပြပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီကို ပြပြလေးသာမြင်လိုက်ကြရသည်ဖြစ်ရာ ယခု အသက် (၅၀) ရှိနေသူများ ပင် ဒီမိုကရေစီဆိုသည်ကို စမ်းတ၀ါးဝါးဖြစ်နေရကြောင်း၊ ထိုကြားထဲ ပရော်ဖက်ဆာကြီးများက ရင့်ကျက်သည့် ဒီမိုကရေစီ တည်ဆောက်လိုပါက သည်းခံပြီးစောင့်ရမည်ဟု ပြောနေကြသေးကြောင်း၊ မိမိအနေဖြင့် အသက် (၉၄) နှစ်ရှိနေပြီး ဒီမိုကရေစီကို ပြန်မြင်ရနိုး စောင့်စားလာသည်မှာ (၆၂) နှစ်ရှိနေပြီဖြစ်ကြောင်း၊ မိမိတို့ ကြိုးပမ်းခဲ့မှုများကို မသေမီ တွေ့ရပါမည်လားဟု စဉ်းစားမိကြောင်းများကိုလည်း သခင်သိန်းဖေက ထည့်သွင်းပြောဆိုသွားသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏ ယနေ့ထုတ်ပြန်ချက်တွင်လည်း ညီညွတ်ရေးပြိုကွဲမှုကို အဓိက ထောက်ပြထားပြီး အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရန်အတွက် နအဖအစိုးရအနေဖြင့် တိုင်းရင်းသားများအပါအ၀င် နိုင်ငံရေးအင်အားစုများ၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီများနှင့် သူမနာကိုယ်မနာနည်းဖြင့် တွေ့ဆုံညှိနှိုင်း အဖြေရှာရန်ကိုလည်း ထပ်မံတိုက်တွန်းထားသည်။

အမျိုးသားအောင်ပွဲနေ့တွင် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကလည်း စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး လူထုအနေဖြင့် မဲဆန္ဒလုံးဝမပေးကြရန် တိုက်တွန်းထားသည်။

Tuesday, November 10, 2009

ILO ကိုဒေသအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မှုအားနည်း
10 November 2009 (voa 9)

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်မှုတွေမှာ စစ်အစိုးရ အာဏာပိုင်တွေဘက်က ထိပ်ပိုင်းအဆင့်မှာ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိပေမဲ့ အောက်ခြေအဆင့်မှာတော့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ILO အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုအတွက် ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ထံ တိုင်ကြားမှုတွေ ပြီးခဲ့တဲ့နှစ်အတွင်း တိုးလာတယ်လို့ နိုဝင်ဘာလ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံအတွင်းက အဓမ္မ လုပ်အားပေးခိုင်းမှုဆိုင်ရာ ILO ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေအတွက် တိုင်ကြားရေးဆိုင်ရာ သဘောတူညီချက် စာချွန်လွှာကို မြန်မာစစ်အစိုးရနဲ့ ILO အကြား ရှိထားတဲ့ သဘောတူညီချက်အရ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေကို လွတ်လပ်စွာ တိုင်ကြားခွင့် ရှိတဲ့အကြောင်း စစ်အစိုးရ ထိပ်ပိုင်းအဆင့်က သဘောတူထားပေမဲ့လည်း အောက်ခြေအဆင့်မှာတော့ ဒီသဘောတူညီချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိဘူးလို့ ILO အမှုဆောင် ညွှန်ကြားရေးမှူး ကာရီ တာပီယိုးလား (Kari Tapiola) က ပြောပါတယ်။
“ဒီကိစ္စက ကျနော်တို့ ILO နဲ့ စစ်အစိုးရကြား ရှိနေတဲ့ ပြဿနာကြီး တခုပါ။ မတရား အဓမ္မခိုင်းစေမှုတွေကို တိုက်ဖျက်သွားမယ်လို့ ထိပ်ပိုင်း အာဏာပိုင်တွေက ကျနော်တို့ကို အကြိမ်ကြိမ် ကတိတွေပေးခဲ့ပေမဲ့ အဲဒီ သဘောတူညီချက်ကို အောက်ခြေ နယ်တွေမှာရှိတဲ့ အာဏာပိုင်တွေက လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ကွာဟနေတာကို တွေ့ရပါတယ်။”
မြန်မာစစ်အစိုးရနဲ့ ILO အကြား ရှိထားတဲ့ သဘောတူညီချက်အရ ထိပ်ပိုင်းအာဏာပိုင်တွေက အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေကို လွတ်လပ်စွာ တိုင်ကြားခွင့် ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီလို တိုင်ကြားသူတွေကို အောက်ခြေ အာဏာပိုင်တွေက ဖမ်းဆီး အရေးယူတာတွေ၊ ခြိမ်းခြောက်တာတွေ ရှိနေဆဲ ဖြစ်တဲ့အပြင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကိုလည်း စစ်သားအဖြစ် စုဆောင်းမှုတွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှုအတွက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ထံ တိုင်ကြားမှုတွေ တိုးလာတယ်လို့ မစ္စတာ တာပီယိုးလားက ပြောပါတယ်။
“အခုထုတ်ပြန်တဲ့ အစီရင်ခံစာက အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ တိုင်ကြားရေးမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့ သုံးသပ် တင်ပြထားပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့နှစ်အတွင်း အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်လို့ ILO ကို တိုင်ကြားလာကြသူ အရေအတွက် များလာတာကို တွေ့ရပါတယ်။ တချို့ ကလေးစစ်သား စုဆောင်းတဲ့ ကိစ္စတွေကို ဖြေရှင်းလိုက်နိုင်ပေမဲ့ ဒီတိုင်ကြားရေးနည်းစနစ်ကို အသုံးပြုတဲ့သူတွေ ဖမ်းဆီးခံရတယ်၊ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ သတင်းတွေကို ကျနော်တို့ ပြန်ကြားရပါတယ်။ ဒီကိစ္စတွေကို ကျနော်တို့ အစီရင်ခံစာထဲမှာ အသေးစိတ် ထောက်ပြထားပါတယ်။”
ဒါပေမဲ့ တဘက်မှာ တိုးတက်ကောင်းမွန်မှုတချို့ ရှိတာကိုလည်း တွေ့ရပါတယ်လို့ မစ္စတာ တာပီယိုးလားက ပြောပါတယ်။ ဥပမာ အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်လို့ လူထုပညာပေး လုပ်ငန်းတွေ ILO က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့အတွက် လူထုအနေနဲ့ ဒီအပေါ်မှာ တော်တော်သိရှိလာကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းက အဓမ္မလုပ်အားပေး ခိုင်းစေမှု အခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့အတွက် အာဏာပိုင်တွေအနေနဲ့ ပေးထားတဲ့ကတိအတိုင်း လက်တွေ့မှာ လုပ်ဆောင်ဖို့ လိုတယ်လို့ မစ္စတာ တာပီယိုးလားက ထောက်ပြပါတယ်။
“ကျနော်တို့ ပြောနေတာက အာဏာပိုင်တွေအနေနဲ့ ပေးထားတဲ့ ကတိတွေအတိုင်း လက်တွေ့ လိုက်လံ လုပ်ဆောင်ပေးဖို့ပါ။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်သွားအောင် လုပ်ဆောင်ဖို့ စစ်အစိုးရ အာဏာပိုင်တွေထံမှာ လုပ်ပိုင်ခွင့်အာဏာ ရှိနေပါတယ်။ ချမှတ်ထားတဲ့ သဘောတူညီချက်တွေ၊ အမိန့်တွေကို လိုက်နာဖို့ပဲလိုပါတယ်။ နောက် ဒီလို အဓမ္မလုပ်အားပေး ခိုင်းစေသူတွေကိုလည်း တရားဥပဒေအရ အရေးယူဖို့ လိုပါတယ်။”
အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်သူအနေနဲ့ ရာဇသတ်ကြီးဆိုင်ရာ ပြစ်မှုနဲ့ တရားစွဲဆို အရေးယူ ခံရနိုင်တဲ့အကြောင်း စစ်အစိုးရကိုယ်တိုင်က ဥပဒေ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။
ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညီလာခံကို ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး မြန်မာနိုင်ငံက အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်လို့တော့ နိုဝင်ဘာလ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးမယ်လို့ သိရပါတယ်။

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ
Tuesday, 10 November 2009 16:15 ဒေါက်တာ ဇာနည်
အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း “မုသာဝါဒါ ဝေရာမဏိ”ဆိုပြီး တတွတ်တွတ် ရွတ်တတ်ကြတယ်။ ဒါပေမယ့် တကယ်တော့ ဗမာ တမျိုးသားလုံးဟာ မုသာဝါဒ မှိုင်းတွေမိပြီး ဘိုးဘွားပိုင်တိုင်းပြည်ကြီးဆိုပြီး ဇာတိသွေး ဇာတိမာန်တွေ တက်ကြွ နေတာပါ။ ရေထဲက ငါးတွေ ရေစိုတာ မသိသလိုပါဘဲ။ မိရိုးဖလာ မျိုးချစ်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လို့ နိုင်ငံရေး အသိမရှိတဲ့ ဘ၀မှာ အားလုံးက အမျိုးသားဇာတ်ပျက်ကြီးထဲ “ကမ္ဘာမကြေ”ဆိုတာနဲ့ တက်အောင် ထကခဲ့၊ ထက နေကြတာပါ။

စဉ်းစားကြည့်လေဗျာ။ ကျုပ်တို့အားလုံးကို သွင်းထားတဲ့ အမျိုးသားရေးဇာတ်ပွဲရဲ့ ဇာတ်ညွှန်းကို ကြည့်ပါ။ ဗမာ တွေ ပေါက္ကံပြည်ကြီးမှာ ကိုယ့်မင်း ကိုယ့်ချင်း တိုင်းရင်းသား အားလုံးနဲ့ ချစ်ချစ်ခင်ခင် ဥမကွဲ သိုက်မပျက်နေခဲ့ ကြတာ ရှေးပဝေသဏီ ကတည်းက၊ ကမ္ဘာတည်စကတည်းက ဆိုမယ်။ ဒီရွှေနိုင်ငံကြီးကို မိစ္ဆာကုလားဖြူတွေ ကျူးကျော် နယ်ချဲ့လို့ တိုင်းဌာနေ အစိတ်စိတ် အမွှာမွှာကွဲ၊ ပြည်သူတွေလည်း နှစ် ရာကျော် ကျွန်သဘောက် ဘ၀ ရောက်ခဲ့ရတယ်လို့ အမျိုးသားရေး ဇာတ်ထုတ်က ဆိုတယ်။

ဗမာတွေ လွတ်လပ်ရေး ရတာပဲ အနှစ် (၆၀) လောက်ရှိပြီဆိုတော့ ကျုပ်တို့တွေ သမိုင်းကို မျက်မှန်စိမ်းဖြုတ်ပြီး ကြည့်ဖို့၊ ပြန်လည်သုံးသပ်ဖို့ လိုပြီ။

ကျဉ်းမြောင်းတဲ့၊ ပြင်းထန်တဲ့ အမျိုးသားရေး သမိုင်းအမြင်ကို ဂျပန်ခေတ်က စကားနဲ့ ဆိုရင်တော့ “မျက်မှန်စိမ်း”၊ သမိုင်းလောကုတ္တရာ စကားနဲ့ ပြောရရင်တော့ “အမျိုးသားရေး မောဟ” လို့ခေါ်ရမယ်။ ကုန်းဘောင်ခေတ်နှောင်း အချုပ်တန်းဆရာဖေရဲ့ စကားငှားသုံးရင်တော့ ဗမာတွေရဲ့ “ခွ(ဂွ)ကောင်တွေခွေးဖြစ်တဲ့သမိုင်း”လို့များ ဆိုရ မလား မသိပါ။

သမိုင်းသတ္တိရှိကြပါ၊ ကျုပ်တို့ပြည်သူအားလုံးကို “ကျေးတော် ကျွန်တော်” လုပ်ခိုင်းပြီး စီးပွားရေး ကုပ်သွေးစုပ်၊ မယားမှိုလိုပေါက်အောင် ယူပြီးတော့ လောကီစည်းစိမ်ယစ်မူးခဲ့တဲ့ “ပါးစပ်က ဘုရား လက်ကကားယား” ပဒေသရာဇ်ဆိုတဲ့ လူတွေကိုကြည့်။ ယိုးဒယားကိုသိမ်း၊ ရခိုင်ကို ဖျက်ဆီး၊ မွန်တွေကို အမျိုးဖြုတ်၊ ရှမ်းတွေကို နှိပ်ကွပ်၊ ကရင်တွေကို ပေါ်တာဆွဲ ရမ်းချင်တိုင်းရမ်း အဓမ္မဇာတ်ခင်းပြီး လက်နက်နိုင်ငံတော်ကြီးတွေ ထောင်ခဲ့ တာပဲ။ အဲဒါကို ရာဇ၀င် ဆရာကြီး၊ ဆရာလေးများက လက်ခုပ်သြဘာပေး၊ ကိုယ်နဲ့ အတန်းမတူတဲ့ ဘိလပ်က အင်္ဂလိပ်တွေနဲ့ ဟဲဗီးစိတ်တန်းဝင်မြှောက်ပေးကြတော့ ကုန်းဘောင်ဆက်လဲပြုတ်။ ရွှေနန်းတော်ကြီးလည်း ထင်းဖြစ်။ မယားကြောက် သီပေါလည်း အင်္ဂလိပ်ဘွတ်ဖိနပ်စာထိ။ ဗမာတွေလည်း ကုန်းဘောင်ကျွန်ဘ၀ကနေ ၀ိတိုရိယ ကျွန်ဘ၀ အရှင်လတ်လတ် ဘ၀ကူးခဲ့ရတာပေါ့။

ကျုပ်တို့အမျိုးသားရေးသမိုင်း အမြင်မှာတော့ အင်္ဂလိပ်နယ်ချဲ့တွေ ဆိုးဝါးအနိုင်ကျင့်တယ်ပေါ့ဗျာ။ ကိုယ့်ဘုရင် သခင်က တခြားလူမျိုးတွေကို သွားသိမ်းပိုက်အနိုင်ယူတာကျတော့ ပါးစပ်က အမြှုပ်တွေ ထတဲ့အထိ ပီတိဖြာ တယ်။ ပြောလို့ ဂုဏ်ယူလို့မဆုံးတော့ဘူး။ ကိုယ့်လူမျိုးအသုံးမကျလို့ အင်္ဂလိပ်မင်းများက သခင်ကြီးအဖြစ်လဲ ရောက်ရော မတရားဘူး ထအော်ပေါ့။ ဒါက ညစ်ပလီစိတ်ပါ။

ကျုပ်တို့ ဗမာတွေလို့ သိမ်းကျုံးပြီး ရည်ညွန်းလိုက်ပြန်တော့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ကြီးလာတဲ့ ညီနောင်ရင်း လူပါးဝလှချည်လားဆိုပြီး ဆဲတာတွေ၊ ကလော်တုတ်တာတွေ လာမယ်ဆိုတာ ခန့်မှန်းမိပါတယ်၊ “ဗမာ”ဆိုတာ အမျိုးသားရေးဝါဒီ ဗမာအားလုံးကို ရည်ညွန်းပါတယ်။ အရပ်သား၊ စစ်သား၊ ဘုရားသား၊ အသည်သား၊ ရုံးသား သားပေါင်းစုံကို ဆိုလိုပါတယ်။ မရှင်းမှာ စိုးလို့ပါ။

လူစင်စစ်က အမျိုးသားရေး “မျက်မှန်စိမ်း” တပ်ခံခဲ့ရ၊ တပ်ခံနေရဆဲ ကျုပ်တို့ရဲ့ဘ၀ကို မချိလို့ပါ။ ဒီညစ်ပလီ အမျိုးသားရေးသမိုင်းကို မိရိုးဖလာ အလား၊ ကိုယ်ပိုင် ဆင်ခြင်တုံတရား မသုံးဘဲ လက်ဆင့်ကမ်း လာလိုက်တာ (၁၉၄၈) က စပါတယ်။ ဒါကြောင့် မျိုးဆက် (၃) ဆက်လောက်တော့ ရှိပါပြီ။ လက်ရှိသမိုင်း သင်ရိုးညွန်တမ်းတွေ ဆိုတာကလဲ အဲဒီ သမိုင်းမျိုးအပေါ်မှာပဲ အခြေစိုက်ထားတာမျိုး ဖြစ်ပါတယ်။

ကောင်းတာမှန်သမျှ အမျိုးသားယဉ်ကျေးမှုရဲ့ အမွေအနှစ်အဖြစ် ပြောမယ်။ မကောင်းတာ၊ ပျက်တာ၊ ဖောက်ပြန် တာ မှန်သမျှ ဗြိတိသျှ သခင်ကြီးများ လက်ကျန် ကိုလိုနီအမွေအနှစ်တွေပါဆိုပြီး တာဝန်ကို ရှန်တိန်လုပ်ထားတဲ့ သမိုင်းပဲ။ မိရိုးဖလာ အမျိုးသားရေးဝါဒီတွေရဲ့ သမိုင်းအမြင်တွေထဲမှာ မှန်တာတွေကတစိတ်လေးလောက်တော့ ပါမှာပေါ့လေ။ ဒါပေမယ့် သုံးသပ်ချက်အမှား၊ သမိုင်းကောက်ချက်အမှားနဲ့ ထိန်ချန်မှုတွေကလည်း တပုံတပင်ပါ။

ကိုယ့်မင်း ကိုယ့်ချင်း ဘ၀ကတည်းက ကျုပ်တို့ဟာ ကျွန်သာသာ ဘ၀မှာ နေခဲ့ရတယ်။ မျက်နှာဖြူ သခင်ကြီးများ လက်အောက်ရောက်တော့လည်း ဒုံရင်း ဒုံရင်းပါပဲ။ ဒီ ပြည်သူအများစုရဲ့ သူမသာ ကိုယ်မသာ ဘ၀ကို ထိန်ချန် ရေးတဲ့ အမျိုးသားဝါဒီ သမိုင်းရာဇ၀င် က၀ိကြီးများက ကျုပ်တို့ရဲ့အတိတ်ဆိုး၊ အတိတ်ပုပ်တွေကို မျှော့ကြိုးလို သဘောထားပြီး ကိုယ်လိုရာ ဆွဲတွေး၊ ဆွဲရေးခဲ့ကြ၊ ရေးနေဆဲဖြစ်တယ်။

ဒါကြောင့် ပြည်သူတွေခမျာလဲ အစဉ်အလာအမျိုးသားရေး၊ လူမျိုးရေး သမိုင်းအမြင်ထဲမှာပဲ တ၀ဲလည်လည်ပေါ့ ဗျာ။ ဖွတ်ကို မိကျောင်းမှတ်၊ မမြင်ဘူး မူးမြစ်ထင်ဆိုသလို ကိုယ့်ကိုယ်ကို သနားလိုက် ဘ၀င်မြင့်လိုက်နဲ့ သံသရာ လည်နေတဲ့ သမိုင်းရေဆွေးထဲပဲ ပိတ်ဆို့ ပေါလောမျောနေတာကိုး။

ဘုရားဆုပန် သာသနာပြု ဆင်ဖြူ နွားဖြူများရှင် မင်းတြားကြီးများရဲ့ လက်ထက်က ပြည်သူတွေရဲ့ လူမူစီးပွား ဘ၀ကို မျက်မှန်စိမ်းချွတ်ပြီး ပြန်ကြည့်ရအောင်။ ပါးစပ်ကတော့ ဘုရား ဘုရားနဲ့၊ ပြည်သူကို ကျောသားရင်သား မခွဲခြားဘဲ မင်းကျင့်တရားဆယ်ပါးနဲ့ အညီ အုပ်ချုပ်ပါတယ် ဆိုတဲ့ ဧကရာဇ်တွေဟာ တကယ့်လက်တွေ့မှာ တိုင်း သူပြည်သားတွေကို ဘယ်လိုများ အုပ်ချုပ်ခဲ့ပါသလဲ။ တိရစ္ဆာန်တွေနဲ့ မခြား ကြီးနိုင်ငယ်ညှဉ်း သမားတွေပဲ။ ထီးဖြူ ကိုဆောင်း၊ ပလ္လင်ပေါ် တင်ပျဉ်ခွေထိုင်၊ ဘောင်းတော်စီးပြီး ဘုရားထူးခံတာက လွဲလို့ အဟိတ်သတ္တ၀ါများနဲ့ သိပ် မကွာလှပါဘူး။

ကုလားပြည်နဲ့ သိပ်မကွာတဲ့ လူတန်းစား ဇာတ်ခွဲခြားမူ လွှမ်းမိုးတဲ့ လူမှုဘ၀ကို ကြီးကြပ်စီမံခဲ့သူတွေပါ။ အ၀တ်အစား အရောင်၊ ခေါင်းပေါင်း ပုဝါ ကစပြီး အိမ်တောင် ဆိုဒ်စုံ ပြဌာန်းချက်တွေ များစွာနဲ့ မလွတ်လပ်တဲ့ ကျွန်လူနေမှုစနစ်ကြီးပါ။ ကျုပ်တို့တွေ ကိုယ့်မင်းကိုယ်ချင်းဘ၀က ဘ၀ရှင်မင်းတြားကြီးဆိုသူများဟာ ဘုရားကြီး တွေတည်၊ နန်းတော်ကြီးတွေ တခုခုပြီးတခုဆောက်၊ သူတို့နန်းဆက်တည်မြဲရေးဆိုတဲ့ စိတ်ဓာတ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာပဲ။ ကျုပ်တို့ရဲ့ သမိုင်းအစဉ်အလာ အစစ်ကို မယုံရင် ဗဒုံ (ခေါ်) ဘိုးတော်ဧကရာဇ် ဘုရားတည် “ဘုရားကြီး” ကို သွားကြည့်ကြပါ။ ပြည်သူတွေ စားစရာမရှိ၊ ငတ်မွတ်ခေါင်းပါးတဲ့ ဘ၀မှာ ဘိုးတော်ဘုရင်က ပြည်သူသွေးချွေးနဲ့ ရင်းလို့ရလာတဲ့ ဥစ္စာနဲ့ ပြည်သူလုပ်အားကို အဓမ္မသုံးပြီး ဘုရားတည်ခဲ့တာပါ။

ဘိုးတော်ဘုရား တယောက်တည်း ဒီလိုကျင့်ကြံခဲ့တာ မဟုတ်ပါဘူး၊ ပဒေသရာဇ်ခေတ်ကတည်းက ကျုပ်တို့ ဗမာ အားလုံး အခက်ကြုံခဲ့တာတွေ အခုခေတ်မှာလည်း ဂယက်ရိုက်တုန်းပါပဲလား။ ကျုပ်တို့ ဘိုးဘွားဘီဘင်တွေ လက် ထက် ခေတ်အဆက်ဆက်က နိမ့်ကျတဲ့ ဒုတိယတန်းစား လူ့အလွှာအဆင့်မှာ ဆက်ဆံခံခဲ့ရတယ်။ နဖူးကချွေး ခြေမကျမှ ရတဲ့ ဆန်စပါး ကောက်ပဲသီးနှံတွေကို အခွန်ကောက်၊ အမြတ်ထုတ်၊ လက်ဝါးကြီးအုပ် သိမ်းပြီး အုပ်ချုပ်သူနဲ့ မင်းမြှောင်များ မြို့ကြီးသား လူ့ယဉ်ကျေးဆိုသူများက စားတော်ခေါ်ကြ၊ နိုင်ငံထူထောင်ကြတာ ဖြစ်ပါတယ်။

ဗမာအုပ်ချုပ်သူ၊ ရှမ်းအုပ်ချုပ်သူ၊ ရခိုင်အုပ်ချုပ်သူ၊ မွန်အုပ်ချုပ်သူ အစရှိသဖြင့် လူမျိုးတွေ၊ လူတန်းစားတွေ၊ ခေတ်တွေ ပြောင်းသွားပေမယ့် အကျင့်အကြံ အပြုအမူတွေကတော့ သူမသာ ကိုယ်မသာတွေပါ။ သက်ဆိုင်ရာ လူထုကြီးတွေကို ဂုံးပိုးစီးပြီး နိဗ္ဗာန်ကို ဖြတ်လမ်းက ရောက်ချင်သူတွေပါ။

ဒီလို ညစ်ပလီသမိုင်းဆိုးတွေနဲ့ ပတ်သက်လာရင် ကျုပ်တို့ရဲ့ခြံပေါက်အမျိုးသားရေး ၀ါဒီများအပေါ် သမိုင်းက၀ိကြီး တွေက သတ္တိရှိရှိ ပညာရှင် ကျင့်ဝတ်မသုံးဘဲ အမှန်ကို အမှန်အတိုင်း ဓမ္ဗဓိဌာန်ကျကျ မရေးကြတဲ့အပြင် ၎င်းတို့ ကိုယ်တိုင်က မျက်မှန်စိမ်းကြီးတွေ ဆိုဒ်စုံတပ်ပြီး ကလောင်သွေးခဲ့ကြတာ နှစ်တရာကျော်တောင် ရှိလာပြီပဲ။ ခေတ်မီဗမာ့အမျိုးသားရေးစိတ်ဓာတ်များ စတင်သန္ဓေတည်ခဲ့တယ်လို့ဆိုကြတဲ့ (၂၀) ရာစုဆန်းကစပြီး ကျုပ်တို့ ခြံပေါက် ရာဇ၀င်ဆရာကြီးများ ဖန်တီးခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ကြရအောင်။

ဦးမေအောင် နဲ့ အဘိဓာန်ဆရာကြီး ဒေါက်တာ ဘဟန်က အစ သွေးအိုင်ထဲမှ မြန်မာ့ဒေါင်း အင်္ဂလိပ်-မြန်မာ ဆက်ဆံရေး သမိုင်း (၁၇၅၃ - ၁၉၄၈) ရေးသူ ကမ္ဘာကျော် မြန်မာပုံပြောဆရာကြီး ဒေါက်တာထင်အောင် အလယ်၊ မြန်မာအမျိုးသား လှုပ်ရှားမှုသမိုင်း(၁၉၄၀ - ၄၈) ရေးသူ ဗိုလ်မှူးချုပ် မောင်မောင်(ကွယ်လွန်) နဲ့ နောက် ဆုံး ခြေရာပျောက်များကို ရှာကြည့်ခြင်း ပုဂ္ဂလိက သမိုင်းရှာပုံတော် ရေးသူ ဒေါက်တာ သန့်မြင့်ဦး အထိ အားလုံး သော က၀ိကြီးများက ဗမာနိုင်ငံတော်ကြီးကို ဗဟိုပြုတင်ဆက်ထားတဲ့ အုပ်စိုးသူဗမာရေပေါ်ဆီတွေရဲ့သမိုင်းကို မသာ ပေါင်ဒါဖို့တာမျိုး ရေးသားကြတာပါ။

ဒီ ညစ်ပလီ အမျိုးသားရေး သမိုင်းအရဆိုရင် တိုင်းပြု ပြည်ပြု ဗမာမျိုးချစ်ကြီးများ လုပ်ဖို့ဆိုတာကတော့ ပြည်မနဲ့ လူမျိုးစုပြည်နယ်များ ပေါင်းစည်းရေးက အဓိကပေါ့ဗျာ။ ဒီမိုကရေစီနည်းနဲ့ပဲခေါ်ရခေါ်ရ၊ သေနတ်အားကိုးနဲ့ နဖား ကြိုးဆွဲခေါ်ရခေါ်ရဆိုတာမျိုးပါ။ ဒါကတော့ လုပ်ပုံလုပ်နည်းမှာ လူလိမ္မာနဲ့ လူမိုက် ကွဲခြားမှုလောက်ပါပဲ။ ရည်ရွယ် ချက်ကတော့ ဗမာကို အလယ်မှာထားပြီး လူနည်းစုလူမျိုးစုတွေက အစွန်အဖျားကနေရမယ့် ဗမာဗဟိုပြု ပြည် ထောင်စုကြီး ထူထောင်ဖို့ပါ။

တကယ်တော့ ကိုလိုနီခေတ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့သမိုင်းဟာလဲ သြဇာအာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ ဗမာလူမျိုး မြို့နေလူတန်းစား ယောက်ျားရေပေါ်ဆီတွေရဲ့သမိုင်းပါ။

ကျုပ်တို့နိုင်ငံ ကိုလိုနီခေတ်မတိုင်မီက ညစ်ပလီ အတိတ်ဘ၀ကို ကိုယ့်အမျိုးလို့ဆိုပြီး သာသာထိုးထိုး ရေးခဲ့တဲ့ မျက်မှန်စိမ်း သမိုင်း အဖြစ်ကိုရော၊ လွတ်လပ်ရေးရပြီးခေတ် အမျိုးသားစိတ်မွှန်ပြီး လုပ်ခဲ့ကြတဲ့ သမိုင်းဖြစ်ရပ်များ ကိုပါ သတ္တိရှိရှိ ရင်ဆိုင်ဖို့ လိုပါတယ်။

၁၉၄၈ လွတ်လပ်ရေး လွန်ကာလမှာ ကိုယ့်မင်းကိုယ်ချင်းဆိုပြီး နိုင်ငံတော်ထူထောင်ရေး အမျိုးသားသမိုင်း က တကယ်တော့ ဖ ဆ ပ လ နိုင်ငံရေးသမားကြီးများနဲ့ နောက်ပိုင်းကာလ တပ်ထဲက ခေါင်းဆောင်ကြီး၊ ခေါင်း ဆောင်လတ်များက ဗမာဇာတိမာန် ဇာတိသွေးကြွပြီး အားနည်းတဲ့ လူမျိုးစုဝင်တွေကို ပြည်တွင်းဖြစ် ကိုလိုနီ လက်သစ်စနစ်နဲ့ အုပ်ချုပ်ဖို့၊ ဗိုလ်ကျဖို့ လုပ်တဲ့ ခေတ်သစ်ညစ်ပလီ သမိုင်းသာဖြစ်ပါတယ်။ အမျိုးသားဝါဒီ ဗမာနိုင်ငံရေးသမား၊ တပ်မတော်အရာရှိကြီးများ၊ ရေပေါ်ဆီ ပညာတတ်ကြီးများအပါအ၀င် အထူးသဖြင့်တော့ ငါးတောင်ဝတ် နိုင်ငံမျက်နှာဖုံး ဂုဏ်သရေမရှိ လူကြီးများက ကျန်တဲ့ ဗမာလူထုလူတန်းစားများနဲ့ လူမျိုးစုငယ်များ အပါအ၀င် ကုမ္မာရီမိန်းမ လူကြီးအားလုံးထက် ငါတို့ ငါးတောင်ဝတ် ဗမာအမျိုးသားရေးဝါဒီများက တမူးသာတယ် ဆိုတဲ့ အဓမ္မ အမြင်နဲ့ ရေးခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သမိုင်းပဲ ဖြစ်ပါတယ်။

၁၉၉၄ ဆောင်းရာသီအ၀င်လောက်မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ယခင်တော်လှန်ရေး ကောင်စီဝင် တဦးဖြစ်ခဲ့ပြီး ဗမာ့သေနတ်ကိုင် တပ်ရင်း(၃) ရဲ့ တပ်မှူးကြီး ဗိုလ်မှူးကြီး ချစ်မြိုင်(အငြိမ်းစား)ကို ကျုပ် အင်တာဗျူး လုပ်ခဲ့တာ အလျင်းသင့်လို့ တင်ပြပါရစေ။

ဗိုလ်မှူးကြီး ချစ်မြိုင်ဟာ ကွယ်လွန်သူ NLD ဦးကြည်မောင် (ဗိုလ်မှူးကြီးဟောင်း နဲ့ တော်လှန်ရေးကောင်စီဝင် ဟောင်း)နဲ့ အတူ သံမဏိအဖွဲ့မှာ ပါခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေးမှာပါခဲ့သူ လူလေးစားခံခဲ့ရတဲ့ တပ်မတော် ခေါင်း ဆောင်ဟောင်းတဦးလည်း ဖြစ်ပါတယ်။

သူကတော့ ရိုးရိုးဖြောင့်ဖြောင့် သတ္တိရှိတဲ့ စစ်သားဟောင်းကြီးမို့လားတော့ မပြောတတ်ဘူး။ ကျုပ်တို့ ဗမာအမျိုး သားရေးဝါဒီ ခေါင်းဆောင်ကြီးတွေ တခြားလူမျိုးစုတွေကို ဘယ်လိုဖြစ်လို့ လုပ်တယ်ဆိုတာ ဘွင်းဘွင်းပဲ ပြော သွားခဲ့တာက ဒီလိုပါ။

၁၉၅၀ အစောပိုင်းကတည်းက ဗထူးတပ်မြို့ကွဲပြီး ရှမ်းပြည်မှာ သွားတည်တာ ရိုးရိုး သားသားမှ မဟုတ်ဘဲ၊ ရှမ်းတွေ ၁၉၅၈ ရောက်ရင် ခွဲထွက်မှာကို ဗျူဟာအရ ဟန့်တားဖို့နဲ့ စစ်ရေး အရ ခြေခွင်းဖို့ ဗထူးမြို့ကို စစ်အခြေခံ စခန်းအနေနဲ့ ဆောက်ပြီး စစ်ရေးပြင်ဆင်တာပါ။ DSA စစ်တက္ကသိုလ်ကြီးရဲ့မွေးဖွားရာလို့ဆိုရင်လည်း မမှားပါဘူး။

ဖ ဆ ပ လ ခေတ်နိုင်ငံရေး ခေါင်းဆောင်များကလည်း ဗိုလ်နေ၀င်းတို့ ဗိုလ်မောင်မောင်တို့နဲ့ နှစ်ပေါက်တပေါက် ရိုက်ပြီး ဒီစစ်ရေးပြင်ဆင်မှုတွေကို မသိကျိုးကျွန်ပြုပြီး နေခဲ့ကြတာပါ။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဦးအောင်ဆန်းက ဗမာတွေကို ကိုယ်စားပြုပြီး အသိအမှတ်ပြု လက်မှတ်ထိုး လက်ခံခဲ့တဲ့ ပင်လုံစာချုပ်ကြီးကို အိမ်သာသုံးစက္ကူလောက်တောင် တန်ဖိုးမထားဘူးဆိုတဲ့ သဘောရောက်ပါ တယ်။ ဒါကတော့ ဗမာနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဗမာအမျိုးသားရေး စစ်ဝါဒီတွေ ညစ်ပလီ ညစ်ပလစ်လုပ်ခဲ့ ကြတဲ့ သမိုင်းပုပ်ကို ပြန်လည်သုံးသပ်ခြင်းပါ။

ကျုပ်တို့ ဗမာအမျိုးသားရေး စစ်ဝါဒီ နိုင်ငံရေးသမားတွေနဲ့ ဒီဗိုလ်ချုပ်ကြီးတွေကို တိုင်းရင်းသားလူမျိုးစုတွေက တခါသေဖူးလို့ ပျဉ်းဖိုး သိနေပြီး မယုံကြတာ ဘယ်သူ့အပြစ်ပါလဲ။

အခုလဲ အပစ်အခတ် ရပ်စဲရေးသဘောတူညီမူတွေကို ယောက်ျားရင့်မာကြီးတွေလုပ်ပြီး ခုတမျိုး တော်ကြာတမျိုး မှောက်ချီလှန်ချီ လုပ်နေကြတော့ “ငြိမ်း” အဖွဲ့တွေခဗျာ အရူးမ လင်လုပ်တဲ့ဘ၀ကို ရောက်မှန်း မသိရောက်နေ တော့တာပေါ့။ မင်းတို့ဗမာတွေ “ညစ်ပလီ”တွေဆိုပြီး ပြောရင်လဲ ခေါင်မိုးက မလုံတော့ ရှက်ရှက်နဲ့ပဲ ခေါင်းငုံ့ခံရ မှာပါ။ ကိုယ့်လူတွေကမှ မရိုးသားကြတာကိုး။

အဲဒီ ၁၉၄၇ ခု ဖွား ဖွဲ့စည်းပုံအခြေခံဥပဒေကို အားမနာတမ်း ဝေဖန်ရရင်တော့ ဖက်ဒရယ် (သို့) ပြည်ထောင်စု ဆိုတာ နာမည်ခံပါ။ တကယ်ကြတော့ ဗမာအမျိုးသားရေးဝါဒီ နောင်တော်ကြီးများက လူမျိုးစုဝင် ညီငယ်တွေကို ဆရာလုပ် ဗိုလ်ကျ လူပါးဝဖို့ကို ဥပဒေနဲ့ညီတဲ့အသွင် ဆောင်အောင်လုပ်ထားတဲ့ အခြေခံဥပဒေသာ ဖြစ်ပါတယ်။ ရန်ကုန်က ၀တ်လုံတော်ရ ဦးရဲထွန်း ဖခင်ကြီး ဖြစ်ပြီး လွတ်လပ်သော မြန်မာပြည်ရဲ့ ပထမဆုံး တရား သူကြီးချုပ် ကွန်လွန်သူ ဦးချန်ထွန်း ပွင့်ပွင့်လင်းလင်း သုံးသပ်သွားတဲ့ ဥပဒေအမြင်ပါ။ ကျုပ် လံကြုတ်လုပ်ပြီး ပြောတာ မဟုတ်ပါဘူး။ ထားတော့ တခြား ဗမာမဟုတ်ဘဲ တိုင်းရင်းသားတွေဘက် လှည့်ကြရအောင်။

ဗမာတွေ လူမျိုးကြီး သမိုင်းကို မျက်မှန်စိမ်း ကပ်ကြည့်ပြီး ပြည်ထောင်စုကြီးကို မောင်ပိုင်စီးဖို့ လုပ်ပြီဆိုတော့ လူမျိုးစု အသီးသီကလည်း အားကျမခံ ဘူးပေါ့ဗျာ။ သူတို့တွေလည်း မျက်မှန်ဝါ ၊ စိမ်း၊ နီ၊ ပြာ ဆိုဒ်စုံတပ် ကိုယ့် လူမျိုးစုသမိုင်းကို ဇောင်းပေးရေး ဒါနဲ့ပဲ လူမျိုးရေး ပေါင်းစုံ ရောင်စုံမျက်မှန်တပ်ပွဲကြီး ကျင်းပခဲ့တာ လွတ်လပ်ရေး ရပြီးကတည်းက ခုဆို နှစ် (၆၀) ကျော်လာခဲ့ပြီ။

ခွေးသေ၊ ၀က်သေ သေတဲ့သူ၊ အသတ်ခံရတဲ့သူ၊ မုဒိန်းကျင့်ခံရတဲ့သူ၊ ကွဲတဲ့သူ၊ ပြဲတဲ့သူ၊ ဘ၀ပျက်တဲ့သူ များလွန်းလို့ အသုဘ စာရင်းကိုင်တွေတောင် မျက်ဖြူစိုက်နေတဲ့ ကျုပ်တို့နိုင်ငံရဲ့ ခေတ်သစ် နိုင်ငံရေးသမိုင်း။
လူမျိုးရေး ဇာတိသွေး၊ ဇာတိမာန်ဆိုတာ တန်ဆေး လွန်ဘေးပေါ့ဗျာ။ ဒီ လူမျိုးရေး စစ်ရေးသွေးကြွတာတွေ များလာတော့ ကျုပ်တို့အားလုံး ဘုရားဆုပန်ဆိုတဲ့ဘ၀ကနေ အမြီးပေါက်ပြီး တရားပျောက်တဲ့ဘ၀။ လူထုက စားဝတ်နေရေး ရုန်းကန်ရလို့ ကျောင်းပညာနဲ့ ဗဟုသုတ ကောင်းကောင်း မရှိနိုင်တဲ့ ဘ၀။

ပါရဂူဘွဲ့ရ က၀ိကြီးများ ကိုယ်တိုင်က မျက်မှန်အရောင်စုံတပ်ပြီး ရခိုင်ပြည်သည် ရခိုင်များအတွက်ဆိုပြီး သွေး စကားတွေ ပြောပြီး ခေတ်နောက်ပြန်စွဲ ညစ်ပလီသမိုင်းထဲမှဘဲ ယက်ကန်ယက်ကန် ပေါလောပေါလာ အဆင့် ကနေ တက်မလာကြတာကို ၀မ်းနည်းစွာ မြင်ရ ကြားရ ဖတ်ရပါတယ်။ ဥပမာ ပြရရင် ဧရာဝတီမှာ ပါသွားတဲ့ ဒေါက်တာ အေးကျော် ရဲ့ အင်တာဗျူး။ ကေအန်ယူ ခေါ် ကရင်အမျိုးသားအဖွဲ့ကြီးရဲ့ သင်ရိုးတွေမှာလည်း ဗမာတွေကို ကလော်တုတ်အောင် ဇောင်းပေးရေးထားတာ အားလုံးက သိကြပါတယ်။ ဒီလူမျိုးရေး အခြေခံ သွေးစော်နံတဲ့ သမိုင်းအမြင်နဲ့ လူမူနိုင်ငံရေး သဘောထား အကျင့်အကြံတွေဟာ ကျူပ်တို့ မဟာ ဗမာတွေနဲ့ “မဟာလူနည်းစု” ၀င်တွေကြားက ပြဿနာတင် မဟုတ်ပါဘူး။

ဗမာတွေကို မဟာဗမာတွေ ဆိုပြီး ကလော်တုတ်ပြီး ဆန့်ကျင်နေတဲ့ ရှမ်း၊ ကချင်၊ ရခိုင် စတဲ့ မဟာလူနည်းစုဝင် များက ၄င်းတို့ထဲမှာ ကြားညပ်နေတဲ့ လူမျိုးစု အငယ် ဘုစု ခရု မှန်သမျှကို မဟာလူနည်းစု ၀ါဒကိုင်စွဲပြီး ညစ် ကျယ်ကျယ်လုပ်ပြ ဗိုလ်ကျ လုပ်တာ မမြင်ချင် မကြားချင်လို့ မရတဲ့ အနေအထား၊ သွေးကိုပဲ အခြေခံခံ၊ ဒေသ အရ အသံထွက် ကွဲပြားတာကိုပဲ ကြည့်ကြည့် ကိုးကွယ်တဲ့ဘုရားမတူတာဘဲ အဓိကထားထား ကျုပ်တို့အားလုံး တမျိုးနဲ့ တမျိုး တဖွဲ့နဲ့ တဖွဲ့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတွေမိပြီး ညစ်ပလစ်၊ ညစ်ပလီ နိုင်ငံရေး လုပ်နေကျ တာပဲဗျာ။

ရှည်ရှည်ဝေးဝေး မကြည့်ပါနဲ့၊ ရခိုင်က မဟာမေဒင် ကုလားတွေကို နှိပ်ကွပ်ဖို့ ကြံ၊ ဗုဒ္ဓဘာသာ ကရင်တပ်မတော် ကြီးက အစဉ်အလာအရ ခရစ်ယာန်တွေရဲ့ KNU အဖွဲ့ဝင်တွေကို မေတ္တာရှေ့ထားပြီး လိုက်သတ်၊ ဂျိန်းဖောတွေ က လီဆူးတွေကို ဗိုလ်ကျ၊ ဒါတွေပြောမယ်ဆိုရင် ပြောမဆုံးပေါင် တော သုံးထောင် ဆိုတာလိုမျိုး။

လက်ရှိ စစ်ပါတီများ ချယ်လှယ်တဲ့ န အ ဖ အစိုးရ ကြည့်ပြန်တော့ ဒီလောက်ကြီးတဲ့ “သွေး” ပြဿနာထုကြီးကို ပေါ့သေးသေး နိုင်ငံရေး သူငယ်နာရယ်လိုများ သဘောထားသလား မသိပါဘူး။ လူမျိုးရေးကိစ္စကို “နယ်ခြားစောင့် တပ်”ရဲ့ စစ်သားစုဆောင်းရေးပြဿနာ သဘောလောက်ပဲ ဒီမောင်တွေ သဘောထားပုံရတယ်။

NLD က ဒီမိုကရေစီ ထုတ်ဆေး မန်းဆေးနဲ့ လူမျိုးရေးကို ကိုင်မယ်၊ ကုမယ်။ န အ ဖ စစ်ပါတီကြီးများက M.1 M.2 M.3 ခေါ် မောင်းပြန် ဆေးကြိမ်လုံးတွေနဲ့ လူမျိုးရေး အမင်းထုတ်မဲ့ ဟန်။ ဒါကတော့ တိုင်းပြည်ကြမ္မာကို သုံးသပ်ကြည့်တာပါ။ ဖြစ်နေတာက နာတာရှည် ကင်ဆာ၊ ကုမဲ့သူတွေက စစ် ဆရာ ကြီး တွေ။ လူမျိုးစု၊ လူမျိုးကြီး ပြဿနာဆိုတာ စိတ်ပိုင်းဆိုင်ရာ ၀ါဒရေးရာပြဿနာပဲ ဆိုပြီး ကန့်ကြည့်လို့ မရပါဘူး။

ဒီ အပေါ်ယံ သွေး စကားပြောတာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြည့်မယ်ဆိုရင် လူ့အလွှာတွေ၊ လူမျိုးအစုတွေ ထဲမှာ အနိုင်ကျင့်မူ၊ စီးပွားရေး ကုပ်သွေးစုတ်မူတွေ အဖုံဖုံတွေ့ရမှာပါ။

“ကမ္ဘာမကြေ”ဆိုတဲ့ အသံကြားလိုက်တာနဲ့ ဗမာတွေ အားလုံး ရုပ်ရှင်ရုံထဲ မတ်တပ်ထရပ် လောက်အောင် ခေါက် ရိုးကျိုးတဲ့ အထိ အမျိုးသားရေး မျက်မှန်ရောင်စုံတပ်ခံထားရတော့ ဗမာအချင်းချင်း၊ ရှမ်းအချင်းချင်း၊ ကရင် နဲ့ ကချင် အချင်းချင်း ဒါမှမဟုတ် ကျုပ်တို့တမြေတည်းနေ တပြည်ထောင်စုသားတွေ မုဒိတာ ပွားကြမယ်လို့ ထင်ပါ သလား။ သတိမျက်မှန်လေးကပ်ပြီး ကြည့်လိုက်ပါ။ ဟင်္သာကိုးသောင်း ဇာတ်တူသားစား ဇာတ်ခင်းနေတာ မမြင် ချင် အဆုံး။

ရခိုင်ကမ်းလွန်နဲ့ ကန်းခြေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူး၊ ရေနက်သင်္ဘောဆိပ်တွေ ဆောက်တာ ဘယ်သူ့အမိန့် နဲ့ ဘယ်သူ့အကျိုးအတွက်လဲ။ မွန်တွေရဲ့ဒေသ မုတ္တမ ပင်လယ် ကွေ့မှာ သဘာဝဓာတ်ငွေ့တူးပြီး ရလာတဲ့ ဘဏ္ဍာတွေ ဘယ်ရောက်သွားလဲ။ ဘယ်သူ့ အတွက်လဲ၊ ကရင်တွေရဲ့ ကော်သူလေးပြည်မှာ ကျွန်းနဲ့ တခြား သစ် မာတွေ ခုတ်ရောင်းတာ ဘယ်သူတွေ အမြတ်ရသလဲ။ ဒေသခံ ပြည်သူတွေလား။ ကြေးနီ၊ ကြေးဝါ၊ သံနဲ့ ယူရေ နီယမ် ထွက်တာ တူးတာက ရှမ်း၊ ကချင်၊ ကရင်နီဒေသတွေများတယ်။ ဒါတွေထုတ်ရောင်းတော့ အဲဒီနယ်တွေက ပြည်သူတွေ ဘာတွေများ အကျိုးအမြတ်ရပါသလဲ။ ဒီအမြတ်တွေ၊ သယံဇာတတွေ ဘယ်နားရောက်သွားသလဲ။ လို့ မေးကြည့်ပါဦး။

ကျုပ်တို့ နိုင်ငံမှာ လူသန်း ၅၀ ကျော်ရှိတာ ဘယ်လူတန်းစားက ဆန်စပါး၊ ကောက်ပဲသီးနှံတွေ စိုက်ပျိုးထုတ်လုပ် ပေးပြီး အဲဒီ လူတန်းစားရော စားဝတ်နေရေး ရုံးကန်ရတဲ့ဘ၀ကလွတ်ဖို့ အနေအထား ရှိပါသလား။ တံငါသည် တွေ၊ တောင်သူလယ်သမားတွေ ထမင်းရည်ကို ပုလင်းနဲ့ ၀ယ်သောက်ရတယ်လို့ ကြားဖူးပါတယ်။ မြန်မာပြည်ကြီး ရဲ့ ပါမစ်အခြေခံတဲ့ စီးပွားရေးစနစ်ပျက်ကြီးကို ကြိုးကိုင်ပြီး ပထွေးသေလို့ အမွေရတဲ့ ကုန်စုံဆိုင်ကြီးလို လက်ဝါး ကြီးအုပ် အမြတ်ထုတ်နေတာ ဘယ်သူတွေလဲ။ ဘယ်လူတန်းစား ပါလဲ၊ တို့ တိုင်းဌာနေလို့ ဆိုတဲ့ ရွှေဝါပြည် ကြီး မှာ တို့တာဝန်ကြီး သုံးပါးဆိုတာ ဘယ်ခေါင်းဆောင်ကြီးရဲ့ ရွှေဉာဏ်တော်စူး ရောက်မှုပါလဲ။

ဒီမေးခွန်းတွေကို မေးဖို့၊ ဖြေနိုင်ဖို့ ပါရဂူဘွဲ့လည်း မလိုဘူး။ ရေပေါ်ဆီ နိုင်ငံရေးသမား၊ တိုင်းပြုပြည်ပြု သမားတွေ ဖြစ်ဖို့လည်း မလိုပါဘူး။ ဘယ်ဆုရမှ ဘွဲ့ ရမှ အဖြေမှန် ထွက်နိုင်တာလဲ မဟုတ်ပါဘူး။ ဓမ္မာစရိယလည်း အောင်စရာ မလိုပါဘူး။

သာမန်ပြည်သူ အခြေခံလူတန်းစားကအစ ရွှေကိုင်းမျက်မှန်နဲ့ ခါတော်မီ ကိုယ်တော်လေးတွေ အဆုံး ဖြေနိုင်တဲ့ နိုင်ငံရေးပဟေဠိ တွေပါ။

ဗမာတွေ အပါအ၀င် တိုင်းရင်းသား လူမျိုးစု အားလုံးပါ အသည်းနာဖို့ ကောင်းတာက လွတ်လပ်ရေးရတာ နှစ် (၆၀) ကျော်ပါပြီ။ မျက်မှောက် တို့တိုင်းဌာနီကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ လူမျိုးရေး အနေအထားတွေ ဟာ ကိုလိုနီ နှစ်ထပ်ကွမ်း အနေအထားပါ။

လူမျိုးစုတွေဘက်က ကြည့်ရင် မျက်မှောက်မြန်မာပြည်ကြီးဟာ မဟာဗမာ စစ်ဝါဒီ တွေရဲ့ လူမျိုးရေး ဗိုလ်ကျမူ၊ စီးပွားရေး ကုပ်သွေးစုတ်မူနဲ့ နယ်ချဲ့သိမ်းပိုက်မူ ဘ၀မှာ နေရတယ်လို့ ပြောလာရင် မှန်တယ်လို့ပဲ ၀န်ခံရမှာပါ။

မျက်မှောက် တို့တိုင်းဌာနီကြီးက သူတို့ အတွက်တော့“လူမျိုးရေး ကိုလိုနီစနစ်”ပါပဲ။ ဗမာအရပ်သား ပြည်သူတွေ (စီးပွားရေးသမား၊ ပညာရှင်၊ အနုပညာသမား၊ လက်လုပ်လက်စားနဲ့ တောင်သူလယ်သမား၊ စက်ရုံ အလုပ်သမား၊ ပြည်သူ့ဝန်ထမ်းတွေအပါအ၀င် ဘုန်းတော်ကြီး၊ သီလရှင်တွေ အားလုံး) ဘက်က ကြည့်ပြန်တော့ သေနတ် အားကိုး နသားပါးရ အုပ်ချုပ်တဲ့ ပြည်တွင်းဖျက် ကိုလိုနီ ယန္တရားထဲမှာ ပြားနေအောင် ၀ပ်နေရတဲ့ “စစ်ကိုလိုနီ”စနစ်။

ဒါကြောင့် တို့တိုင်းဌာနေကြီးကို “ကိုလိုနီ နှစ်ထပ်ကွမ်း” လို့ တင်စားလိုက်တာပါ။ နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ဒီမိုကရေစီ ဆိုပြီး လူကြားကောင်းအောင် အော်ပြီး ၂၀၁၀ ရွှေးချယ်ပွဲကနေ ဒီ ပြည်ဖျက် “ကိုလိုနီနှစ်ထပ်ကွမ်း” ကို စင်တင်မှာ ဖြစ်ပါတယ်။

အချုပ်တန်းဆရာဖေများ သက်ရှိထင်ရှားရှိဦးမယ် ဆိုရင် “ညစ်ပလီ”များပေပဲ ဆိုပြီး ကလောင်နဲ့ တွယ်လိုက်ဦး မယ် ထင်ပါတယ်။

ပညာရှင် တယောက်အနေနဲ့ရော ဗမာတယောက်အနေနဲ့ပါ အော့နှလုံးနာမိတာကတော့ အရပ်သား ပညာရှင် က၀ိကြီးများက ကျုပ်တို့ လူမျိုးချင်းချင်း ကိုလိုနီစနစ်မှာ အုပ်ချုပ်မယ့် စစ်ဝါဒီဝင်တွေကို မျိုးချစ်ကြီးများရယ်လို့ သတ်မှတ်ပြီး ရေးကြ၊ သုံးသပ်ကြ၊ ဟောပြောကြနဲ့ ပညာရှင် သိက္ခာမစောင့် လုပ်နေကြတာပါပဲ။

အဲဒီ က၀ိကြီးတွေ နိုင်ငံရေး ဗေဒင်ဆရာတွေ ရေး၊ ပြော၊ ဟောတာတွေက စစ်ဝါဒီ တွေရဲ့လက်အောက်မှာ နင်းပြားကျွန်နှစ်ထပ်ကွမ်း ပြည်သူလူထု တိုင်းရင်းသားအစုအားလုံးကို စော်ကားမော်ကား လုပ်တာပါပဲ။
လူလူချင်း လူပါးဝပြီး သွေးစုတ်ကြ၊ အနိုင်ကျင့် ကြနဲ့ စခဲ့တဲ့ ပဒေသရာဇ် စနစ်ဆိုးတွေရဲ့ ကြားက ဖြတ်သန်းလာ ခဲ့တဲ့ မြန်မာလက်နက်နိုင်ငံကြီးတွေကို ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်အသွင် လံကြုတ် လုပ်ကြံရေးထားတဲ့ မုသာဝါဒ အမျိုးသားသမိုင်းကို ကျုပ်တို့ ဇီဝိန်ဖြုတ်ဖို့ လိုပြီ။

“နိုင်ငံတော်သည် အမိ၊ နိုင်ငံတော်သည် အဖ” ဆိုတဲ့ နိုင်ငံတော်ဝါဒီ များ၊ မကျက်တကျက် အမျိုးသားဝါဒီ ပညာတတ်လူတန်းစားများ က၀ိကြီးများ က ကျုပ်တို့ လူထုကြီးကို ဆက်ပြီး သမိုင်းမျက်မှန်စိမ်းတပ်ပေးပြီး မြက်ကျွေးတာကို အဓိက ပြဿနာကြီး တရပ်အနေနဲ့ ရှုမြင်ဖို့ လိုပါတယ်။

ကျုပ်တို့ ပြည်သူတွေ၊ လူမျိုးစုတွေဟာ ဒီ“သွေး”၀ါဒီတွေကို ကျော်ပြီး စည်းစည်းလုံးလုံးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်ချင်တယ်ဆိုရင် ဗမာလူမျိုးကြီးဝါဒ သမိုင်းအပင်းသွင်းတာကိုပဲဖြစ်ဖြစ်၊ တခြားလူမျိုးစု မျက်မှန်စိမ်း တပ်တာကိုပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား လက်မခံကြဖို့ လိုပါတယ်။


စာရေးသူ၏ “ ကျုပ် ” အခေါ်အဝေါ်ပေါ် ရှင်းလင်းချက်

ဒီဆောင်းပါးမှာ အညာဆန်ဆန် မိမိကိုယ်မိမိ “ကျုပ်” လို့ ရည်ညွန်း သုံးစွဲထားတာကို လူယဉ်ကျေး အရပ်က မန္တလေးသား အပြောအဆို ရိုင်းပါဘိလို့ မယူဆစေလိုပါ။ ဗမာပြည်သူတွေကို ခေတ်အဆက်ဆက်က နာမ်နှိမ်ပြီး စော်စော်ကားကား “င” နဲ့ တပ်ခေါ်၊ ကျွန်တော်မျိုး ကျေးတော်မျိုး ဆိုပြီး၊ လက်အုပ်ချီခိုင်း၊ ဒူးထောက် ခိုင်းနဲ့ အုပ်ချုပ်သူများကတော့ ရွှေလင်ပန်းနဲ့ အချင်းဆေးတဲ့ မင်းမျိုးမင်းဆွေတွေဆိုပြီး လူပေါ်လူစော် လုပ်တဲ့ ယဉ်ကျေးမှုကို တမင်ရှုတ်ချတဲ့အနေနဲ့ ကျွန်တော်အစား “ကျုပ်”လို့ သုံးနှုန်းခြင်း ဖြစ်ပါတယ်။ ရိုင်းတယ်လို့ ကောက်ချက် လိုသူများကိုတော့ မြန်မာပြည် လွတ်လပ်ရေးရအောင် ဦးဆောင်ခဲ့သူများမှာ “အရိုင်း”လို့ သမုတ်ခံ၊ တဇောက်ကန်းလို့ သတ်မှတ်ခံခဲ့ရတဲ့ ကိုအောင်ဆန်းနဲ့ လူမိုက်များသာ ဖြစ်ကြတယ် ဆိုတာ သတိမူကြ စေချင်ပါကြောင်း။

Sunday, November 8, 2009



ရွှေတိဂုံရှိ ကျောင်းသားသပိတ် ကျောက်တိုင်ကို မ၀င်ရနယ်မြေ သတ်မှတ်
Friday, 06 November 2009 15:13 အောင်သက်ဝိုင်း
E-mail Print

ရွှေတိဂုံစေတီတွင် အင်္ဂလိပ်အစိုးရ၏ ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက် ဆန္ဒပြရန် မြန်မာ ကျောင်းသားကြီးများ လျှို့ဝှက်သစ္စာပြုသည့် အထိမ်းအမှတ် စိုက်ထူထားသော သမိုင်းဝင် ကျောက်စာတိုင်ကို အာဏာပိုင်များက အထူးကန့်သတ် နယ်မြေသတ်မှတ်၍ ပိတ်ပင်ထားကြောင်း သိရှိရသည်။

[ရွှေတိဂုံစေတီပေါ်မှ သမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင် (ဓာတ်ပုံ - Danburg Murmur)]

ရွှေတိဂုံစေတီပေါ်မှ သမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင် (ဓာတ်ပုံ - Danburg Murmur)
အဆိုပါ သမိုင်းဝင် အထိမ်းအမှတ် ကျောက်စာတိုင် နေရာကိုပြည်သူများ ၀င်ရောက် ကြည့်ရှုခွင့် မပြုနိုင်ရန် စစ်အစိုးရ ခေါင်းဆောင်ပိုင်းက ညွှန်ကြားထား ခြင်းကြောင့် ထိုသို့ ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု ရွှေတိဂုံဂေါပက အဖွဲ့မှ ၀န်ထမ်းတဦးက ပြောသည်။


“ဒီကျောင်းသား သပိတ်စဖို့ သစ္စာပြုတဲ့ ကျောက်တိုင်နေရာက ဘယ်သူကိုမှ ၀င်ကြည့်ခွင့် မပေးပါဘူး။ ဒီနေရာက အထူး ကန့်သတ် နယ်မြေပါ။ လူကြီးတွေရဲ့ ညွှန်ကြားချက် အရ ပိတ်ထားတာပါ”ဟု ရွှေတိဂုံစေတီ ဂေါပက ၀န်ထမ်းတဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ကျောင်းသား သပိတ်ဟုဆိုနိုင်သော ၁၉၂၀ ခုနှစ် ကျောင်းသား အရေးတော်ပုံကြီး စတင် ပေါက်ဖွားရန် ရန်ကုန် ကောလိပ် ကျောင်းသားကြီးများ လျှို့ဝှက်တိုင်ပင် စည်းရုံးသစ္စာ ပြုခဲ့သည့် ရွှေတိဂုံ ကုန်းတော်၊ စနေထောင့် အနီး၊ နေလ ဘုရားနှစ်ဆူ ဘေးရှိ စိုက်ထူထားသော ယင်းသမိုင်းဝင် ကျောင်းသား သပိတ် ကျောက်စာတိုင် ပတ်ဝန်းကျင် တခုလုံးကို သံပန်းများဖြင့် ကာရံထားပြီး အနီးတွင် ရွှေတိဂုံ ဂေါပက အဖွဲ့ လုံခြုံရေး ၀န်ထမ်းများ ချထားသည်ဟု သိရှိရသည်။

ထိုကျောက်စာတိုင်သို့ သွားရောက် ကြည့်ရှုရန် ကြိုးစားသူများကို ဂေါပကအဖွဲ့ လုံခြုံရေး အဖွဲ့ဝင်များက တားမြစ်ပြီး ဓာတ်ပုံရိုက်ခြင်း၊ ကျောက်စာတိုင် အကြောင်း မေးမြန်းခြင်း ပြုလုပ်သူများကို ကြိမ်းမောင်း နှင်ထုတ်မှုများ ပြုလုပ်လျက် ရှိကြောင်း ဘုရားဖူးများက ပြောသည်။

စစ်အစိုးရက ယင်း သမိုင်းဝင်ကျောက်စာတိုင်ကို ပိတ်ပင်မှုပြုလုပ်ခြင်းမှာ အဆိုပါအထိမ်းအမှတ်နေရာကို ကြည့်ရှုပြီး မတရားမှုအား တော်လှန်လိုစိတ်များ ပေါက်ဖွားလာမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ပြီး အင်အားကြီး မားသော အင်္ဂလိပ်အစိုးရကိုပင် ကောလိပ်ကျောင်းသားများက အနုနည်းဖြင့် ပထမဆုံး စတင်အံတုခဲ့ကြသည် ဆိုသော သမိုင်းသင်ခန်းစာများ ဖျောက်ဖျက်ထားလို၍ ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် သမိုင်းဘာသာ နည်းပြ ဆရာတဦးက ဆိုသည်။

စစ်အစိုးရ ပိတ်ပင်လိုက်သော ရွှေတိဂုံကုန်းတော်ပေါ်မှ သမိုင်းဝင်ကျောင်းသားသပိတ် ကျောက်စာတိုင်တွင် ၁၉၂၀ ကျောင်းသားသပိတ်ဆင်နွှဲမည့်ဆွေးနွေးသစ္စာပြုသည့် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး၏အမည် များကိုရေးထိုးထားရာ ၄င်းတို့၏ အမည်များမှာ ကိုဘရှင်-သံတွဲ ၊ ကိုညီပိတ်၊ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဘဦး၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ကိုဘရှင်-ထားဝယ်၊ ကိုဘခင်၊ ကိုအောင်ဒင် တို့ဖြစ်ပြီး ဤနေရာတွင် အင်္ဂလိပ်အစိုးရ၏ မတရားသော ရန်ကုန်တက္ကသိုလ်အက်ဥပဒကို သပိတ်မှောက်ရန်ကျောင်းသားများ လျှို့ဝှက် သစ္စာပြုခဲ့ကြသည်ဟု ကျောက်စာတိုင်တွင်ရေးထိုးထားသည်။ ထိုသို့ ကျောင်းသားများ စတင် သပိတ်မှောက်သော ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ် ခဲ့ကြသည်။

မြန်မာကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်တက်ရောက်နိုင်ရန် ခက်ခဲလွန်းသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ်အစိုးရက ၁၉၂၀ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့်အတွက် ကောလိပ် ကျောင်းသားကြီးများက ထိုဥပဒေကို စတင် သပိတ်မှောက် ခဲ့ကြခြင်းဖြစ်သည်။

ရွှေတိဂုံစေတီသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ဘာသာရေးအရ အလွန်အရေးကြီးသော နေရာဖြစ် သကဲ့သို့ မြန်မာ့နိုင်ငံရေးသမိုင်းတွင်လည်း အရေးကြီးသောနေရာ တခုဖြစ်သည့်အတွက် စစ်အစိုးရ အနေဖြင့် ရွှေတိဂုံစေတီကိုအခြေပြုသည့် လူထုလှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်ဟု သုံးသပ်ကြ သည်။

“ရွှေတိဂုံစေတီတော်က နိုင်ငံရေးအတွက် အလွန်အရေးကြီးတဲ့နေရာပဲ။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေသမိုင်းဝင်မိန့်ခွန်းတွေ ပြောခဲ့ကြတယ်။ ၁၉၈၈ ခုနှစ် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဒီရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်မှာ သမိုင်း တွင်မယ့် လူထုမိန့်ခွန်းတွေ ပြောခဲ့ကြတယ်”ဟု သမိုင်းသုတေသီစာရေးဆရာ တဦးကလည်း ပြောသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟု ကမ္ဘာတွင် နာမည်ကျော်ကြားသည့်သံဃာနှင့်ပြည်သူများ၏ စစ်အစိုးရကို ငြိမ်းချမ်းစွာဆန္ဒပြမှုများသည်လည်း ရွှေတိဂုံစေတီကို အခြေပြုဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

စစ်အစိုးရသည် ရွှေတိဂုံစေတီရှိ သမိုင်းဝင်နေရာများကိုပိတ်ပင်မှုများပြုလုပ်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းမရှိရန် လုံခြုံရေးတင်းကျပ်ခြင်းများ ဆောင်ရွက်ရုံမျှမက ရွှေတိဂုံ စေတီဂေါပကအဖွဲ့နှင့် လုံခြုံရေးအဖွဲ့များကိုစစ်တပ်အငြိမ်းစား အရာရှိများဖြင့် အစားထိုးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

[သမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင်ကို ၂၀၀၃ ခုနှစ်က နိုင်ငံရေးသမားများ လာရောက် အလေးပြုစဉ် (ဓာတ်ပုံ - PEACE)]

သမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင်ကို ၂၀၀၃ ခုနှစ်က နိုင်ငံရေးသမားများ လာရောက် အလေးပြုစဉ် (ဓာတ်ပုံ - PEACE)
“ခုနောက်ပိုင်း ဘုရားဂေါပက အဖွဲ့နဲ့ လုံခြုံရေး၊ ဘုရားဝေယျာဝစ္စ လုပ်တဲ့ အဖွဲ့တွေမှာ စစ်တပ် အငြိမ်းစား အရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင် တွေကိုပဲ ထည့်လာတယ်” ဟု ရွှေတိဂုံ စေတီ အလှူခံဌာနမှ ၀န်ထမ်းတဦးက ဆိုသည်။

အဆိုပါ ၀န်ထမ်း၏ အဆိုအရ လက်ရှိ ဂေါပကအဖွဲ့၊ လုံခြုံရေး အဖွဲ့ဝင်များ အားလုံးသည် စစ်တပ်တွင် တာဝန် ထမ်းဆောင် ခဲ့သော အငြိမ်းစား ဗိုလ်ကြီးများနှင့် တပ်သားများ ဖြစ်ကြောင်း သိရှိရသည်။

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင်များကို စစ်တပ် အငြိမ်းစား အရာရှိများဖြင့် အစားထိုး ခြင်းသည် မြန်မာ့လူမှု အသိုင်းအ၀ိုင်း အတွက် လက်မခံနိုင်သော လုပ်ဆောင်ချက် ဖြစ်သည်ဟု ရန်ကုန် သံဃာတော် တပါးက မိန့်ကြားသည်။

“ဘုရားလူကြီး ဆိုတာက ရပ်ရွာကလည်း ကြည်ညို လေးစားရမယ်။ ဘုရားလူကြီး လုပ်မယ့် သူကိုယ်တိုင်ကလည်း ဘာသာရေးကို ငယ်စဉ်ကတည်းက ကြည်ညိုပြီး မကောင်းမှု ဟူသမျှ မလုပ်ကိုင်ဘူးတဲ့ ပုဂ္ဂိုလ်၊ သီလ၊ သမာဓိစင်ကြယ်တဲ့ ပုဂ္ဂိုလ်မျိုးမှ ဘုရားလူကြီး၊ ဘုရားဂေါပက ဖြစ်ထိုက်တယ်” ဟု ထိုသံဃာက မိန့်ဆိုသည်။

ရွှေတိဂုံစေတီရှိ သမိုင်းဝင် ကျောင်းသား သပိတ် ကျောက်စာတိုင် အပြင်စေတီရင်ပြင် အောင်မြေ တွင်လည်း နိုင်ငံရေးဆုတောင်းပွဲများ၊သစ္စာပြုပွဲများ ပြုလုပ်ခြင်း မရှိစေရန် လုံခြုံရေးအဖွဲ့ဝင်များကို ညွှန်ကြားထားသည် ဟုလည်း ၎င်းက ဆိုသည်။

ယခုအခါ ရွှေတိဂုံစေတီတော်တွင် စစ်တပ်နှင့် လုံထိန်းရဲများ အမြဲချထားပြီး အဆိုပါ လုံခြုံရေးယူနေသော စစ်တပ်နှင့်ရဲတပ်ရင်းများသည်ရွှေတိဂုံစေတီပတ်ဝန်းကျင်ရှိဓမ္မာရုံများတွင် အခြေပြုတပ်စွဲထားသည်ဟု သိရှိရသည်။
ရှမ်းအိုးစည်သံ၊ မီးပုံးပျံနှင့် တောင်ကြီး တန်ဆောင်တိုင်ည
Friday, 06 November 2009 14:26 နေညွှန်း
တောင်ကြီးမြို့၏ ခြောက်သွေ့ အေးဆေးသော လေထုက ကားပေါ်ကဆင်းလိုက်သည်နှင့် ဆီးကြိုနှုတ်ဆက် လာသည်။ တောင်ပေါ် လေကအစ ထူးခြားနေသည်။ မြေပြန့်နှင့်မတူညီ။ လာကြိုသော သူငယ်ချင်း၏ အပြုံးကလည်း ချိုသာသည်။ သူငယ်ချင်း အိမ်ကို ရောက်သည်နှင့် မအိပ်မနားဘဲ ရေမိုးချိုးပြီး ချက်ချင်းပင် ပြိုင်ပွဲဝင် မီးပုံးပျံများ ပြုလုပ်ရာ ရပ်ကွက် ဘုန်းကြီးကျောင်းသို့ ကင်မရာ ဆွဲလျက် ထွက်လာခဲ့သည်။


[တန်ဆောင်တိုင်ညက မီးပဒေသာများနဲ့ တောင်ကြီး ပျိုဖြူလေးများ (ဓာတ်ပုံ - ရိုက်တာ)]

တန်ဆောင်တိုင်ညက မီးပဒေသာများနဲ့ တောင်ကြီး ပျိုဖြူလေးများ (ဓာတ်ပုံ - ရိုက်တာ)
ဘုန်းကြီး ကျောင်းကို ရောက်သွားတော့ “ပေါက်စမီး”ဟု ဆိုသော ညမီးကျည် အမျိုးအစား မီးပုံးပျံကြီး တခုကို သူတို့ အားကြိုး မာန်တက် ပြုလုပ်နေကြသည်။

သူတို့မီးပုံးက အတော်ပင် ပြီးစီး၍ ခရီးရောက်နေပြီ။ ရှမ်းစက္ကူများ ကပ်ပြီး၊ ပုံများလည်း ရေးပြီးနေပြီ။ မီးပုံးပျံ တခုအတွက် အဓိက စက္ကူစကြီး ၃ ခုက ခေါင်စက္ကူ၊ ကိုယ်ထည် စက္ကူနှင့် အောက်ခြေ စက္ကူစ ကြီးများ ဖြစ်သည်။ အောက်ခြေ စက္ကူ စကြီးမှာက တဝခွေ ဟုခေါ်သည့် ဝါးခြမ်း ခွေကြီး တွဲထားရသေးသည်။ တဝခွေမှာက မီးစာတိုင်ကို ချိတ်ဆွဲရမည်။ ယခုရာသီဆို တောင်ကြီးမှ လူငယ် ယောက်ျား လေးများ အားလုံးနီးပါး အိမ်မကပ် တတ်ကြ။ မီးပုံးပျံ လုပ်ရာဘုန်းကြီးကျောင်း ဒါမှမဟုတ် အိမ်တအိမ် အိမ်တွင် အချိန်ပြည့်နီးပါး ရှိနေတတ်ကြသည်။ မီးပုံးပျံ တဖွဲ့တွင် မီးဆရာ တဦးစီ ရှိတတ်ကြပြီး သူက ငွေကိုင် သဘောလည်း ဖြစ်နေ၍ မီးပုံးပျံ စလုပ်ချိန်မှ လွှတ်တင်သည့် ရက်အထိ လာရောက် လုပ်ကိုင် နေကြသူများ အတွက် စားရေး သောက်ရေးက အစ မီးဆရာကပဲ တာဝန်ယူ စိုက်ထုတ်ပေး တတ်ကြ၏။


တနေ့လုံး ၀င်လိုက်ထွက်လိုက်ဖြင့် ဘုန်းကြီးကျောင်းမှာ စည်စည်ကားကား စည်းစည်းလုံးလုံးနှင့် ကော်များ သုတ်လိုက်၊ ရှမ်းစက္ကူများ ခေါက်လိုက်၊ ကပ်သူကကပ်၊ ကော်ကျိုသူကကျို၊ သူတို့ကိုကြည့်ရသည်မှာ တက် တက်ကြွကြွနှင့် ပျော်စရာလည်းကောင်းသည်။

သူတို့က ယခုမှ ရန်ကုန်ကနေ ရောက်ခါစ ကျမကိုလည်းအလွတ်မပေး။ အတူဝင်ထိုင်လျက် ကူညီလုပ်ကိုင် ရသေး၏။ နေ့လယ်စာကို ပေါက်စမီး ၏ ခေါင်းဆောင် စိုင်းဝင်းထွဋ်က ဘုန်းကြီးကျောင်းထိ ထမင်းထုပ်များ လာပို့ပေးသည်။ လက်ဘက်ရည် သောက်ချင်သူ၊ ကွမ်းစားချင်သူများအတွက်လည်း မလစ်ဟင်း စေရ။ ညနေစောင်းမှတချို့အိမ်ပြန်ကြသည်။ ကျမတို့လည်းပြန်ခဲ့၏။ အိမ်မှာညစာစားပြီးချက်ချင်းပင်“မှော်ဝင်မီး” ယမ်းခွေ ဆင်နေရာသို့ ထွက်လာခဲ့ကြသည်။

ညမီးကျည်အမျိုးအစားတွင် အဓိက အရေးပါသည်က ယမ်းခွေများဖြစ်သည်ဟုဆိုလျှင် မှားမည်မထင်။ ယမ်းခွေအတွက် ဝါးဘောင်များပြုလုပ်။ ပြီးမှ မီးကျည်အမျိုးအစားအလိုက် တပ်ဆင်ကြရသည်။ ကွေ့ကွေ့ ကောက်ကောက်ဖြင့် အပေါ်အောက်တက်ဆင်းပေါက်ကွဲတတ်သည့် ခိုပျံအမျိုးအစား၊ အလုံးလိုက် ကျလာ ပြီးမှ မီးကျည်များကွဲထွက်ဖြာတတ်သည့် ဗုံးထုပ်များ၊ မီးကျည်ရောင်စုံများ တွန့်တွန့်ကွေးကွေးဖြင့်ကျလာ တတ်သည့် လောက်ဟု ခေါ်သော အမျိုးအစား၊ မီးအလုံးလိုက်ကလေးကို အချိန်ကိုက်ကြိုးဖြတ်ကာ လေထီး ဖြင့်ကျ စေတတ်သော လေထီးအမျိုးအစား၊ မီးရှို့လိုက်လျှင်ရေတံခွန်မှ ရေများဖြာကျလာသကဲ့သို့ မီးကျည် များ ကျတတ်သည့် ရေတံခွန်အမျိုးအစား၊ ဂလိုက်ဒါဟု ခေါ်ကြသည့် မီးကျည်လေးက လေထဲတွင် ဝဲလှည့် နေတတ်သည့်အမျိုးအစား စသည်ဖြင့် ယမ်းခွေတခုတွင် ပါဝင်သည့် မီးကျည်အမျိုးအစားက စုံလင်လှသည်။

ထိုအမျိုးအစားများတွင် အရင်ထွက်စေချင်သည်က မည်သည့်နေရာတွင် တပ်ဆင်၊ နောက်မှထွက်စေချင် သည်များကို မည်သည့် နေရာတွင်တပ်ဆင်၊ မည်သည့် စနစ်ကြိုးကို မီးရှို့လျှင် မည်သည့်အရာများကိုမီးကူး မည် စသည် ဖြင့် တွက်ချက်ပြုလုပ်ရသည်။ ယမ်းခွေပြုလုပ်သည့်နေရာ ပတ်လည်ကို တာလပတ်စကြီးဖြင့် ကာထားပြီး “ဆေးလိပ်မသောက်ရ”ဟူသော စာလုံးကြီးများကိုလည်း ထင်ထင်ရှားရှား တွေ့မြင်ရသည်။


ညမီးကျည်အဖွဲ့တော်တော်များများသို့ ရောက်ဖြစ်ခဲ့သည်။ “ဆောင်းည”၊ “ချာကတူး”၊ “မှော်ဝင်”၊ “စွာကျယ်”၊ “ထီဖုံး” စသည်တို့ ဖြစ်သည်။ ယမ်းထောင်းနေသူ၊ ယမ်းလိပ်နေသူ၊ မီးစာကြိုးဆင်နေသူ၊ ကော်ကပ်သူ၊ အားလုံး လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ။

သူတို့အားလုံး၏ ရင်ထဲမှာက သူတို့ မီးပုံးပျံ လှပအောင်မြင်စွာတက်သွားရန် မျှော်လင့်ချက်တခုတည်း။ ညဥ့်နက်ည အိပ်ပျက်ညများစွာကို သူတို့မမှုပါ။ အလုပ်အကိုင် ပျက်သူပျက်၊ အိမ်တာဝန် လစ်ဟင်းသူ လစ်ဟင်း၊ သို့သော် အိမ်သူ အိမ်သားများကလည်း မီးပုံးပျံပြီးစီး အောင်မြင်ရေးအတွက် ဘာကိုမှ မညည်း မညူ။ သူတို့တတ်နိုင်သည့်ဘက်က ဘာမဆို ကူညီရန်အဆင်သင့်။ တန်ဆောင်တိုင်ပွဲတော်ရာသီဆိုလျှင် လူတိုင်း၏ ရည်ရွယ်ချက်နှင့်စိတ်ဝင်စားရာက မီးပုံးပျံတခုတည်းသာ။

မီးပုံးပျံကွင်းက တောင်ကြီးတက္ကသိုလ်အနီး၊ မွေတော်ကက္ကူသို့သွားရာလမ်း၏ ဘေးဘက်မှာဖြစ်သည်။ စည်းရိုးနှစ်ထပ် ကာထားပြီး ပွဲဈေးတန်းကြီးကလည်း ရှည်လျားစွာစည်ကားလျက်ရှိသည်။

ညမီးကျည် အမျိုးအစားဆိုလျှင် ယမ်းခွေတင်ကားက သပ်သပ်၊ စိန်နားပန်အမျိုးအစားအတွက်ကတော့ အောက်ဆွဲဟု ခေါ်သော မီးပုံးလေးများချိတ်ဆွဲသည့် ယာဉ်ကသပ်သပ်၊ ယမ်းများနှင်းရိုက်မည်စိုးသဖြင့် မိုးထားကာထားပြီး မီးပုံးပျံကွင်းသို့ လာကြရသည်။ ပြီးတော့ အိုးစည်ကားက သပ်သပ်ဖြစ်သည်။ ဗုံရှည်ကြီး များ တဒူဒူတီး၊ လင်းကွင်းသံ၊ ဝါးလက်ခုပ်သံ၊ ကြေးမောင်းသံများစုံလင်စွာ တီးကာ ဆိုကာ ကကာဖြင့် လမ်း တလျှောက် စည်ကားလှသည်။ ကိုယ့်မီးပုံးကို အမွှန်းတင်သည့် သံချပ်များလည်း သံပြိုင်အော်ဟစ်လျက်။ ဆိုင်ကယ် ကိုယ်စီဖြင့် အဖွဲ့သားများလည်း များပြားလှသော မီးပုံးပျံအဖွဲ့ကြီးကို ကြည့်ရသည်မှာ အားရ ကျေနပ်စရာ ကောင်းလှသည်။

ပြိုင်ပွဲကွင်းထဲကိုမဝင်မီ ဒိုင်စင်အနီးတွင် စာရင်းပေးပြီး ယမ်းခွေအလေးချိန်ကို ချိန်ရသည်။ ယမ်းခွေအလေး ချိန်မှာ ပိဿာ ၄၀ ၀န်းကျင်အထိ ထည့်သွင်းတတ်ကြပြီး အများအားဖြင့် ၂၇ ပိဿာမှ ၃၇ ပိဿာအတွင်း ရှိသည်ဟု သိရသည်။

ယမ်းချိန်ပြီး၍ ကွင်းထဲကို ဆိုင်ကယ်များခြံရံလျက် မီးပုံးကားကြီးနှင့် ယမ်းခွေကား ကြီးဝင်လာပြီဆိုလျှင် အဖွဲ့သားများက ပလတ်စတစ်ကြိုးများဖြင့် ဝိုင်းရံလျက် သူတို့ကိုယ်ပိုင်နေရာလေး သတ်မှတ်လိုက်တတ်ကြ သည်။ အဖွဲ့ဝင်မဟုတ်သော ပြင်ပလူများမှာ သတ်မှတ်စည်းဝိုင်းအတွင်း မဝင်ကြရပေ။

ပထမဆုံး ဒိုင်စင်က ကားပေါ်မှမီးပုံးများချချိန် ၅ မိနစ်သတ်မှတ်ပေးသည်။ ၅ မိနစ်အတွင်း အတိမ်းအစောင်း အမှားအယွင်းမရှိဘဲ ညီညွတ်စွာဖြင့် ပစ္စည်းများ မြေပေါ်သို့ချရသည်။ ပြီးလျှင် မီးပုံးပျံကို စတင်မှိုင်းခံ၍ရပြီ။ စည်းဝိုင်းအတွင်းမှာ အဓိက ၃ နေရာကွဲပြားသွားပြန်သည်။ တနေရာက မီးပုံးပျံစက္ကူစကြီးကို ဖြန့်ပြီးမီးထိုး ရန် လူအတော်များများက မ,ကိုင်ထားရသည်။ နောက်တနေရာက မီးစော်တုတ်များ မီးရှို့နေကြသည့် နေရာ။ နောက်တနေရာက ယမ်းခွေကိုစောင့်ကျပ်နေကြသည့်နေရာ။

ဝါးလုံးစိမ်းထိပ်တွင် ထင်းရှူးချောင်းများဖြင့်ချည်နှောင်ထားသည့် မီးစော်တုတ် ၃ ချောင်း ၄ ချောင်းခန့်ကို မီးရှို့၊ ပြီးတော့ မီးပုံးပျံဆီသို့သယ်သွားကြရပြီး မှိုင်းစတင်ခံရသည်။ မီးစော်ထိုးရသည့်လူငယ်များမှာ ချမ်းအေး လှသည့် ဆောင်းတွင်း ညဘက်ကြီးမှာပင် ချွေးတလုံးလုံးနှင့် လှုပ်ရှားနေကြရသည်။

မှိုင်းခံနေသည့်တလျှောက်လုံး မီးပုံးပျံဘေးအနားစက္ကူစများကို လူတရပ်အလွတ် တချိန်လုံးမထားရသည့် လူများသည်လည်း မသက်သာလှပါ။ မီးပုံးပျံကြီး မှိုင်းဝ၍ ထောင်တက်လာသောအခါမှ မီးစာကို တဝခွေမှာ လာရောက်တပ်ဆင်လိုက်ကြကာ မီးရှို့ကြရပြန်သည်။ ထိုအချိန်ဆိုလျှင် မီးပုံးပျံကြီးက တကြွကြွဖြစ်နေပြီ။

ထိုအခါမှ အောက်ယမ်းခွေအနားမှလူများက ယမ်းခွေကိုမလာကာ လာရောက်တပ်ဆင်ကြရသည်။ ဆိုင်းကြိုး များဖြင့်ဆွဲထားရသော မီးပုံးပျံကြီး မှိုင်းဝကာ တက်နေပြီဆိုမှ ယမ်းခွေ၏ စနစ်ကြိုးများကို မီးညှိလိုက်ပြီး ဆိုင်းကြိုးများကို လွှတ်ပေးလိုက်သည်။

မီးပုံးပျံကြီး တက်သွား၍ စနစ်ကြိုးအကုန်တွင် မီးကျည်များသို့ မီးစတင်ကူးပြီး အဆင့်ဆင့်ပေါက်ကွဲထွက်လာ သည့် ခိုပျံများ၊ ရှူးဒိုင်းများ၊ ဗုံးထုပ်များ၊ လောက်ထုပ်များ၊ ဂလိုက်ဒါများ၏ မီးရောင်စုံများက ကောင်းကင် တခွင်လုံး လင်းချင်း လှပသော မြင်ကွင်းဖြစ်ပေါ်လာချိန် ကွင်းထဲမှာလည်း တဟေးဟေးဆူညံ နေသည့် အသံများ၊ ကခုန်နေကြသူများ၊ ပျော်ရွှင်အော်ဟစ် နေသူများကို တွေ့ရမည်ဖြစ်သည်။

သူတို့အားလုံး အပေါ်မှာ တရွှီးရွှီးကျလာသည့် ရှူးဒိုင်းများကို မကြောက်မလန့်ဘဲ ပြေးလိုက် ရှောင်လိုက်၊ ကလိုက်ခုန်လိုက်ဖြင့် တနှစ်လုံးသွန်အောထားသည့် မျှော်လင့်ချက်များ၊ လုပ်ဆောင်ချက်များ၊ ခွန်အားများ အတွက် ကျေနပ်နေကြသည်။

တချို့မီးပုံးများကြပြန်တော့ တက်သွားပြီးမှ လေစီးကြောင်းကြောင့် လည်းကောင်း၊ ယမ်းမီးကူးပုံစနစ်မမှန် သဖြင့် လည်းကောင်း၊ အချိန်အဆမမှန်သဖြင့် လည်းကောင်း မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသည်များ လည်း ရှိသည်။ ထိုအခါများတွင်တော့ ထိုမီးအဖွဲ့မှလူငယ်များ၏ မျက်ရည်များနှင့် ငိုသံများက ပြိုင်ကွင်းထဲ တွင် ပျံ့လွင့်သွားသည်။

စိန်နားပန်အမျိုးအစားမီးပုံးပျံကတော့ တမျိုးခက်ခဲပြန်သည်။ မီးပုံးပျံကြီးမှိုင်းဝကာ ထောင်တက်လာချိန်တွင် ဖယောင်းတိုင်ထွန်းညှိထားသော မီးပုံးအသေး ရောင်စုံလေးများကို မီးပုံးပျံကြီး၏ သတ်မှတ်ထားသော နေရာ များတွင် သူ့အရောင်နှင့်သူ အမီချိတ်ဆွဲကြရသည်။ မီးပုံးလေးများလည်းချိတ်အပြီး မီးပုံးပျံလည်း မှိုင်းဝကာ အတက်၊ ချိန်သားကိုက်အဆင်ပြေမှသာ လှပသော သရုပ်ဖော်ပုံများဖြင့် စိန်နားပန်မီးပုံးပျံ အောင်မြင်သည် ဟု ဆိုနိုင်မည်။ သူ့အရောင်နှင့်သူ မှန်အောင်မချိတ်ဆွဲပြန်လျှင်လည်း ပုံမပေါ်လွင်နိုင်ပြန်။ မီးပုံးအသေးများ ထဲမှ ဖယောင်းတိုင်များ မငြိမ်းစေရန်လည်း ဂရုစိုက်ရသည်။ မယောင်းတိုင်လေးများ စောင်းခြင်း လဲခြင်းဖြစ် လျှင်လည်း ပင်မမီးပုံးပျံကြီးဆီ မီးစွဲမှာ စိုးရိမ်ရသေးသည်။

တောင်ကြီးမြို့မီးပုံးပျံပွဲမှာ အဓိက အမျိုးအစားကြီး ၃ ခုပါဝင်သည်။ နေ့လွှတ်အရုပ်က နေ့ဘက်မှာ လွှတ်တင် ကြသည့် အရုပ်အမျိုးမျိုးပုံစံချိုးထားသည့် အလှလွှတ်အမျိုး အစား။ ညလွှတ်တွင်မှ စိန်နားပန်နှင့် ညမီးကျည် ဟု ၂ မျိုးရှိရာတွင် စိန်နားပန်က မီးပုံးလေးများချိတ်ဆွဲလျက် အလှပြ ပုံဖော်ရသည်။ ညမီးကျည်မှာ မီးပုံးပျံ အောက်ခြေတွင် ယမ်းခွေကြီးများချိတ်ဆွဲလျက် မီးရှူးမီးပန်း များ ပစ်လွှတ်ရသည့် လှပ၍ အန္တရာယ်များသော အမျိုးအစား စသည်တို့ဖြစ်သည်။

မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲက အောက်တိုဘာ၂၅ ရက်နေ့ဖြစ်သည်။ ၁ ရက်နေ့မှာ ပိတ်ပွဲနှင့် ဆုပေးပွဲ။ ယခုနှစ် အတွက် ဟာသ မီးက ပထမ၊ ပုတု က ဒုတိယ၊ လူပဲ့ က တတိယ ရရှိကြောင်း သိရသည်။

ပြိုင်ပွဲဝင် မီးပုံးပျံများမှာ ကြယ်နီ၊ ဟာသ၊ လူပဲ့၊ ချီခန့်၊ ကားပွဲစား၊ စိမ်းလဲ့ကန်သာ၊ ဓာတ်ခဲ၊ နောင်မွန်၊ ထီဖုံး ချာကတူး၊ တောင်ပိုင်း၊ ကန်အောက်၊ အိုတိုး၊ ပုတု၊ ငပျင်း၊ ညသာ၊ ကမ္ဘောဇ၊ ရွှေပိုး စသည်တို့ ပါဝင်ယှဉ်ပြိုင် ကြကြောင်းလည်း သိရသည်။

ပြိုင်ပွဲဝင်မီး စုစုပေါင်း ညမီးကျည် ၅၅ လုံး၊ စိန်နားပန် ၃၆ လုံး ညလွှတ်စုစုပေါင်း ၉၁ လုံးနှင့် နေ့လွှတ် အရုပ် ၂၉၆ လုံး လွှတ် တင်ကြသည်ဟု ပြိုင်ပွဲကော်မတီက ပြောသည်။ ထီဖုံး၊ ချီခန့်၊ ချာကတူး၊ ဓာတ်ခဲ၊ ကြယ်ကျစ် စသည့် ညမီးကျည်များမှာ နာမည်ကြီးများဖြစ်ကြ၏။

တောင်ကြီးတွင် လူအားလုံး နေ့နှင့်ည မှားနေကြသည်။ ညဘက် ၇ နာရီ ၈ နာရီခန့်ဆိုလျှင် အားလုံး မီးပုံးပျံ ကွင်းထဲ ရောက်နေကြပြီ။

မည်မျှ ချမ်းချမ်းအေးအေး မနက်ကြီး ၃ နာရီ ၄ နာရီ နောက်ဆုံးမီးပုံးလွှတ်ပြီးမှ အိမ်ပြန်အိပ်ကြသည်။ မနက် ဆိုလျှင် ၁၀ နာရီ ၁၁ နာရီခန့်မှ အိပ်ရာထကာ နေ့လွှတ်အရုပ်သွားကြည့်သူကကြည့်၍ ညအတွက်ပြင်ဆင်သူ များလည်းရှိကြ၏။

ယခင်နှစ်က အရုပ် အမျိုးအစား မီးပုံးပျံတခုအတွက် ကျပ် ၁ သိန်းမှ ၅ သိန်းကြား ကုန်ကျပြီး စိန်နားပန် အမျိုးအစား အတွက်ဆိုလျှင် ကျပ် ၁၀ သိန်းအထိ ကုန်ကျသည်ဟု သိရသည်။

ယခုအခါတွင်တော့ ကုမ္ပဏီအသီးသီးက ပြိုင်ပွဲဝင် အဖွဲ့များအတွက် အကုန်အကျခံပေးကာ ၎င်းတို့၏ ကုမ္ပဏီ အမှတ်တံဆိပ်များကို မီးပုံးပျံကြီးများတွင် ထည့်သွင်း ရေးဆွဲလာကြသည်။ တောင်ကြီး မီးပုံးပျံတခု၏ ပျမ်းမျှအချင်းနှင့် အမြင့်မှာ ပေ ၂၀ မှ ၂၄ ပေ အထိရှိသည်။ မီးပုံးပျံအများစုကို ပိုးစာပင်မှရရှိသည့် ရှမ်းစက္ကူ ခေါ် မှိုင်းကိုင် စက္ကူဖြင့်ပြုလုပ်ပြီး အဆင့်မီ မီးပုံးပျံတခုအတွက် မှိုင်းကိုင်စက္ကူ အချပ်ရေပေါင်း ၁၂၀၀ ခန့် လို အပ်သည်။

ယခုနှစ် မီးပုံးပျံတခုအတွက် ပျမ်းမျှကုန်ကျစားရိတ်မှာ ကျပ် သိန်း ၂၀ ခန့်ရှိသည်။ ယမ်းမှုန့်အစရှိသော ထည့်သွင်း အသုံးပြုရသည့် ပစ္စည်းအမယ်များကို ထိရောက်စေရန် အကောင်းဆုံးများ ရွေးချယ် သုံးရသော ကြောင့်ဖြစ်၏။

တောင်ကြီးမြို့က လှပါသည်။ အေးချမ်းရိုးသားခြင်းရှိသော မြို့ဟုခေါ်ရမည်ထင်သည်။ တောင်ကြီး မြို့မှာ ဓလေ့ရိုးရာတွေ မပျက်စီးသေးခြင်းက မြို့၏အလှကိုပိုပြီး တောက်ပစေသည်။ ထို့ထက်ပိုသည်က မြို့နေ ဒေသခံများမှာ ရိုးသား ဖော်ရွေသည်။ လူငယ်အများစုက ခေတ်မီကြပါသည်။ ဝတ်ပုံစားပုံနှင့် နေထိုင်ပုံကို သာမန်ကာလျှံကာကြည့်လျှင် ပေါ့လျှပ်လျှပ် ဆောင့်ကြွားကြွားဟု ထင်ရသော်လည်း သူတို့ရင် ထဲမှာက ရိုးရာအမွေအနှစ်အတွက် စိတ်ဓာတ်က အပြည့်ရှိနေသည်ကို တွေ့ရသည်။

မီးပုံးပျံတဖွဲ့ သွားတိုင်း မေးမြန်းလိုက်တိုင်း မညည်းမညူစိတ်ရှည်လက်ရှည်ရှင်းပြပေးကြသည်။ သူတို့လုပ် ဆောင်ချက်များနှင့်ပတ်သက်ပြီး အားလုံးကို နားလည်စေချင်သော စေတနာ၊ သူတို့ရိုးရာကို မှတ်တမ်း မှတ်ရာကျန်စေချင်ခြင်းများဖြင့် သူတို့မျက်လုံးများ က တလက်လက်တောက်ပ တက်ကြွနေကြသည်။ သူတို့အပြုံးများကလည်း ချိုမြ၍နေကြပါသည်။ ။

Tuesday, November 3, 2009

စာအုပ်စဉ်
http://saveburma.wordpress.com/download-books-in-burmese/

Monday, November 2, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ

Saturday, 18 July 2009 15:48 မောင်သစ်ဦး
E-mail Print

၁၉၇၀ ခုနှစ် တ၀ိုက်တုန်းက ဖြစ်သည်။ ကျနော်တို့ငယ်စဉ် အသက်(၂၀) ၀န်းကျင်အရွယ် စာအုပ်စာတမ်းများကို အရူးအမူးဖတ်ခါစအချိန်။ ကမ္ဘာ့  ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ များကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာ ခဲ့ကြဖူး၏။

အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဘက်ကနိုင်ငံ့အရေးကို ဆောင်ရွက် ရင်း တဘက်ကလည်း စာပေကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခုတ်တရရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက်ထားခဲ့ကြဖူးသည်။ ဥပမာ အနေနှင့် ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်ပြည်က မော်စီတုံး၊ အိန္ဒိယက နေရူး စသည်တို့ဖြစ်ကြ၏။ ဟိုချီမင်းနှင့် မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရူး ကမူ စကားပြေများကိုရေး၏။

ထိုစဉ်က ကျနော်တို့ တတွေ အလေးအနက်ထားလေ့လာမှတ်သားခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ကျနော်တို့ နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ ရေး ကိစ္စများကို တဘက်ကဆောင်ရွက်ရင်း မအားလပ်သည့်ကြားက ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တချို့ရေးသားချန်ရစ်နိုင်သည့်ခေါင်းဆောင်ကြီးတဦးဖြစ်၏။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ဘ၀မှာ ကတည်းက ဗြိတိသျှကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့“ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့၏ နှလုံးသားကို ဆွဲဆောင်ကိုင်လှုပ်နိုင်ခဲ့၏။

ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော် တို့ ငြိတွယ်ခဲ့ကြ၏။ သို့သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ ရှာရဖွေရခက်ခဲလှ၏။ တစုတဝေး တည်း ထုပ်ထုပ်သိမ်းသိမ်း ပြုလုပ်ထုပ်ဝေသည့် စာအုပ်စာတန်းအနေနှင့်မရှိသေး။ ထို့ ကြောင့် ကျနော်တို့ မှာ ဗိုလ်ချုပ်၏ စာပေလက်ရာများကို စိတ်အားထက်သန်သလောက် ပြည့်ဝအောင်ရှာဖွေမဖတ်ရှုနိုင်ခဲ့။

၁၉၉၈ ခုနှစ်ထဲတွင်မူ ကျနော်တို့ တတွေ အနှစ်နှစ်အလလက တောင့်တခဲ့ရသည့်ဆန္ဒတခုမှာ မမျှော်လင့်ဘဲ ပြည့်ဝလာခဲ့ရ၏။ ထိုနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထွက်ရှိ လာသောကြောင့် ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများကို ယခုကဲ့သို့ တလုံးတစည်းတည်းစာအုပ်တအုပ် အနေနှင့် စုဆောင်း ကြိုပမ်းခဲ့သည့်ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ( တက္ကသိုလ်များ သမိုင်းသုတေသနဌာန အကြီး တန်း သုတေသနမှူး) ဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်တွင် တက္ကသိုလ်များ သမိုင်းသုတေသနဌာန ညွန်ကြားရေး မှူး ဒေါ်နီိနီမြင့်က ဥယျောဇဉ်ရေး၏။ နိဒါန်းစာကိုမူ ဆရာ မြဟန် ကရေး၏။ ဤစာအုပ်တွင်“ဗိုလ်ချုပ်အောင်ဆန်း ၏ စာရေးဝါသနာ” ၊ “ဆောင်းပါးအနှစ်ချုပ်များ ” နှင့် “ဗိုလ်ချုပ်အောင်ဆန်းပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာ” ဆောင်းပါး( ၃ )ပုဒ်မှာမူ ရေးသူအမည်မပါရှိဘဲ ဖေါ်ပြထားသည်ကိုတွေ့ ရ၏။ သို့သော် ဤဆောင်းပါး များတွင်ပါရှိသည့် အတွင်းစာသားတချို့ အပေါ်မူတည်ကာ၊ ဤစာအုပ်ကိုကြိုးပမ်းစုစည်းသူ ဆရာ‘ မြဟန် ’ ကိုယ် တိုင်ပင်ဖြစ်မည်ဟု ယူဆရ၏။သို့သော်စာရေးသူအမည် မဖေါ်ပြသည့်ဆောင်းပါး များဖြစ်သည့်တိုင် ဤဆောင်းပါး များမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများအပေါ် စာဖတ်သူများပိုမိုနားလည်ခံစား နိုင်ရန်အထောက်အကူပြုသည့်အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။
* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “အယူအဆရေးရာကိစ္စများ”ကိုတွေ့  ရသည်။ ထိုအယူအဆရေးရာကိစ္စများမှာ ကျောင်းသားများ တူညီဝတ်စုံဝတ်သင့်၊ မသင့်ကိစ္စမှအစ ဘ၀ လမ်းညွန် အယူအဆကိစ္စအထိ ကျယ်ကျယ်ပြန့် ပြန့်ပါဝင်၏။

ဥပမာ“ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသား သည့် Freedom 0f Dress in School ဆောင်းပါး နှစ်ပုဒ်တွင် ဦးသန့် ၏ “ဂန္တလောက” မဂ္ဂဇင်းတွင် ရေးသည့် “ From my School Window ” ဆောင်းပါး အပေါ်ပြန်လည် ချေပရေးသားသည့်ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီဝတ်စုံဝတ်စေသည့်ကိစ္စမှာ လွတ်လပ်မှုမရှိခြင်း ကို ပြဆိုခြင်းမဟုတ်ဘဲ စည်းလုံးမှုနှင့်ချစ် ခင်ရင်းနှီးမှုစိတ်ဓာတ်တို့ ကိုပွားစေကြောင်း ချေပသည့်ဆောင်းပါးဖြစ်၏။

နောက်ထပ် ဥပမာတ ခုမှာ ဗိုလ်ချုပ်၏နာမည်ကျော်ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့်ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးမှာ ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ပါဝင် သည့်ဆောင်းပါးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘ၀က ရေးသည့် ဆောင်းပါးဖြစ်၏။

ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့်အကြောင်းအရာမှာမြင့်၏။ အမျိုးသား ဓလေ့ ထုံးစံအယူအဆများအပေါ် လူငယ်များမည်ကဲ့သို့ ခံယူကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးသည့် ဆောင်းပါး ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းလှသည့်အချက်မှာ ဤဆောင်းပါး၌ “ဗုဒ္ဓ” ၏“ ကာလမသုတ္တန်” လာ အယူ အဆကိုအလေးအနက်ထား တင်ပြဆွေးနွေးသည့်အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ၀ိဘဇ္ဖ၀ါဒ ” ဖြစ်၏။ “ဗုဒ္ဒ၀ါဒ” ၏ အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးမှသာ လက်ခံ ကျင့်သုံးသင့်ကြောင်း ထောက်ပြသည့်ဆောင်းပါးဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”ကို ဖတ်ပြီးဗိုလ်ချုပ်၏အယူအဆရေးရာ အတိုင်းအဆ အတိမ်အနက် ကိုခန့် မှန်းလို့ ရသည့် နောက်ထပ် ဥပမာရှိပါသေးသည်။“ကျောင်းသားဝတ္တရား” ဆောင်းပါးဖြစ်၏။

ဤဆောင်းပါး၏ အနှစ်သာရမှာ( ၂ )ချက်ရှိ၏။( ၁ ) အချက်မှာ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုခြင်းဖြစ်ပြီး (၂)အချက်မှာကျောင်းသားများထားရှိရမည့် ပညာသင်ကြားရေးဆိုင်ရာအလုပ်လမ်းညွှန်ဖြစ်၏။ ပထမ အချက် အရ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုရာ၌ “ပညာစစ်” ဆိုသည်မှာ ပညာသင်ကြားရေးလွတ်လပ်ခွင့် Academic Freedom ရှိမှသာ စစ်မှန်သည့်ပညာရေးဖြစ်ကြောင်းဖွင့်ဆိုချက်ဖြစ်၏။

နောက် တချက်မှာ ကျောင်းသားများဝတ္တရားမှာအတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှနှင့်တာဝန်ကျေပွန်သည် မဟုတ်။ လောက ရေး၊ ဓမ္မရေးနှင့်ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သောပညာမျိုးကိုရအောင် ဆည်းပူးကြရမည်ဟူသည့်အလုပ်လမ်းညွှန် အယူအဆဖြစ်၏။ တနည်းအားဖြင့်ဆိုလျင် ကျောင်းသားဟူသည်မှာ ပညာရေးတွင်မက လောကရေးကိုပါလေ့လာပါဝင် ဆင်ခြင်လုပ်ကိုင်ရမည့် ၀တ္တရားရှိသည် ဟူသည့် အယူအဆ ပင်ဖြစ် သည်။ အမှန်စင်စစ် ဗိုလ်ချုပ်အောင်ဆန်းသည်“ကျောင်းးသားများ နိုင်ငံရေးနှင့် မသက်ဆိုင်၊ ပညာရေး သက်သက်သာလေ့လာပါဝင်ရမည်” ဟူသည့်အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ ရသည့် ဆောင်းပါးဖြစ်၏။

အယူအဆရေးရာအရ နောက်ထပ်ဥပမာတခုရှိပါသေးသည်။ “နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးဖြစ်၏။ ဤဆောင်းပါး တွင် အဓိကအားဖြင့်အချက်( ၂ )ချက်ကိုတွေ့ ရ၏။ ပထမအချက်မှာ“နိုင်ငံရေးဆိုသည်မှာ လူမှုသူမှုကိစ္စအားလုံး ပင်ဖြစ်၏”ဟု ဗိုလ်ချုပ်က ယူဆ၏။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်တချို့ နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးအရှုပ် အထွေး များကြားညပ်နေသည့်အခါ “နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည်၊ ကုသိုလ် တပဲ ငရဲ တပိဿာ အလုပ်ဖြစ်သည်” ဟူသောစကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့်ကွက်၏။“နိုင်ငံရေးသည် လောကီ ရေး ပင်ဖြစ်၏။ လူတွေသည်ပြုပြင်လို့ ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ မြုင့်တင်ရေးသားလိုက်၏။

ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကိုသိရှိနိုင်သည့်နောက်ဆုံးဥပမာမှာ “စာပေရေးရာ အယူအဆ”ဖြစ်၏။ ဗိုလ်ချုပ်သည် စာပေရေးရာအယူအဆကို ဖေါ်ပြသည့်ဆောင်းပါးတပုဒ်ကိုရေးခဲ့သည်ကားမှန်၏။ သို့ သော် ထို ဆောင်းပါးကို မည်သည့်နေရာဌာနတွင် ဖေါ်ပြခဲ့သည်ကိုလည်းကောင်း၊ ဆောင်းပါ၏ ခေါင်းစဉ်ကို လည်းကောင်း မှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။

ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင်ထုတ်ဝေသည့်“အိုးဝေမဂဇင်း” ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ အယူ အဆဆိုင်ရာဆောင်းပါးကို ဖေါ်ပြပေးခဲ့သဖြင့်သာ လူအများ ဖတ်ကြရခြင်းဖြစ်၏။ ဤဆောင်းပါးတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ စာပေအယူအဆမှာ“မိမိရေးလိုက်သည့်စာပေသည် အမြဲတမ်းရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေရမည်၊ ခေတ်အလိုက် လူ့ လောက တိုး တက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ ထက်တစ်နေ့ တိုးတက်ကြီး ပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။

ဤသည်တို့မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်မှရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူ အဆ ရေးရာအပိုင်း ဥပမာတချို့ပင်ဖြစ်သည်။
* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်လျင် ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆပိုင်း အခြေနေကို ကျနော်တို့လေ့လာလို့ ရနိုင်၏။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာ အခြေနေကိုလည်း လေ့လာနိုင်၏။ တနည်းအားဖြင့်ဆိုလျင် အကြောင်းအရာနှင့် အတတ်ပညာနှစ်ခုစလုံး လေ့လာခွင့်ရနိုင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထဲမှ ဗိုလ်ချုပ်၏ အယူအဆရေးရာပိုင်းကို ကျနော် အထက် တွင်တင်ပြခဲ့ပြီးဖြစ်သည်။ ဤနေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအခြေအနေကို လေ့ လာကြည့်မိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ( ၀ါ ) ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကိုလေ့လာလိုလျှင်“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ”စာအုပ်ထဲ တွင်ပါရှိသည့်“ဗိုလ်ချုပ်အောင်းဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ” ဆောင်းပါးကိုကျနော်ညွှန်းရပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းက သူကိုယ်တိုင်ပြန်းရေးခဲ့သည့် အတ္ထုပ္ပတ္တိဆောင်းပါးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးအစမှာ ဗိုလ်ချုပ်အောင်ဆန်းက သူမွေးဖွာခဲ့သည့် နတ်မောက်မြို့ အိမ်ကြီးတအိမ်၏ အနောက်ဘက် အဆောင်ငယ်ကလေးအကြောင်းကိုရေး၏။ ရေးပုံရေးနည်း က ဆန်းသည်။

ပထမဦးစွာနတ်မောက်မြို့၏ ဖွဲ့ စည်းပုံကိုရေး၏။ မီးရထားဘူတာရုံတခုကိုရေး၏။ ထို့နောက် ဘူတာ၏ ၀ဲယာ ပတ်လည်မှ မြေပဲခင်း နှမ်းခင်းများဆီ ရောက်၏။ ထိုမှတဖန် တောရကမ္မဌာန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း(သို့) နကျားထူးရွာစု၊ ထို့နောက်နောက်ထပ် ရွာစု (၂ )ခု ၊ ထို့နာက်လောကဓာတ် မြန်မာအထက်တန်းကျောင်း၊ ထို့  နောက် ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့ အုပ်ရိုး အစရှိသည်တို့ ကိုတဆင့်ပြီး တဆင့်ရေးသွား ခဲ့၏။ နောက်ဆုံးတွင်မြို့ ရွာမကြီးထဲက ဧရာမ အိမ်ကြီးတအိမ်ကိုဆိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထို အိမ် ကြီး၏ နောက်ဖေး အဆောင်ငယ်တွင်မွေးဖွား ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏ နောက်ဖေးအဆောင်လေးဆီရောက်အောင် စာဖတ်သူ များကိုတဆင့်ပြီးတဆင့်လမ်းညွှန်ခေါ်ဆောင်သွားသလိုရေးလေသည်။ စာဖတ်သူမှာ တနေရာပြီးတနေရာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်ခေါ်ငင်ရာနောက် တကောက်ကောက်လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီးလိုက်လာခဲ့ရသလို ယာခင်းများကိုဖြတ်ခဲ့ရ၏။ ရွာစုတချို့ ကိုဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့ ရှေ့ မှဖြတ်ရ၏။ စာပိုဒ်ဆုံးခါနီးကြမှ အိမ်ကြီးတအိမ်၏ နောက်ဖေးအခန်းငယ်ဆီ ရောက်လာလေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအားကောင်းမှုကြောင့် နတ်မောက်မြို့ ကလေးကို မျက်စိထဲတွင် ထင်ထင်ရှားရှားမြင်လာရလေသည်။ ဤရေးဟန် အဖွဲ့ အနွဲ့ မှာ သဘာဝပတ်ဝန်းကျင် အနေအထားကို ဖေါ်ပြ သော ရေးနည်းရေးဟန်ဖြစ်၏။

ဤ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင်စရိုက်အဖွဲ့ အနွဲ့ တချို့ ကိုလည်းထင်းထင်းပြက်ပြက် တွေ့ ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ်ဘ၀ စိတ်နေစိတ်ထားနှင့် စရိုက်ကိုဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦး နှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏စိတ်ထား စရိုက်နှင့်ဆန့် ကျင်ဘက် သဏ္ကာန်ဖြစ်သည့် တခြားဇတ်ကောင်းတဦးနှင့်ယှဉ်တွဲ ဖေါ်ပြခြင်းဖြင့်သူ၏ စရိုက်ကိုပေါ်လွင်စေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ် ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။

“ကျနော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏ ။ သူနှင့်ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျနော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ် လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျနော်က ကြမ်း၏ ။ သူသည် အစားအသောက် အနေထိုင်မှ စ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့၊ ကျနော် က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အ၀တ်များကို သပ်သပ်ရပ်ရပ် ၀တ်တတ်၏ ။ ကျနော်ကား မ၀တ်တတ် ။ မြန်မြန်ညစ်အောင် ၀တ်တတ်၏ ။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျနော်ကား ထူ၏ အေး၏” ဟုရေးလေသည်။

ဤ ဆောင်းပါးထဲ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်းတကြောင်းကို တွေ့ ရ၏။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့် သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်” ဟူသောစာကြောင်းဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေးကောင်း၊ အ ရေးကောင်းသူ” တဦးဖြစ်သည်ကို ကျနော်မငြင်းနိုင်တော့။
* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်မှာ အကျိုးကျေးဇူးကြီးမားလှသည်ကို ကျနော် ၀န်ခံသည်။ စာအုပ်တအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအပေါ်လေးစားမိသည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကိုကျနော်တန်ဖိုးထား၏။ သို့သော် ဖြည့်စွက်အကြံပြုလိုသည့် အချက်တချက်တော့ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘ၀က ကဗျာတပုဒ်ကိုမြန်မာဘာသာပြန်ဆိုခဲ့ဖူး၏။ လူ အတော် များများသိထားကြပြီးဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ့ “အနိုင်မခံ ” ကဗျာဖြစ်၏။ ယင်းဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြ သင့်သည်ဟုကျနော်ယူဆမိသည်။ အမှန်စင်စစ်ဘာသာပြန်အတတ်ပညာမှာလည်းအနုစာပေရေးရာ ကိစ္စတခု သာ ဖြစ်သည်ဟု ကျနော်ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့်မသက်ဆိုင်သော်ငြားလည်း ဘာသာပြန်ဆို ရ သူ၏အရည်အချင်းပေါ်မူတည်ပြီး အောင်မြင်သောစာပေလက်ရာတခုဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ် သလို ဘာသာပြန်ဆရာများကြောင့် လူမျိုးများအချင်းချင်း ယဉ်ကျေးမှုပေါင်းကူးယှက်နွယ်တိုးတက်လာစေသည် ကို လည်း အသိအမှတ်ပြုကြရမည်ဖြစ်၏။

ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည်ပုဂ္ဂိုလ်များက ‘အနိုင်မခံ ’ ဘာသာပြန်ကဗျာကို မူရင်း ဖန်တီး သူမဟုတ် ဟူသောအယူအဆဖြင့် တမင်ချန်ထားခဲ့သည်လော၊ သို့တည်းမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မေ့လျော့ကျန်ခဲ့သည်လော ကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြစေချင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်ကိုဖတ်ပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ အတွေးအခေါ်အယူအဆနှင့် စာပေအတတ်ပညာရပ်များကို တစုံတရာလေ့လာတွေ့ ထိ နိုင် သည့်အတွက် ကျေနပ်ဂုဏ်ယူရသည်မှာမှန်၏။ သို့သော်တပြိုင်နက်တည်းဆိုသလို ကြေကွဲဝမ်းနည်းမိသည့် အချက်တချက်လည်းရှိပါသေးသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှထွက်ကာ စာရေးဆရာတဦးအနေ နှင့် ဘ၀ နိဂုံးချုပ်ချင်သည့် စိတ်ဆန္ဒပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆန္ဒကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ် ပြောဆိုခဲ့သူဖြစ်၏။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမားလေးနက်လှသည့် ဤ ပုဂ္ဂလိက စိတ်ဆန္ဒမှာမူ မပြည့်ဝ နိုင်ခဲ့ရှာပါ။

၁၉၄၇ ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူ အသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့၏ လုပ်ကြံသတ်ဖြတ်မှုကို ခံ ခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကိုပင်မြင်တွေ့ ခွင့်မရခဲ့ရှာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများမှာ အရေအတွက်နည်းပါး၏။ ကြီးမားများမြောင်လှသည့် နိုင်ငံ့လွတ်လပ်ရေးကိစ္စများကြားမှပင် ဤအရေအတွက်နည်းပါလှသည့် စာပေလက်ရာတချို့ ကို ကြိုးစားဖန်တီးခဲ့ရရှာသည့် ဗိုလ်ချုပ်အောင်ဆန်းအား ကျနော်လေးစားမိသည်။ ထို့အပြင်ဘ၀ကိုစာရေးသူတဦး၏ ဘ၀နှင့်သာနိဂုံးချုပ်ရန် စိတ်အားထက်သန်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေးနက်မိပေ၏။