Monday, November 2, 2009

သူတို့နှင့် လင်းယုန်ကြီး …..
အမြင့်ပျံလင်းယုန်

၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခဲ့၏။ အောက်တိုဘာလ ၂၇ ရက်နေ့၌ ဆရာ၏ ရုပ်ကလာပ်အား ကြံတောသုဿန်တွင် ဂူသွင်း၍ သဂြိုဟ်ခဲ့သည်။ ကြာပြီ…..။ နှစ်ပေါင်း ၃၁ နှစ်တိတိ ကြာခဲ့ပြီ။ သို့သော်….မမေ့နိုင်ကြ။ မေ့မရနိုင်ကြသေး….။ ဆရာ့စာများက ရှင်သန်မြဲ….။ လတ်ဆတ်ဆဲ…..။ တရိုတသေ သိမ်းဆည်းပြီး တခုတ်တရ ပြန်၊ ပြန်၍ ဖတ်နေကြရမြဲ….။ ဆရာ့နာမည်က …. မြန်မာ့စာပေ သမိုင်းတွင် ကြီးမြတ်ဆဲ…..။ ဆရာကွယ်လွန်ခဲ့ပြီး နှစ်ပေါင်း ၃ဝ အတွင်း ….. ဆရာနှင့်အတူ ထိတွေ့၊ လက်တွဲ…ဖြတ်သန်းခဲ့ကြသည့် ရဲဘော်ရဲဘက်၊ ရေးဖော်ရေးဖက်များက ဆရာ့အကြောင်း၊ အမှတ်ရချင်များ ရေးကြ၏။

ပြီးလျှင် …. ဆရာ့၏ စာများအား သွေးကြောအတွင်း စီးဝင်၍ နိုးကြွရှင်သန်ခဲ့ကြရသည့် သူများကလည်း ဆရာအကြောင်း ရေးကြ၏။ အလင်း….အမှောင်၊ အထူ….အပါး၊ အနီး….အဝေးတို့ကမူ ကွာ၏။ အမြင်၊ရှုဒေါင့်ချင်းကမတူ ….။ ဤအတွင်းမှပင် ဆရာ့၏ ဘဝကောက်ကြောင်းသည် ခဲသားထင်လာ၏။

နရသိမ်မှ အကျဉ်းသား၊ ကျွန်းဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲဝင် တပ်သားကြီး၊ ပြည်တွင်းငြိမ်းချမ်းရေး ရှာဖွေသူ…..၊ သူပုန်စာရေးဆရာကြီး…..။

ဒဂုန်တာရာနှင့် လင်းယုန်ကြီး

ဆရာဗန်းမော်တင်အောင်နှင့် နက်နက်ရှိုင်းရှိုင်း ရင်းနှီးခင်မင်သည့် ရေးဖော်ရေးဖက်များအတွင်း၌ ဆရာဒဂုန်တာရာသည် အရှေ့ဆုံးမှ ရှိလိမ့်မည်။ သူတို့နှစ်ယောက်၏ ရင်းနှီးခင်မင်သည့် ဆက်ဆံရေးနှင့်ပတ်သက်၍ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဆရာဗန်းမော်တင်အောင်အား …

“ကျနော်နှင့် အခင်မင်ဆုံး၊ အရင်းနှီးဆုံး၊ နားလည်ဆုံး၊ အလိုလားဆုံး မိတ်ဆွေများအနက် …..” တဦးအပါအဝင်ဟု ဝိသေသအရှည်ကြီး သုံးပြီး ရေး၏။ ဆရာတို့ ၂ ဦးက အသက်အရွယ်ချင်း မတိမ်းမယိမ်း။ သို့သော်လည်း….. ငယ်ပေါင်းများမဟုတ်၊ ကျောင်းနေဘက်များမဟုတ်….။ စာပေနှင့်ပတ်သက်ပြီး ရင်းနှီးခင်မင်ခဲ့ကြရသည့် စာပေမိတ်ဆွေများ၊ ရေးဖော်ရေးဖက်များ…..၊ ကြီးမှ ခင်မင်ခဲ့ကြသည့်သူများ ဖြစ်သော်လည်း ….. ရင်းနှီးခင်မင်ခဲ့ကြသည့် နှစ်ကာလက ရှည်ကြာလွန်းလှ၏။ နှစ်ပေါင်း ၃ဝ ကျော် ပေါင်းသင်းခဲ့ကြသည့် “ကြီးဖော်” များ…..။

၁၉၆၃ ခုနှစ်…၊ စာရေးဆရာများသမဂ္ဂအား ဖွဲ့စည်းရန် ပြင်ဆင်ကြ၏။ ဆရာဗန်းမော်တင်အောင်က ဆရာဒဂုန်တာရာအား စာရေးဆရာသမဂ္ဂတွင် ဥက္ကဋ္ဌ လုပ်စေလို၏။ အခြေအနေက မပေး….။ ဆန့်ကျင်သူအချို့၊ ကန့်ကွက်သူအချို့ ရှိနေ၏။ ထိုသူတို့က …. ဆရာဗန်းမော်တင်အောင်အား စာရေးဆရာသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တင်၏။ ဤသို့တင်ခြင်းက …. ဆရာဗန်းမော်တင်အောင်အား ဥက္ကဋ္ဌ ဖြစ်စေလိုခြင်းထက် ဆရာဒဂုန်တာရာအား ဥက္ကဋ္ဌ မဖြစ်ရန်အတွက် တင်ကြခြင်းဖြစ်၏။ ဆရာဒဂုန်တာရာမှလည်း ဆရာဗန်းမော်တင်အောင်အား ဥက္ကဋ္ဌ လုပ်ရန် တိုက်တွန်း၏။ မရ…။ ဆရာဗန်းမော်တင်အောင်က ငြင်းနေပြန်သည်။ နောက်ဆုံး …. ဆရာဒဂုန်တာရာက ….

“ခင်ဗျား … ဥက္ကဋ္ဌ လုပ်တာဟာ၊ ကျနော် ဥက္ကဋ္ဌလုပ်တာနဲ့ အတူတူပါပဲဗျာ….” ဟု ပြောမှ ဆရာဗန်းမော်တင်အောင် ဥက္ကဋ္ဌ လုပ်ရန် သဘောတူ၏။

“စာရေးဆရာ သမဂ္ဂ၏ ကြေညာချက် စာတမ်းမူကြမ်းကို ကျနော်က ရေးသည်။ သူက သူ့လက်ရေးနှင့်ကူးကာ သူ့ရေးဟန်လေးထည့်ပြီး တင်ပြရာ လက်ခံအတည်ပြုကြသည်။ ကျနော့်လက်ရေးမြင်လျှင် သူတို့ လက်ခံကြမည် မဟုတ်မှာ သေချာသည်။ ကျနော်တို့ နှစ်ယောက် ပြုံးကြည့်မိကြသည်။”

ပေါင်းလောင်းမြစ်ဘေးမှ စကားသံ

ဆရာဗန်းမော်တင်အောင် မကွယ်လွန်မီ …. ၃ နှစ်ခန့်က ဖြစ်သည်။ ဆရာဗန်းမော်တင်အောင်နှင့် ဆရာဒဂုန်တာရာတို့ (ဆရာတို့ မျိုးဆက်နှင့် နှိုင်းယှဉ်လျှင် လူငယ်များ) လူငယ်ကဗျာဆရာ၊ စာရေးဆရာများနှင့် ပျဉ်းမနား ပေါင်းလောင်းမြစ်ဘေး၌ စကားဝိုင်းဖွဲ့ဆွေးနွေးနေကြ၏။ ဆွေးနွေးပွဲက အငြင်းအခုန်များနှင့်….။ အငြင်းအခုန်များက ….. ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်မှုများနှင့်….။

လူငယ်ကဗျာဆရာ၊ စာရေးဆရာများက …. ဆရာမောင်သင်းခိုင်၊ ဆရာဇော် (ပျဉ်းမနား) ၊ ဆရာဟိန်းလတ်၊ ဆရာဝင်းအောင်ထိုက်၊ ဆရာကျော်မင်းဟန်၊နှင့် ဆရာဇော်ဝင်းကို တို့….။ အကြောင်းအရာက …. ဆရာဗန်းမော်တင်အောင်၏ မြစ်ဧရာပေါ်ဝယ် ဝတ္ထုနှင့်ပတ်သက်၍ ဆရာဗန်းမော်တင်အောင်အား ဝေဖန်နေခြင်းဖြစ်၏။ မြစ်ဧရာပေါ်ဝယ်တွင် ဆရာဗန်းမော်တင်အောင်က ….. “ဓနရှင်လောက” စာအုပ်အား ရေးသူ ကိုဗဟိန်းနှင့်ပတ်သက်၍ ကောက်ချက်တခုချ၏။ ဆရာ့၏ ကိုဗဟိန်းအပေါ်ဆွဲသည့် ကောက်ချက်နှင့် ပတ်သက်၍ လူငယ်များက သဘောမတွေ့ …။ ဤအပေါ် ဝေဖန်ကြခြင်းဖြစ်၏။ ဝေဖန်ရေးက တစ …. တစ ပြင်းထန်လာ၏။ ဆရာဇော်ဝင်းကို တဦးတည်းက ဒိုင်ခံ၍ ဝေဖန်နေခြင်းမျိုး….။ ဆရာဇော်ဝင်းကိုက ဆရာဗန်းမော်တင်အောင်နှင့်အတူ ကျွန်းကျဘက် …..။ ကျွန်းတိုက်ပွဲတွင် အတူတိုက်ပွဲဝင်ခဲ့သည့် ရဲဘော်ရဲဘက်တဦး …။ ဆရာဇော်ဝင်းကိုက ဆရာဗန်းမော်တင်အောင်အား လက်ညှိးငေါက်ငေါက်ထိုး၍ ပြော၏။

“ဦးလေးမှာ အဲ့ဒီလိုရေးဖို့၊ အဲဒီလို ဝေဖန်သုံးသပ်ဖို့ အခွင့်အရေးမရှိဘူး …..”
ဤတွင် ဆရာဗန်းမော်တင်အောင်သည် …. ဝေဖန်တိုက်ခိုင်မှုများအား တချိန်လုံးငြိမ်သက်စွာ နားထောင်နေခဲ့ရာမှ …. ဆရာဇော်ဝင်းကိုအား ပြန်၍ပြောဆိုသည်။ ဤသည်အား ဆရာဇော်ဝင်းကိုက …. “ဗန်းမော်တင်အောင်ဋီကာ” တွင် …..

“ဦးလေးက သူ့အံကပ်ကို ချွတ်လိုက်သည်။ ကျနော်တို့ကို ပြတယ်။ ကြိုးပြာပေါ်ပလင် လက်ရှည်အင်္ကျီရဲ့ လက်တွေကိုပင့်ပြီး အရိုးပြိုင်းပြိုင်းကျနေတဲ့ သူ့လက်အစုံကို ပြတယ်။ အင်္ကျီရင်ဘတ်ကို လှပ်ပြတယ်။ ပြီးတော့မှ …. သွားတွေကြိုးကြဲက လေထွက်နေပေမယ့် အင်မတန်ပီပြင်တဲ့အသံနဲ့ ပြောလိုက်တယ်။ ဒေါသအသံတော့ လုံးဝမပါဘူး။ ဒါပေမဲ့ အင်မတန်လေးနက်သလောက် ဆွေးမြေ့တဲ့ အသံနဲ့…..။”

“… ကိုဇော် သိပါတယ်ဗျာ၊ ကျနော် ဘာအတွက် ဘယ်လောက်လုပ်ကိုင်ခဲ့တယ်။ ဘာတွေ ရင်ဆိုင်ခဲ့ရတယ်၊ ဘာတွေကို စွန့်လွှတ်ခဲ့ရတယ်ဆိုတာ ကိုဇော် အသိဆုံးပါ။ ကျနော် စွန့်လွှတ်ခဲ့တဲ့ ဒီအသွေးအသား၊ ကျနော် ဆုံးရှုံးခဲ့တဲ့ ဒီခွန်အား၊ ကျနော် ပေးဆပ်ခဲ့ရတဲ့ ဒီဘဝအစိတ်အပိုင်းတွေကို ထောက်ထားပြီး ဒီလောက်မှ ပြောဖို့အခွင့်အရေး ကျနော့်ကို မပေးနိုင်တော့ဘူးလား …”

တနေ့….။ ပေါင်းလောင်းမြစ်ကမ်းဘေး စကားဝိုင်းပြီး၍ နောက်တနှစ်ခန့်တွင် ဖြစ်သည်။ ပင်းယစာအုပ်တိုက်၌ သခင်မြသန်း၏ ဇနီးနှင့် ဆရာဗန်းမော်တင်အောင်တို့ စကားဆိုဖြစ်ကြ၏။ ဆရာက …..

“ကျန်းမာရေးတော့ ဂရုစိုက်ဗျာ။ အင်း …. ကိုမြသန်းကတော့ ဘဝတလျှောက်လုံး အနေဆင်းဆင်းရဲရဲ၊ ကြမ်းကြမ်းတမ်းတမ်း၊ နေခဲ့ရတဲ့ဒဏ်က ကျန်းမာရေးကို ဒုက္ခပေးသွားတာပဲ။ ပြောသာ ပြောရတယ်။ ကျနော်လည်း ကျန်းမာရေး သိပ်ကောင်းလှတယ်တော့ မဟုတ်ဘူး။ ကိုမြသန်းနောက်ကို မကြာခင် လိုက်ရတော့မယ်နဲ့ တူပါရဲ့ဗျာ…..”

ဆရာသခင်မြသန်း …. ဆရာဗန်းမော်တင်အောင်တို့က ကွယ်လွန်ခဲ့ကြလေပြီ …. သို့သော် ….မသေ။ အမြဲရှင်သန်လျက်…..။ ဆရာဗန်းမော်တင်အောင်၏ စကားသံအား ကြားယောင်မိဆဲ….။

“ကျနော့်ဘဝမှာ အတ္တဆိုလို့ မခင်ဦးကို ချစ်တဲ့ အချစ်တခုပဲ ရှိပါတယ်ဗျာ …..”

No comments:

Post a Comment