Thursday, April 29, 2010


၂၀၁၀ အတွင် ဗုံးပေါက်ကွဲမှုများဒီမှာ
ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း
Thursday, 29 April 2010 12:46
http://www.yoma3.org/index.php?option=com_content&view=article&id=537:2010-04-29-05-52-47&catid=36:otherinfo&Itemid=81

ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း

* အမည် - ကိုမောင်မောင်ငြိမ်း
* အသက် - (၄၃) နှစ်
* ပညာအရည်အချင်း - အခြေခံပညာအထက်တန်း
* ဇနီးအမည် - မချမ်းလွန် (Internews)
* အဖအမည် - ဦးတင်မောင် (ဗိုလ်မှူးကြီး-ကွယ်လွန်)
* မွေးရာဇာတိ - ရန်ကုန်
* လက်ရှိတာဝန် - အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)။ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)။ အယ်ဒီတာချုပ်၊ ရိုးမ ၃ သတင်းဌာန။


၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွင် တပ်မတော်သားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ပြည်သူဘက်က ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းအပြီးတွင် လွတ်မြောက်ဒေသသို့ ထွက်ခွာလာခဲ့သည်။ မူလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကျောင်းသားတပ်မတော်တွင် တပ်ရင်းမှူးတာဝန်ထိ ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားတပ်မတော်နှင့် (PDF) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလတလျှောက် ရှေ့တန်းစစ်မြေပြင်များတွင် အချိန် အများစု တာဝန်ထမ်းဆောင်ခဲ့သည်။



ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးတာဝန်၊ နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ၏ အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကိုမောင်မောင်ငြိမ်းသည် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းလုပ်ငန်းကော်မတီတို့တွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၀၆ ခုနှစ်မှစ၍ ရိုးမ ၃ သတင်းဌာန၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဗထူးအမည်ဖြင့် သတင်းများကို ရေးသားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ရိုးမ ၃ သတင်းဌာနမှ ထုတ်ဝေသော 'မြန်မာ့ သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ' အမည်ရှိ အစီရင်ခံစာကို ဦးစီးထုတ်ဝေခဲ့သည်။

ကိုမောင်မောင်ငြိမ်းသည် မောင်ငြိမ်းလူ(ဟယ်လ်ပင်) ကလောင်အမည်ဖြင့် ကဗျာများကိုလည်း ရေးသားခဲ့သည့်အပြင် စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေးဆရာများနှင့် စာပေလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်၊ ကြာသာပတေးနေ့၊ နံနက် ၃ နာရီအချိန်တွင် ရိုးမ ၃ သတင်းဌာနရုံး၌ အသဲရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ ချစ်လှစွာသော ဇနီးသည် မချမ်းလွန် ကျန်ရစ်ခဲ့သည်။



× × × × ×

သင်္ဂြီုဟ်မည့်အစီအစဉ်

* အချိန် - နေ့လည် (၁) နာရီ။
* နေ့ရက် - ၂၀၁၀ ပြည့်နှစ်၊ မေလ (၁) ရက် (စနေနေ့)။
* နေရာ - ဘန့်နူရာရပ်ကွက်၊ ဝပ်ဘွန်ယာဝပ်ဘုန်းကြီးကျောင်း။

အသုဘရှုတရားနာ (ယနေ့မှ သင်္ဂြီုဟ်မည့်ရက်အထိ)

* ညနေတရားနာချိန် - (ည ၈ နာရီ)
* နံနက်တရားနာချိန် - (နံနက် ၇ နာရီ)

Monday, April 26, 2010

စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ

27 April 2010
http://www.voanews.com/burmese/2010-04-27-voa1.cfm

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ၀န်ကြီး အနည်းဆုံး ၁၇ ယောက်တို့ဟာ စစ်ရာထူးတွေကနေ အနားယူလိုက်ကြပြီ ဖြစ်ပါတယ်။ အခုလို စစ်ရာထူးက အနားယူလိုက်တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ခြေလှမ်း ဖြစ်တယ်လို့ စစ်တပ် သတင်းရပ်ကွက်က ပြောပါတယ်။ အနားယူကြတဲ့ အထဲမှာ ဗိုလ်ချုပ်ဌေးဦးလည်း ပါဝင်ပါတယ်။

စစ်ယူနီဖောင်းကနေ အရပ်ဝတ် ပြောင်းဝတ်တာသာဖြစ်ပြီး အခု အစိုးရအဖွဲ့ ရာထူးတွေကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ အမည်မဖော်လိုသူ အစိုးရ အရာရှိတယောက်က ပြောပါတယ်။

အစိုးရ သတင်းမီဒီယာတွေကတော့ ဒီသတင်းကို အတည်ပြု ဖော်ပြတာ မတွေ့ရသေးပါဘူး။ စစ်ရာထူးတွေကနေ အနားယူတဲ့ သတင်းတွေ လာပါဦးမယ်၊ ဒါက ပထမအသုတ် ဖြစ်ပါတယ်လို့ သတင်းပေးသူက ဆိုပါတယ်။

စစ်ထွက် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်ကို မကြာမီ မှတ်ပုံတင်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။

စစ်တပ်လိုလားတဲ့ အစိုးရတရပ်ဟာ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာချုပ်ကိုင်မှုကို ပိုမို ခိုင်မာစေလိမ့်မယ်လို့ ရွေးကောက်ပွဲကို ဝေဖန်သူတွေက ပြောကြပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ယူဆရတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးတဲ့အတွက် နိုင်ငံတကာ အသိုက်အ၀န်းကလည်း စစ်အစိုးရကို ဝေဖန်နေကြပါတယ်။

တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်မယ် ဆိုရင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် NLD ပါတီက ပါတီအဖြစ် မှတ်ပုံမတင်တော့ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောပါတယ်။
စစ်တပ်ရေးတဲ့ ဖွဲ့စည်းပုံကြောင့် ထိုင်းနိုင်ငံရေး မတည်ငြိမ်ဟု ဒေါ်စု ဝေဖန်

25 April 2010
http://www.voanews.com/burmese/2010-04-25-voa3.cfm

နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ကြည့်ပြီး စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်နေတာကြောင့် ရေရှည်မှာ ပြဿနာတွေ မပြေလည်နိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ မနေ့က တွေ့ဆုံချိန် အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရေရှည်မှာ တိုင်းပြည်ရဲ့ ပြဿနာကို မပြေလည်စေဘူးလို့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံချိန်မှာ မနေ့က ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်း ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် လက်ရှိ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေတာ ဖြစ်တဲ့အကြောင်း၊ ဒီပြဿနာရဲ့ အရင်းခံဟာ စစ်တပ်က ရေးဆွဲခဲ့တဲ့ မခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို ပြောပြခဲ့ပါတယ်။

“သူက အဲဒါနဲ့ ပတ်သက်ပြီးတော့ အခု ဒီမှာလည်း စစ်တပ်က ကြီးကြပ် ဆောင်ရွက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ပြုလုပ်တော့မှာ။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း အခုဖြစ်နေတဲ့ အခြေအနေတွေရဲ့ အခြေခံက စစ်တပ်က ပြုလုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲလို့ အဲဒီလိုသဘောနဲ့ သူ ပြောပြတယ်။”

မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပပေးမယ် ဆိုတဲ့ တရားဝင်ရက် အတိအကျကို စစ်အစိုးရဘက်က မသတ်မှတ်ရသေးပေမဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် မူတည်ပြီးတော့ ရွေးကောက်ပွဲကို မကြာခင် ကျင်းပတော့မှာပါ။ ဒီလို ကျင်းပဖို့အတွက်လည်း ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ပါတီမှတ်ပုံတင်တာတွေ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း သွင်းတာတွေနဲ့ ပါတီစည်းရုံးရေးအတွက် ပြင်ဆင်မှုတွေကို လုပ်ဆောင်နေကြပါပြီ။ လောလောဆယ်မှာ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်တဲ့ အဖွဲ့ပေါင်း ၁၉ ဖွဲ့အထိရှိပြီး အဲဒီထဲက ၅ ဖွဲ့ကိုတော့ အသိအမှတ်ပြု လက်ခံထားပြီး ဖြစ်တယ်လို့ စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အမှန်တကယ် အဓိပ္ပာယ်ပြည့်ဝတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ရာအတွက် မဲပေးကြမယ့် မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သေသေချာချာ ဂဃနဏ သိရှိအောင် ကြိုးစားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြခဲ့ပါတယ်။

“သူက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မဲဆန္ဒရှင် တယောက်က ရွေးကောက်ပွဲ လုပ်ရတဲ့အကြောင်း၊ ရွေးကောက်ပွဲရဲ့ အခြေခံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အဲဒါတွေကို သိရှိအောင် ကြိုးစားသင့်တယ်။ အကယ်၍ သိရှိဖို့ အခွင့်အရေး မရဘူး၊ မသိရှိဘူးဆိုရင် အဲဒီမဲဆန္ဒရှင်ရဲ့ မဲပေးမှုဟာလည်း ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ တရားဝင် နိုင်ငံရေး ပါတီကြီး ဖြစ်ပေမဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံမတင်တာကြောင့် လက်ရှိ ပြဋ္ဌာန်းထားတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ မေလ ၇ ရက်နေ့ နောက်ပိုင်း တရားဝင် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့ပါဘူး။ တကယ်လို့သာ ပါတီကို ဖျက်သိမ်းရမယ်ဆိုရင် မိမိတို့ဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်သလို ပါတီဆိုင်းဘုတ်တွေ၊ ပါတီအလံတွေကိုလည်း ဖြုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ပြောဆိုတဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြပါတယ်။

“ရုံးတွေက ဆိုင်းဘုတ်တွေ ဘာတွေကတော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် မချနိုင်ဘူး၊ ဒီလို ပါတီကို ပျက်ပြယ်စေတယ် ဆိုတာလည်း တပ်မတော် အစိုးရကလုပ်တဲ့ ဥပဒေပဲ၊ အဲတော့ သူ့အနေနဲ့တော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် ဖြုတ်တာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ရုံးတွင်းပစ္စည်း ဘာညာကိစ္စကတော့ ကိုယ့်ဟာကိုယ် ထိန်းသိမ်းထားမယ်။ အဖွဲ့ချုပ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ ပြန်လွတ်မြောက်လာမှ၊ ပြန်လွတ်မြောက်ဖို့ နိုဝင်ဘာကိုလည်း မျှော်လင့်တယ်ပေါ့ဗျာ၊ အဲဒီကျရင် သူ ပြန်လည် စိစစ်မယ်။ ဒီသဘော ပြောပါတယ်။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

NLD အနေနဲ့ အခုလာမယ့် မေလ ၇ ရက်နေ့ ကျော်သွားတာနဲ့ ဥပဒေအရ အလိုအလျောက် ပါတီပျက်ပြယ်ချိန်မှာ ရှိထားတဲ့ အစုအဖွဲ့တွေနဲ့ လူထုအကျိုးပြု လုပ်ငန်းတွေ၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို တဘက်မှာလည်း နိုင်ငံရေးအရ NLD ရဲ့ မူနဲ့အညီ ဆက်လက်ရပ်တည်နေမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ဆုရရှိသွားသော နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ “ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ" နှင့်
ဘားမားပါပါရာဇီ တွေ့ဆုံမေးမြန်းခြင်း မျက်မှောက်ရေးရာ - အင်တာဗျူး
Sunday, 25 April 2010

မိုးမခက ပြန်လည်တင်ဆက်သည်
http://moemaka.com/index.php?option=com_content&task=view&id=6286&Itemid=1
ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစည်း၍ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများ၊ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသူများအား ကျေးဇူးတင် ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အမေရိကန်ပြည်ထောင်စုတွင် ၂၄.၄.၂၀၁၀ (စနေနေ့) ညနေ (၅း၀၀)နာရီမှ (၇း၀၀)နာရီအတွင်း ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်ရဲ့ Citizen of Burma ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ရရှိသွားခဲ့ပါသည်။
ဆုရရှိမှုနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား သွားရောက်ပြီး မေးမြန်းခဲ့ရာ ဦးကျော်သူမှ အောက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခဲ့ပါသည်။
Burma : မင်္ဂလာပါ ဦးကျော်သူ ။ အခု Citizen of Burma အဖွဲ့အစည်းက ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိသွားတယ်လို့ ကျွန်တော်တို့ သတင်းကြားသိရပါတယ်။ အဲဒီ သတင်းက မှန်ပါသလား ခင်ဗျာ။
ကျော် : သတင်းမှန် မမှန်တော့ ကျွန်တော်လည်း မသိသေးဘူး။ ခုနကတော့ မူဆယ် နာရေးကူညီမှုအသင်း ကနေပြီးတော့ ကျွန်တော်ကို ဖုန်းဆက်အကြောင်းကြားတယ်။ အင်တာနက်မှာ ပါနေပြီလို့ ပြောတယ်။ ကိုကျော်သူ ၀မ်းသာပါတယ်ဆိုပြီးတော့ အကြောင်းကြားတယ်။ အိမ်ရောက်တော့ အိမ်မှာပြန်ကြည့်တော့ ကျွန်တော် အီးမေးလ်ထဲမှာ ဘယ်သူဆီကမှ ဘာမှ မရောက်သေးပါဘူး။ ဒါပေမယ့် Citizen of Burma ဆိုဒ်ကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အဲဒီမှာ “ ကျော်သူဆုရတယ် ” ဆိုပြီးတော့ စာတစ်ကြောင်းပဲ တွေ့တယ်။

Burma : ဆုရတယ်လို့ အဲဒီ စာကြောင်းလေး တွေ့လိုက်ရတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ကျော် : ဘယ်လိုခံစားရသလဲဆိုတော့ ကျွန်တော် ပိုပြီးတော့ တာဝန်ရှိသွားပြီ။ ပိုပြီးတော့ ဒီထက်မက အများကြီး ပြည်သူတွေကို ပေးဆပ်ဖို့ တာဝန်တွေ ပိုလာပြီလို့ ကျွန်တော် သတ်မှတ်ပါတယ်။

Burma : အရင်တုန်းကလည်း ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုကို ဦးကျော်သူ ရခဲ့သေးတယ်နော်။ အဲဒီိဆုကို ဘယ်ခုနှစ်က၊ ဘယ်ဌာနကနေ ပေးတယ်ဆိုတာကို မှတ်မိပါသေးလား။
ကျော် : ပြည်သူ့ဘက်သား အနုပညာသမားက ၂၀၀၉ ခုနှစ်က ပေးတာပါ။ အင်္ဂလန်ရောက် မြန်မာပြည်သူတွေ ပြည်သားတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေပြီးတော့ ချီးမြှင့်တာပါ။ အဲဒါ သူတို့ သင်္ကြန်ပွဲလုပ်ရင်းနဲ့ အဲမှာ ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုရွေးချယ်မယ်ဆိုပြီးတော့ ကျွန်တော်ကို ချီးမြှင့်လိုက်တာပါ။

Burma : အရင်တုန်းက ဦးကျော်သူက ရုပ်ရှင်သရုပ်ဆောင် အနုပညာသမားတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီ ရုပ်ရှင်သရုပ်ဆောင် အနုပညာသမား ဖြစ်ခဲ့တဲ့အချိန်မှာ အကယ်ဒမီဆုတွေလည်း ရရှိခဲ့တယ်။ ဒါရိုက်တာဆုတွေလည်း ရရှိခဲ့တယ်။ အဲဒီ အကယ်ဒမီဆုတွေရလို့ ပျော်ရွှင်မှုနဲ့ အခု လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ ရရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရတဲ့အခါမှာ ဘယ်လို ကွာခြားသလဲ။ ခံစားချက်ပေါ်မှာပေါ့။
ကျော် : ရုပ်ရှင်အကယ်ဒမီဆု ဆိုတာကတော့ ကျွန်တော် ရုပ်ရှင်ကား တစ်ကားရိုက်တယ်ဆိုရင် သရုပ်ဆောင်မှုကို ပီပြင်အောင် သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ရပါတယ်။ အဓိက ကတော့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်တယ်ဆိုတာ အကယ်ဒမီဆုဆိုတာကြီးကို ရည်မှန်းပြီး သရုပ်ဆောင်ကြတာများတယ်။ ဒီ ဆုရရှိရေးအတွက် သရုပ်ဆောင်ကြတာများတယ်။
ဒီ အခု လူမှုရေးဆုဆိုတာကတော့ ဒါဟာ ကျွန်တော်တို့ ဘယ်လိုမှ ရည်မှန်းလို့ မရပါဘူး။ ရည်မှန်းလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့တယ်။ ကိုယ့်တာဝန် ကိုယ်ကျေခဲ့တယ်။ အဲဒီအတွက် ပြည်သူကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဒီ မဲစနစ်နဲ့ ရွေးချယ်ခံရတာ။
အဲဒီတော့ ဒီ ပြည်သူ့ဂုဏ်ရည်ဆုကတော့ မြန်မာရုပ်ရှင် အကယ်ဒမီဆုနဲ့ အရမ်းကို ကွာဟလွန်းပါတယ်။ အကယ်ဒမီဆုနဲ့လည်း မနှိုင်းယှဉ်အပ်ဘူး။ ဒီ ပြည်သူ့ဂုဏ်ရည် ဆုဆိုတာ အင်မတန်ကို အမြတ်တနိုး၊ ကိုယ့်ဘ၀ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အမြတ်တနိုး ထားရှိရမယ့် ဆုလို့ ကျွန်တော်မြင်တယ်။ ပြီးတော့
အခုပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ နိုင်ငံတကာ အော်စကာဆုပေးပွဲလို အဲလို ပုံစံမျိုးနဲ့ ပေးတာကို ကျွန်တော် သဘောကျတယ်။ ဥပမာ - ဒီ ပထမဦးဆုံး စာရင်းအရ (၂၄)ဦးပေါ့လေ။ အသင်းအဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်တွေရော၊ ရဟန်းသံဃာတွေရော (၂၄) ဦးကို ရွေးထားတယ်.။ နောက်ဆုံး ဆန်ကာတင် (၅)ဦးကို ထပ်ရွေးချယ်တယ်။ ဒီ ဆန်ကာတင် (၅) ဦးကိုမှ အခမ်းအနားနေ့မှာ ဆုပေးရမယ့် သူကို ဆန္ဒမဲပေးပြီး ဆုံးဖြတ်လိုက်တယ်။ ဒါက အော်စကာဆုပေးတဲ့ ပုံစံမျိုး၊ အော်စကာဆုဆိုတာကလည်း ဆန်ကာတင် ဇာတ်ကား (၅) ကား ရွေးတယ်။ ဘယ်ကား ဘယ်ကားတွေပါလဲ။ ဒါ မျှော်လင့်ချက် ပေးလိုက်ပြီ။ အဲဒီ မျှော်လင့်ချက်တွေထဲမှာ ဒီကားကတော့ ဟိုကားထက် ဘယ်လိုသာလို့ ဓါတ်ပုံတော်လို့ သရုပ်ဆောင် တော်လို့ဆိုပြီးတော့ ပေးလိုက်တာ။ ဒါကတော့ အင်မတန် မြင့်မြတ်တဲ့ ဆုပေးခြင်း ရွေးကောက်တယ်လို့ ကျွန်တော်မြင်ပါတယ်။

Burma : အခု Citizen of Burma ကပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဒီလူမှုရေး လုပ်ငန်းဆိုတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ထင်ပါသလား။
ကျော် : ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ ကျွန်တော်တစ်ဦးတည်း လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်အနောက်မှာ ရှိတဲ့ အသင်းသူ အသင်းသားတွေ၊ အလုပ်အမှုဆောင်တွေအားလုံး တက်တက်ကြွကြွ လုပ်ကြတယ်။ အလှူရှင်တွေကလည်း တကယ့်ကို နှစ်နှစ်ကာကာနဲ့ လှူဒါန်းကြတယ်။ လှူဒါန်းကြတဲ့ အတွက်လည်း ကျွန်တော်တို့ လုပ်ငန်းဟာ အောင်မြင်လာတယ်။
အောင်မြင်တဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ကလည်း ထိထိမိမိနဲ့ နာရေးရှင်တွေ ဥပမာ - သုခကုသိုလ်ဖြစ်ဆေးခန်းဆိုရင် ရောဂါဝေဒနာရှိတဲ့ ဝေဒနာရှင်တွေ နောက်အခုဆိုရင် သုခအလင်းစာကြည့်တိုက် စာကြည့်ခန်းတွေ ဖွင့်ထားတယ်။ နောက် ကလေးစာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေက အင်မတန်ကို အားတတ်စရာကောင်းပါတယ်။
ကလေးတွေအတွက် အင်္ဂလိပ်စာ သင်တန်းဆိုတာကလည်း ကျွန်တော်က ၁၉၅၉ ခုနှစ်မှာ မွေးလာတယ်။ ၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရလက်ထက်မှာ ကျွန်တော်တို့က ကြီးပြင်းလာတယ်။ ကျွန်တော် အင်္ဂလိပ်စာကို အတော်လေး အားနည်းတယ်။ ကျွန်တော် မိဘ အဖေ၊ အမေတို့က အင်္ဂလိပ်စာ ဆရာ ဆရာမကြီးတွေ ဖြစ်တယ်။ ကျွန်တော် ညီဆိုလည်း အခု အမေရိကားရောက်နေတယ်။ ကျွန်တော် အမဆိုလည်း ဆရာဝန်မကြီးပါ။ နောက်မျိုးဆက်သစ်ကလေးတွေ အင်္ဂလိပ်စာ တတ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော် ဒီအင်္ဂလိပ်စာ အခြေခံနွေရာသီ သင်တန်းလေးကို ကျွန်တော် အမျိုးသမီး ရွှေဇီးကွက်ကနေပြီးတော့ ဖွင့်လှစ်ပေးခဲ့တာကို ကျွန်တော်က တဖက်တလမ်းကနေ အားပေးမှုတွေ ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ်။

Burma : ဦးကျော်သူအနေနဲ့ ဒီ နာရေးကူညီမှုလုပ်ငန်းရယ်၊ သုခကုသိုလ်ဖြစ်ဆေးခန်းရယ်၊ သုခအလင်း စာကြည့်တိုက်တို့အပြင် နောက်ထပ် ဘယ်လိုလူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ထပ်ပြီးတော့ လုပ်ဆောင်သွားမလဲ ဆိုတာလေး သိပါရစေ။
ကျော် : လူမှုရေး ၀န်ဆောင်မှုဆိုတာ မြန်မာပြည်မှာ လိုအပ်တာတော့ အများကြီးပါပဲ။ ဒါ အတိုင်းအတာ တစ်ခုအရ ခွင့်ပြုချက်ရှိမှ ကျွန်တော်တို့လည်း လုပ်ဆောင်နိုင်တယ်။ အခု နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့၊ ကလေးတွေ ပညာသင်တဲ့ သင်တန်းကိစ္စတွေဆိုလည်း သက်ဆိုင်ရာကနေပြီးတော့ အမြဲတမ်း လာပြီးတော့ စစ်ဆေးတာတွေ ဘာတွေရှိတယ်။ ဒါတွေက ကျွန်တော်တို့က ထိထိမိမိ လွတ်လွတ်လပ်လပ် ပံပိုးမှု မရနိုင်ဘူး။ မရနိုင်တဲ့ အတိုင်းအတာမှာ ရတဲ့ အခွင့်အရေးတိုင်း ထိထိမိမိ အကျိုးရှိအောင် ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်ပေး အုံးမှာပဲ။ နောက်ထပ် ဖွင့်လှစ်မယ့် သင်တန်းတွေ ဆိုတာတော့ ကျွန်တော်လည်း လောလောဆယ် မပြောနိုင်သေးဘူး။

Burma : အခု ဦးကျော်သူ လက်ရှိလုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ရုပ်ရှင်မင်းသား ဘ၀မှာရော၊ အခုလက်ရှိ ရုပ်ရှင်ရိုက် နားထားတဲ့ ဘ၀မှာရော လုပ်ဆောင်လာနိုင်တာက အချိန်ပိုပေးနိုင်တဲ့ အတွက်လား။ အစကတည်းက လူမှုရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိခဲ့လို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနိုင်တာ လား ဆိုတာလေး ပြောပြပေးပါအုံး။
ကျော် : ကျွန်တော် ၂၀၀၁ ခုနှစ်ကတည်းက ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်ပေါ့လေ။ အဲဒီ အချိန်ကတည်းက ဒီ နာရေးကူညီမှုအသင်းဆိုတာကို စတင်ခဲ့တယ်။ အဲတော့ ဒီ အနုပညာကို ရှင်းရှင်းပြောရရင် ကျွန်တော်အခုဆိုရင် ဒီ အနုပညာကို ခုတုံးလုပ်ပြီးတော့ အနုပညာနဲ့ အောင်မြင်ခဲ့တဲ့ “ကျော်သူ” ဆိုတာကြီးကို ကျွန်တော် ပြန်အသုံးချပြီး ပြည်သူတွေအတွက် ကျွန်တော် ပေးဆပ်နေခဲ့ပါတယ်။
အဲဒီလို ပေးဆပ်နေတယ် ဆိုတာကလည်း ကျွန်တော်ကို ဆရာတော်ကြီးတွေက “ ကျော်သူ မင်း .. ဒီဟာကို လုပ်ရမယ်။ ငါတို့ ဘုန်းကြီးတွေလည်း စာအောင်ဘွဲ့တွေ ရတယ်။ ဒီ ဘွဲ့တွေ ရပြီဆိုရင် သာသနာပြုတာ ပိုပြီး ထိရောက်တဲ့အတွက် မောင်ကျော်သူ မင်းကလည်း ဒီဟာကို လုပ်ပါ ” ဆိုပြီး ဆရာတော်ကြီးတွေကလည်း ကျွန်တော်ကို အားပေးပါတယ်။
ဘဘ ဦးသုခကလည်း ကျွန်တော်ကို အမြဲတမ်း တိုက်တွန်းတယ်။ “ မင်း .. ပြင်သစ်ဝန်ကြီးချုပ်ကို သိလား။ မသိပါဘူး။ အီတလီ သမ္မတကို သိလား။ မသိပါဘူး။ ချာလီချာပလင်ကို သိလား။ သိပါတယ်။ အေး .. ဒါပဲ။ အနုပညာသမားဆိုတာ ဘယ်လုပ်ငန်းပဲလုပ်လုပ် အောင်မြင်တယ်။ ဒါပေမယ့် လုပ်တဲ့လုပ်ငန်းက လူသားအကျိုးပြု လုပ်ငန်းဖြစ်ဖို့က အရေးကြီးတယ် ” ဆိုတဲ့ ဘဘရဲ့ ဆုံးမ သြ၀ါဒကို ကျွန်တော် အခုထက်ထိ လက်ဆုပ်လက်ကိုင်ပြုပြီးတော့ လုပ်ဆောင်နေခဲ့ပါတယ်။

Burma : ဦးကျော်သူက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်တာ အပိတ်ခံထားရတယ်။ တကယ်လို့များ လက်ရှိအခြေအနေမှာ နိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် ဦးကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရခဲ့လို့ရှိရင် ရုပ်ရှင် ပြန်ရိုက်အုံးမှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ဆောင် သွားမှာလား ဆိုတာလေး သိပါရစေ။
ကျော် : အခုချိန်မှာ ကျွန်တော်ကို ရိုက်ခွင့်ပေးတယ် ဆိုရင်လည်း မရိုက်တော့ဘူး။ ကျွန်တော် မရိုက်ဘူးဆိုတာ အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွေ ပရိတ်သတ်ကို ချပြနေတဲ့ ဇာတ်လမ်းတွေက ပရိတ်သတ်အတွက် ဘာ အကျိုးပြုတာမှ မရှိဘူး။ ပရိတ်သတ်အတွက် အကျိုးရှိမယ့် ဥပမာ - အတ္ထုပတ္တိဇာတ်လမ်းမျိုး၊ သမိုင်းကြောင်းအမှန် ဇာတ်လမ်းမျိုးတွေတော့ အချိန်ပေးပြီး ရိုက်ပေးနိုင်ရင် ကျွန်တော် ရိုက်ချင်ပါတယ်။ ၂၀၀၇ ခုနှစ်က စပြီးတော့ အခုချိန်ထိဆိုရင် (၃) နှစ်ရှိပြီပေါ့။
အဲလို ပိတ်လိုက်တဲ့အတွက်လည်း ကျွန်တော်ကို ပိတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ (ဦးကျော်သူမှ နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးပြီး) ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ကျွန်တော်ကို ဒီလို ပိတ်ပင်လိုက်တဲ့အတွက် လူမှုရေး လုပ်ငန်းတွေ ပိုပြီးတော့ ဇောက်ချပြီး လုပ်နိုင်ခဲ့တယ်။ အဲဒီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။

Burma : ဦးကျော်သူရဲ့ နာမည်နဲ့ Facebook မှာ kyaw thu`s fans ဆိုပြီးတော့ ဆိုဒ်တစ်ခုဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီ ဆိုဒ်ဟာ ဦးကျော်သူတို့ ပြုလုပ်ခဲ့သမျှ၊ လူတွေကို ကူညီပေးခဲ့တဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက် အားလုံးကို ပြည်သူအားလုံး သိရှိအောင်၊ ကမ္ဘာနဲ့ အ၀န်းကို ရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေကိုရော၊ ကမ္ဘာလူသားတွေကိုရော တင်ပြပေးထားတဲ့ အဲဒီ Fans ဆိုဒ်ကိုလည်း အပိတ်ခံ ထားရတယ်လို့ ကြားပါတယ်။ အဲဒါရော ဟုတ်ပါသလား။
ကျော် : ဟုတ်ပါတယ်။ ပိတ်ထားပါတယ်။ ပိတ်ထားတာကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ပိတ်လည်းတော့ မသိဘူး။ ဒါ ကျွန်တော် Facebook ပေါ်မှာ တင်တဲ့ကိစ္စတွေက နာရေးအခမဲ့ ကူညီပေးခြင်း၊ အခမဲ့ ဆေးကုသ ပေးခြင်း၊ အခမဲ့ ပညာသင်ကြားပေးခြင်း ဒီကိစ္စရပ်တွေပဲ ကျွန်တော် တင်ထားတာပါ။ ကျွန်တော်တို့ လုပ်ငန်း သဘောအရ လုပ်ငန်းမှာ တွေ့ထိတဲ့ အတိုင်းအတာ ကိစ္စတွေကို ကျွန်တော်တင်တာပါ။ နိုင်ငံရေး လှုံ့ဆော်မှု တွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီလို အလကား အခမဲ့ လုပ်ပေးနေရတဲ့ ကိစ္စကို အဲလို ပိတ်ဆို့မှု ဟန့်တားမှုတွေ လုပ်တာတော့ တော်တော်ကို ကျက်သရေ တုံးတဲ့ကိစ္စပါ။ ဒါကလည်း ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမှာပါ။

Burma : ဦးကျော်သူ အခု ပြည်သူ့ဂုဏ်ရည်ဆုကို ရသွားပါပြီ။ Citizen of Burma ဆိုတဲ့ အဖွဲ့အစည်း ဖြစ်မြောက်လာအောင် ၀ိုင်းပြီးတော့ ထူထောင်ပေးကြတဲ့၊ လှုံ့ဆော်ပေးကြတဲ့ နိုင်ငံရပ်ခြားကို ရောက်နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေနဲ့ ဦးကျော်သူကို အားပေးနေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေရော၊ အလှူရှင်တွေ ရော၊ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်အားပေးနေကြတဲ့ အသင်းသူ အသင်းသားတွေရော သက်ဆိုင်သူ အားလုံးကို ဦးကျော်သူအနေနဲ့ ဘယ်လိုစကားမျိုးနဲ့ ကျေးဇူးတုံ့ပြန် ချင်ပါသလဲ။
ကျော် : ဒါက ကျွန်တော် လေးလေးနက်နက် ပြောရမယ့် ကိစ္စပါ။ ကျေးဇူးတင်ရမယ့် လူတွေကတော့ အများကြီးပဲ။ အခုလို ပြည်ပကနေပြီးတော့ ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ဒီလို ပြည်သူလူထုအတွက် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ လူတွေကို အခုလို ဆုချီးမြှင့်ခြင်း ပြုလုပ်ပေးနေတာလဲ။ အင်မတန်ကို တန်ဖိုးထားရတဲ့ ကိစ္စပါ။ မြန်မာလူမျိုးအတွက် မြန်မာပီသတဲ့ အလုပ်တစ်ခုလို့ ကျွန်တော် ထင်တယ်။
ဒါ ကိုယ့်လူမျိုးအတွက် အခုလို အဖက်ဖက်ကနေပြီးတော့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ဆောင်ရွက် ပေးနေတဲ့ လူမှုရေးသမားတွေလည်း အများကြီးရှိပါသေးတယ်။ အခြေအနေ အမျိုးမျိုးနဲ့ ပြည်ပရောက် မြန်မာလူမျိုးများက ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာလူမျိုးများကို မြန်မာ ပီသစွာဖြင့် မျိုးချစ်စိတ်ဓါတ် ထက်သန်စွာ လေးလေးနက်နက် အသိအမှတ်ပြုခြင်းကို များစွာကျေးဇူးတင် လေးစားဦးညွှတ်လိုက်ပါတယ်။
ကျွန်တော် ဆိုလည်း ကျွန်တော်ရဲ့ သားနဲ့ သမီးကို ဒီ ၂၀၀၇ ခုနှစ်က စပြီးတော့ တွေ့ခွင့်မရတော့ဘူး။ ကျွန်တော်တို့ ပက်စပို့စ်တွေလည်း အပိတ်ခံထားရတယ်။ သားရော သမီးရော ဒီကို ပြန်မလာရဲကြဘူး။ ကျွန်တော်တို့ကလည်း မလာခိုင်းတော့ဘူး။ အဲတော့ မိသားစုကလည်း တစ်ကွဲတစ်ပြား ကိုယ့် အနုပညာလုပ်ငန်းကလည်း လုပ်ခွင့်မရ၊ အဲဒီတော့ နေ့စဉ်နဲ့ အမျှ မိုးလင်းတာနဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် ဓါတ်ဆီထည့် ပြီးတော့ အသင်းကိုလာ။ အသင်းမှာ နာရေးကိစ္စတွေ ကူညီပြီးလုပ်ပေး။ ကိုယ့် ထမင်းကို ကိုယ့်ပိုက်ဆံနဲ့ ပေးဝယ်စား။ အဲလို လုပ်နေရပါတယ်။
အဖက်ဖက်က အခက်အခဲတွေ ကြားကနေပြီးတော့ လုပ်ဆောင်နေကြတဲ့အထဲမှာ အခုလို ပြည်သူ့ဂုဏ်ရည်ဆု ဆိုတဲ့ ဆုကြီးကို ဖန်တီးပေးခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတွေ အားလုံး၊ ဆန္ဒမဲပေးကြတဲ့ ပုဂ္ဂိုလ်အသီးသီး၊ ကျွန်တော်တို့ မျိုးရိုးထဲမှာလဲ သုဘရာဇာဆိုတဲ့ မျိုးရိုးလည်း မပါ ပါဘူး။ ဒီကမ္ဘာမြေပြင်ပေါ်ကို ကျွန်တော်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ကျွန်တော်ရဲ့ ဖခင် ဦးစိန်တင်နှင့် ကျွန်တော်ရဲ့ မိခင် ဒေါ်မြသန်း မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်အသီးသီး ကျွန်တော်ရဲ့ ဘ၀မှာ အခုလို (၃) နှစ် (၃) မိုး ၀င်ငွေမရှိပဲ လူမှုရေး လုပ်ငန်းကို သစ္စာရှိရှိ သီလလုံခြုံစွာ ထမ်းရွက်ပေးမှုကို တဖက်တလမ်းမှ အားပေးကူညီ ခဲ့တဲ့ ကျွန်တော်ရဲ့ မဟေသီ ရွှေဇီးကွက်နဲ့ ဘာသာရေးနယ်ပယ်မှ တစ်ဆင့် လူမှုရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လမ်းကြောင်းပေးခဲ့သော ကျွန်တော်ရဲ့ သား ပြည်သိမ်းကျော် (U.S.A)၊ သမီး မြင့်မိုရ်ဦး (Austrilia) တို့ကိုလည်း ရင်ထဲမှာ နှစ်နှစ်ကာကာ အထူးကျေးဇူးတင် ဦးညွှတ်မိပါတယ်။
(၃) နှစ် (၃) မိုး ၀င်ငွေ မရှိပဲနဲ့ ဘယ်လို ရပ်တည်နိုင်သလဲလို့ မေးရင် (၂၅) နှစ် အနှစ် (၃၀) ကြိုးစားခဲ့ရတဲ့ အနုပညာလောကမှ ပြည်သူပေးခဲ့တဲ့ သရုပ်ဆောင်ကြေးများကို စနစ်တကျ သိမ်းဆည်း တိုးပွားအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော် ဇနီး ရွှေဇီးကွက်ကိုပဲ ထပ်မံပြီး ကျေးဇူးတင်ရမှာပါ။ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ လုပ်ကိုင်ရင်း ကျွန်တော် မသေမီ အချိန်ထိ ဒါမှမဟုတ် လူသားတွေ ဘယ်တော့မှ မသေနိုင်တော့မယ့် အချိန်ထိ ကျွန်တော်ကတော့ ဒီ နာရေးကူညီမှု လုပ်ငန်းကို ဆက်လက်လုပ်သွားမှာပါ။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ (၃၁) ဘုံမှာ ဘယ်ဘုံမှာမှ မရနိုင်တဲ့ ကုသိုလ်ကောင်းမှုကြီး ဖြစ်နေလို့ပါပဲ။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ၄င်း၏ ရင်တွင်းမှ စကားသံများကို လှိုက်လှိုက်လှဲလှဲ ပြောကြားသွားခဲ့ပါသည်။ -ဘားမားပါပါရာဇီ -

Sunday, April 25, 2010

လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
ဧရာဝတီ Saturday, April 24, 2010
http://www.irrawaddy.org/bur/index.php/interview/4-interview/3039-2010-04-24-09-35-28
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ၏ နိုင်ငံရေး ဖြတ်သန်းခဲ့မှုများ၊ ပါတီ မှတ်ပုံ ဆက်မတင်ရန် ဆုံးဖြတ်ပြီးနောက် NLD ၏ အခြေအနေ၊ NLD ဆက်လက်ရပ်တည် သွားမည့် အနေအထားများကို ဧရာဝတီက မေးမြန်းထားပါသည်။

အသက် ၈၃ နှစ်အရွယ်ရှိ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး၌ နေအိမ်အကျယ်ချုပ် ၇ နှစ် နီးပါး ကျခံခဲ့ရသူဖြစ်သည်။
u-tin-oo
မေး။ ။ ပါတီမှတ်ပုံတင်ဖို့ ကုန်ဆုံးမယ့် ရက်ကလည်း နီးကပ်လာပါပြီ။ NLD အနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ မလုပ်နိုင် တော့မှာကို စိုးရိမ်နေကြတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘဘအနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒီလိုရုံးနဲ့ အလံတော်နဲ့ ဆိုတာက အဖွဲ့ချုပ် တခုအနေနဲ့ ဒါဟာ ပြည့်စုံတယ်ဆိုတဲ့ သဘောတော့ ရှိမှာပေါ့လေ။ သို့သော်လည်းပဲ အဖွဲ့ချုပ်က အလံတော်တို့ ဆိုင်းဘုတ်တို့ မရှိကြသော်လည်း နိုင်ငံရေးဆိုတာက လူတွေရဲ့နေရေးထိုင်ရေး စားရေးသောက်ရေး စသည်ဖြင့် စနစ်တခုချပြီးတော့ လုပ်ဖို့အရေးမှာ အားလုံးသိတဲ့ အတိုင်းပဲ ဒီမိုကရေစီရေး ဖြစ်လာတာပေါ့။ နောက်ပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒကို ကျောခိုင်းသွားတာမျိုးမှ မဟုတ်ဘဲ။ ပြည်သူလူထုကို ဘယ်တော့မှ (ဘယ်တော့မှ) ကျောခိုင်းမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က ဆောင်ရွက်ရတဲ့ ကိစ္စအရပ်ရပ် အားလုံးကို တစိုက်မတ်မတ် အေးချမ်းစွာ ဆောင်ရွက်သွားပါမယ်။ အဘတို့ အနေနဲ့ ဆောင်ရွက်နိုင်မယ့် အနေအထားလည်း ရှိပါတယ်။

အရင်တုန်းကလည်း ဒီလိုပဲ ဖြုတ်ချလို့ အလံမရှိဘဲနဲ့ ရုံးမရှိဘဲနဲ့တောင် လုပ်လို့ရအောင် လုပ်ခဲ့ကြသေးတာပဲ။ အဲဒီတုန်းကလည်း အဖွဲ့ချုပ်ရုံးကြီးထဲ ၀င်စီးနင်းပြီးတော့ သုံးလေးလလောက် ပိတ်ထားခဲ့တယ်။ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေကို အကျဉ်းချပြီး နှစ်ရှည်လများ ထောင်တွေထဲ ပို့ခဲ့တာပဲ။ အဲဒါလည်းပဲ ဆက်လက်ကြိုးပမ်းတာပဲ။ အပြင်မှာ ကျန်တဲ့သူတွေနဲ့တော့ ရှင်လျက်သန်လျက် လုပ်လျက်ကိုင်လျက်ပါ။ ဘဘတို့ကတော့ အသက်ရလာပြီ၊ ရလာတော့ကာ အခု မျိုးဆက်သစ်အနေနဲ့က သိပ်တက်ကြွကြတာပဲ။

အဖွဲ့ချုပ်မှာရှိနေတဲ့ လူငယ်တွေပဲဖြစ်ဖြစ် အခြားခြားသော အဖွဲ့အစည်းမှာရှိနေတဲ့ လူငယ်တွေကပဲဖြစ်ဖြစ်၊ နောက်ပြီး အထူး သဖြင့် ကျောင်းသားထုကလည်း ဒီမိုကရေစီအရေးမှာ ပါဝင်လာကြမှာပဲ။ ဘဘတို့ အနေနဲ့ အသက်တွေကြီးလို့ မပါနိုင်ရင် တောင်မှပဲ ဒီနေ့မျိုးဆက်သစ် အပိုင်းတွေက ဒီမိုကရေစီရေးနဲ့ ပတ်သက်တာ လူ့အခွင့်အရေးနဲ့ ပတ်သက်တာ သူတို့ လုပ် သွားကြမှာပဲ။

လုပ်သွားတဲ့ နေရာမှာ သူတို့က ပေါင်းစပ်ပြီးတော့ ဒီမိုကရေစီ အင်အားစုဖြစ်သွားမှာပဲ။ ဘဘတို့က အဲဒါကို ယုံကြည်တယ်၊ တခုတော့ ရှိတာပေါ့၊ လူငယ်တွေကို ပြောနေရတာ စိတ်လိုက်မာန်ပါ မလုပ်ဖို့။ လူထုကတော့ မှန်ပါတယ်၊ သူတို့ကတော့ အားကိုးတကြီးနဲ့ ဖြစ်နေတာ၊ ဘဘတို့လည်းပဲ အားကိုးတကြီး ဖြစ်နေမှန်းလည်း သိတယ်။ သို့သော် အားကိုးတကြီး ဖြစ်နေတဲ့ အတိုင်းအတာလောက်နဲ့ ရွေးကောက်ပွဲကို အခုလို ၀င်လိုက်ပြန်ရင်လည်း လုပ်နိုင်မလားဆိုတဲ့ မေးခွန်းက ဘဘတို့ ကိုယ့်ဟာကိုယ် မေးကြည့်တာပါပဲ၊ မလုပ်နိုင်ပါဘူး။

ထုတ်ပြန်ထားတဲ့ ၂၀၀၈ ခုနှစ် ဥပဒေကြီးကိုက ဘယ်လိုမှ လက်ခံပြီး မလုပ်နိုင်ပါဘူး။ သူတို့ပြောတာကိုပဲ နားထောင်ပြီးတော့ နောက်ဆုံး ဒါသဘောတူလား တူပါတယ်ဆိုပြီးတော့ လုပ်ကိုင်ပေးရမယ့် အဖွဲ့ကြီးတွေ ဖြစ်မှာပဲ။ အခုလည်း ၀င်တာနဲ့ပတ်သက် လို့ ကြည့်လိုက်၊ ဘယ်သူ များသောအားဖြင့် ၀င်လည်းဆိုတော့ သူတို့နဲ့ သဟဇာတဖြစ်တဲ့ အဖွဲ့ကြီးတွေပဲ အများဆုံးဝင်ကြ တာ ပါပဲ။

အဲဒီလို ဘဘတို့ မလုပ်တော့ဘဲနဲ့ လူထုလိုလားတဲ့ ကိစ္စရပ်အ၀၀ကို၊ လူထုကိုဘယ်တော့မှ ကျောခိုင်းမသွားပါဘူး၊ မျက်ကွယ်မပြုပါဘူး။ လုပ်လို့ရတဲ့ အနေအထားအတိုင်းကတော့ဖြင့် ကြုံးပြီးကုန်းပြီးတော့ လုပ်ရမှာပါပဲ။ အသက်ကြီးရင်းနဲ့ ဖြစ်စေကာမူ တက်တက်ကြွကြွမို့လို့ သိပ်ပြီး သောကရောက်စရာ မရှိပါဘူးလို့ ဘဘကတော့ လူထုကို အခုလိုပဲ ပြောလိုက်ချင်ပါတယ်။

မေး။ ။ ပါတီမှတ်ပုံမတင်ရေးမှာ အခြေခံဥပဒေကို လက်မခံနိုင်တဲ့အတွက်ဆိုတာကို လူထုနားလည်အောင် ဘယ်လို ပြောပြချင်ပါသလဲ။ အခြေခံဥပဒေဟာ ဘယ်လို မျိုးလဲဆိုတာကို နားလည်တဲ့သူက လက်ချိုးရေတွက်လို့ရအောင် နည်းပါးကြပါတယ်။

ဖြေ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အပိုင်းမှာ ထုတ်ပြန်ထားတဲ့ဥပဒေက အရမ်းတင်းကျပ်ထားတယ်၊ ဒါကို သိတဲ့လူတွေကတော့ အထူးပြောစရာမလိုဘူးပေါ့။ ဒီဥပဒေက အားလုံးကို မလှုပ်နိုင် မကိုင်နိုင်အောင်ကို သူတို့က လုပ်ထားတဲ့ ဥပဒေပါ။ ပြောရရင် ဥပဒေလို့တောင် ပြောဖို့ခက်ပါတယ်၊ ဥပမာ လူထုနားလည်အောင် ပြောရမယ်ဆိုရင် လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ပါတီကနေ ဖယ်ထုတ်ပစ်ရမယ် စသည်ဖြင့် လူထု ထောက်ခံအားပေးမယ့် သူတွေကို ရွေးကောက်ပွဲ မပါနိုင်အောင် လုပ်ထားတယ်။

ဒါတင်မကသေးဘူး၊ ပိုပြီး သိသာမြင်သာအောင် ပြောရမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စပေါ့။ အဘကတော့ ပြင်ဆင်မှုတို့ အယူခံတို့ အချိန်အခါကြားမှာ လူတယောက်အနေနဲ့ အပြစ်ကျပြီလို့ ယူဆလို့ မရသေးဘူးလေ။ အယူခံတင်ထားတုန်း အချိန်အခါမျိုးမှာတောင်မှ ဒီပုဂ္ဂိုလ်ကို ၀င်ခွင့်မပေးရဘူး ဆိုတာတွေက တရားမျှတမှုမရှိဘူး။ ဒီမိုကရေစီရေးမှာ ဒါမျိုးတွေ မလုပ်ရဘူး။ မဖြစ်သင့်ဘူး။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် လူထုထောက်ခံမဲတွေနဲ့ အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လည်းပဲ ပယ်ပစ်ရမယ်။ ဒီလောက်တောင် တရားမျှတမှုမရှိဘူး၊ သိက္ခာ ကျလွန်းအားကြီးတော့ ဘဘတို့က ဘယ်လာ လုပ်လို့ ရမလဲ။ သို့သော် ပြည်သူကို ပန်ကြားတဲ့အထဲမှာ အဲဒီလို ဒုက္ခသုက္ခတွေ ဖြစ်ငြားသော်လည်းပဲ NLD က လုပ်ခဲ့နိုင်သလောက် လုပ်ခဲ့တာတွေရှိပါတယ်၊ လုပ်လို့မရဘူးဆိုတာ မရှိပါဘူး။ အဲဒါတွေပေါ်မှာ မူတည်ပြီးတော့ အေးအေးချမ်းချမ်း ညှိနှိုင်းလို့ရ လည်း ညှိနှိုင်းဆွေးနွေး အဖြေရှာပြီးတော့ ဆက်လက် လုပ်ကိုင်သွားကြဦးမှာပါ။

မေး။ ။ အခု ရွေးကောက်ပွဲ ၀င်ကြမယ့် ပါတီတွေကိုရော အဘ ဘယ်လို မြင်ပါသလဲ။ တကယ်တမ်း ရွေးကောက်ပွဲမှာ မဲထည့်ရတော့မယ်ဆိုရင် လူထုအနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်နိုင်လိမ့်မယ်လို့ ထင်ပါသလား။

ဖြေ။ ။ အဲဒီဟာနဲ့ပတ်သက်လို့ ဘာမှမပြောပါဘူး။ လူထုက သူငယ်နှပ်စားမဟုတ်ပါဘူး၊ လူထုကသိပါတယ်။ အသိဉာဏ်ရှိပါတယ်။ လူထုဟာ တကယ် ဒီမိုကရေစီလိုချင်တယ်။ အဲဒါနဲ့ ပတ်သက်တာ အားလုံးခေါင်းထဲမှာရှိပါတယ်။ ရှိတဲ့အတိုင်းပဲ အသည်းကြားထဲက မဲတပြားကိုပဲ သူတို့အသုံးချနိုင်တဲ့နည်းနဲ့ ကြိုက်သလိုအသုံးချပါတယ်။ လူတယောက်ရဲ့ ဆန္ဒနဲ့ ပတ်သက်တာ အားလုံးကိုတော့ ဘယ်လိုပြောမလဲ။ ဘယ်သူလုပ်ပါ ဘယ်လိုလုပ်ပါ မီဒီယာကို ပြောလိုက်လို့ရှိရင် တော်ကြာ သူတို့ (စစ်အစိုးရ) က လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ NLD က မှတ်ပုံတင်ခြင်း မပြုရုံသာမက လူတွေကိုပါ သွေးဆောင်တိုက်တွန်း ပျက်စီးရာပျက်စီးကြောင်း လုပ်တယ်၊ အနှောင့်အယှက် ပြုနေတဲ့သူများ ဖြစ်တယ်ဆိုပြီး သတင်းစာထဲ ထည့်လိမ့်မယ်။

လူထုက မညံ့ပါဘူး။ သူတို့ သိပ်နားလည်ပါတယ်။ အဲတော့ နားလည်တဲ့ အတိုင်းအတာနဲ့ ပညာရှိရှိသူတို့ လိုချင်တဲ့ ပုံသဏ္ဌာန်ဖြစ်အောင် သူတို့ဟာသူတို့ ဖန်တီးဆောင် ရွက်ဖို့ပဲ။ ဒီလိုပဲပြောရမှာပဲ။

မေး။ ။ ဒီမိုကရေစီရေး တိုက်ပွဲဟာ အခုမှ စလာတာလား၊ အရင်တုန်းကတည်းက တိုက်နေခဲ့ကြတာလား။ အဖွဲ့ချုပ်အနေနဲ့ ဘယ်လိုမျိုး တိုက်ပွဲဝင်ခဲ့ကြတာပါလဲ။

ဖြေ။ ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၁၉၆၂ ခုနှစ်က စပြီးတော့ ဒီနေ့အထိ အခြေအနေမှာ ဒီမိုကရေစီအရေးပေါ့၊ သို့သော်လည်းပဲ ဒီနောက်ပိုင်း နအဖ စစ်အုပ်ချုပ်ရေးအနေနဲ့က နှစ်ပေါင်း ၂၀ ကျော်ရှိလာပြီ။ ဒီအတောအတွင်းမှာ အဖွဲ့ချုပ်အနေနဲ့ လုပ်ခဲ့ရတဲ့ သက်တမ်းတလျှောက်ပြန်ကြည့်ရင် အစအားဖြင့်တော့ အဖွဲ့ချုပ်ဖွဲ့ပြီး ၁၉၉၀ ၀န်းကျင်မတိုင်ခင်၊ ရွေးကောက်ပွဲဥပဒေ မထွက်ခင်ကတည်းက အဖွဲ့ချုပ်ခေါင်းဆောင်တွေ အနေနဲ့၊ ဘဘနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အပါအ၀င်ပေါ့၊ စပြီးတော့ အချုပ်ထဲရောက်နေပြီ။ ကျန်တဲ့လူတွေအနေနဲ့ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင် သွားရတဲ့အတွက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုဆန္ဒ တခဲနက် ရယူခဲ့ပြီးဖြစ်ခဲ့တာပဲ။

နောက်ပိုင်းကျတော့ သူတို့ (စစ်အစိုးရ) က ကတိကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ အများကြီးပြောခဲ့တာပဲ။ ဒါပေမယ့် လက်တွေ့ ကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေ မလုပ်နိုင် မကိုင်နိုင်အောင် လုပ်တယ်။ မကြာခဏ ဖမ်းဆီးထိန်းသိမ်းတယ်။ ဒါတွေကလည်း တိုက်ပွဲတွေပါပဲ။ ပြီးတော့ အမျိုးသားညီလာခံ ခေါ်ပြတယ်၊ ညီလာခံထဲမှာလည်း ပြောခွင့်မရ ဆိုခွင့်မရ၊ ပြောပြန်ဆိုပြန်တော့လည်း အရေးယူမယ်ဆိုပြီး ကန့်သတ်ချုပ်ချယ်တယ်။ ချုပ်ချယ်ပြီး လူထုအရေးတွေ ပြောလို့မရ ဆိုလို့မရအောင် လုပ်တယ်။ အဲလို လွန်လာတော့ ညီလာခံကနေ ထွက်ခဲ့ကြတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြန်တော့လည်း ဒီအခြေအနေ အ၀၀ကို ရှင်းလင်းပြီးတဲ့နောက် ညီလာခံတက်ဖို့ ကြိုးစားတာပဲ။ ကြိုးစားတာ ဘာလဲဆိုတော့ အဖွဲ့ချုပ်က တင်ထားတဲ့ ကိစ္စရပ်အ၀၀ကို ညီလာခံမှာ ဆွေးနွေးခွင့်ပြုပါ၊ ဆွေးနွေးခွင့်ပြုမယ်ဆိုရင် ညီလာခံကို ဆက်လက်ပြီးတော့ တက်ပါမယ် ဆိုတဲ့သဘောမျိုးနဲ့ ပြောသော်လည်း တုံ့ပြန်မှုတောင် မလုပ်ဘူး။ သဘောက ငါတို့ ဒါလုပ်တာ ငါတို့မှာ လက်နက်ရှိတယ်၊ အားရှိတယ် စသည်ဖြင့် လုပ်တာ။ သူတို့မှာ လက်နက်ရှိ တယ်၊ အာဏာရှိတယ်၊ သူတို့မှာ မရှိတာက ပြည်သူလူထုပဲ။ သူတို့အနေနဲ့ မတွက်ဘူးလေ။ သူတို့က လေးလေးနက်နက် မလုပ်ခဲ့တော့ ညီလာခံမတက်နိုင်တဲ့ အခြေအနေထိဖြစ်ခဲ့တာပေါ့။

အဲဒီနောက်ပိုင်းမှာ ဆိုလို့ရှိရင် သိတဲ့အတိုင်းပဲ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် အကုန်လုံးပဲ ၃ နှစ်နီးပါးလောက် အကျဉ်းထောင်ထဲ ထည့်တဲ့သူ ထည့်တယ်။ အိမ်ချုပ်ချတဲ့လူ ချတယ်။ နောက်ပြီးတော့ တပ်ချုပ်ချတဲ့လူ ချတယ်။ အဲဒီလိုနဲ့ နေခဲ့တာ ဘာမှမလုပ်နိုင် မကိုင်နိုင်တဲ့ အခြေအနေမျိုးပါပဲ။ လူးလှိမ့်ပြီးတော့ နေရတာပဲ။ ဒါလည်း ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေတာပါပဲ။ အဲလိုလုပ်ရင်းကနေပဲ အချိန်မရွေး အဖွဲ့ချုပ်ရဲ့ မြို့နယ်တွေမှာရှိတဲ့ အဖွဲ့အစည်းက လူတွေကိုလည်း ဖိအားပေးပြီး အဖွဲ့ချုပ်က ထွက်သွားအောင် လုပ်တယ်၊ အင်အားလျော့သွားပြီ ဆိုပြီးတော့ တပ်ထဲက အုပ်ချုပ်ရေးအပိုင်းက ပါတဲ့လူတွေနဲ့ ကော်မရှင်ဆိုတာလုပ်ပြီးတော့ အဖွဲ့တွေဖျက်ပစ်၊ မလုပ်နိုင်အောင် တားပစ်၊ ဆိုင်းဘုတ်တွေ ချခိုင်းလို့ချ၊ လုပ်ခဲ့တာ တောက်လျှောက်ပဲ။

ဒေါ်အောင်ဆန်းစုကြည်တို့လည်း ထပ်ပြီး ထိန်းသိမ်းခံရ၊ ဘဘတို့လည်း အတူတူ ထိန်းသိမ်းခံရပြီး ပြန်ထွက်လာတဲ့ အခါကျတော့ စည်းရုံးရေးနဲ့ ပတ်သက်ပြီး ဆိုင်းဘုတ်တွေပြန်တင်နိုင်ဖို့ ကြိုးစားခဲ့ကြတာပဲ။ လုပ်ရင်းလုပ်ရင်းနဲ့ သူတို့ဟာသူတို့ အမြင်မကြည်၊ သံသယတွေဝင်ပြီးတော့ အဖွဲ့ချုပ်နဲ့ အဖွဲ့ဝင်တွေကို ဒီပဲယင်းထိတောင် ရိုက်တယ်နှက်တယ် ဖြစ်တာပါပဲ။

အဲဒီလောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်လာတဲ့အခါမှာလည်း ဒီပဲယင်း ဖြစ်တာကဖြစ်တာပဲဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ က ညီလာခံတက်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ၊ ရုံးတွေ ကနားတွေ၊ မြို့နယ်ကဟာတွေ ပြန်ဖွင့်ပေးပါ။ ညီလာခံတက် ဖို့ အခြေအနေတခု ဖန်တီးပြီးတော့ အဖြေရှာဖို့အတွက် တွေ့ဆုံဆွေးနွေးပါရစေ။ ဘာတခုမှလည်း မလိုက် လျောတဲ့အပြင် ထပ်မံပြီးတော့ အကျဉ်းချတယ်၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကိုလည်း ကန့်သတ်မှုတွေ၊ အနှောင်အဖွဲ့တွေနဲ့ လုပ်ခဲ့တာ တောက် လျှောက်ပဲ။ ပြန်စဉ်းစားကြည့်ရင် အဖွဲ့ချုပ်ဟာ ကိုယ့်ဟာကို လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထား လွတ်လွတ် ကျွတ်ကျွတ် မရှိခဲ့ ဘူး။ အကျဉ်းချ၊ ဖမ်းဆီး အချုပ်အနှောင် ကြားထဲမှာလုပ်တာ အခုလည်းပဲ နည်းတာမဟုတ်ဘူး၊ တပုံ တခေါင်း ထည့်ထား တာပဲ၊ အဖွဲ့ချုပ်က တကယ်ကို ကျဉ်းကျဉ်းကျပ်ကျပ်ထဲကနေ ဒီမိုကရေစီအရေးလုပ်လာခဲ့တာ အခုမှ မဟုတ်ပါဘူး စတည်ထောင် ကတည်းကနေ လုပ်လာခဲ့တာပဲ။

မေး။ ။ ဘဘနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့က နိုင်ငံရေးကိစ္စတွေကို အတူတူတွဲလုပ်ကြသလို၊ ဒီပဲယင်းကာလကိုလည်း အတူတူ ဖြတ်သန်းခဲ့ကြ တယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဘဘရဲ့အမြင်ကို သိပါရစေ။

ဖြေ။ ။ သူက အိမ်ချုပ်ကျရင် ဘဘလည်း အိမ်ချုပ်၊ သူက အိမ်ချုပ်ကနေ ထောင်ဒဏ် အရှည်ကျရင် ဘဘက အင်းစိန်ထောင်ကျ၊ နောက်တခါ သူကအိမ်ချုပ် ဘဘကရဲမွန် အကျဉ်းထောင်ကိုသွား၊ တခါ ကိုယ်က ပြန်လွတ်လာ၊ သူကတခါပြန်လွတ်၊ အဲလိုသွားရင်းနဲ့ သိလာတယ်။

ဘာပဲဖြစ်ဖြစ် လူထုက ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည် သွားတဲ့ ပွဲတွေကျတော့ ပြည်နယ်တွေကရော၊ တိုင်းရင်းသားတွေကရော လူငယ်တွေ များလာတယ်။ အရင်တုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်း သမီးဆိုပြီးတော့ လူလတ်ပိုင်းနဲ့ အကြီး ပိုင်းတွေပေါ့လေ။ နောက်ပိုင်းကျတော့ ဒီလိုမဟုတ်ဘူး၊ သွားတဲ့နေရာမှာ လူငယ်တွေ ကျောင်းသားတွေပဲ၊ အဲလိုဖြစ်လာတဲ့အခါကြတော့ နအဖက စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။

ကချင်ပြည်နယ်ခရီးက စပြီးတော့ ပစ်ရင်းခတ်ရင်း လုပ်လာတာပဲ။ ပစ်တယ်ဆိုတာကလည်း သေနတ်နဲ့ပစ်တာ မဟုတ်ဘူး။ လောက်စာလုံးတို့၊ ခဲတို့နဲ့ ပစ်တာတို့၊ ကားသွားရင် ကားကို ခဲနဲ့ ပစ်ပေါက်တာတို့ လုပ်လာတယ်။ နောက်ဆုံးကျတော့မှ ဒီပဲယင်းမှာ တော်တော်ကို ဆိုးဆိုးဝါးဝါး လုပ်ခဲ့တာပေါ့။

နဂိုကတည်းက လာတာကိုက သူက အောင်မြင်အောင် တတ်သလောက်မှတ်သလောက် လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လာတာ။ ဟိုဟာဖြစ်ဖို့ ဒီဟာဖြစ်ဖို့ ဆိုတာမျိုး တခုမှ မပါဘူး။ အဲဒီတော့ လိုလည်း မလိုချင်ဘူး၊ သူကိုယ်တိုင်ကလည်း ဘာရယ်ညာရယ် ဖြစ်ဖို့ဆိုတဲ့ စိတ်ဓာတ်လည်း မရှိဘူး။ သူ့စိတ်ထဲမှာ ခေါင်းထဲမှာရှိတာက သူ့အဖေဟာ လွတ်လပ်အောင် လုပ်ပေးသွားခဲ့တာကို ပြန်လွတ်လပ်အောင် လုပ်ချင်တယ်။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ရှိရင်လည်းပဲ လုပ်ပေးချင်တယ်။ ဒီစိတ်ကူးတွေ ရှိပြီးတော့ လာခဲ့တာ လုပ်ခဲ့တာပဲ။ အခုထိလည်း သူက ဒီမိုကရေစီရေးမှာ နောက်ဆုတ်မှာ မဟုတ်ဘူး၊ လုပ်ဦးမှာပဲ၊ လုပ်ရဦးမှာပဲ။

မေး။ ။ ငယ်ဘဝ ပုံရိပ်တချို့နဲ့ နိုင်ငံရေးလောကထဲ ရောက်ရှိလာပုံကို ပြောပြပေးပါဦး။

ဖြေ။ ။ ဘဘ ငယ်ငယ်တုန်းက ကောလိပ်ကျောင်း သိပ်နေချင်တာ၊ ဆရာဝန်လည်း သိပ်ဖြစ်ချင်တယ်၊ ဒါပေမယ့် စစ်ကြီးဖြစ်သွားတော့ စိတ်ကူးတွေ အကုန်ပျောက်သွားတယ်၊ အထက်တန်းကျောင်း တက်ပြီးတော့ စစ်ကြီးဖြစ်သွားတဲ့အခါ တပ်ထဲရောက်သွားပြီး ပညာရေးက Gap ဖြစ်နေတာပေါ့။ စိတ်ကူးတွေက အကုန် ပျောက်သွားပြီး အဖေသေတော့ သာမဏေဘ၀နဲ့ နေလိုက်တာ တော်တော်ကြာတယ်။

နောက်တခါ စစ်ဖြစ်တော့လည်း သာမဏေကနေထွက် တပ်ထဲကိုဝင်၊ ဒီလိုနဲ့ စစ်သား ပြန်ဖြစ်လာတာပေါ့လေ။ တော်လှန်ရေး ပြီးတော့လည်း ဆက်မလုပ်တော့ဘူးလားပဲ။ ဒါနဲ့ ရန်ကုန်ရောက်လာရော၊ အဲဒီမှာလည်း ကံက ပြန်ပါလာတယ် ထင်တယ်။ သူများတွေ ဗိုလ်ရွေးတာထဲမှာ မပါဘူး၊ တော်တော်များများ ပြုတ်ကျတယ်၊ အားလုံး အများကြီးထဲကမှ ၁၅၀ လောက် ရွေးတာ၊ ဘဘက ၁၅၀ ထဲ ပြန်ပါသွားပြန်တယ်။ အဲလိုပါတော့ လုပ်လိုက်တာ။ စိတ်ထဲမှာကတော့ ငယ်ငယ်တုန်းက ကိုယ်ဖြစ်ချင်ခဲ့တာ ပြန်ပြန်စဉ်းစားမိပြီး အဲလိုပဲ ဖြစ်ချင်တယ်ပေါ့လေ။ ရဟန်းဘ၀တုန်းကလည်း မထွက်တော့ဘူးလို့ နေတာ ဒါပေမယ့်လည်း အိမ်က မပြေမလည်ဆိုတော့၊ သားသမီးတွေကလည်းပဲ အိမ်မှာ ကြည့်မယ့်သူ မရှိ၊ ပျက်စီးကုန်တော့မှာပဲဆိုပြီး စိုးရိမ်တာနဲ့ ရဟန်းဝတ်နေရာကနေ ထွက်လိုက်တာ၊ ထွက်ပြီးတော့ Law ဖြေတာပဲ။

Law ဖြေတော့လည်း RL ကော LLB ရော ပြီးသွားတယ်။ မာစတာ ဆက်တက်မလို့ လုပ်နေရင်းနဲ့ ပရော်ဖက်ဆာ ဦးတင်အုန်း ကလည်း ဆုံးသွားတယ်။ ဆုံးသွားတဲ့အချိန်မှာ ၈၈ ကလည်း ကောက်ဖြစ်တော့ အကုန်လုံးပဲ တပည့်တွေက တိုင်းမှူးဟောင်း တွေရော လာခေါ်တယ်၊ တိုက်တွန်းတယ်။ အဲဒီမှာ ဦးအောင်ရွှေတို့ တို့နဲ့ ပေါင်းလိုက်တဲ့ အချိန်၊ တခါ ဒေါ်အောင်ဆန်းစုကြည် လည်း ပေါ်လာရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို သဘောကျတာနဲ့ သူက ထက်လည်းထက်မြက်တယ်လေ။ ဘဘတို့က တပ်ထဲမှာ နေပြီးတော့ တပ်လိုပဲနေတယ်။ သူကတော့ စာပေလောက ကဆိုတော့ နှံ့စပ်တယ်။ သူ့အမြင်လေးတွေ ကလည်း ကောင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်း သမီးလည်း ဖြစ်တယ်။ သူ့အမြင်ကလည်း မလွတ်လပ်တာကို လွတ်လပ်အောင် နဲ့၊ ဒီမိုကရေစီဆုံးရှုံးတာ ပြန်ရအောင်လုပ်ရင်းနဲ့ ပါလာပြီး နောက်ဆုံးကျတော့ ဒီနေ့အထိ လက်တွဲပြီး လုပ်ဖြစ်သွားတာပေါ့။
မွန်ပြည်သစ်ပါတီ အမြင့်ဆုံးတပ်လှန့်ထား
http://www.kaowao.org/b/2010news-apr-24b.php
မင်းထက်အောင်၊ ကောင်းဝါ

ဧပြီ ၂၄၊၂၀၁၀။

မင်းထက်အောင်(ဧပြီ-၂၄)။ ။ မွန်ပြည်သစ်ပါတီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့အားလုံးနှင့် အုပ်ချုပ်ရေးဌာနအသီးသီးတို့အား ယမန်နေ့နံနက်ပိုင်းမှစ၍ အမြင့်ဆုံးတပ်လှန့်ထားကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။

ထိုင်းနယ်စပ်တစ်နေရာ၌ ယမန်နေ့တွင် သတင်းထောက်များနှင့်မွန်ပြည်သစ်ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်ပြောကြားရာ “မြို့ပေါ်မှာရှိတဲ့ရုံးတွေ ဒီနေ့ကစပြီး ပိတ်လိုက်ပြီ” ဟု ဆိုပါသည်။

သို့ရာတွင် မွန်ပြည်သစ်နယ်မြေအတွင်းသို့ နအဖတပ်များ ဝင်ရောက်ကျူးကျော်လာခြင်းမရှိသေးကြောင်း၊ စစ်အစိုးရပ်တပ်ဖွဲ့များ ပုံမှန်လှုပ်ရှားမှုသာ ရှိနေကြောင်း ဒေသအသီးသီးရှိ မွန်ပြည်သစ်တပ်များနှင့် ဆက်သွယ်မေးမြန်းချက်များတွင် ပြောဆိုကြသည်။

ယမန်နေ့မွန်ပြည်သစ်ပါတီ ထုတ်ဖေါ်ပြောဆိုချက်အရ ပြည်သူ့စစ်အသွင်မပြောင်းလဲနိုင်ကြောင်း အဆိုပါပြန်လည်အကြောင်းကြားစာကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်သက်နိုင်ဝင်းထံ လွန်ခဲ့သည့် (၂)ရက်က မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှ လူလွှတ်၍စာဖြင့် အကြောင်းကြားခဲ့သည်ဟု သိရသည်။
ပုံ-ကောင်းဝါ -မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ရေးပြအခမ်းအနား

ထိုသို့ လူလွှတ်စာပေးပို့ခဲ့ပြီးနောက် တိုင်းမှူးမည်သို့ ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်ကို မသိရှိရသေးပေ။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ယခုလ (၂၁) ရက်နေ့တွင်အစည်းအဝေး ခေါ်ယူခဲ့ပြီး ဗဟိုကော်မတီဝင်အများစုက နအဖတောင်းဆိုချက်ကို လက်မခံဟု ဆုံးဖြတ်ကြသည်။

ပြီးခဲ့သည့်ဧပြီလ (၇)ရက်နေ့တွင် စရဖအကြီးအကဲဗိုလ်ချုပ်ရဲမြင့်နှင့် မွန်ပြည်သစ်ပါတီအကြီးအကဲများ တွေ့ဆုံခဲ့ကြရာ၌ မွန်ပြည်သစ်တပ်ဖွဲ့များ ပြည်သူ့စစ်အသွင်ပြောင်းလဲရေး ဧပြီလ(၂၂) ရက်နေ့ကို နောက်ဆုံးထား၍ ရတခတိုင်းမှူးထံ အကြောင်းပြန်ရန် ဖိအားပေးပြောကြားခဲ့သည်ပြီးနောက် မွန်ပြည်သစ်ပါတီ ဗဟိုအစည်းအဝေးခေါ်ယူခြင်း ဖြစ်သည်။

အဆိုပါ ဗဟိုကော်မတီအစည်းအဝေးကျင်းပချိန်သည် နာရီပိုင်းအနည်းငယ်မျှသာကြာမြင့်ခဲ့ပြီး နအဖ၏အထက်ပါ အဆိုပြုချက်ကို လက်မခံဟု ဗဟိုကော်မတီအများစုက ဆုံးဖြတ်သဘောတူခဲ့ကြသည်။

စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ၁၉၉၅ ခုနှစ်သဘောတူညီချက်များသည် နှစ်ဖက်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေးသာဖြစ်ပြီး မွန်ပြည်သစ်တပ်ဖွဲ့များ တပ်နေရာတည်ရှိခွင့်နယ်မြေများကို စစ်အစိုးရသတ်မှတ်ပေးခဲ့သည်။

တဖန် နိုင်ခြေးမွန်က “ ၁၉၉၅ ခုနှစ်က နှစ်ဖက်လူကြီးများ ပြောဆိုခဲ့ကြတဲ့အတိုင်း အပတ်အခတ် ရပ်စဲမှုကိုဆက်လက်ထိန်းသိမ်းသွားပြီး နောင်တက်လာမယ့်အစိုးရသစ်နဲ့ တပ်နေရာချထားတာတွေ ဆက်လက်ဆွေးနွေးသွားချင်တယ်”ဟု မွန်ပြည်သစ်က တောင်းဆိုထားကြောင်း ဆက်လက်ပြောဆိုခဲ့ပါသည်။

အပစ်အခတ်ရပ်စဲနိုင်ရေးဆွေးနွေးစဉ်ကာလတလျှောက်၌ မွန်ပြည်သစ်ပါတီအနေဖြင့် ပါတီနှင့်တပ်ဖွဲ့များ အနာဂတ်ရပ်တည်နိုင်ရေးအတွက် နိုင်ငံရေးအရဆက်လက် ဆွေးနွေးသွားလိုကြောင်း ပြောကြားခဲ့သော်လည်း စစ်အစိုးရသည် တရားဝင်အစိုးရမဟုတ်သည့်အတွက် ၄င်းတို့သတ်မှတ်ပေး၍မရကြောင်း၊ နောင်တက်လာမည့် အစိုးရနှင့်သာ ဆွေးနွေးသွားရန်တိုက်တွန်းခဲ့ကြောင်း အဆိုပါဆွေးနွေးပွဲများတွင် ပါဝင်သောကိုယ်စားလှယ်များ ပြောကြားခဲ့သည်။

Thursday, April 22, 2010

တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ စစ်ရေးပူးပေါင်းမှု ဆွေးနွေး
ရန်ပိုင် Thursday, April 22, 2010
http://www.irrawaddy.org/bur/index.php/news/1-news/3027-2010-04-22-12-09-23
နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက စစ်ရေးအရ တိုက်ခိုက်ခဲ့လျှင် တရုတ်-မြန်မာ နယ်စပ်ရှိ အပစ်ရပ် အဖွဲ့ များကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် ဆွေးနွေးပွဲ တရပ်ကို ယမန်နေ့က ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

[ပြီးခဲ့သည့် ဧပြီ ၁၆ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့တွင် KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)]

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့တွင် KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
အဆိုပါ ဆွေးနွေးပွဲသို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့၊ ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N) တပ်ဖွဲ့တို့ တက်ရောက်၍ စစ်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း UWSA အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“ကိုးကန့် ကိစ္စကို သင်ခန်းစာ ယူပြီးတော့ အဲ့သည်လိုမျိုး မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ် စီမံမှုတွေ လုပ်ထားတယ်၊ တပ်ပေါင်းစု ပုံစံမျိုး ခုခံဖို့ပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် UWSA အဖွဲ့၏ လက်ရှိ ရပ်တည်ချက်မှာ ယခင်က တောင်းဆို ထားသကဲ့သို့ပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဆက်လက် စောင့်ထိန်းသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြော သည်။

UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက်များမှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်း ကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်တို့ဖြစ်သည်။

သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦးစိန်ကြည် က“စစ်အစိုးရက လက်နက်ကြီးများနဲ့ စားနပ်ရိက္ခာ ယာဉ်တန်းတွေ ရှမ်းပြည်မြောက် ပိုင်း ကွမ်းလုံ၊ တန့်ယန်း နဲ့ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံဒေသတွေကို ပို့နေတယ်”ဟုဆိုသည်။

UWSA အဖွဲ့ကလည်း စစ်အစိုးရတပ်များနှင့် ထိတွေ့နေသည့် ဒေသများတွင် လက်နက် ခဲယမ်းများ၊ စားနပ်ရိက္ခာများကို ဖြည့်တင်း မှုများ ပြုလုပ်ထားကြောင်း ဦးစိန်ကြည်က ဆက်လက်ပြောဆိုသည်။

စစ်အစိုးရတပ်များ နှင့် ရင်ဆိုင်ထားသည့် ဒေသများမှာ တန့်ယန်းဒေသနှင့် ကပ်လျှက်ရှိသည့် မန်ဆန်ဒေသ၊ ကွမ်းလုံ၊ ဟိုပန်ဒေသ၊ ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းပေါက် မိုင်းဖျန်ဒေသ နှင့် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မော်ဖဒေသတို့ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရတပ်များ စစ်ကား အစီး ၅၀ကျော်နှင့် ရှမ်းပြည်တောင်ပိုင်းသို့ တက်သွားကြောင်းမိထ္တီလာမြို့ခံတဦး ကလည်းဆိုသည်။

ဝနယ်မြေရှိ ဒေသခံတဦးကမူ“ဒီမှာကတော့ အားလုံး ပုံမှန်အတိုင်းပဲ၊ လှုပ်လှုပ်ရှားရှားမရှိပါဘူး၊ စီးပွားရှာတဲ့သူကရှာပါပဲ၊ ဒါပေမယ့် တကယ်ဖြစ်လာလို့ တပ် ကဦးဆောင်ပြီးတိုက်မယ်ဆိုရင်တော့ တိုက်ရမှာပေါ့”ဟု ဧရာဝတီသို့ပြောသည်။

မကြာသေးမီက ၀နယ်မြေမှ ပြည်မသို့ ပြန်သွားသည့် အစိုးရ၀န်ထမ်းများကိုမူ UWSA အဖွဲ့က ပြန်လာခွင့် မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ စစ်အစိုးရနှင့် UWSA အဖွဲ့ကြားတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရန် နည်းပါးကြောင်း၊ စစ်အစိုးရအနေဖြင့် ကိုးကန့်အရေး ကဲ့ သို့ အင်အားနည်းသည့် နေရာတွင်သာ ထိုးဖောက်ဝင်ရောက်လိမ့်မည်ဟု ၀တပ်ဖွဲ့ မှ အရာရှိတချို့က သုံးသပ်ကြောင်း ဦးစိန်ကြည် က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း၊ စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အတူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်းပါဝင်ကြောင်း လိုင်ဇာ အခြေစိုက် ကချင်လွတ်လပ်ရေးအဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ယနေ့ နောက်ဆုံး သတ်မှတ်ထားပြီး လာမည့် ဧပြီလ ၂၈ ရက်နေ့ ကျော်လွန်လျှင် မတရားအသင်း အဖြစ်ကြေညာမည်ဖြစ်သည်။
နောက်ဆုံးနေ့အထိ ဒေါ်စုအပေါ် သစ္စာရှိမည်ဟု ဦးခင်မောင်ဆွေ ပြော
မြင့်မောင် | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်
http://www.mizzimaburmese.com/news/inside-burma/5249-2010-04-22-12-34-07.html
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် သဘောကွဲ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပါတီများမှတ်ပုံတင်ရမည့် နောက်ဆုံးရက်အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိမှုကို ပြသသွားမည်ဟု ပြောကြားလိုက်သည်။

''NLD ရွေးကောက်ပွဲ မှတ်ပုံတင်ရက် မကျော်မချင်း ဘာမှ လုပ်မှာမဟုတ်ပါဘူး။ NLD အပေါ်မှာ သစ္စာရှိတဲ့အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိတဲ့အနေနဲ့ နောက်ဆုံး မေလ ၆ ရက် မရောက်မချင်း၊ မကျော်မချင်း ဘာဆိုဘာမှ ဆုံးဖြတ်မှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

လာမည့် မေလ ၆ ရက်နေ့သည် ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း လျှောက်ထားရမည့် နောက်ဆုံးနေ့ရက် ဖြစ်သည်။ အဓိက အတိုက်အခံပါတီကြီးဖြစ်သော NLD က စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများ တရားမျှတမှု မရှိခြင်းကြောင့် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် တခဲနက်ဆန္ဒဖြင့် ဆုံးဖြတ်ထားသည်။

သို့သော် နောက်ပိုင်းတွင် ဦးခင်မောင်ဆွေက ပါတီကို ဝေဖန်မှုများကို လူသိရှင်ကြား ပြုလုပ်သေးသောအခါ ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ ဝင်လိမ့်မည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်လာသည်။

“ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ တသီးပုဂ္ဂလအနေနဲ့လည်း ဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ ဘေးကလူတွေက ထင်ကြေးတွေနဲ့ ပြောနေကြတာပါ။ လောလောဆယ် ဘာမှ လုပ်ဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး။ စောင့်ကြည့်နေတာပဲ ရှိပါတယ်'' ဟု လက်ရှိ NLD ပြန်ကြားရေးအဖွဲ့ဝင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အတိုက်အခံပါတီကြီး NLD ကဲ့သို့ ပါတီဟောင်းများအနေဖြင့် ပြန်လည်၍ မှတ်ပုံမတင်ပါက ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။

ပါတီမှတ်ပုံတင်ရန် သဘောထားရှိခဲ့သူ နောက်တဦးဖြစ်သည့် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာသန်းငြိမ်း (ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ) ကလည်း ပါတီမှတ်ပုံတင် နောက်ဆုံးရက်နေ့အထိ NLD အပေါ် သစ္စာရှိသွားမည်ဟု ပြောသည်။

“မေလ ၆ ရက်နေ့ မတိုင်ခင် NLD ရှိနေသမျှ ကျနော်တို့က အဖွဲ့ဝင်တွေပဲလေ။ ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ထားတာတွေ မရှိပါဘူး” ဟု သူက ပြောသည်။

သို့သော်လည်း နှစ်ဦးလုံးက မေလ ၆ ရက်နေ့ကျော်လျှင် ဘာလုပ်မည်ဆိုသည်ကို ဖြေကြားရန် ငြင်းဆိုသွားသည်။

နအဖ ဖိအားကြောင့် တောင်ပိုင်း ၀ လူထုနေရပ်မှရှောင်တိမ်း
Thursday, 22 April 2010 19:51 သျှမ်းသံတော်ဆင့်
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/804-2010-04-22-12-53-18

ယခုလ ၂၂ ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့်တပ်အင်အားစာရင်းပေးပို့ရန် နအဖ သတိပေး ထားချက်ကြောင့် နောက်ဆုံးရက်နီးလာသည်နှင့်အမျှ ပြည်သူများစိုးရိမ်ခြောက်ခြားပြီး နေရပ်မှ တိမ်းရှောင်နေကြသည်ဟု စုံစမ်းသိရှိရပါသည်။

“အခုကျနော်တို့ဘက်က ကျေးလက်ထူထု - အဓိက ၀ လူမျိုးတွေပေါ့၊ အခုဘဲစစ်ဖြစ်တော့မလိုလို သတင်း ထွက်နေတော့ တောထဲရော၊ ထိုင်းနယ်စပ်ဘက်ကော တိမ်းရှောင်နေတာ သင်္ကြန်မတိုင်ခင်ကတည်းကဘဲ။ အခု ရက်ပိုင်း ပိုတောင်များ လာတယ်။ စစ်တကယ်ဖြစ်ခဲ့ရင်ထိုင်းထဲကိုချက်ချင်းပြေးဝင်ဖို့ အဆင်သင့်ပြင်ထားပုံရှိ တယ်” - ဟု ပုံပါကျင်ဒေသခံတဦးက ပြောပါသည်။

ဧပြီလဆန်းပိုင်းကစ၍ မိုင်းတုံ/ မိုင်းဆတ်မြို့နယ်အတွင်းရှိ ၀ ပြည်သူများ မိမိအိမ်မွေးတိရစ္ဆာန်များ၊ မော်တော်ဆိုင်ကယ်များ ကို ဈေးနှုန်းသက်သက်သာသာဖြင့်ရောင်းချပြီး တခြားဒေသသို့ လူအင်အားထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း၊ ဟွေအော့်ဘက် ၄-၅ ရွာက မိုင်းကျွတ်ဘက်၊ ပုံပါကျင်ဘက်က နောင်ဝိုင်း (ထိုင်းနယ်စပ် - မိုင်းန သို့ လည်းကောင်း၊ လွယ်အန်ခန်ဘက်သို့လည်းကောင်း၊ ညဘက်ပိုင်း မီးမထွန်းကြဘဲ ၀ တပ်ဖွဲ့တို့၏ အကူအညီဖြင့် တောတောင်ထဲသို့သော်လည်းကောင်း ပြောင်းရွှေ့ကြသည်ဟု ဒေသခံများကပြော ပါသည်။

[နှစ် 20 ပြည့်ပွဲတက်ရောက်စဉ် ၀ ပြည်သူများ]

နှစ် 20 ပြည့်ပွဲတက်ရောက်စဉ် ၀ ပြည်သူများ

“ဗမာစစ်တပ်ယာဉ်တန်းတွေ တက်ဆင်းဝင်ထွက်နေတာတွေ စစ်ရေးပြင်နေတာတွေ အခုရက်ပိုင်း ထူးထူးခြား ခြား သိပ်မတွေ့ရပါဘူး၊ ဒါပေမယ့် ၀ ဘက်ကတော့ နအဖ တကယ်ထိုးစစ်ဆင်တိုက်ခိုက်လာရင် မိသားစုဝင်တွေ စစ်ဘေး စစ်ဒဏ် မခံရအောင် ကြိတင်ကာကွယ်ထားတဲ့သဘော၊ ၀ ထိပ်ပိုင်းခေါင်ဆောင်တွေ ညွှန်ကြားတာ တော့ မဖြစ် နိုင်ဘူး။ အောက်ပိုင်းတပ်မှူးတွေစီစဉ်တာဘဲဖြစ်နိုင်တယ်။ ၀ ပြည်သူပြောင်းရွှေ့လှုပ်ရှား မှုကသိသာ တယ်။ ထိုင်းဖြစ်ခေါက်ဆွဲ ခြောက်တွေ ၀ယ်ယူသွားကြတာ ဆိုင်တိုင်းပြတ်ဘဲ”- ဟု ခေတ်ပညာတတ်လူငယ် စိုင်းအိုက် ကပြောပါသည်။

မိုင်းတုံမြို့နယ် နားကောင်းအုပ်စုမှ ၀မ့်ကျောင်းတော၊ ၀မ့်နောင်ယာ့ဆိုင်း၊ ဟွေ့အွမ့် နှင့် နမ့်ဟူးနိုင်းဆိုင်ရွာနှင့် ပုံပါကျင် မြ့နယ်ခွဲမှ ၀ ရွာသားများက စားသောက်ကုန်ခြောက်များ ၀ယ်ယူသယ်ဆောင်သွားကြသည်ဟုဆို သည်။ ၀ လူထု ရုတ်ရုတ်သဲသဲ ရှောင်တိမ်းနေမှုကြောင့် အခြားဒေသခံများလည်း စစ်ဘေးစစ်ဒဏ်စိုးရိမ်နေကြ သည် ဟုဆက်ပြောပြပါ သည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ယနေ့ မွန်းတည့်ချိန်၌ သတ်မှတ်ချိန်နောက်ဆုံးဖြစ်ကြောင်း၊ တောင်ပိုင်း ၀ ခေါင်းဆောင်၏ ကိုယ်စားလှယ်များက မိုင်းဆတ်သို့သွားပြီး စစ်အစိုးရနှင့် ဆွေးနွေးနေကြောင်း၊ လက်နက်မချလိုလျှင် အသွင်ပြောင်းရမည်ဖြစ်ကြောင်း၊ သို့မဟုတ်လျှင်လည်းတိုက်ပွဲမှတပါး ရွေးခြယ်စရာလမ်း မရှိတော့ကြောင်း နအဖ က ရာဇဒဏ်ထပ်ပေးထားသည်ဟုဆိုသည်။

တောင်ပိုင်း ၀ လူထု ရုတ်ရုတ်သဲသဲတိမ်းရှောင်နေကြသော်လည်း နအဖ ဘက် ထူးခြားသည့်စစ်ရေးပြင်ဆင်မှုအရှိသည့် အပြင် အချို့အခြေစိုက်တပ်စခန်းများပင် တပ်ရုပ်ပြန်သွားခြင်းရသည်ဟု သိရှိ၏။ မည်သို့ပင်ဆိုစေ ၀ တပ်ဖွဲ့နှင့်စစ်ဖြစ် ခဲ့လျှင် နအဖ ကလူအင်အားမသုံးဘဲ၊ လက်နက်ကြီးများ၊ MG.29 ရုရှားလုပ် တိုက်လေယာဉ်များ မိနစ်ပိုင်းအတွင်း အရောက်တိုက်ခိုက်နိုင်သည်ဆိုသည့် စိတ်ဓါတ် စစ်ဆင်ရေးအရ ခြိမ်းခြောက်မှု အောင်မြင်နေကြောင်း မိုင်းတုံမြို့နေ အမည်မဖေါ်လိုသူတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ဆက် ပြောပြပါသည်။

“MG.29 တိုက်လေယာဉ် စမ်းသပ်ချင်နေတာ လက်တောင်ယားတယ်ပြောတယ်။ သူတို့အဲလိုမကြာခဏ၀ါဒဖြန့် လို့ ၀ လူထု ဒုက္ခရောက်နေတာပေါ့၊ တောထဲတောင်ထဲ အမိုးအကာမရှိ ရေမရှိ မီးမရှိဆိုတော့ - ၀မ်းတွေလျော ရောဂါတွေ ဖြစ်ဆိုတော့ သေတဲ့သူတောင်ရှိတယ်ဆိုဘဲ။ အခုဟာက တရွာလုံးထွက်ပြေးပြီး သက်ကြီးပိုင်း ၄-၅ ယောက်လောက်ဘဲ ကျန်တော့တယ်ပြောတယ်”

မတ်ခ်ျလနှောင်းပိုင်းနှင့် ဧပြီလဆန်းပိုင်းတွေ့ဆုံပွဲတွင် နအဖ ၏ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ် ကြီးရဲမြင့်က အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့် လူအင်အားစာရင်းအား ယနေ့ နောက်ဆုံးပေးပို့ရန်၊ ပေးပို့ခြင်းမရှိက ၂၈ ရက်နေ့ (အသွင်ပြောင်းစတင်ဖိအားပေးမှု တနှစ်ပြည့်သည့်နေ့) နောက်ပိုင်း ၁၉၈၉ မတိုင်မီက အတိုင်း (မတရားအသင်းအဖွဲ့များအဖြစ် ) ပြန်လည်ရောက်ရှိမည်ဟု ခြိမ်းခြောက် ထားပါသည်။

ဝ တို့ဘက်ကမူ နောက်ဆုံးတောင်းဆိုညှိနှိုင်းချက် ၈ ချက်ကို နအဖ က လက်မခံလျှင် ဆက်၍ အခြားအဖြေပေးရန်မရှိ တော့ကြောင်း ၀ စစ်ဘက်ရေးရာအရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုပါ သည်။့်
သတ်မှတ်ရက် ကျော်လွန်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်ချက်မပြောင့်း်ဒီမှာ ခေါက်ထားချင်တဲ့စာထည့်
Thursday, 22 April 2010 19:46 သျှမ်းသံတော်ဆင့်
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/803-2010-04-22-12-51-13

စရဖ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်ကိုယ်စား အဖွဲ့တဖွဲ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားတပ်ဖွဲ့ အားထပ်မံသွား ရောက်ဖိအားပေးခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“အရင် တြိဂံတိုင်း ဂျီဝမ်းခေါင်းဆောင်တဲ့ အဖွဲ့လာသွားတယ်၊ နေ့ချင်းပြန်ဘဲ၊ အရင်ကလို ဧည့်ခံကျွေးမွေးရေး ဘာမှမရှိ။ မျက်နှာလဲ သိပ်မကြည်ဘူး ဆိုဘဲ” - ဟု မိုင်းလား - ကျိုင်းတုံပြေးကားဆရာတဦးကပြောပါသည်။

ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်း ယခင်တြိဂံစစ်တိုင်း လြုံခံရေးအရာရှိပထမတန်း ဒုဗိုလ်မှူးကြီးသန်းထွဋ်သိန်း နှင့် အဖွဲ့ က မိုင်းလားသို့နေ့ချင်းပြန်သွားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့်စာရင်းများ ပေးပို့ရန်သွားရောက်သိမ်း သွင်း ဖိအား ပေးခဲ့သည်ဟုဆိုသည်။

[ဒုဗိုလ်မှူးကြီးသန်းထွဋ်သိန်း]

ဒုဗိုလ်မှူးကြီးသန်းထွဋ်သိန်း
ခိုင်လုံသည့်သတင်းရပ်ကွက်တခုကလည်း -“သတ်မှတ်ရက် ကျော်လွန်ပေမယ့် မိုင်းလားတပ်ဖွဲ့ ထပ်မံအဖြေပေး ဖို့ မရှိဘူး၊ ရွေးစရာလမ်းက ၂ ခုပေါ့၊ တခု က တောင်းဆိုထားတဲ့ အချက် ၆ ချက်ဘဲပြန်လည်တောင်းဆိုမယ်။ နောက်တခု က တခြားအပစ်ရပ်တွေလို ဘာမှမပြောမဆိုဘဲ ဒီအတိုင်းဆိတ်ငြိမ်နေလိုက်မယ် ဆိုဘဲ” - ဟု ပြော၏။

အပစ်ရပ်ဒေသဘက်သို့သွားရောက်လေ့လာခဲ့သည့် ထိုင်းနယ်စပ်နေပုဂ္ဂိုလ်တဦးက - “မိုင်းလားတပ်ဖွဲ့အပါအ ၀င်အခြား အပစ်ရပ်အဖွဲ့တွေ စစ်ရေးပြင်ဆင်မှုက မရပ်မနားဘဲ။ နအဖ ဘက်ကတော့ အပစ်ရပ်နယ်ခြားဒေသ တွေမှာလက်နက်ကြီး တွေတပ်ဆင်ထားတာကလွဲလို့ ဒီအတောအတွင်း အင်အားထပ်ဖြည့်တာမရှိသေးဘူး။ တိုက်ပွဲဖြစ် မယ့်အလားအလာလဲ ခန့်မှန်းရခက်တယ်။ ရွေးကောက်ပွဲပြီးရင်တော့မပြောတတ်ဘူး၊ အခုဟာက မိုးတွင်းလဲ ၀င်တော့မယ်။တရုတ်ဝန်ကြီးချုပ်လဲ ဗမာပြည်ကိုလာမယ်ဆိုတော့၊ နအဖ ဘက်ကလဲ ချင့်ချင့်ချိန်ချိန် လုပ်နေရတဲ့ ပုံမျိုးဖြစ်နေတယ်”- ဟု သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြ၏။

တရုတ်နယ်စပ်ဘက်အခြေစိုက်သည့် ကချင်လွတ်လပ်ရေးတပ်မတော်၊ ၀ ပြည်သွေးစည်းရေးတပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ်တပ်မတော် - (သျှမ်းပြည်အရှေ့ပိုင်း) နှင့် အပစ်ရပ် သျှမ်းပြည်တပ်မတော်တို့သည် ကိုးကန့်အရေးအခင်း နောက်ပိုင်း၊ မိုင်းလားအတွင်းရေးမှူးလုပ်ကြံခံရသည့်နောက်ပိုင်း တဖွဲ့နှင့်တဖွဲ့ပိုမိုဝင်ထွက်နီးစပ်မှုရှိ လာကြောင်း၊မတရား အသင်းအဖွဲ့အဖြစ် နအဖကြေငြာခဲ့မည်ဆိုလျှင် လက်တွဲပူးပေါင်းတုန့်ပြန်ရန် အဆင်သင့် ရှိကြောင်း၊ကိုးကန့်အရေးအခင်း ကို သင်္ခဏ်းစာယူ၍ ပြဿနာတွဲကူဖြေရှင်းရန် မကြာခင်က သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း -ခိုင်လုံသည့်သတင်းက အတည်ပြု ပြောဆိုပါသည်။

၂၀၀၉ နိုဝင်ဘာ ၂၉ ရက် (သျှမ်းပြည်စစ်တိုင်း သုံးတိုင်းကြီးကြပ်သူ ) တိုင်းချုပ်ဗိုလ်ချုပ်မင်းအောင်လှိုင်ထံ တင်ပြ တောင်းဆိုသည့်အဓိကအကြောင်းရင်း ၆ ချက်မှာ -နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရလျှင်.... ၁။ နအဖ စစ်အရာရှိများ မိုင်းလားတပ်ဖွဲ့အတွင်း ၀င်ရောက်တာဝန်ထမ်းခြင်းမြုပလုပ်သေးရန်၊ ၂။ မွမ်းမံ/စစ်သင်တန်းအား လည်း မိုင်းလားနယ်မြေအတွင်း၌သြာုပလုပ်ရန်၊ ၃။ တာဝန်ထမ်းဆောင်နိုင်သေးသည့်အသက် ၅၀ ကျော် မိုင်းလားအရာရှိများ ရာထူးမှရပ်နားခြင်းမပြုရန်၊ ၄။ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအားလုံး နဂိုအတိုင်းထားရှိ သွားရန်၊ ၅။ စစ်အစိုးရ၏ ဌာနဆိုင်ရာအုပ်ချုပ်ရေးယန္တရားများ မိုင်းလားဒေသအတွင်း ၀င်ရောက်ထမ်းဆောင် ခြင်းမပြုသေးရန်၊ ၆။ မိုင်းလားတပ်ဖွဲ့၏ စစ်တပ်ပိုင်းဆိုင်ရာ/အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကော်မတီများအား နဂိုအတိုင်းထားရှိရန် - စသည်တို့ဖြစ်ပါသည်။
လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပရေး စင်ကာပူနဲ့ ဂျပန် တိုက်တွန်း

22 April 2010

http://www.voanews.com/burmese/2010-04-22-voa2.cfm
မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတပြီး သက်ဆိုင်သူ အားလုံး ပါဝင်နိုင်မယ့် အခြေအနေမျိုး ဖန်တီးလုပ်ဆောင်ပေးဖို့ ဂျပန်နဲ့ စင်ကာပူ နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ ၀ါရင့်ဝန်ကြီး ဂိုချုပ်တောင် (Goh Chok Tong) နဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) တို့ မနေ့က တွေ့ဆုံကြတဲ့ အချိန်မှာ အခုလို ပူးတွဲသဘောထားကို ထုတ်ပြန်လိုက်ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဂျပန်နိုင်ငံကို ၃ ရက်ကြာ ရောက်ရှိနေတဲ့ စင်ကာပူ ၀ါရင့်ဝန်ကြီး ဂိုချုပ်တောင်နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံတဲ့အချိန်မှာ ဂျပန်နဲ့ စင်ကာပူတို့က သူတို့ရဲ့ သဘောထားတွေကို အခုလို ထုတ်ဖော် ပြောဆိုခဲ့ကြတာပါ။

မြန်မာစစ်အစိုးရက လက်ရှိ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေဟာ အရေးပါတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ချန်လှပ်ထားခဲ့သလို ဖြစ်နေတဲ့အတွက် ဒါကို ပြန်လည်သုံးသပ်ဖို့လည်း ဂျပန်အစိုးရက တိုက်တွန်းထားတဲ့အကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆဘရှီးမား ဟီတာနိုဘူး (Sabashima Hitanobu) က ပြောပါတယ်။

“တိုင်းပြည်အတွင်းက အခြေအနေတွေ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ မြန်မာအစိုးရကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ လက်ရှိ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ စည်မျဉ်း စည်းကမ်းတွေ၊ လုပ်ထုံး လုပ်နည်းတွေက အရေးပါတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ချန်လှပ်ထားခဲ့သလို ဖြစ်နေပါတယ်။ ဒါကြောင့် အဲဒီလို နည်းဥပဒေတွေ ထုတ်ပြန်ထားတဲ့အပေါ် ကျနော်တို့ရဲ့ သဘောထားနဲ့ ဒါကို ပြန်လည်သုံးသပ်ဖို့အတွက် ကျနော်တို့က တောင်းဆိုထားတာပါ။”

ဂျပန်အစိုးရ အနေနဲ့က အခုလို တိုက်တွန်းပြောဆိုရုံပဲ လုပ်ဆောင်နေမှာလား၊ ဒီထက်ပိုပြီး ဘာတွေများ လုပ်ဆောင်ဖို့ အစီအစဉ် ရှိပါသလဲဆိုတဲ့ အမေးအပေါ်မှာတော့ မစ္စတာ ဟီတာနိုဘူးက…

“မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ နှစ်နိုင်ငံချင်း တွေ့ဆုံပြီးတော့လည်း ကျနော်တို့ရဲ့ ရပ်တည်ချက်၊ သဘောထားတွေကို ပြောပြပြီးပါပြီ။ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိဖို့အတွက်လည်း တခြားနိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကျနော်တို့ဘက်က အဆင်သင့် ရှိနေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အခြေအနေတွေ တိုးတက်ကောင်းမွန် လာတာကို ကျနော်တို့က လိုလားတာ ဖြစ်ပေမဲ့ ဒီကိစ္စကို ဘယ်လို ချဉ်းကပ် လုပ်ဆောင်မယ်ဆိုတာ ကျနော်တို့ သတိထားရပါမယ်။ ဒီအပေါ်မှာတော့ ၀န်ကြီးချုပ် ကိုယ်တိုင်ကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ တခြား သက်ဆိုင်သူ အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်မရရင် မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေ ရပ်ဆိုင်းထားမယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့်က တဆင့် ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ပြောကြားခဲ့တာနဲ့ ပတ်သက်လို့တော့ လူထုလက်ထဲ ရောက်နိုင်မယ့် လူသားချင်း စာနာတဲ့ အကူအညီတွေကို ဂျပန်နိုင်ငံ အနေနဲ့ ဆက်ပေးသွားမှာ ဖြစ်တယ်လို့ မစ္စတာ ဟီတာနိုဘူးက ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ အကူအညီ ကြီးကြီးမားမားတွေ မပေးဘူး ဆိုတာကို ထပ်ဖြည့် ပြောချင်ပါတယ်။ ဒါက ဘာကိုဆိုလိုသလဲ ဆိုတော့ NGO အဖွဲ့အစည်းတွေက တဆင့် ကျနော်တို့ ပေးနေတဲ့ အကူအညီတွေဟာ အကန့်အသတ်နဲ့ ဖြစ်နေပြီး လူထုကို တိုက်ရိုက် အကျိုးရှိစေမယ့် လူသားချင်း စာနာမှု အကူအညီတွေသာ ဖြစ်တယ် ဆိုတာပါပဲ။ ဒီအကူအညီတွေကိုတော့ ကျနော်တို့ ဆက်ပေးသွားမှာပါ။ စစ်အစိုးရကို အကန့်အသတ်မရှိ အကူအညီတွေ အများကြီးပေးဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။”

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း စစ်အစိုးရက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး ပါဝင်နိုင်ဖို့ အတွက်လည်း ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) နဲ့ မလေးရှား ၀န်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်ခ် (Najib Razak) တို့ကလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါသေးတယ်။

ဂိုချုပ်တောင်ရဲ့ ဂျပန်ခရီးစဉ်အတွင်း တခြား အာဆီယံ အရေးကိစ္စတွေကိုလည်း ဂျပန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အာရှဒေသအတွင်းက ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ဖြစ်လာကြတဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံတို့ရဲ့ ဒေသတွင်းမှာ စီးပွားရေးအရ ထိုးဖောက် ၀င်ရောက်လာမှုတွေကို ရင်ဆိုင် ရပ်တည်နိုင်ဖို့ Asean Community ဆိုတဲ့ အာဆီယံ လူမှုအသိုင်းအ၀ိုင်းကို လာမယ့် ၂၀၁၅ ခုနှစ်မှာ အကောင်အထည် ဖော်နိုင်ဖို့ အာဆီယံဘက်က သန္နိဋ္ဌာန်ချ လုပ်ဆောင်နေတယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ ဂိုချုပ်တောင်က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ဒီကိစ္စတွေ အောင်မြင်အောင် အကောင်အထည်ဖော်တဲ့ နေရာမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့ ကိစ္စက ဆူးငြောင့်ခလုတ်အဖြစ် ရှိနေတာကြောင့် မြန်မာ့ပြည်တွင်းရေး ပြေလည်အောင် ဆောင်ရွက်ရမယ်ဆိုတာ အာဆီယံ ခေါင်းဆောင်တွေက ယေဘုယျအားဖြင့် သဘောပေါက် လက်ခံထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက သူတို့စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို သူတို့လူတွေနဲ့ သူတို့ လက်သိပ်ထိုး ကျင်းပသွားခဲ့ရင် အနာဂတ်မှာ စစ်အစိုးရကို အာဆီယံနဲ့ ဒေသတွင်း ခေါင်းဆောင်တွေက ဘယ်လို ဆက်ဆံသွားကြမလဲ ဆိုတဲ့ကိစ္စကတော့ စိတ်ဝင်စားစရာပဲလို့ မြန်မာ့အရေး လေ့လာသူတွေက ဝေဖန် သုံးသပ်နေကြပါတယ်။
နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန်

ဖနိဒါ | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၀ မိနစ်
http://www.mizzimaburmese.com/news/inside-burma/5250----kio-.html

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရရာဇသံ၏ နောက်ဆုံးရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ထပ်လောင်း တုံ့ပြန်လိုက်သည်။

မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဗိုလ်မှူးကြီး သက်ပုံတို့ ဦးဆောင်သော ၄ ဦးပါအဖွဲ့နှင့် KIO ဥက္ကဌ ဦးလရောက် ဇောင်းဟရား၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဂွမ်းမော်တို့ပါဝင်သော ၈ ဦးပါအဖွဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့နံနက်က ၁ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးကြစဉ် KIO ၏ လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်အဖြစ် အသွင်မပြောင်းဟု ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။

“ နယ်ခြားစောင့်တပ်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ အဲဒါပဲ ပြောပြခဲ့တယ်။ ကျနော် တို့ အောက်ခြေလည်း လက်မခံဘူး။ ကချင်လူထုလည်း လက်မခံဘူး။ ” ဟု ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ KIO ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုတပ်မတော်တွင် ကချင်တပ်ရင်းများအဖြစ်သာ ပါဝင်လိုကြောင်း KIO က ဆက်လက် ဆွဲကိုင်ထားသည်။

ဗိုလ်ချုပ် စိုးဝင်းက KIO ၏ အဖြေကို နေပြည်တော်သို့ ဆက်လက်တင်ပြမည်ဟုသာ တုံ့ပြန်သွားကြောင်း သိရသည်။

ပြဿနာကို ငြိမ်းချမ်းစွာအဖြေရှာလိုကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

“ အစိုးရအနေနဲ့ တိုက်ခိုက်လာမယ်၊ မလာဘူးဆိုတာက သူတို့ဘက်က အပိုင်းပါ။ ကျနော်တို့ဘက်က မပြောနိုင်ပါဘူး။ ကျနော်တို့ဘက်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ လုပ်ဆောင်ချင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်နက်ကိုင် အင်အား ၈ ထောင်ခန့်ရှိသော KIO က နအဖအနေဖြင့် စစ်တိုက်ပြီး ချေမှုန်းခြင်းမပြုရန် သတိပေးထားသည်။

တိုင်းရင်းသား ငြိမ်းအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခင်နှစ် ဧပြီလ ၂၈ ရက်မှ စတင်ကာ နောက်ဆုံးရက်များ သတ်မှတ်ကာ ရာဇသံပေးခဲ့သည်မှာ ၃ ခါပြည့်သွားပြီဖြစ်သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ကိုလည်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ယနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် နအဖက ညွှန်ကြားထားသော်လည်း UWSA ကလည်း ငြင်းဆန်ထားသည်။

“ ဒီနေ့ နောက်ဆုံးဖြတ်ပေမဲ့ အဖြေမပေးဘူး။ သူတို့ပြောတာနဲ့ ကျနော်တို့လိုချင်တာ မတူဘူး။ ကျနော်တို့ တောင်းဆိုတဲ့ ၉ချက် ကနေ ၈ချက်ကိုလည်း ပယ်လိုက်တယ်လေ။ ကျနော်တို့ နယ်မြေဒေသ အခွင့်အရေးကို တောင်းတာကို ပယ်လိုက်တယ်ဆိုတော့ ပြောစရာမရှိတော့ဘူး။”ဟု UWSA အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ဝ တပ်ဖွဲ့နှင့် တန်ယန်းမြို့တွင် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဝ တပ်ဖွဲဌာနချုပ်သို့ အကြောင်းကြားလာခြင်း မရှိသေးဟု သူက ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်များနှင့်လည်း စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံမည်ဟု သိရသော်လည်း သတင်းပေးပို့ချိန်အထိ မွန်ပြည်သစ်ကို ဆက်သွယ်၍ မရဘဲ ရှိသည်။

(ကိုဝိုင်းတည်းဖြတ်သည်။)

Wednesday, April 21, 2010

မြစ်ဆုံဗုံးပေါက်ကွဲမှု နအဖလုပ်ကြံ - KIA တပ်မှူးပြော

Monday, 19 April 2010 21:37 သျှမ်းသံတော်ဆင့်
http://www.mongloi.org/burmese/2008-08-01-03-22-02/100-2008-08-06-05-35-00/792---kia-
ပြီးခဲ့သည့်စနေနေ့က ဧရာဝတီမြစ်ဆုံ ဗုံးပေါက်ကွဲမှုတွင် နအဖ ကိုယ်တိုင် လုပ်ကြံစီစဉ်ခြင်းဖြစ် နိုင်သည်ဟုအမည်မဖေါ် လိုသည့် KIA တပ်မှူးတဦးက ပြောပါသည်။

“၁၆ ရက်နေ့က KIO ဦးစီးကျင်းပတဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲမှာ KIO ရဲ့ရပ်တည်ချက်ကို လူထုကထောက်ခံ တယ်။ ဆို တော့ နအဖက မကျေနပ်လို့ တမင်လုပ်ကြံတာဘဲဖြစ်နိုင်တယ်။ ကျနော်တို့လက်ချက်တော့ လုံးဝ မဟုတ်ဘူး” - ဟု KIA တပ်မှူးတဦးပြောကြားခဲ့သည်။

စနေနေ့မနက်အစောပိုင်း ၀၂း၄၀ တွင် ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း သတ်မှတ် ဧရိယာ အတွင်း ဗုံးဆက် တိုက် ပေါက်ကွဲခဲ့သည်။ ထောင်ထားသည့် ဗုံး ၃၇ လုံး ရှိပြီး ၂၅ လုံး ပေါက်ကွဲခဲ့သည်ဟု တရုတ်နယ်စပ်သတင်း က ပြောပါ သည်။
[ဗုံးဒဏ်ထိသည့် အေးရှားဝေါလ်ကုမ္ပဏီ ရုံးခန်း (Photo: KNG)]

ဗုံးဒဏ်ထိသည့် အေးရှားဝေါလ်ကုမ္ပဏီ ရုံးခန်း (Photo: KNG)

“ဗုံးပေါက်ကွဲမှုကြောင့် အေးရှားဝေါလ် ပိုင်ကား ၄ စီး၊ တရုတ်ပိုင် မိုးလေ၀သ နဲ့ ဇလဗေဒ တိုင်းထွာရေး ဌာန ရဲ့ကား ၃ စီး မီးလောင်ပျက်စီးတယ်။ အေးရှားဝေါလ်ကုမ္ပဏီရဲ့ရုံးခန်းနဲ့ အလုပ်ရုံ - ၄ လုံး ပျက်စီးတယ်”- ဟု ဒေသခံများကပြော ပါသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာများတွင် - ၁။ မြစ်ဆုံရေကာတာ တည်ဆောက်စီမံကိန်းအနီး ကျိန်ခန် ရှိ အေးရှား ဝေါလ် ကုမ္ပဏီ၊ ၂။ တရုတ်ပြည် မိုးလေ၀သ ဇလဗေဒတိုင်းထွာရေးရုံး (မြစ်ဆုံနှင့် ၉ မိုင်အကွာ)၊ ၃။ ရေကာတာ ကြောင့်(ဧရာဝတီ မြစ် လက်တက်) လုံကာချောင်းဝ အနီးသို့ပြောင်းရွှေ့ခိုင်းခြင်းခံရသည့် အိမ်ခြေ ၅၀၀ အတွက်တည်ဆောက်ဆဲ ရွာသစ် စီမံကိန်း (ဒုက္ခသည် စခန်းစီမံကိန်း) မြစ်ဆုံအောက်ဘက် ၈ မိုင် အကွာ တို့ဖြစ်သည်။

“ရေကာတာကြောင့် ပြောင်းရွှေ့ခိုင်းတာက အိမ်ခြေက ၅၀၀ လောက်ရှိတယ်၊ သူတို့ဆောက်လုပ်ပေးထားတာ က ၄၀၀ လောက်ပဲ၊ အခုထိ မပြီးသေးဘူး၊ ဆောက်လုပ်နေတုန်း”- ဟု အဆိုပါဒေသခံက ပြော၏။

ကချင်သတင်းဌာန KNG က ဗုံးပေါက်ကွဲမှုတွင် လူ ၄ ယောက်သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ ရေကာတည် ဆောက် ရေး တရုတ်ဝန်ထမ်း အယောက် ၃၀၀ ခန့်က မြစ်ကြီးနားမြို့သို့ ဘတ်စ်ကား ၄ စီးဖြင့် ပြောင်းရွေ့သွားသည် ဟုဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် KIA/KIO ခေါင်းဆောင်များ မြစ်ကြီးနားသို့ဆင့်ခေါ်ခံရ၍ မပခ (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူးက စုံစမ်းမေးမြန်းနေ သည်ဟုလည်း သိရှိရပါသည်။

ဧရာဝတီမြစ်ဆုံ (မေခ နှင့် မလိခဆုံဆည်းရာ) တွင် ရေကာတာတည်ဆောက်ရန် နအဖက တရုတ် နှင့် အေးရှား ဝေါလ်ကုမ္ပဏီ ဖက်စပ်လုပ်ကိုင်ခွင့်ပေးထားပြီး စီမံကိန်းပြီးဆုံးပါက လျှပ်စစ်ဓါတ်အား ၃၀၀ kw ထုတ်လုပ်နိုင်မည် ဟု ခန့်မှန်းထားသည်။

၎င်းစီမံကိန်းအား ကချင်လူမှုအဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက (လုံးဝ) တည် ဆောက်ခြင်း မပြုလုပ်ရန် အကြိမ်ကြိမ်ဆန္ဒပြ ကန့်ကွက်ခဲ့သည်။ လက်သည်မပေါ်သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော်လည်း စီမံကိန်း ရပ်နားမည်မဟုတ်ဘဲ ဆက်လက်တည်ဆောက်သွားမည်ဟု နအဖ အာဏာပိုင်များ ကပြောသည်။
နမ့်ခမ်းရောက် နေပြည်တော် ဆရာဝန်မကြီးခွဲစိတ်သည့် မွေးလူနာ မိခင်နှင့်ကလေးပါသေဆုံး

Wednesday, 21 April 2010 16:18 သျှမ်းသံတော်ဆင့်
http://www.mongloi.org/burmese/2008-08-01-03-22-02/96-2008-08-03-06-49-23/799-2010-04-21-09-20-58

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သို့ ဆေးရုံအုပ်အဖြစ်ပြောင်းလာသူ နေပြည်တော်မှ ဆရာဝန်မကြီး ခွဲစိတ်ပေး သည့် မွေးလူနာမှာ မိခင် နှင့် ကလေး နှစ်ယောက်စလုံးသေဆုံးသွားသည် ဟု စုံစမ်းသိရှိရပါသည်။

“၉ ရက်နေ့မှာခွဲစိတ်တယ်၊ ၁၀ ရက်နေ့မှာအမေဖြစ်သူသေတယ်။ နောက်တရက်တော့ကလေးထပ်သေတယ်”- ဟု အမည်မဖေါ်လိုသည့် ၎င်းမိသားစုအသိုင်းအ၀ိုင်းတဦးကပြောသည်။

[နမ့်ခမ်းဆေးရုံ စတင်တည်ထောင်သူ အမေရိကန်သား Dr. Seagrave (http://cbi-theater-1.home.comcast.net)]


နမ့်ခမ်းဆေးရုံ စတင်တည်ထောင်သူ အမေရိကန်သား Dr. Seagrave (http://cbi-theater-1.home.comcast.net)
ဧပြီ ၉ ရက်နေ့က နမ့်ခမ်းမြို့ ရပ်ကွက် (၁) အောင်မေတ္တာနေ စိုင်းအိုက်ဝင်း၏ဇနီး နန်းခမ်းခင် အသက် ၃၅ နှစ် မှာ နမ့်ခမ်းဆေးရုံ၌ မွေးလူနာအဖြစ် တက်ရောက် ခွဲစိတ်မီးဖွားခဲ့ရာ နေပြည်တော်မှ ပြောင်းလာသည့် ဆရာဝန် မကြီး ဒေါ်ခင်အုန်းကြည် အသက် ၅၀ ကျော်က ကိုယ်တိုင် ခွဲစိတ်ပေးခဲ့သော်လည်း ရက်ပိုင်း၌သာ ကလေးရော မိခင်ပါသေဆုံး သွားခဲ့ရကြောင်း - သိရပါသည်။

“ဆရာဝန်မ ဒေါ်ခင်အုန်းကြည်က ဧပြီ ၈ ရက်နေ့က ဘဲ နေပြည်တော်ကနေ ပြောင်းလာတာ။ ဘယ်လူနာမဆို ခွဲစိတ်ကုသရင် ကျပ်ငွေ ၅ သောင်း အရင်ပေးအပ်ရမယ်။ သူကိုယ်တိုင်မခွဲပေးတာတောင်မှ ကျပ် ၂ သောင်းကသူ့ကို ပေးရမယ်။ မရရင် ခွဲစိတ်ခွင့်လက်မှတ်ထိုးပေးမှာ မဟုတ်ဘူးလို့ ရောက်ရောက်ချင်းမှာဘဲ ပြောတယ်”- ဟု ဆေးရုံ အသိုင်းအ၀ိုင်းတဦးက ပြော၏။

သေဆုံးသွားသည့်မွေးလူနာ နန်းခမ်းခင်အား ဆေးရုံအုပ် ဒေါ်ခင်အုန်းကြည် နှင့် အတူ ဒေါက်တာရဲမြင့်က ကူညီခွဲ ပေးသည်ဟု ဆိုပါသည်။

“ခမ်းခင်သေတာ သူ့လက်ချက်ဘဲ၊ ကောင်းကောင်းခွဲစိပ်ကုသ မပေးလို့ပေါ့၊ သူပြောတဲ့အတိုင်း ပိုက်ဆံကျပ် ၅ သောင်း လဲ ကြိုတင်ပေးချေပြီးပြီဘဲ၊ အခုခေတ် ကလေးမွေးလို့ သေတယ်ဆိုတာ ရှာမှရှားဘဲ ၊ အခု ဆရာဝန် ကညံ့လို့ လူနာ သေရတာ ” - အောင်မေတ္တာရပ်ကွက်သားက ပြောပါသည်။

ယခု လူနာသေဆုံးသွားရသည့်အကြောင်းရင်းမှာ ဆရာဝန်က လူနာအသက်ထက် ပိုက်ဆံကိုပိုတန်ဖိုးထားခြင်း၊ ခေတ်မှီအသုံးအဆောင်မရှိခြင်း၊ လုပ်ငန်းအပေါ် အလေးမထားခြင်း၊ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာြုပစုစောင့် ရှောက်မှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု နမ့်ခမ်းမြို့ခံတဦးက ဤကဲ့သို့သုံးသပ်ပြပါသည်။

“ဆရာဝန်ဆိုတာ လူနာအပေါ် စေတနာထားရမယ်၊ ၀ါသနာ နဲ့ အတူ အနစ်နာခံရမယ်။ နာသုံးနာပေါ့ဗျာ၊ အခုဟာက ဒီလိုမှ မဟုတ်တာ၊ တခြားအစိတ်အပိုင်း သွားခွဲစိတ်မိလဲ ဘယ်သူကသိမှာလဲ”

နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံသည် အင်္ဂလိပ်ခေတ်က ဒေါက်တာစီးဂရေ့ဖ်Dr. Seagrave ဆေးရုံဟု ထင်ရှားပြီး မဆလ ခေတ်ဦးပိုင်း အထိ သျှမ်းပြည်တွင် အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုပေးသည့် ဆေးရုံတခုဖြစ်သည်။
နအဖက စစ်ရေးအရ တိုက်ခိုက်မည် ဆိုပါက ကေအိုင်အို တွန်းလှန်ရန် အသင့်ပြင်ထား

Tuesday, 20 April 2010 22:42 စိုင်းမျိုးကြီး
http://www.mongloi.org/burmese/interview/2010-03-11-09-40-23/796-2010-04-20-15-46-01

( ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်၊ ကချင်ကိုယ်စားလှယ်တဦးတို့နှင့် တွေ့ဆုံမေးမြန်း)
ဧပြီလ ၄ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်တွင် နယ်ခြားစောင့်တပ်အရေး မြန်မာစစ်တပ် ကိုယ်စားလှယ် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ဥက္ကဋ္ဌ ဦးဇောင်းခရား ဦးဆောင်သော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
[လူထုရှင်းလင်းပွဲမှ ဗိုလ်မှူးချုပ်ဂွမ်မော် ]


လူထုရှင်းလင်းပွဲမှ ဗိုလ်မှူးချုပ်ဂွမ်မော်

အဆိုပါ နှစ်ဘက် တွေ့ဆုံမှုတွင် နယ်ခြားစောင့်တပ်ကိစ္စ ဧပြီလ ၂၂ ရက်နေ့ အကြောင်းပြန်ရန် ဒု ဗိုလ်ချုပ် ကြီး ရဲမြင့်က ကေအိုင်အိုကိုရာဇသံပေးထားရာ သတ်မှတ်ရက်မတိုင်မီရက်ပိုင်း အလို ဧပြီလ ၁၆ ရက်နေ့က လိုင်ဇာမြို့ မနောကွင်းတွင် ကေအိုင်အိုက လူထုရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

၎င်းလူထုရှင်းလင်းပွဲတွင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ် မော် အား သျှမ်းသံတော်ဆင့်မှ တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

မေး - နယ်ခြားစောင့်တပ်ကိစ္စ နအဖနဲ့ ကေအိုင်အို ဆွေးနွေးမှု ပိတ်ဆို့သွားပြီလား။ နောက်ထပ်ဘယ်နည်းလမ်းနဲ့ ဆက်သွားနိုင်မလဲ။

ဖြေ - ကျွန်တော်တို့ နည်းလမ်းကတော့ နှစ်ဘက်ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အရင်ကတည်းက BGF (border guard force) နယ်ခြားစောင့်တပ်က အဓိကကျတဲ့ ကဏ္ဍ မဟုတ်ဘူးလို့မြင်တယ် ဒါကြောင့်မို့လို့ ဒီ BGF ကြောင့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ ပိတ်သွားတယ်လို့ ကျွန်တော်တို့က မယူဆဘူး တခြားနည်း လမ်းတွေ အများကြီး ကျန်သေးတယ်လို့ပဲ ဒီလိုပဲမြင်ပါတယ်။

မေး - ကေအိုင်အိုရဲ့ အဓိက နိုင်ငံရေးမျှော်မှန်းချက် သိချင်ပါတယ်ခင်ဗျ။

ဖြေ - ကေအိုင်အိုစတင်တည်ထောင်တဲ့ ၁၉၆၀ ကျော်ကာလကတော့ လွတ်လပ်ရေးရရှိရေး ဖြစ်ပါတယ် ဘာဖြစ် လို့လဲ ဆိုတော့ အဲဒီအချိန်မှာက ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖေါ်နေတဲ့အချိန်ဖြစ်တယ် ပြည်ထောင်စု ထဲမှာ ဒီမိုကရေစီနည်းအရ ဖြေရှင်းလို့ မရတော့တဲ့ အနေအထားမျိုးဖြစ်တဲ့ အတွက်ကြောင့်မို့ ကေအိုင်အိုက လွတ်လပ်ရေး ဆိုတာကို ကြွေးကြော်ခဲ့တယ် သို့သော်လည်းပဲ အခြေအနေ အမျိုးမျိုးကြောင့် ၁၉၇၄နဲ့ ၁၉၇၆မှာ စစ်မှန်တဲ့ပြည်ထောင်စု ဖေါ်ဆောင်ရေး ဆိုတဲ့မူထဲပြန်ရောက်လာပြီး ပြင်ဆင်ပြီးတော့ ကျွန်တော်တို့အယူအဆတွေကိုကြေငြာခဲ့တယ် အခုလည်း ကျွန်တော်တို့က ပြည်ထောင်စုထဲမှာ အတူတကွ နေမယ် လုံလုံခြုံခြုံနေမယ် ပြည်ထောင်စုဆိုတဲ့မူကိုပေါ်လွင်အောင် တည်ဆောက်မယ် ဆိုတဲ့ ရည်မှန်းချက် ရှိပါတယ်။

မေး - နအဖစစ်တပ်က MIG - 29 တိုက်လေယာဉ်တွေ ၀ယ်ယူနေတယ် ကချင်ပြည်နယ်ထဲကိုလဲ အမြောက် ကား တွေ စစ်ကားတွေပို့နေတော့ ကေအိုင်အိုဘက်က စစ်ရေးပြင်ဆင်မှုနဲ့ ခေတ်မှီလက်နက် ပိုင်ဆိုင်မှုတွေ ရှိပါသလား ခင်ဗျ။

ဖြေ - ကျွန်တော်တို့မှာ ခေတ်မှီလက်နက်တွေတော့ မရှိပါဘူး ဒါပေမဲ့တခြားနည်းလမ်းတွေ စဉ်းစားထားတာ ရှိပါတယ် အကယ်၍ စစ်ရေးအရ ဖြေရှင်းလာမယ်ဆိုရင် ကျွန်တော်တို့ဟာ ဖြေရှင်းဖို့နည်းလမ်းတွေ ရှိပါတယ်။

အဆိုပါလူထုရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ အသက် ၄၀ ကျော်ရှိ ကချင်ကိုယ်စားလှယ်တစ်ဦး၏ အမြင် သဘောထားကို သျှမ်းသံတော်ဆင့်က ဆက်လက်မေးမြန်းထားပါသည်။

မေး - အခုကေအိုင်အို လူထုရှင်းပွဲမှာ ပြောသွားတဲ့အကြောင်းအရာတွေအပေါ် ဘယ်လိုထင်မြင်မိလဲဗျ။

ဖြေ - ကျွန်တော့်အမြင်ကတော့ ကေအိုင်အိုဘက်က တင်ပြထားတဲ့အချက်တွေအကုန်လုံးကို လက်ခံတယ် ဒါပေမဲ့နအဖ စစ်အစိုးရက ပြောတဲ့ BGF (နယ်ခြားစောင့်တပ်) နဲ့ပတ်သက်လို့ကတော့ ဒါက နိုင်ငံတော်အကြီး အကဲရဲ့ စေတနာ တစ်ရပ်ပဲဆိုတော့ သူတို့ရဲ့(နအဖ) ရဲ့အမြင်ကို သိခွင့်ရခဲ့ပါတယ်။

မေး - ကချင်လူထုအနေနဲ့ရော နယ်ခြားစောင့်တပ်ကို လက်ခံပါသလား။

ဖြေ - နယ်ခြားစောင့်တပ်ကို လက်ခံနိုင်စရာအကြောင်းမရှိပါဘူး သူတို့(နအဖ) အနေနဲ့အထပ်ထပ်အခါခါ တစ်နိုင်ငံလုံးမှာ နိုင်ငံရေးအသွင်ပြောင်းမှုဆိုပြီး နယ်ခြားစောင့်တပ်လုပ်ခိုင်းတယ်ဆိုတာ လက်ခံနိုင်စရာမ ဟုတ်ဘူးပေါ့။

မေး - ကချင်လူထုတစ်ယောက်အနေနဲ့ အမျိုးသားတန်းတူရေးအတွက် မျှော်မှန်းချက်ကို ပြောပြပေးပါ။

ဖြေ - ဒါကတော့ ကျွန်တော်တို့အားလုံး သိတဲ့အတိုင်းပဲ ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့တိုင်းရင်းသား တွေအားလုံး အဖွဲ့အစည်းတွေအားလုံး လက်ခံနိုင်မဲ့အနေအထားဆိုရင်တော့ ကျွန်တော်တို့ လဲလက်ခံပါတယ်။

လွန်ခဲ့သည့်နှစ် ဧပြီလ ၂၈ ရက်နေ့မှ စ၍ ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကို နယ်ခြားစောင့် တပ်အသွင် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာစစ်တပ်က အဆိုပြုခြင်းသည် အချိန်အားဖြင့် တစ်နှစ်ပြည့်တော့မည် ဖြစ်သော်လည်း နယ်ခြားစောင့်တပ်အရေးမှာ နှစ်ဘက်ကြား ပြေလည်မှုမရသေးပဲ လိပ်ခဲတည်းလည်းအခြေ အနေတွင်ရှိနေသည်။

၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေးရယူစဉ် မြန်မာစစ်တပ်နှင့်ကေအိုင်အိုတို့ သဘောတူညီချက်များ အမျိုးသားညီလာ ခံတွင် ကေအိုင်အို၏ တင်ပြဆွေးနွေးမှုများ နယ်ခြားစောင့်ကိစ္စအပေါ် အပြန်အလှန်ဆွေးနွေးမှုများကို ကေ အိုင် အိုအဖွဲ့မှ အထွေ ထွေအတွင်းရေးမှူး ဒေါက်တာလဂျာနှင့် ဒုစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ဂွမ်မော်တို့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အနှစ်ချုပ်အားဖြင့် ကေအိုင်အိုအနေဖြင့် အသွင်ကူးပြောင်းရေးကို မူအရ လက်ခံသော်လည်း နယ်ခြား စောင့်တပ်ဖွဲ့စည်း ခြင်းကို လက်မခံကြောင်း ကေအိုင်အိုဆိုသည်မှာ ပင်လုံစာချုပ်ပါ အမျိုးသားတန်းတူ ရေးအတွက် နှစ် ၅၀ ကြာ ရုန်းကန်လှုပ်ရှားခဲ့သည့် ကချင်အမျိုးသားထုတစ်ရပ်လုံး လက္ခဏာဆောင်သော ပါတီဖြစ်သဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ခြင်းသည် လက်တွေ့မကျကြောင်း အသွင်ကူး ပြောင်းရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်နှင့် ဆက်လက်ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သည်။
မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှု KIO ပါဝင်ပတ်သက်မှု ငြင်းဆို


20 April 2010


ကချင်ပြည်နယ် မြစ်ဆုံဗုံးကွဲမှုမှာ KIO ခေါ် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့က သူတို့ ပါဝင်ပတ်သက်မှု မရှိကြောင်း ထုတ်ဖော် ပြောကြားပါတယ်။ ဒါဟာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့ KIO ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့ KIO အဖွဲ့အကြား ဆက်ဆံရေး အပြောင်းအလဲ ဖြစ်နိုင်သလား ဆိုတာနဲ့ ကချင်ပြည်နယ် အတွင်းက နောက်ဆုံး အခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီလ ၁၇ ရက်နေ့မနက် အစောပိုင်းက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်ကုမ္ပဏီနဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Asia World ကုမ္ပဏီရုံး အဆောက်အဦးမှာ အနည်းဆုံး ဗုံး ၁၀ လုံးလောက် ဆက်တိုက် ပေါက်ကွဲခဲ့တာပါ။ ဒီလို ပေါက်ကွဲပြီးတဲ့နောက်မှာ မြောက်ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တာကြောင့် KIO အဖွဲ့က အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာနဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ဟာ ၁၈ ရက်နေ့က မြစ်ကြီးနားကို သွားရောက် ဆွေးနွေးခဲ့ကြပါတယ်။

ဒီပေါက်ကွဲမှုဟာ KIO နဲ့ မပတ်သက်တာကြောင့် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးမှာ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ နှစ်ဘက် ဆွေးနွေးပွဲအပြီးမှာ KIO ထိပ်တန်းအရာရှိ တဦးက အခုလို ထုတ်ဖော်ပြောဆိုပါတယ်။

“အဓိကကတော့ ဒီကိစ္စမှာ ကျနော်တို့ KIO က ပါဝင်ပတ်သက်မှု မရှိဘူး ဆိုတာကို သွားရှင်းပြတာပါ။ ကျနော်တို့ ပါဝင်ပတ်သက်မှု မရှိဘူး။ နောက် ကျနော်တို့ကလည်း ဒီကိစ္စအပေါ်မှာ စုံစမ်းမှုတွေ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ကျနော်တို့ လုပ်မယ်ပေါ့။ အဲလိုမျိုးလေးတွေ ဆွေးနွေးခဲ့ကြတာပေါ့။ နားလည်မှု ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက ကျနော်တို့ဟာ မဟုတ်တဲ့အခါကျ တခြား ထူးထူးခြားခြား ပြောင်းလဲဖို့တော့ မရှိပါဘူး။”

လွန်ခဲ့တဲ့ မတ်လလယ်လောက်က ဗန်းမော်ခရိုင် အတွင်းမှာ ဗုံးအလုံး ၃၀ ကျော်လောက် ဖမ်းဆီးရမိခဲ့တာနဲ့ ဆက်စပ်ပြီး မြန်မာစစ်အစိုးရဘက်က KIO အဖွဲ့ အပေါ်မှာ သံသယရှိတာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်နေပါတယ်။

ဗုံးပေါက်ကွဲတာဟာ အပစ်ရပ် KIO အဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ဖို့ မြန်မာစစ်အစိုးရဘက်က တောင်းဆိုထားပြီး KIO အဖွဲ့ကလည်း သဘောမတူညီနိုင်ကြောင်း လူထုရှင်းလင်းပွဲ ပြုလုပ်ပြီးချိန်မှာ ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဗုံးပေါက်ကွဲပြီးနောက် ကချင်ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေ တင်းကျပ်လာတာကိုတော့ ကချင်သတင်းဌာနက အယ်ဒီတာ ကိုနော်ဒင်းက အခုလို ပြောပါတယ်။

“ဗုံးပေါက်တဲ့ နေ့ကနေ စပြီးတော့မှ ကချင်ပြည်နယ် အရှေ့ဘက် ဆက်သွယ်တဲ့ လမ်းမကြီးတွေ ဖြစ်တဲ့ မြစ်ကြီးနား ၀ိုင်းမော် ဗန်းမော်လမ်း၊ နောက် မြစ်ကြီးနား ၀ိုင်းမော် ကန်ပိုက်တီးလမ်း၊ ဗန်းမော် ကိုင်ထေ့ နမ့်ခမ်း မူဆယ် အဲလိုမျိုး အဓိက လမ်းတွေပေါ်မှာ စစ်ဆေးရေး လုပ်ငန်းတွေကို ငြိမ်းချမ်းရေး မတိုင်ခင် စစ်ပွဲဖြစ်တဲ့ အခြေအနေလိုမျိုး ဂိတ်တွေ အများကြီး ဖွင့်ပြီးတော့မှ စစ်ဆေးမှုတွေ အကြီးအကျယ် လုပ်နေတာပေါ့။ စစ်ဆေးမှု ဆိုတဲ့နေရာမှာ ကိုယ်ခန္ဓာကိုရော သူတို့စစ်တယ်။ ပစ္စည်းတွေကအစ အားလုံး မှတ်ပုံတင်ကအစ စစ်တယ်ပေါ့။”

အဲလို စစ်ဆေးတဲ့ နေရာမှာ KIO အရာရှိတွေကိုပါ စစ်ဆေးနေတာ ဖြစ်တယ်လို့ ကိုနော်ဒင်းက ပြောပါတယ်။

အခုအခါမှာ မြစ်ဆုံဒေသက ဗုံးပေါက်ကွဲခဲ့တဲ့ အဆောက်အဦးတွေရှိရာ နေရာမှာ အရပ်သားတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့လည်း သိရပါတယ်။

မြစ်ဆုံ ဗုံးပေါက်ကွဲမှုမှာ ဗုံး ၁၀ လုံး၊ ၄ နေရာမှာ ပေါက်ကွဲခဲ့ပြီး လူတယောက်သာ အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။

မြစ်ဆုံ ရေကာတာ တည်ဆောက်ရေးကို အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ Asia World ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက China Power Investment Corporation (CPI) တို့က ပူးပေါင်း တည်ဆောက်နေပြီး ရရှိတဲ့ လျှပ်စစ်ဓာတ်အားကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာ ဖြစ်ပါတယ်။

ကချင် သဘာဝပတ်ဝန်းကျင် အဖွဲ့က မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် အနည်းဆုံး ကျေးရွာ ၆၀ ကျော်နဲ့ လူ ၁၀,၀၀၀ လောက် နေရာ ပြောင်းရွှေ့ရမယ်လို့ ခန့်မှန်းထားပါတယ်။
ပလောင်ဒေသ ပညာအလင်းရောင် ကင်းမဲ့

http://www.voanews.com/burmese/2010-04-21-voa3.cfm
21 April 2010


ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ပလောင်ကျေးရွာတွေမှာ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေ ကင်းမဲ့နေတာကြောင့် အနာဂတ်မဲ့နေရတဲ့ အခြေအနေတွေကို ကွင်းဆင်းပြီး သုတေသနပြု ရေးသားထားတဲ့ အလင်းမဲ့ဘ၀လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ တစောင်ကို တအောင်း ကျောင်းသားလူငယ်များ အစည်းအရုံးက မနေ့က ထုတ်ဝေခဲ့ပါတယ်။ စာမျက်နှာ ၇၈ မျက်နှာရှိတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ တခုကို ထိုင်း၊ မြန်မာနယ်စပ်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပလောင်ဒေသတွေ ဖြစ်တဲ့ နမ့်ခမ်၊ မိုင်းတုံ၊ နမ့်ဆမ် ဒေသတွေက မြို့နယ် ၃၀ ကျော်က ရွာပေါင်း ၆၀ ကျော်ကို သုတေသန ပြုစုခဲ့ပြီး ပညာရေး နိမ့်ကျနေတဲ့ အခြေအနေတွေကို အစီရင်ခံစာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပလောင်ဒေသတွင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး ပညာရေး တာဝန်ခံ မိုင်မောင်ဒေါင်းကတော့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပြပါတယ်။

“စကောက်နေတဲ့ ၂၀၀၆ အချိန်ကို သုံးသပ်ထားတာက ကျောင်းတက်နိုင်တဲ့ ကလေးတွေ ၇၅% လောက်ရှိတယ်။ တဖြည်းဖြည်း နိမ့်ကျလာတာ ၂၀၀၉ ဆိုရင် ၅၅% လောက်ပဲ ကျောင်းတက်နိုင်တော့တယ်။ မြို့နယ်နာမည်က မိုင်းတုံတို့၊ နမ့်ခမ်တို့၊ နမ့်ဆမ်တို့ အဲဒီမြို့ ၃ မြို့နယ်ကို ကျနော်တို့ ဦးတည်ပြီး စုဆောင်းထားတာ ရှိတယ်။ ရွာပေါင်း ၆၁ ရွာ။ ကျနော်တို့ အဲဒီ မြို့ ၃ မြို့မှာ ကောက်ထားတဲ့ လူအရေအတွက် ခန့်မှန်းချေ မိသားစု မိဘ၊ ကလေးအပါ အကုန်လုံးဆိုရင် ၇၀၀,၀၀၀ ကျော်လောက် ရှိမယ်။ လူဦးရေအားဖြင့် ခန့်မှန်းကြည့်ရင် တမြို့ကို ၂၀၀,၀၀၀ ကျော်လောက် ရှိမယ်ပေါ့။”

ဒီအစီရင်ခံကို ထုတ်ဝေခဲ့တာကတော့ မြန်မာပြည်မှာ ပညာရေးစနစ်ကို နိုင်ငံတကာက သိရှိအောင် မီးမောင်းထိုးပြဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး သူတို့ဒေသတွင်းက အခြေအနေတွေ၊ လူငယ်တွေက ပညာရေးကို ဆက်လက် မသင်ကြားနိုင်တာတွေ အတွက် တိုင်းရင်းသား ဒေသတွေကို နိုင်ငံတကာက အကူအညီတွေ တိုက်ရိုက်ရောက်အောင်လည်း ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ မျှော်လင့်တယ်၊ နိုင်ငံတကာမှာလည်း မြန်မာပြည်ကို ပြန်ပြီးတော့ ဖိအားပေးဖို့၊ နောက်ထပ် ကျေးလက်ဒေသမှာရှိတဲ့ ကျောင်းတွေ တိုက်ရိုက်ပေးဖို့၊ နောက်တခုက နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ အကုန်လုံး သိပြီဆိုရင် ကျနော်တို့ မြန်မာပြည်မှာ ရှိနေတဲ့ ပညာရေးက ဘယ်လောက်အထိ ဆိုးရွားလဲဆိုတာ သူတို့ ပိုပြီးတော့ နားလည်ဖို့ ထုတ်ဝေရတာ ဖြစ်ပါတယ်။”

အဲဒီဒေသတွင်းမှာ ဆရာမ တာဝန် ယူခဲ့ဖူးတဲ့ ပလောင်အမျိုးသမီး တဦးကတော့ ပညာရေးဟာ ကလေးတွေအတွက် ဖန်တီးနိုင်တဲ့ စွမ်းရည်တွေကို ပေးတဲ့ ပညာရေး မဟုတ်ဘူးလို့ အခုလို ပြောသွားပါတယ်။

“အခု ကလေးတွေက ဒီသင်ရိုးညွှန်းတန်းအတိုင်း ဒီဟာသင်ပေးတယ်၊ ဒီဟာကျက်၊ အဲဒီလိုမျိုး ဘာမှ တွေးခေါ် စဉ်းစားမှု မရှိဘူး။ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားတာ လုံးဝ မရှိဘူး။ ဦးနှောက်ထဲမှာ ရိုက်သွင်းထားတဲ့အတိုင်း ဒီဟာက ဒီဟာပဲ ဆိုတဲ့ပုံစံ၊ အဲဒီလိုမျိုး သင်ရိုးညွှန်းတန်း အတိုင်းပဲ လိုက်ကျက်တဲ့ အခါကြတော့ သူတို့ ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှုက တဖြည်းဖြည်း လျော့သွားတာပေါ့။”

ပလောင်ဒေသတွေမှာ ပညာရေးကို မြှင့်တင် အားပေးတာမျိုးတွေကို စစ်အစိုးရက ပြုလုပ်ပေးခြင်း မရှိဘဲ သင်ထောက်ကူ ပစ္စည်းတွေ မပြည့်စုံမှု၊ ဆရာ မလုံလောက်မှု၊ ကျောင်းပညာ သင်ကြားရေးအတွက် ငွေကြေးပေးရမှုလည်း ရှိခဲ့သလို ၂၀၀၈ ခုနှစ်အတွင်းမှာ ပလောင်တွေရဲ့ မိရိုးဖလာ စိုက်ပျိုးရေး လုပ်ငန်းဖြစ်တဲ့ လက်ဘက်ရောင်းဝယ်မှုတွေ အကြီးအကျယ် ပျက်စီးသွားခဲ့ရပြီး ပလောင်လူမျိုးတွေဟာ ကျောင်းထားနိုင်ဖို့ နေနေသာသာ ထမင်းစားရဖို့တောင် ခက်ခဲသွားခဲ့ရတာတွေ ဖြစ်ခဲ့ရကြောင်း၊ ပညာသင်ကြားနိုင်သူ လူနည်းစုတွေ အနေနဲ့လည်း သူတို့တတ်မြောက်ထားတဲ့ ပညာနဲ့ တခြားစီဖြစ်တဲ့ မိရိုးဖလာ လက်ဘက်ရောင်းတဲ့ အလုပ်တွေကိုသာ လုပ်ကိုင် စားသောက်နေရကြောင်း တွေကိုလည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ပလောင်ဒေသတွင်းမှာ ကျောင်းတွေ နည်းပါးမှုကြောင့် ဝေးလံတဲ့ နေရာတွေမှာ ကျောင်းတက်နိုင်တဲ့ဦးရေ တဖြည်းဖြည်း နည်းလာရသလို ကလေးတွေဟာ ဘိန်းခင်းတွေထဲက အလုပ်သမားတွေ ဖြစ်လာရတာတွေ၊ ဘိန်းစွဲတဲ့သူတွေ ဖြစ်လာရတာတွေ၊ မိုင်းတုံကျေးရွာ တခုတည်းမှာတောင် အသက် ၁၅ နှစ်ကျော် လူငယ်တွေထဲမှာ မူးယစ်ဆေးဝါး စွဲနေသူ ၈၅% ရှိနေတဲ့အတွက် လူငယ်တွေအတွက် အထူးစိုးရိမ်စရာ ကောင်းကြောင်းတွေကိုလည်း ဖော်ပြသွားပါတယ်။
သင်္ကြန်ဗုံးကွဲမှု လူ ၃ ဦး ဖမ်းဆီးခံရ
http://www.voanews.com/burmese/2010-04-20-voa4.cfm

20 April 2010


သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးက X2O ရေကစားမဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပြီး အဖမ်းအဆီးအချို့ ရှိခဲ့ပါတယ်။ အရင် မြို့ပေါ်တွေ ဗုံးကွဲမှုတွေ ဖြစ်လေ့ရှိတိုင်း နောက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ ရှိတာကြောင့် အခုအခြေအနေမှာလည်း အလားတူ အပြစ်မဲ့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် မေးမြန်းတာတွေလုပ်မှာ စိုးရိမ်တယ်လို့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ အဖမ်းအဆီးတွေနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရန်ကုန် ကန်တော်ကြီး ဗုံးကွဲပြီးပြီးချင်းမှာတော့ အနီးအနားမှာ ကင်မရာသမားတဦး အဖမ်းခံခဲ့ရပါတယ်။ နောက်တနေ့မှာတော့ အာဏာပိုင်တွေက သူ့အိမ်ကို ၀င်ရှာပြီး ဖခင်ဖြစ်သူကိုလည်း ဖမ်းဆီးသွားပါတယ်။ စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ သားဖြစ်တဲ့ ဦးဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် သားအဖ နှစ်ယောက်စလုံး အဖမ်းခံရသလဲ၊ ဘာပြစ်မှုနဲ့ အရေးယူထားလဲ၊ သူတို့ကို လက်ရှိ ဘယ်မှာထားသလဲ၊ ကျန်မိသားစုဝင်တွေ ဘာမှ မသိရသေးပါဘူး။ အိမ်ကို လာရောက် ဖမ်းဆီးတော့လည်း အာဏာပိုင်တွေဘက်က ဘာမှ တိတိကျကျ ပြောဆိုတာ မရှိဘူးလို့ ဦးဇေယျရဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီတင်က ဗွီအိုအေကို ပြောပြပါတယ်။

“ကျမကတော့ ရိပ်သာသွားနေလို့ အမေပြောပြလို့ သိတာကတော့ အိမ်ရောက်လာတယ်၊ ပစ္စည်းတွေ နည်းနည်းပါးပါးရှာတယ်၊ အခွေတွေ ဖွင့်ကြည့်ပြီးတော့ မိုးချုပ်တော့ လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ ဒါပဲတဲ့၊ အဲဒီလိုပြောတာပဲ။”

ကင်မရာရိုက်မှုလို့ ပြောတယ်၊ ဟုတ်ပါသလား။

“အဲဒါက သားအငယ်ရှင့်။ ဖြစ်ပျက်နေတုန်း အဲဒီမှာ ရိုက်နေတုန်း မိတာ။”

ဦးဇေယျက အိမ်ကိုလာခေါ်တာပေါ့။

“ဟုတ်ကဲ့၊ အိမ်ကိုလာခေါ်တာပါ။”

သူတို့နှစ်ယောက် အခုခေါ်သွားတဲ့ကိစ္စ ဘယ်ကိုခေါ်သွားတယ်ဆိုတာ အမတို့ သိရပြီလား။

“အဲလိုတော့ မပြောတတ်ဘူး၊ ကျမလည်း မစုံစမ်းတတ်တာနဲ့ ဒီအတိုင်းပဲ နေလိုက်တယ်။”

ဘာမှလဲ လာမပြောဘူးလား။

“ဟုတ်ကဲ့၊ အဲဒီလိုတော့ မပြောဘူး။ နောက်နေ့ ဖုန်းလာသိမ်းတယ်၊ ဦးဇေယျရဲ့ဖုန်းကို လာယူတယ်။ ဘာမှတော့ မပြောဘူး။ ဖုန်းပဲ ပေးလိုက်ပါဆိုပြီး လာယူတယ်။”

လာယူတဲ့ အာဏာပိုင် အဖွဲ့အစည်းက ဘယ်ကလဲ မသိဘူး။

“ရောက်ရောက်ချင်း ကျနော်တို့ ရန်ကုန်က ရဲတပ်ဖွဲ့က အဲဒီလိုမျိုးလေးပဲ ပြောလိုက်တယ်။ ကျမ သေချာ မမှတ်မိလိုက်ဘူး။ အရပ်ဝတ်နဲ့ပဲ။ ဇဝေဇ၀ါ မဖြစ်အောင်တော့ သူတို့က ရ၀တတော့ ခေါ်ခဲ့တယ်။ ရ၀တရှေ့မှာပဲ ပစ္စည်းသိမ်းတယ်။ ကျမက အပ်ပေးရတဲ့သဘော။ ကျမလည်း အဲဒီတုန်းက ခေါင်းစီး မဖတ်လိုက်မိဘူး။ ကိုယ်လည်း လက်မှတ်ထိုးပေးလိုက်တယ်၊ ပစ္စည်းကို အပ်တဲ့အကြောင်း။ ပြီးတော့ သူတို့က ရ၀တကို သက်သေလုပ်ခိုင်းတယ်၊ ဒါပဲ။”

ပထမအကြိမ် ဖမ်းတုန်းကတော့ အခွေတွေ သိမ်းသွားတယ်ပေါ့။ ကင်မရာတို့ ဘာတို့ရော သိမ်းလား။

“ဟုတ်ကဲ့။”

ဒုတိယအကြိမ် လာသိမ်းတော့ ဘာသိမ်းသွားလဲ။

“ဖုန်းပဲသိမ်းတာ။”

သူတို့က NLD အဖွဲ့ဝင်တွေ ဘာတွေရော ဟုတ်လား။

“အဲလိုတော့ မ၀င်ဘူးရှင့်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမကလည်း အမှုထမ်းဆိုတော့။ အရင် မိုးကုတ်မှာ နေကတည်းက မ၀င်ဘူးရှင့်။”

လတ်တလော ဦးဇေယျက ဘာအလုပ် လုပ်နေပါလဲ။

“ဦးဇေယျက ပန်းချီလည်းလုပ်တယ်။ မျက်နှာဖုံး ဂရပ်ဖစ် ဒီဇိုင်းတွေလည်း ရေးတယ်။”

သားနာမည်က ဘယ်လိုခေါ်ပါသလဲ။

“စည်သူဇေယျပါ။”

သူကရော ဘာလုပ်ပါလဲ။

“သူက အခုမှ ကျောင်းပြီးတယ်၊ ပန်းချီပေါ့၊ ပန်းချီကျောင်းပြီးတော့ ဘာလုပ်ရမလဲ စဉ်းစားနေတုန်းပဲ ရှိသေးတယ်။”

အဲဒီနေ့က ကင်မရာ သွားရိုက်တယ်ဆိုတာ ဘယ်လိုလဲ။

“အပျော်တမ်းပေါ့။ သူက အရင်ပြောဖူးတယ် သတင်းထောက် လုပ်ချင်တယ်ဆိုပြီး၊ သတင်းထောက်က မလွယ်ဘူးနော်လို့ အဲဒီလိုတော့ ကျမ သတိပေးလိုက်တယ်။ နောက်တော့လည်း စကား မဆက်စပ်မိဘူးပေါ့နော်။ အဲဒီလိုပဲ လုပ်နေတုန်း အခုမှ ကျောင်းပြီးတာ ဘာမှ မကြာသေးဘူးလေ။”

ဦးဇေယျဟာ ၁၉၇၀ ကျော်ပိုင်းတုန်းက နိုင်ငံရေးပုဒ်မနဲ့ အထိန်းသိမ်း ခံရဖူးသူ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန် သင်္ဃန်းကျွန်းမှာရှိတဲ့ နိုင်ငံရေး လှုပ်ရှားသူ တဦးလည်း အဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ ဗုံးကွဲတဲ့ကိစ္စနဲ့ ပတ်သက်၊ မပတ်သက် မသိရပေမဲ့ နိုင်ငံရေး လှုပ်ရှားတဲ့ အသိုင်းအ၀ိုင်းအဖို့တော့ ဗုံးကွဲပြီးနောက်ပိုင်း သူတို့လုံခြုံရေးအတွက် စိတ်မအေး ဖြစ်နေရပါတယ်။

ဒါကြောင့်လည်း အေအေပီပီ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီဗုံးကွဲမှုနဲ့ ဆက်စပ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ခိုင်ခိုင်လုံလုံ ဘာမှမရှိဘဲ အာဏာပိုင်တွေဘက်က ခေါ်ယူဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ ဖြစ်လာမှာ စိုးရိမ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အရင်တုန်းကလည်း ဗုံးကွဲမှုတွေ ဖြစ်ပြီးနောက် နိုင်ငံရေး လှုပ်ရှားသူအချို့ တကယ်မပတ်သက်ဘဲ အဖမ်းခံရတာ၊ အနှိပ်စက်ခံရတာ၊ နောက်ဆုံး ထောင်ချခံရတာတွေအထိ ရှိခဲ့တယ်လို့ အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“သူတို့တွေကို မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်မှာကို ကျနော်တို့ အတော်လေး စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖက ဒီလို ဗုံးကွဲမှုတွေ ပြီးတိုင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ တချို့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး မတရား စစ်ဆေးလေ့ရှိတယ်။ ကျနော်တို့ဆီမှာ သာဓကတွေလည်း ရှိတယ်။

“ဥပမာ သန့်ဇော်နဲ့ ညီညီဦးဆိုရင် သန်လျင် ရေနံချက်စက်ရုံမှာ ၁၉၈၉ ခုနှစ်က ဗုံးကွဲမှု ဖြစ်ခဲ့တယ်။ တကယ်တော့ သူတို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေဖြစ်တယ်။ ဒီဗုံးကွဲမှုနဲ့ လုံးဝ မပတ်သက်ဘူး။ ဒါပေမဲ့ သူတို့ကို ဖမ်းထားပြီး သေဒဏ်ချတယ်။ ထောင်ထဲမှာ ၂၁ နှစ်ရှိပြီ၊ အခုထိ မလွတ်သေးတာမျိုးတွေ ရှိတယ်။ ဒီလို အစဉ်အလာတွေ ရှိတဲ့အခါကြတော့ ကျနော်တို့က မဆိုင်တဲ့လူတွေ အများကြီး အဖမ်းခံရမှာ၊ နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို အညှိုးတကြီးနဲ့ ဖမ်းဆီး နှိပ်စက်မှာတွေကို ကျနော်တို့ စိုးရိမ်ပါတယ်။”

သင်္ကြန်အကြတ်နေ့ ဗုံးကွဲမှုကြောင့် သေဆုံးသွားတဲ့ ၈ ဦးထဲမှာတော့ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး သန့်စင်သိန်း ပါဝင်သလို အခြား လုံခြုံရေး တာဝန်ရှိသူ အချို့နဲ့ အရပ်သား စုစုပေါင်း ၁၇၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ရေးနဲ့မဖြေရှင်းဖို့ KIA သတိပေး
http://www.voanews.com/burmese/2010-04-21-voa2.cfm

21 April 2010


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆိုတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်အစိုးရက စစ်ရေးနဲ့ နှိမ်နင်းမယ်ဆိုရင် အမှားကြီး မှားလိမ့်မယ်လို့ KIA ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ KIA အနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ဖို့ မြန်မာစစ်အစိုးရက ပြောဆိုထားပါတယ်။ KIO ဘက်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ပြည်ထောင်စု တပ်မတော်ထဲမှာ တပ်တခုအနေနဲ့ ပါဝင်လိုတဲ့အကြောင်း တုံ့ပြန် ပြောဆိုနေပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ မြန်မာစစ်အစိုးရက စတင် ဆွေးနွေးခဲ့ပြီး အကြောင်းပြန်ဖို့ နောက်ဆုံးရက် သတ်မှတ်ပေးခဲ့တဲ့ တနှစ်လောက် ကာလအတွင်း KIA နဲ့ မြန်မာစစ်အစိုးရအကြား အနည်းဆုံး ၁၅ ကြိမ်လောက် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ KIA သတင်းရပ်ကွက်က ပြောပါတယ်။ KIA ကတော့ BGF ခေါ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံဘဲ ပြည်ထောင်စုထဲက တပ်မတော်ထဲမှာ ရှိတဲ့ တပ်တခု အနေနဲ့သာ ပြင်ဆင် ဖွဲ့စည်းလိုတဲ့အကြောင်း တုံ့ပြန် ပြောဆိုထားပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့အစား ကချင်ဒေသ ကာကွယ်ရေးတပ်ကို ဖွဲ့ခွင့်ပေးဖို့၊ ပင်လုံစာချုပ်ပါ တိုင်းရင်းသား အခွင့်အရေးတွေကို အာမခံမယ်ဆိုရင် လက်နက်စွန့်မယ်ဆိုပြီး KIA ဘက်က စစ်အစိုးရကို တောင်းခံဖူးပါတယ်။ မြန်မာစစ်အစိုးရ ဘက်ကတော့ ဒီတောင်းဆိုချက်ကို လက်မခံသေးပါဘူး။ တကယ်လို့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ပြန်လည် အဖြေပေးဖို့ စစ်အစိုးရဘက်က သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ကျော်သွားခဲ့မယ်ဆိုရင် မြန်မာစစ်အစိုးရဘက်က ဒီကိစ္စကို ဘယ်လို တုံ့ပြန်လာမလဲ၊ အဖြေ အတိအကျတော့ မသိရသေးပါဘူး။

Gen. S. Gun Maw, vice chief of staff for the Kachin Independence Army, is seen on a video camera displayed during their first ever press conference held for foreign journalists after a rally at Laiza, April 16, 2010-AP
KIA ဒု-စစ်ဦးစီး အရာရှိချုပ်
ဗိုလ်ချုပ်ဂွမ်မော်(လယ်) လိုင်ဇာတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ဧပြီ ၁၆၊ ၂၀၁၀။
KIA အဖွဲ့ရဲ့ ဒုတိယ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ဂွမ်မော်ကတော့ စစ်အင်အားကို သုံးတာက တိုင်းပြည်အတွက် အဖြေမဟုတ်တဲ့ အကြောင်း ဧပြီလ ၁၆ ရက်နေ့က လိုင်ဇာမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“စစ်အစိုးရဘက်က ပြဿနာတွေကို အဖြေရှာဖို့ ဆန္ဒရှိမရှိ တွက်ရ ခက်ပါတယ်။ စစ်ရေးအရ ဖြေရှင်းလာမယ် ဆိုရင်တော့ သူတို့အတွက် အမှားကြီးတခုပါ။ တကယ်လို့ တရားနည်းလမ်းတကျ မတွက်ဘူး၊ သူတို့ လုပ်ချင်တဲ့အတိုင်းပဲ ဆက်လုပ်မယ်ဆိုရင် သူတို့ဘက်က စစ်အင်အားကို သုံးလာနိုင်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ ကောင်းကျိုးကို ကြည့်မယ်ဆိုရင်တော့ ဒီလို သူတို့ မလုပ်သင့်ပါဘူး။”

ဧပြီလ ၁၆ ရက်နေ့ကပဲ လိုင်ဇာဌာနချုပ်မှာ လူထုရှင်းလင်းပွဲ ကျင်းပပြီး မြန်မာစစ်အစိုးရနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ အခြေအနေ KIA ဘက်က ရှင်းပြခဲ့ပါတယ်။ ကချင်ဒေသခံတွေကတော့ ကချင်ပြည်နယ်အတွင်း စစ်အစိုးရနဲ့ KIA တပ်ဖွဲ့အကြား လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ပေါ်မှာကို စိုးရိမ်နေပါတယ်။

ဧပြီလ ၁၇ ရက်နေ့က ကချင်ပြည်နယ် မြစ်ဆုံရေကာတာ ဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီ အဆောက်အဦး နေရာမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့တဲ့အတွက် ဒီဖောက်ခွဲ တိုက်ခိုက်မှုတွေမှာ KIA ပါမပါ မြန်မာစစ်အစိုးရဘက်က မေးမြန်း စုံစမ်းခဲ့ပါတယ်။ KIA ကတော့ သူတို့ ပါဝင်ပတ်သက်မှု မရှိတဲ့အကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

မြစ်ဆုံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ကချင်ပြည်နယ်ထဲမှာ စစ်အစိုးရဘက်က လုံခြုံရေး တင်းကျပ်လာတာ၊ KIA နဲ့ မြန်မာစစ်အစိုးရအကြား တင်းမာမှု ရှိလာနေတဲ့ အရိပ်အယောင်တွေလည်း ပိုပြီးတော့ တွေ့နေရပါတယ်။ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတယောက် ဖြစ်တဲ့ ဆာဟန်ခန်းကတော့ ကချင်ပြည်နယ်ဟာ ကချင်တိုင်းရင်းသားတွေတင် နေထိုင်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကချင်ပြည်နယ်ထဲမှာ စစ်အစိုးရက ကချင်ပြည်သူတွေအပေါ် မတရား ဖိနှိပ်တာတွေ အများကြီး ရှိပါတယ်။ စစ်အစိုးရကို ပြန်တိုက်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီပြည်နယ်ထဲမှာ ကချင်တွေတင် နေတာ မဟုတ်ဘူးလေ။ ချင်းတွေရော၊ တရုတ်တွေရော၊ ရှမ်း၊ ဗမာ အားလုံး နေထိုင်ကြတာပါ။ အားလုံး ပျော်ပျော်ရွှင်ရွှင် နေနေကြတာကို ဖျက်ဆီးမပစ်စေချင်ပါဘူး။ ဒါပေမဲ့ မဖြစ်လို့ တိုက်ကို တိုက်ရမယ် ဆိုရင်တော့ ဘယ်တတ်နိုင်ပါ့မလဲရှင်။ တိုက်ကြရမှာပေါ့။”

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စက KIO ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ မြန်မာစစ်အစိုးရ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ယူခဲ့တဲ့ ၁၆ နှစ်ကျော် ကာလအတွင်း အကြီးမားဆုံး ပေါ်ထွက်လာခဲ့တဲ့ သဘောကွဲလွဲချက် ပဋိပက္ခ ဖြစ်ပါတယ်။ တိုက်ခိုက်ရေးအင်အား ၈,၀၀ ကျော်ရှိတဲ့ ကချင်လက်နက်ကိုင် အဖွဲ့ကတော့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတဲ့ တချိန်တည်းမှာ ဒီပြဿနာကို အတတ်နိုင်ဆုံး ဆွေးနွေးပြီး ပြေလည်အောင် ဖြေရှင်းသွားမယ်လို့ပဲ ပြောဆိုနေဆဲ ဖြစ်ပါတယ်။
(IUSY) ညီလာခံတွင် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ရန် ဆုံးဖြတ်

http://www.dpnsburmese.org/?p=1273
Posted by DPNS on April 21st, 2010 in လှုပ်ရှားမှုသတင်း



နော်မေဘယ်ထူး

နိုင်ငံတကာ ဆိုရှယ်လစ်ကျောင်းသားလူငယ်များ အဖွဲ့ချုပ် (IUSY) ညီလာခံတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများ (International Day of Action against Burma Election 2010) ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။ (IUSY) ၏ ၂၀၁၀ ညီလာခံကို မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် နော်မေဘယ်ထူးမှ တက်ရောက်ဆွေးနွေးခဲ့သည်။

ညီလာခံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအား (Full membership) အဖွဲ့ဝင်အဖွဲ့အစည်းတခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထို့အပြင် မြန်မာ့အရေးနှင့် ပတ်သက်၍လည်း (IUSY) တဖွဲ့လုံးအနေဖြင့်သော်လည်းကောင်း၊ (IUSY) အာရှ-ပစိဖိတ်ကော်မတီ အနေဖြင့်သော်လည်းကောင်း အဓိကဦးစားပေးထား၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

(IUSY) ညီလာခံတွင် ဦးဆောင်အဖွဲ့အသစ် ရွေးချယ်ပွဲ ပြုလုပ်ခဲ့သည်။ ၂၀၁၀-၂၀၁၁ အတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြု ချမှတ်ခဲ့သည်။ သြဂုတ်လ ၂၀၁၀တွင် Progressive Youth Forum ကို မလေးရှားတွင် ကျင်းပရန်ရှိပြီး Asia-Pacific Committee Meeting ကို ၂၀၁၀ ဒီဇင်ဘာလတွင် ပြုလုပ်ရန် ရှိပါသည်။ နှစ်တစ်ရာပြည့် IUSY World Festival ကိုလည်း၂၀၁၁ ဇူလိုင်လ၌ Austria နိုင်ငံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့ကြပါသည်။


မတ်လ (၂၉) ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် နော်မေဘယ်ထူးသည် Olof Palme International Center နှင့် Social Democratic Youth of Sweden ရုံး သို့သွားရောက်ပြီး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့သည်။


အပစ်ရပ်နိုင်ငံရေး မည်သို့ အဆုံးသတ်ကြမည်နည်း?

http://www.dpnsburmese.org/?p=1261#more-1261
Posted by DPNS on April 19th, 2010 in အပစ်ရပ်အဖွဲ့များ

လွန်ခဲ့သော အနှစ် ၂၀ ကျော်မှစတင်၍ လူမျိုးးစုံတိုင်းရင်းသား လက်နက်ကိုင်အင်အားစု အများအပြားသည် (နအဖ)အစိုးရနှင့် စစ်တိုက်ခြင်းမှ ရပ်စဲခဲ့ကြသည်။ အပစ်ရပ်အဖွဲ့တိုင်းသည် မိမိတို့၏ မူလနိုင်ငံရေးရည်ရွယ်ချက်ကို အပစ်ရပ်ကာလတွင် ဆက်လက် အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြကြပေလိမ့်မည်။

သို့သော် ထိုအပစ်ရပ်ကာလတွင် လူမျိုးစုံတိုင်းရင်းသား လက်နက်ကိုင်အင်အားစုများသည် မိမိတို့၏ မူလနိုင်ငံရေး ရည်ရွယ်ချက်ကို အကောင်အထည်ဖော် လုပ်ဆောင်ခွင့် ဘယ်လောက်အထိ ရရှိခဲ့ကြပါသလဲ … ဆိုတဲ့ မေးခွန်းတခုလည်း မေးစရာ ဖြစ်ပေါ်လာပါသည်။ ကာယကံရှင် အပစ်ရပ်အဖွဲ့များကတော့ မည်သို့ နိဂုံးချုပ် အဖြေထုတ်ကြမည်မသိသေး။

သေချာတာတခုကတော့ လက်တွေ့ နိုင်ငံရေးတွင် အပစ်ရပ်အဖွဲ့အစည်းများအပေါ် (နအဖ)စစ်အစိုးရက နိုင်ငံရေးအရ ဘယ်လိုသဘောထားနှင့် ဆက်ဆံခဲ့သည်၊ ဆက်ဆံနေသည် ဆိုသောအချက်ကို မေးခွန်း၏ အဖြေတွင် ထည့်သွင်းပြောကြလိမ့်မည်။ အဖွဲ့တိုင်း တုန့်ပြန်သံ မတူညီနိုင်။ တဖွဲ့ချင်းစီ၏ ကိုယ်စားပြု အကျိုးစီးပွား ကွဲပြားမှုကြောင့် အသံတွေ ကွဲပြားမည်။

မျက်မှောက်ကာလသည် အပစ်ရပ် နိုင်ငံရေးအခြေအနေအတွက် စိန်ခေါ်မှုတွေနှင့် အပြင်းအထန် ရုန်းကန်နေကြရသည်။ အပစ်ရပ်နိုင်ငံရေး၏ အခင်းအကျင်း အပြောင်းအလဲတခု မုချထွက်ပေါ်လာတော့မည်။ နိုင်ငံရေးအရ အဆင့်တဆင့် လှမ်းတက်ခြင်းလား သို့မဟုတ် နောက်တဆင့် ဆုတ်ယုတ်ခြင်းလား ဆိုတာ ဝေခွဲမရသေးသည့် အချိန်လည်း ဖြစ်နေသေးသည်။

လူမျိုးစုံ လက်နက်ကိုင်အင်အားစု အသီးသီးသည် မတူကွဲပြားသည့် နိုင်ငံရေးနောက်ခံအခြေအနေများဖြင့် အပစ်ရပ် နိုင်ငံရေးဖြစ်စဉ်ကို လက်ခံဖြတ်သန်းနေကြသည်။ ထိုဖြစ်စဉ်ကို ဖြတ်သန်းနေစဉ်အတွင်းမှာပဲ နအဖ၏ နိုင်ငံရေးသဘောထားနှင့် နိုင်ငံရေးနည်းပရိယာယ်တို့ကိုတော့ အပစ်ရပ်အင်အားစု အသီးသီးအား တူညီစွာ ခံစားစေခဲ့သည်။

အပစ်ရပ်စဲ,စကာလက နဝတ-နအဖစစ်အစိုးရ၏ သဘောထားမှာ လူမျိုးစုံ လက်နက်ကိုင်အင်အားစုများ၏ နိုင်ငံရေး ပြဿနာများကို နောက်တက်လာမည့် နိုင်ငံရေးအစိုးရနှင့်သာ ဖြေရှင်းကြရန်ဖြစ်သည်။ စစ်အစိုးရ၏ နည်းပရိယာယ်မှာ အပစ်ရပ်အားလုံးကို မိမိတို့ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်သာ လုပ်ကိုင်ဆောင်ရွက်ကြရန် (နိုင်ငံရေးပြဿနာနှင့် ကင်းကင်းရှင်းရှင်း နေရန်) ဖြစ်သည်။ စစ်အစိုးရ၏ နိုင်ငံရေးသဘောထားနှင့် နည်းပရိယာယ်များက အပစ်ရပ်အဖွဲ့ အားလုံးကို ယာယီ (နှစ်အချို့) နှစ်သိမ့်မှုကိုသာ ရရှိစေလိုက်သည်။

နှစ်, ကြာကြာမစောင့်လိုက်ရပါ။ စစ်အစိုးရ၏ သဘောထားအစစ် ပြောင်, ဖော်ပြလာရပြီ။ န၀တ-နအဖ စစ်အစိုးရသည် ၎င်း၏ နိုင်ငံရေးလိုအပ်ချက်အရ သားစဉ်မြေးဆက် ခိုင်မြဲမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းကို မင်းဆိုးမင်းညစ်ဘွဲ့ခံယူကာ အကောင်အထည်ဖော် လုပ်ဆောင်လာသည်။ အပစ်ရပ်အဖွဲ့များကိုလည်း ထိုနိုင်ငံရေးစည်းဝိုင်း (ညောင်နှစ်ပင်ညီလာခံ) အတွင်းသို့ သူခိုးသေဖော်ညှိဖို့ ဆွဲခေါ်လာခဲ့ပါသည်။ ဒီနည်းဖြင့် အပစ်ရပ်အဖွဲ့များအားလုံးသည် နအဖ ပြင်ဆင်ခင်းကျင်းထားသည့် နိုင်ငံရေးစည်းဝိုင်းထဲ ဝင်ရောက်ပါဝင်ခဲ့ရသည်။

(နအဖ)က ပါဝင်ကစားခွင့်ပေးခဲ့သော ထိုနိုင်ငံရေးစည်းဝိုင်းတွင် အပစ်ရပ်အဖွဲ့များသည် လူမျိုးစုအသီးသီး၏ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခြင်းမခံရ။ ဖိတ်ကြားသင့်သည့်သူများ ဆိုသည့် နာမည်နှင့်သာ တက်ရောက်ခွင့်ပြုခဲ့သည်။ ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ အပစ်ရပ်အဖွဲ့တိုင်းသည် မိမိတို့နှင့် သက်ဆိုင်သည့် လူမျိုးရေးဆိုင်ရာ အခွင့်အရေးများကို တင်ပြတောင်းဆိုခဲ့ကြသည်။ တင်ပြတောင်းဆိုခွင့်တော့ ရကြ၏။ သို့သော် နောင်ဖြစ်ပေါ်လာမည့် (နအဖ) ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းခွင့်တော့ လုံးဝ မရရှိ။ တင်ပြချက်များကို မှတ်တမ်းတင်ထား (ချောင်ထိုးထား) ခြင်းဖြင့်သာ ကျေနပ်လိုက်ကြရသည်။ အပစ်ရပ်ပြီးနောက် စစ်အစိုးရ၏ နိုင်ငံရေးမိတ်ဆက်ချက်ကို ပွဲဦးထွက် ရရှိလိုက်ခြင်းဖြစ်သည်။

အပစ်ရပ်အဖွဲ့တဖွဲ့သည် ထိုနိုင်ငံရေးစည်းဝိုင်းကို ဒီမိုကရေစီနည်းမကျသည့် ညီလာခံဖြစ်သည်ဟုဆိုကာ ပါဝင်ဆွေးနွေးသူများအဖြစ်မှ နှုတ်ထွက်လိုက်သည်၊ လေ့လာစောင့်ကြည့်သူအဖြစ်သာ တက်ရောက်ခဲ့သည်။ အချို့အပစ်ရပ်အဖွဲ့များကတော့ (နအဖ) တဖက်သတ်ရေးဆွဲနေသည့် အခြေခံမူများကို သဘောမတူသည့်တိုင် ညီလာခံပြီးဆုံးသည့်အထိ ပါဝင်တက်ရောက်ကြသည်။

အပစ်ရပ်အဖွဲ့စည်းများကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့ပြီး၊ မိမိတို့ တင်ပြတောင်းဆိုချက်များကို ငြင်းပယ်ခြင်းခံရသော ညောင်နှစ်ပင်ညီလာခံမှ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတခု ထွက်ပေါ်လာခဲ့ပြီ။

ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို (နအဖ)စစ်အစိုးရသည် ၂၀၀၈ ခုနှစ်၊ မေ (၁ဝ) ရက်နေ့တွင် လူထုဆန္ဒကို လုယူပြီး အတည်ပြုလိုက်သည်။ ထိုဖွဲ့စည်းပုံတွင် ပါရှိသော အခန်း (၇) ။ ပုဒ်မ (၃၃၈) တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည် ဟု ပြဌာန်းထားသည်။ ထိုဥပဒေပုဒ်မ ပြဌာန်း လိုက်ခြင်းသည် အပစ်ရပ်အဖွဲ့များ၏ နိုင်ငံရေးဘဝ ရှင်သန်ရပ်တည်ရေး အသက်ရှူလမ်းကြောင်းကို ဖြတ်တောက်ရန် ဖြစ်သည်။ လူမျိုးပေါင်းစုံ အပစ်ရပ်အဖွဲ့အစည်းအသီးသီးးက တောင်းဆိုသော နိုင်ငံရေးအခွင့်အရေးများအတွက် ထိုဖွဲ့စည်း ပုံအခြေခံဥပဒေတွင် နေရာကွက်လပ်မရှိ ဖြစ်ခဲ့ရသည်။

နအဖစစ်အုပ်စုသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် လမ်းပြမြေပုံရေးဆွဲပြီး အကောင်အထည် ဖော်လျှက် ရှိသည်။ အခုဆို အဆင့် ၅ ကို တက်လှမ်းပြီး အောင်ပွဲခံဖို့ အရူးအမူး ပြင်ဆင်နေချိန်ဖြစ်သည်။ ပြင်ဆင်ချိန်ကာလတွင် ၂၀၀၈ ဖွဲ့စည်းပုံကို အကြီးမားဆုံး အဟန့်အတားဖြစ်စေမည့် အရာမှန်သမျှကို ပစ်မှတ်ရှာ ချေမှုန်းရတော့မည်။ စီမံချက် (ဝါမြိုရေး၊ ချေမှုန်းရေးပေါ်လစီ) ရေးဆွဲပြီး ဦးစားပေးချေမှုန်းရမည့် လုပ်ငန်းများထဲတွင် အပစ်ရပ်အဖွဲ့အစည်းများ၏ အရေးကိစ္စလည်းတခု အပါအဝင်ဖြစ်သည်။ အပစ်ရပ်များ၏ လက်ရှိအနေအထားကို အခြေခံမှစ၍ အသွင်ပြောင်းလဲပစ်ရန် လိုအပ်လာသည်။ အကြောင်းအရင်းမှာ (နအဖ)၏ ရေတို/ရေရှည် နိုင်ငံရေးလိုအပ်ချက်နှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လက်ငင်းဖြေရှင်းရမည့် နိုင်ငံရေးးဖြစ်စဉ်တခုသည် အပစ်ရပ် နိုင်ငံရေးနယ်ပယ်တွင် ဖုတ်ပူမီးတိုက် ပေါ်ထွက်လာခဲ့ရခြင်း ဖြစ်သည်။

အပစ်ရပ်ပြဿနာကို ဖြေရှင်းရန် ၂၀၀၉ ခုနှစ်၊ ဧပြီ ၂ရ/၂၈ မှစတင်၍ နယ်ခြားစောင့်တပ်(BGF) သို့မဟုတ် နယ်မြေ စောင့်တပ် သို့မဟုတ် ပြည်သူ့စစ် အသွင်ပြောင်းရေး စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်နေတာ တနှစ်တိတိ ပြည့်တော့မည်။ ထိုတနှစ်တာ ကာလအတွင်း (နအဖ)၏ အသွင်ကူးပြောင်းရေးစီမံချက်ကို လက်ခံသည့် အဖွဲ့အစည်းများရှိသလို၊ လက်မခံသည့် အဖွဲ့အစည်းများလည်း ရှိသည်။ အပစ်ရပ်အဖွဲ့များအတွင်း အုပ်စု ၂ ခုအဖြစ် ကွဲထွက်လာသည်ကို လောလောဆယ် တွေ့မြင်ရသည်။

၁။ နအဖ၏ BGF အသွင်ကူးပြောင်းရေး စီမံချက်အား လက်ခံသည့် အပစ်ရပ်အဖွဲ့များ၏ အခြေအနေ

နအဖ၏ BGF အသွင်ပြောင်းရေးစီမံချက်ကို လက်မခံသည့် ကိုးကန့်(လောက်ကိုင်) အပစ်ရပ်အဖွဲ့ကို ဥပဒေချိုးဖောက် သည်ဟုဆိုကာ အမှုဆင်ပါသည်။ အဲဒီနောက် (နအဖ)က စစ်ရေးအရ ချေမှုန်းလိုက်သည်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာမှာတော့ နအဖ၏ အသွင်ပြောင်းရေးစီမံချက်ကို လက်ခံလိုက်ရသည်။

ထိုအပြင် BGF စီမံချက်ကို သဘောတူသည့် အပစ်ရပ်အဖွဲ့အချို့ရှိသည်။ ထိုအဖွဲ့များမှာ ဒီမိုကရေစီသစ်တပ်မတော် (ကချင်) NDA(K)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နှင့် အခြား အင်အားသေးငယ် သည့် လူမျိုးငယ်အဖွဲ့အစည်းများဖြစ်သည်။ ထိုအဖွဲ့များကတော့ နအဖ၏ အသွင်ကူးပြောင်းရေး စီမံချက်ကို ၂၀၀၉ ခုနှစ် နိုင်ဝင်ဘာတွင် လွယ်လင့်တကူ လက်ခံလိုက်ကြသည်။ BGF သို့မဟုတ် ပြည်သူ့စစ်တပ်ဖွဲ့များ အသွင်ပြောင်းလဲသွားပြီး (နအဖ) လက်အောက်ခံတပ်ဖွဲ့များ ဖြစ်သွားတော့သည်။

ထိုပုံစံဖြင့် အပစ်ရပ်နိုင်ငံရေး အဆုံးသတ်နည်း တခုကို မြင်တွေ့လိုက်ကြပြီ။

၂။ (နအဖ)၏ BGF အသွင်ကူးပြောင်းရေး စီမံချက်အား လက်မခံသေးသည့် အပစ်ရပ်အဖွဲ့များ၏ အခြေအနေ

နောက်ထပ် အပစ်ရပ်အဖွဲ့အစည်းများဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တပ်မတော် (မြောက်) (SSA –N)နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က (နအဖ) ချမှတ်ဆောင်ရွက်နေသော BGF အသွင်ပြောင်းရေး စီမံချက်ကို လုံးဝ လက်မခံသည့် အဖွဲ့အစည်းများရှိသကဲသို့ မူကိုတော့ လက်ခံသည်၊ သို့သော် သီးခြားလိုလားချက်များ တင်ပြတောင်းဆိုထားသည့် အဖွဲ့အစည်းများလည်း ရှိသည်။

BGF လက်မခံသည့်အဖွဲ့များ၏ နောက်ဆုံး(ဧပြီ ပထမပါတ်အထိ) အခြေအနေများကို လေ့လာကြည့်ရုံဖြင့် (နအဖ) အားထုတ်လုံးပမ်းနေသည့် စီမံချက်သည် ဒုတ်ပြ၊ ဓါးပြနဲ့ အင်အားသုံး အကောင်အထည်ဖော်နေရတာကို တွေ့မြင်နိုင်သည်။

တဖွဲ့ချင်းစီနှင့် နအဖတို့၏ တွေ့ဆုံဆွေးနွေးချက်များကို လေ့လာကြည့်လျှင် နအဖ၏ BGF အသွင်ပြောင်းရေး စီမံချက်သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ ဆန္ဒမရှိကြောင်း ထပ်မံ သိမြင်လာပါလိမ့်မည်။

(က) KIO နှင့် (နအဖ)တို့၏ တွေ့ဆုံမှုအခြေအနေ (၂၀၁၀ ဧပြီ ပထမအပါတ် အထိ )

KIO အနေဖြင့် (နအဖ)တောင်းဆိုထားသည့် BGF အသွင်ကူးပြောင်းရေး စီမံချက်ကို မူ အရ ငြင်းပယ်ထားသည့် အပစ်ရပ် အဖွဲ့အစည်းဖြစ်သည်။

KIO အပစ်ရပ်အဖွဲ့မှ နအဖသို့ တောင်းဆိုချက်များကို အကျဉ်းချုပ်တင်ပြရလျှင်-

* နအဖ က KIO အဖွဲ့အား BGF အသွင်ကူးပြောင်းရန် ၂၀၀၉ ဧပြီ နောက်ဆုံးပတ်ထဲမှာ တောင်းဆိုခဲ့သည်။ KIO မှ (၃၀ /၇/၀၉) ရက်စွဲဖြင့် တောင်းဆိုချက် (၇) ချက်ကို တင်ပြကာ ပြန်လည်တုန့်ပြန်ခဲ့သည်။ ထိုတောင်းဆိုချက်များထဲတွင် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးဆိုင်ရာ လက်တွေ့လိုအပ်ချက်များကို တောင်းဆိုထားသည်။
* ပင်လုံစာချုပ်ကို (နအဖ) သဘောတူညီမည်ဆိုပါက BGF အသွင်ပြောင်တာမျိုးမလုပ်၊ လက်နက်ကိုင် တော်လှန်ရေးစွန့်မည်ဟုဆိုသည်၊ (၂၀၀၉ အောက်တိုဘာလတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးစာတွင် ဖော်ပြထား)
* တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် မရသ၍ BGF အသွင်ပြောင်းခြင်းကို လက်မခံဟု ၂၀၁၀ ဖေဖော်ဝါရီ ၅ ရက် KIO တော်လှန်ရေးနေ့ သဝဏ်လွှာတွင် သဘောထား ထုတ်ဖော်ပြောထားသည်။

အပစ်ရပ်အဖွဲ့ KIO နှင့် နအဖတို့ မတ်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားတွင် တွေ့ဆုံဆွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲသည် BGF စီမံချက်ရေးဆွဲ အကောင်အထည်ဖော်နေသည့် (၁၁) လ အတွင်း (၁၂) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် (နအဖ) မှ ယခင် KIO ဘက်မှတင်ပြတောင်းဆိုချက်ကို ပြန်လည်ဖြေရှင်းခြင်းမပြုဘဲ မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး BGF အသွင်ပြောင်းရန်ထပ်မံပြောဆိုခဲ့သည်။

KIO ဘက်ကတော့ ယခင် တင်ပြတောင်းဆိုချက်များကို ပြန်လည်ဆွေးနွေးခဲ့သည်။ ထိုအပြင် KIO အနေနဲ့ နိုင်ငံရေး ပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် အသွင်ကူးပြောင်းသွားလိုကြောင်းနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းပူးတွဲ ညှိနှိုင်းရေး ကော်မတီတရပ်အား KIO၊ (နအဖ)နဲ့ ကချင် တိုင်းရင်းသား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များနှင့် ပါဝင် ဖွဲ့စည်းသွားရန် စသည့် အချက်များကိုလည်း ထပ်မံတင်ပြခဲ့ကြသည်။ (ဥက္ကဌ ဇောင်းဟရာ လက်မှတ်ထိုးပြီး နေပြည်တော် သို့ ၁၁.၃.၁၀ ရက်စွဲဖြင့် ရေးသားတင်ပြခဲ့သည်။ ယခင် တောင်းဆိုချက်များအပါအဝင် တောင်းဆိုချက်အသစ်များလည်း ပါဝင်သည်၊)

သို့သော် ထိုဆွေးနွေးပွဲမှ နှစ်ဖက်စလုံးအတွက် မည်သည့် ရလဒ်ကောင်းမျှမရရှိခဲ့ပေ။ အကျိုးဆက်အဖြစ် နှစ်ဘက် စစ်ရေးပြင်ဆင်မှုများ၊ စစ်နေရာချထားမှုများ ပိုမိုလုပ်ဆောင်လာခဲ့ကြသည်။ (မတ်လ တတိယအပတ်နှင့် နောက်ဆုံးပတ်အတွင်းက အဖြစ်အပျက်များ)

အထူးသဖြင့် (နအဖ)ဘက်မှ စစ်ရေးပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ကိုင်လာခဲ့သည်။ တဖက်မှလည်း KIO နှင့် ဆက်လက်ပြီး ဧပြီလ ၅ ရက်တွင် ၁၃ ကြိမ်မြောက် (BGF စီမံကိန်းစတည်းက) တွေ့ဆုံခဲ့ ကြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်အဖြေကလည်း ယခင် တွေ့ဆုံဆွေးနွေးမှုများကဲသို့ပင်ဖြစ်သည်။ သို့သော် ထူးခြားချက် မှာ KIO အပစ်ရပ်အဖွဲ့အား ၂၀၁၀ ခုနှစ် ဧပြီ ၂၈ ရက်နေ့နောက်ဆုံးထားပြီး BGF အသွင်ကူးပြောင်းရန်၊ ဆုံးဖြတ်ချက်ပေးရမည်ဟု မိန့်မှာခဲ့တာဖြစ်သည်။ အကယ်၍ သတ်မှတ်ရက်တွင် အကြောင်းပြန်ကြားခြင်း မရှိပါက မတရားသင်းအဖြစ် သတ်မှတ်မည်ဟု ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ခြိမ်းခြောက် ပြောကြားခဲ့သေးသည်။

(ခ) မွန်ပြည်သစ်ပါတီ (NMSP) နှင့် (နအဖ) စစ်အစိုးရတို့၏ တွေ့ဆုံမှု အခြေအနေ (၂၀၁၀ ဧပြီ ပထမအပါတ် အထိ )

မွန်ပြည်သစ်ပါတီကလည်း (နအဖ) တောင်းဆိုထားသည့် BGF အသွင်ကူးပြောင်းရေး စီမံချက်ကို မူအရ ငြင်းပယ်ထားသည့် အပစ်ရပ်အဖွဲ့အစည်းတခုဖြစ်သည်။

မွန်ပြည်သစ်ပါတီအား ၂၀၀၉ ခုနှစ် ဧပြီ ၂၈ ရက်နေ့ က BGF သို့မဟုတ် ဌာနေပြည်သူ့စစ် အသွင်ကူးပြောင်းရန် (နအဖ)မှ အကြောင်းကြားခဲ့သည်။ မွန်ပြည်သစ်ပါတီမှ ၅/ ၈/၀၉ နေ့တွင် တောင်းဆိုချက်များ ပါဝင်သည့် တုန့်ပြန်ချက်ဖြင့် (နအဖ)အား အကြောင်းပြန်ခဲ့သည်။

တောင်းဆိုချက်တွင် -

* ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်၊
* ဌာနေပြည်သူ့စစ် တပ်ဖွဲ့ကြီးအဖြစ် ပြောင်းလဲဖို့ လက်မခံ
* တရားဝင်အစိုးရ တက်လာသည်အထိ တပ်ဖွဲ့မျာအား ဒီအတိုင်း ဆက်ထားမည်
* (နအဖ)က မွန်ပြည်သစ်ပါတီအား၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်စေလိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတိုက်အခံ အင်အားစုများ ပါဝင်သည့် ပြန်လည်သုံးသပ်ရမည့်အပိုင်း အရင်လုပ်ဆောင်ရန် တို့ဖြစ်သည်။

မတ်လ ၁၆ ရက်နေ့က မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ရော့စ ဦးစီးသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ရတခ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မော်လမြိုင်တွင် တွေ့ဆုံစကားပြောစဉ်က ရွေးကောက်ပွဲဥပဒေ ထွက်လာပြီဖြစ်လို့ ရွေးကောက်ပွဲဝင်လိုက ၂ လအတွင်း ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း အသိပေးခဲ့သည်။

ထိုသို့တွေ့ဆုံပြီးနောက် မွန်ပြည်သစ်ပါတီအနေဖြင့် ၁၈.၃.၁၀ နေ့တွင် ဗဟိုကော်မတီ စုံညီဆွေးနွေးပွဲထိုင်ပြီး ဗဟိုဆုံးဖြတ်ချက်ကို မီဒီယာများတွင် ဖော်ထုတ်လာပါသည်။ ဖော်ထုတ်ချက်များမှာ ယခင်တောင်းဆိုချက်များနှင့် အနှစ်သာရ အတူတူပင်ဖြစ်သည်။ အထူးသဖြင့် မွန်ပြည်သစ်တပ်မတော်ကို ဌာနေပြည်သူ့စစ်တပ်ဖွဲ့ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းမှာကို လက်ခံမှာမဟုတ်ကြောင်း ဖော်ပြချက်က ပိုပေါ်လွင်သည်။

မွန်ပြည်သစ်ပါတီ ဗဟိုဆုံးဖြတ်ချက် ထုတ်ဖော်ပြောဆိုပြီး မကြာမှီ ဧပြီလ ၇ ရက်နေ့က စရဖ အရာရှိချူပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များအား မော်လမြိုင် ရတခ စစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံစကားပြောစဉ်က မွန်ပြည်သစ်ပါတီကို ပါတီမှတ်ပုံတင်ရန်နှင့် မွန်ပြည်သစ် တပ်မတော်အား ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန်ဖြစ်သည်။ ဧပြီ ၂၂ ရက်နေ့တွင် အကြောင်းပြန်ရန် ပြောကြားခဲ့သည်ဟု သိရသည်။

ဌာနေ ပြည်သူ့စစ်အသွင်ပြောင်းရန်နှင့် ပါတီထောင် ရွေးကောက်ပွဲဝင်ရန်အတွက် (နအဖ)၏ BGF စီမံချက်ချမှတ်ပြီးနောက် ဖိအားပေး အကြပ်ကိုင်တာမျိုး မွန်ပြည်သစ်ပါတီတွင် မရှိခဲ့သေးကြောင်းလည်း သိရသည်။

(ဂ) ရှမ်းပြည်တပ်မတော် (မြောက်) နှင့် (နအဖ)စစ်အစိုးရတို့၏ တွေ့ဆုံမှုအခြေအနေ (၂၀၁၀ ဧပြီ ပထမအပါတ် အထိ)

ရှမ်းပြည်တပ်မတော် (မြောက်) (SSA –N) ကလည်း (နအဖ)၏ HGF (Home Guard Force) နယ်မြေစောင့်တပ်ဖွဲအဖြစ် အသွင်ကူးပြောင်းရေး စီမံချက်ကို မူအားဖြင့်ကို လက်မခံသည့် အဖွဲ့အစည်းဖြစ်သည်။

အပစ်ရပ်အဖွဲ့အစည်းများအပေါ် ကျင့်သုံးမည့် (နအဖ)၏ ထိုပေါ်လစီသည် SSA –N ကိုလည်း ချန်လှပ်မထားခဲ့ပါ၊ ၂၀၀၉ ဧပြီလကုန်ရက်ပိုင်းလောက်က HGF အဖွဲ့ ဖွဲ့စည်းရန် အကြောင်းကြားလာပါသည်။ ထိုအကြောင်းကြားချက်ကို ၂၀၀၉ ဇွန်လကုန်ပိုင်းက ဥက္ကဌ ဦးလွယ်မောင်း လက်မှတ်ဖြင့် စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ထံ လိပ်မူပြီး ပြန်လည်အကြောင်းပြန်ခဲ့သည်။

ထိုအကြောင်းပြန်ချက်တွင် – နယ်မြေစောင့်တပ်အဖြစ် ပြောင်းလဲရန် တပ်မှူး၊ တပ်သား နားလည်မှုရှိလာစေရန် စည်းရုံးရေး ခက်ခဲနေကြောင်း အကြောင်းပြန်ခဲ့သည်။ ထိုအပြင် ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၄ နေ့ကလားရှိုးမြို့တွင် (န၀တ) ကိုယ်စားလှယ်နှင့် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် SSA –N ကိုယ်စားလှယ်တို့ အပစ်အခတ်ရပ်စဲစဉ်က သဘောတူမှုတခု ရှိခဲ့သည်။ ထိုသဘောတူညီချက်မှာ နောက်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေးဆွေးနွေးမည် ဆိုတာ ဖြစ်သည်။ ထိုအချက်ကြောင့် (နအဖ)၏ နယ်မြေစောင့်တပ်ဖွဲ့(ပြည်သူ့တပ်ဖွဲ့ကြီး) အဖြစ် အသွင်ပြောင်းရေးကို ရှမ်းပြည်တပ်မတော်မှ လက်မခံတာဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။

၂၀၁၀ ဖေဖော်ဝါရီလကုန်မှ မတ်လ ပထမပတ်အတွင်း နအဖသည် SSA – N အား ရမခတိုင်း(လားရှိုး မြို့) တွင် ၃ ကြိမ် ခေါ်ယူပြီး ဌာနေပြည်သူ့စစ် အသွင်ပြောင်းရန် ဖိအားပေးမှုမျိုးရှိခဲ့သည်။ မတ်လ ၄ ၇က်နေ့ ခေါ်ယူဆွေးနွေးခဲ့စဉ်ကလည်း HGF အသွင်ပြောင်ရေးအတွက် စေ့စပ်ရေး နာယကအဖွဲ့ကို ဇွတ်ဖွဲ့စည်းခိုင်းသည်။ ပြည်သူ့စစ်အသွင်ပြောင်းလျှင် ဘယ်နေရာ တပ်တည်ထားရမည်။ မူလ SSA တပ်မတော်ဌာနချုပ်နှင့် တပ်များ ဆုတ်ခွာပေးရမည်။ SSA – N နယ်မြေရှိ ကျေးရွာ/ရပ်ကွက် ကိုယ်စားလှယ်များကို နအဖ အမာခံများဖြင့် အစားထိုးဖြည့်ဆည်းသွားရမည် စသဖြင့် တဖက်သတ် စည်းကမ်းများချမှတ်ကာ SSA – N ကိုယ်စားလှယ်များအား အသိပေးပြောကြားခဲ့သည်။

SSA – N ကိုယ်စားလှယ်များအနေဖြင့် တဖက်သတ် ပြောစကားကိုသာ နားထောင်ခဲ့ရပြီး ပြန်လာခဲ့ရတာဖြစ်သည်။ မိမိတို့၏ ထင်မြင်ချက်များ တုန့်ပြန်ပြောဆိုခွင့် မရရှိခဲ့ပေ။

၂၀၁၀ ခုနှစ် ဧပြီ ၂ ရက်နေ့မှာတော့ ရှမ်းပြည်နယ်ရှိ အခြားအပစ်ရပ်အဖွဲ့များအား စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် က BGF အသွင်ပြောင်းရေး လိုက်လံပြီး လှုံဆော်ကြိမ်းမောင်းရေး လုပ်ခဲ့စဉ်က SSA – N ကိုယ်စားလှယ်အဖွဲ့ကို လားရှိုး တွင် ခေါ်ယူတွေ့ဆုံပြီး စကားပြောခဲ့သည်။ စကားပြောဆိုတာထက် (နအဖ) သဘောထားကို ခေါ်ပြောပြတာ ပိုမှန်ပေလိမ့်မည်။

စရဖ အရာရှိချုပ်နှင့် နောက်ဆုံးတွေ့ဆုံစဉ်က BGF အသွင်ပြောင်းရေးအတွက် ဧပြီ ၂၂ ရက် နောက်ဆုံးထား စာရင်းပေး ပို့ရန်၊ မပေးပို့ပါက ၂၈ ရက်နေ့ နောက်ပိုင်း မတရားအသင်း ဖြစ်သွားမည်” ဟု ဖိအားပေးပြောဆိုသွားခဲ့သည်။

(ဃ) ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် နအဖ စစ်အစိုးရတို့၏ တွေ့ဆုံမှုအခြေအနေ ( ၂၀၁၀ ဧပြီ ပထမအပါတ် အထိ )

၂၉ .၄. ၂၀၀၉ မှ စတင်ပြီး ယနေ့ ( ၁၄.၄.၁၀) ထိ UWSP အား နအဖက BGF တပ်ဖွဲ့အသွင်ပြောင်းရန် ဖိအားမျိုးစုံ ပေးလျှက်ရှိသည်။

UWSP ကလည်း BGF တပ်ဖွဲ့အသွင်ပြောင်းရန် နအဖ တိုက်တွန်းတောင်းဆိုစဉ်ကတည်းက မူဆိုင်ရာပြဿနာများကို စကားမပြောခဲ့။ လက်တွေ့နိုင်ငံရေးပြဿနာ လက္ခဏာဆောင်သော(နယ်မြေပြဿနာ၊ အုပ်ချုပ်ရေးပြဿနာ၊ တပ်ဖွဲ့စည်းရေး၊ စီပွားရေး၊ ဘဏ္ဍာရေး ပြဿနာများ — စသဖြင့်) အချက် (၉) ချက်ကို ၂၀၀၉ နိုဝင်ဘာ ၁၀ ရက်နေ့က တင်ပြ တောင်းဆိုပြီး တုန့်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် UWSP ဥက္ကဌ ပေါက်ယူချန်းနှင့် စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တန့်ယန်း မြို့တွင် တွေ့ဆုံခဲ့စဉ်က UWSP ဘက်မှ တင်ပြချက် (၉) ချက်ကို နအဖဘက်မှ လက်မခံငြင်းပယ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။ (နအဖ)ဖက်က ငြင်းပယ်ရခြင်းအကြောင်းအရင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူထုထောက်ခံထားသဖြင့် ပြန်ပြင်လို့မရနိုင်တော့ကြောင်း အကြောင်းပြခဲ့သည်။

UWSA နှင့် (နအဖ)တို့ ၂၆.၂ .၁၀ နေ့က တွေ့ဆုံစကားပြောပြီးနောက်ပိုင်း ၂.၃.၁၀ ရက်စွဲဖြင့် UWSA ဥက္ကဌက နအဖထံ စာရေးပြီး BGF အသွင်ပြောင်းရက် ထပ်မံတိုးမြှင့်ရန်နှင့် ယခင် တောင်းဆိုချက် (၉) ချက်ကို ပြန်လည်တင်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၆ တွေ့ဆုံဆွေးနွေးပွဲတွင် ဝ ဖက်မှ တင်ပြချက်ကို (နအဖ) က ငြင်းဆိုပြီးနောက် မတ်လဆန်း ပိုင်းမှစ၍ နှစ်ဘက် အခြေအနေတင်းမာမှု ပိုမိုမြင်တွေ့ရသည်။ UWSA အခြေစိုက် ပန်းဆန်း (ပန်ခမ်း) မြို့များတွင် လုံခြုံရေးတိုးမြှင့်ချထားခြင်း၊ ဝတပ်ဖွဲ့များကို တပ်လှန့်ထားခြင်းတွေအထိ ရှိလာခဲ့သည်။

တပြိုင်နက်တည်း ၀ နဲ့ထိစပ်နယ်မြေတလျှောက်တွင် နအဖ တပ်မ၊ တပ်ရင်းတွေ တိုးမြှင့်နေရာချတာမျိုးအထိ ရှိလာသည်။ UWSA အား BGF အသွင်ပြောင်းစေရေးအတွက် တရုတ်နိုင်ငံမှ တိုက်တွန်းပေးရန် တဖက်လှည့်ဖြင့် အကူအညီ တောင်းခံတာမျိုး ရှိသလို (နအဖ) အလိုကျ မဖြစ်ခဲ့လျှင် UWSA အား စစ်ရေးဖြင့် ဖိအားပေးရတော့မည် ဆိုတာ အသိပေး ခဲ့သည်။ ထိုလုပ်ဆောင်ချက်များနှင့် တပြိုင်နက် နအဖ သည် ဝ ဒေသရှိ ၎င်းတို့၏ ဝန်ထမ်းများ၊ NGOs, UN ဝန်ထမ်းများကိုလည်း ဝ ဒေသမှ အမြန်ဆုံး ဆုတ်ခွာရန် ညွှန်ကြားချက်များပေးခဲ့သည်။

အခြေအနေ တင်းမာမှုများ ဖြစ်နေစဉ်အတွင်း ၂၀၁၀ ဧပြီလ ၁ ၇က်နေ့တွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် UWSA ဒုဥက္ကဌ ကျောက်ဝမ်ကွမ်းနှင့် တန့်ယန်းမြို့တွင် နောက်ထပ်တွေ့ဆုံခဲ့ကြသည်။ UWSA နှင့်( နအဖ)အကြားက ရှေ့မတိုးနောက် မဆုတ်ဖြစ်နေသည့် အပစ်ရပ်နိုင်ငံရေး အခြေအနေကို ကျော်လွှားရန် ကြိုးပမ်းချက်တခု တင်ပြဆွေးနွေးခဲ့သည်။ ထိုတင်ပြချမှာ ယခင် UWSA မှ တင်ပြထားသည့် အချက် (၉) ချက်ကို ပြန်လည်ရုတ်သိမ်းခဲ့ပြီး အချက် (၈) ချက်ပါ တင်ပြတောင်းဆိုချက် အသစ်ကို ပြန်လည်တင်ပြထားသည်၊ ထိုတင်ပြချက်တွင် ယခင်တင်ပြချက်ကို ပြန်လည်မွမ်းမံထားတာ ဖြစ်သလို UWSA တပ်ဖွဲ့အတွင်း (နအဖ)စစ်အရာရှိများ ပါဝင်ဖွဲ့စည်းခွင့်ကိုလည်း ဖော်ပြထားသည်။

မည်သို့ဆိုစေကာမူ UWSA ၏ တင်ပြတောင်းဆိုချက်သည် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏ ဧပြီ ၁ ရက်နေ့ မိန့်မှာကြားချက်အောက်တွင် အသုံးမဝင်တော့ချေ။ ထိုမိန့်မှာချက်မှာ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံး အသွင်ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့ စာရင်းပေးပို့ရမည်။ နို့မို့ရင် ဧပြီ ၂၈ ရက်နေ့ရောက်ရင် မတရားအသင်းဖြစ်သွားမည်ဟု ပြောဆိုသွားတာဖြစ်သည်။ တကယ်တော့ ဤမိန့်မှာချက်သည် နအဖ၏ အပစ်ရပ်များအပေါ် ထားရှိသည့် ခိုင်မာသော သဘောထားလည်းဖြစ်သည်ဆိုတာ ထင်ရှားစေသည်။

(င) မိုင်းလား (NDAA) အပစ်ရပ်အဖွဲ့နှင့် (နအဖ) စစ်အစိုးရတို့၏ တွေ့ဆုံမှုအခြေအနေ ( ၂၀၁၀ ဧပြီ ပထမ အပါတ်အထိ)

မိုင်းလား (အမျိုးသားဒီမိုကရေစီ မဟာမိတ်အဖွဲ့ – NDAA) အပစ်ရပ်အဖွဲ့အား ၂၀၀၉ ခုနှစ် ဧပြီလ နောက်ဆုံးရက်များ က BGF တပ်ဖွဲ့သို့ အသွင်ကူးပြောင်းရန် (နအဖ) က တိုက်တွန်းဖိအားပေးခြင်းခံရသည်။ ထို တိုက်တွန်းဖိအားပေးမှုကို မိုင်းလား အပစ်ရပ်အဖွဲ့က ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အကြောင်းပြန်ခဲ့သည်။ အကြောင်းပြန်ကြားချက်တွင် မိုင်းလားအပစ်ရပ်အဖွဲ့အနေဖြင့် နအဖတင်ပြသည့် (နိုင်ငံတခု၊ တပ်မတော်တခု) မူကို လက်ခံသည်။

၂၀၀၉ အောက်တိုဘာ ၂၈ ရက်နေ့က ကျိုင်းတုံတွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံစဉ်ကလည်း မိုင်းလား သဘောထားကို ထပ်မံပြောကြားခဲ့သည်။ BGF တပ်ရင်းများတွင် (နအဖ)စစ်တပ်အရာရှိများ ပါဝင်မှုနှင့် ဌာနဆိုင်ရာ အစားထိုးမှု အချိန်စောနေသေးကြောင်း၊ မိုင်းလားတပ်ဖွဲ့ကို မူလအတိုင်း ဆက်လက်ထားရှိမည်ဖြစ်ကြောင်း မိုင်းလားသဘောထားကို ပြောပြခဲ့သည်၊

၂၀၀၉ နိုဝင်ဘာ ၆ ရက်နေ့ကလည်း တပ်အသွင်ပြောင်းလဲရေးနှင့် သက်ဆိုင်သည့် မိုင်းလား လိုလားချက် (၆) ချက် ကို အမှတ် (၂) ကစထမှူး (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး) ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ တင်ပြခဲ့သည်။ တင်ပြချက်များတွင် အသွင်ပြောင်းတပ်ဖွဲ့စည်းလျှင် နအဖတပ်မှူးများ မပါဝင်ရန်၊ နယ်မြေပြဿနာ၊ အုပ်ချုပ်ရေးပြဿနာများ၊ တပ်စည်းရုံးဖွဲ့စည်းရေးပြဿနာများကို ဖော်ပြထားသည်။

၂၀၁၀ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း မိုင်းလားအပစ်ရပ်အဖွဲ့မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် တြိဂံတိုင်းတိုင်းမှူးတို့ ကျိုင်းတုံတွင် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံစကားပြောပွဲတွင် မိုင်းလားဥက္ကဌ ဦးစိုင်းလင်းကိုယ်တိုင် မလာသဖြင့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ထွက်မတွေ့ဘဲ တိုင်းမှူးကို ထွက်တွေ့စေသည်ဟု သတင်းများ တွင်ဖော်ပြထားသည်။ (နအဖ)က BGF အသွင်ပြောင်းရန် ဆက်လက်တိုက်တွန်းသလို ဆွေးနွေးပွဲအပြီး မိုင်းလားအဖွဲ့ကလည်း ယခင်တောင်းဆိုချက်များအတိုင်း ဆက်လက်တောင်းဆိုသည့်စာ (နအဖ) ထံ ပေးပို့ခဲ့သည်။

မိုင်းလားအပစ်ရပ်အဖွဲ့၏ သဘောထားများ တုန့်ပြန်ပြီးနောက် (နအဖ) ဘက်မှ တပ်ဖွဲ့များ တိုးမြှင့်ချထားသည်။ မိုင်းလားဒေသတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် UN အဖွဲ့များနှင့် NGOs အဖွဲ့များကို မိုင်းလားဒေသမှ ဆုတ်ခွာရန် သတိပေး အကြောင်းကြားခဲ့သည်။ မိုင်းလားဒေသတွင်း တည်ငြိမ်မှုမရှိ ဖြစ်စေခဲ့သည်။

မတ်လ အတွင်းက မိုင်းလားဒေသအခြေအနေမှာ တင်းမာမှုရှိနေဆဲဖြစ်သည်။ သို့သော် မတ်လ၂၉ ရက်နေ့တွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် က မိုင်းလား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ကျိုင်းတုံတွင် ခေါ်တွေ့ပြီး (နအဖ)သဘောထားကို ပြောပြခဲ့သည်။ (နအဖ)သဘောထားတွင် BGF အသွင်ကူးပြောင်းရန် နောက်ဆုံးရက် (ဧပြီ ၂၈ အထိ) သတ်မှတ်ပေးထားသည်။ ထိုရက်ထက်ကျော်လွန်ပါက ၁၉၈၉ ခုနှစ် အပစ်အခတ်မရပ်စဲခင်က အခြေအနေ (တရားမဝင်အဖွဲ့အစည်း) အတိုင်း သတ်မှတ်မည်ဟု တဖက်သတ်ကျကျ ပြောဆိုသွားသည်။ မိုင်လားတင်ပြချက်များကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံနှင့် ကိုက်ညီ ခြင်းမရှိသည့်အတွက် အကြုံးမဝင်ဟု တုန့်ပြန်ပြောဆိုသွားသည်။

မိုင်လားအဖွဲ့ကို BGF အသွင်ကူးပြောင်းရန် နောက်ဆုံးရက်သတ်မှတ်ပေးခဲ့သည်မှာ ယခုအကြိမ်နှင့်ပါဆိုလျှင် (၅) ကြိမ် ရှိခဲ့ပါပြီ။ အခြားနောက်ဆုံးသတ်မှတ်ရက်များမှာ ပထမအကြိမ် – အောက်တိုဘာ ၂၀၀၉၊ ဒုတိယအကြိမ် – ဒီဇင်ဘာ ၂၀၀၉၊ တတိယအကြိမ် – ဖေဖေါ်ဝါရီ ၂၀၁၀၊ စတုတ္ထအကြိမ် – မတ် ၁၀ ရက်နေ့မျုားဖြစ်သည်။

(နအဖ) အတွက် ၂၀၁၀ နိုင်ငံရေးလိုအပ်ချက် ပြီးမြောက်ဖို့ ရှိသမျှ အား (တရားသည်ဖြစ်စေ/ မတရားသည်ဖြစ်စေ) သွန်မှောက်ပြီး လုံးပမ်းနေရသည်။ ထိုအခြေအနေမှာပဲ အပစ်ရပ်အဖွဲ့များအား BGF အသွင်ကူးပြောင်းရေး နောက်ဆုံးရက် သတ်မှတ်ပေးနေရတာဖြစ်သည်။ ထိုအချက်ကိုတော့ အပစ်ရပ်အဖွဲ့များ အထူးသတိပြုမိကြပေလိမ့်မည်။

မည်သို့ဆိုစေကာမူ (နအဖ) နိုင်ငံရေးလိုအပ်ချက် ပြီးမြောက်ရေးလုပ်ဆောင်ချက်က နဂိုတည်ရှိနေသော အပစ်ရပ်နိုင်ငံရေး အခြေအနေကိုတော့ ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်စေခဲ့သည်။

အကြပ်အတည်းဆိုက်နေသည့် အပစ်ရပ်နိုင်ငံရေး အခြေအနေ

နအဖ စစ်အစိုးရသည် ၂၀၁၀ နိုင်ငံရေးအခင်းအကျင်းကို လွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်ဖို့ အရေးကြီး နိုင်ငံရေးပြဿ နာ၂ ခုကို ( ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ပြဿနာနှင့် အပစ်ရပ်နိုင်ငံရေးပြဿနာ) ကို ကိုင်တွယ်ဖြေရှင်းနေရပြီ။

၉၀ ခုနှစ် ရွေး ကောက်ပွဲရလဒ် ပြဿနာကိုတော့ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေထုတ်ပြန်ပြီး မျက်နှာပြောင်တိုက် ဖြေရှင်းလိုက်သည်။ လူထုဆန္ဒတွေကို စာတကြောင်း၊ နှစ်ကြောင်းရေးပြီး နင်းချေပြလိုက်သည်။ လက်ရဲဇက်ရဲလုပ်ရတာကလဲ လူထုထံမှ လက်တုန့်ပြန်နိုင်မှု အင်အား ဘာမှမရှိသေးဘူး ဆိုတာ သိနေလို့ဖြစ်သည်။ သို့သော် ဒီဖြေရှင်းနည်း၏ နောက်ဆက်တွဲ ဂယက်က ဘယ်အတိုင်းအတာထိ ကြီးမားကျယ်ပြန့်မည်ဆိုတာတော့ နအဖ မမြင်နိုင်ပါ။

အပစ်ရပ် နိုင်ငံရေးပြဿနာမှာတော့ ဥပဒေတရပ် ထုတ်ပြန်ပြီး ဖြေရှင်းရုံနှင့်မရဘူးဆိုတာ နအဖသိသည်။ အပစ်ရပ်အဖွဲ့ များ၏ လက်ထဲတွင် ကိုင်ထားသည့်အရာသည် ဒုတ်တိုများ မဟုတ်ဘူးဆိုတာကိုလည်း ကောင်းကောင်းသိသည်။ နိုင်ငံရေးအရလှည့်စားဖို့၊ (ပြောင်လိမ်၊ ပြောင်စား ဖဲ ၃ ချပ်သမားလို လုပ်တတ်ဖို့ ) အချိန်ကာလအချို့ လိုလိမ့်ဦးမည်။

ထိုအကြောင်းအချက်များကြောင့် (နအဖ)သည် အပစ်ရပ်ပြဿနာကို အချိန်ယူဆောင်ရွက်နေရခြင်းဖြစ်သည်။ ပြဿနာ လွယ်ကူစွာမပြီးပြတ်လို့ အချိန်ယူ လုပ်ဆောင်နေရခြင်းဖြစ်သည်။ ဒါကို နိုင်ငံရေးအရ လိုအပ်လာရင် – နိုင်ငံတော်က တိုင်းရင်းသားများအပေါ် ဘယ်လို သဘောထားကြီးကြောင်း အသံကောင်းဟစ်ဖို့ လုပ်ကွက်တခု ဖြစ်လာနိုင်သေးသည်။

ရွေးကောက်ပွဲနှင့် ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ထုတ်ပြန်ပြီးနောက်၊ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်မှာမဟုတ်ကြောင်း မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက်ထုတ်ပြန်ပြီးနောက် (နအဖ)သည် ၂၀၁၀ နိုင်ငံရေး လိုအပ်ချက် အောင်မြင်ရေးအတွက် အာသီသ ပိုမိုပြင်းပြလာသည်။ သို့သော် အပစ်ရပ်ပြဿနာကလည်း မြွေမသေ၊ ဒုတ်မကျိုး ဖြစ်နေသေးသည်။ ဒီအခြေအနေက နအဖကို စိတ်မရှည်နိုင်အောင် ထိုးဆွပေးလိုက်သည်။ ဒါ့ကြောင့် မတ်လကုန် ရက်ပိုင်းလောက်နှင့် ဧပြီ ပထမပတ်အတွင်းက ဗိုလ်ချုပ်ရဲမြင့်သည် အပစ်ရပ်အဖွဲ့အစည်းများထံ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်သည် BGF လက်မခံသေးသည့် အပစ်ရပ်အဖွဲ့များအား နအဖ၏ သဘောထားအမှန်၊ နောက်ဆုံး ရာဇသံကို လိုက်လံအသိပေးသည့် ခရီးစဉ်တခုဟုဆိုလျှင် ပိုမှန်ကန် ပေလိမ့်မည်။

နှစ် ၂၀ အတွင်း န၀တ – နအဖ တို့၏ နိုင်ငံရေးလိုအပ်ချက် အပြောင်းလဲများ

တကယ်တော့ ဗမာပြည်နိုင်ငံရေးတွင် အပစ်ရပ်နိုင်ငံရေး အသွင်အပြင်တရပ် ပေါ်ပေါက်လာခဲ့ရခြင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရာမှ ထွက်ပေါ်လာသော ရလဒ်မဟုတ်ချေ။

၁၉၈၈ ခုနှစ် လူထုတိုက်ပွဲဖြင့် မဆလ တပါတီအာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့သည်။ သို့သော် လူထုသည် အာဏာကို အရမယူလိုက်နိုင်ခဲ့ပါ။ တိုင်းပြည်၏ အကြွင်းမဲ့အာဏာကို စစ်တပ်က သိမ်းပိုက်လိုက်ပြီး န၀တ စစ်အစိုးရ မင်းမူလာခဲ့သည်။ အာဏာသိမ်း န၀တ စစ်အစိုးရတွင် (၁၉၈၉ ခုနှစ်တွင်) နိုင်ငံရေးလိုအပ်ချက်များ ရှိလာသည်။ ထိုနိုင်ငံရေးလိုအပ်ချက်အရ အပစ်ရပ် နိုင်ငံရေးဆိုတာ ပေါ်ပေါက်လာခဲ့ရသည်။ (န၀တ နိုင်ငံရေးလိုအပ်ချက်ကို အထောက်အကူဖြစ် စေရန်အတွက်ဖြစ်သည်)

ထိုစဉ်က န၀တ စစ်အစိုးရ၏ နိုင်ငံရေးလိုအပ်ချက်များမှာ -

* ၎င်း၏ ဦးတည်ရန်သူဖြစ်သည့် ဗကပ ကို ချေမှုန်းရန်၊
* တရုတ်ပြည်နယ်စပ်က လက်နက်ကိုင်အင်အားစုများနှင့် ရှစ်လေးလုံးမျိုးဆက်သစ် လက်နက်ကိုင်အင်အားစုတို့ ဆက်စပ်မှုမရှိအောင်လုပ်ရန် (ဗမာပြည်ပြည်မ နိုင်ငံရေးရေစီးကြောင်းနှင့် လူမျိုးစု လက်နက်ကိုင်အင်အားတို့ မနီးစပ်ရန်) ၊
* အိမ်နီးနားခြင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန် စသည်တို့ဖြစ်သည်။

န၀တ မှ နအဖ တဖြစ်လဲ စစ်အစိုးရ၏ နှစ် ၂၀ အကြာ (၂၀၀၉ -၁၀) နိုင်ငံရေးလိုအပ်ချက်သည်အတိုင်း (၁၉၈၉) အတိုင်း မဟုတ်တော့။ အပြောင်းလဲရှိလာသည်။ ၎င်းတို့မှာ -

* NLD ကိုချေမှုန်းပြီး၊ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်ရန်၊
* ရှစ်လေးလုံး မျိုးဆက် နိုင်ငံရေးအင်အားစု (ပြည်တွင်း၊ ပြည်ပ) များအား နိုင်ငံရေးအရ ဦးချိုးပစ်ရန်။ အညံ့ခံလာစေရန်၊
* စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ၂၀၀၈ ဖွဲ့စည်းပုံကိုရေးဆွဲ၊ အတည်ပြု၊ အသက်သွင်းရန်၊
* နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် (အထူးသဖြင့် အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်လာစေရန်) စသည်တို့ဖြစ်သည်။

နအဖ၏ နိုင်ငံရေးလိုအပ်ချက်နှင့် အပစ်ရပ်နိုင်ငံရေးတို့၏ ထိပ်တိုက်တွေ့နေမှုများ

အပစ်ရပ်အဖွဲ့အစည်းများ ဖျက်သိမ်းရေးပေါ်လစီတခုဖြစ်သည့် BGF အသွင်ပြောင်းရေး မူကို လက်မခံနိုင်သည့် အဖွဲ့ကရော၊ မူကို လက်ခံသည့်အဖွဲ့များကပါ မိမိတို့ အမျိုးသားရေးဆိုင်ရာ အခွင့်ရေးများကို ဖော်ထုတ်က သီးခြားလိုလားချက်များ ဖော်ထုတ်၊ တောင်းဆိုလာကြသည်။ ဤသို့ဖြင့် မိမိတို့အဖွဲ့အစည်းများ ရှင်သန်တည်တန့် ခိုင်မြဲရေးကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ရုန်းကန်နေကြသည်။

BGF မူကို လက်ခံသည့်/ လက်မခံနိုင်သေးသည့်အဖွဲ့အစည်းတိုင်း၏ သီးခြားလိုလားချက်များ တောင်းဆိုရာတွင် တူညီသည့်အချက်များကို တွေ့ရသည်။ ထိုအချက်များမှာ -

* မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို BGF သို့မဟုတ် HGF သို့မဟုတ် ဌာနေပြည်သူ့စစ်အဖွဲ့သို့ လုံးဝ မပြောင်းလဲလိုခြင်း။ (မိမိတပ်ဖွဲ့အတွင်းသို့ နအဖ တပ်မှူးများ ပါဝင်ဖွဲ့စည်းခြင်းကို ငြင်းပယ်ကြခြင်း)
* ရရှိပြီးသား အပစ်ရပ်စဲထားသည့် နိုင်ငံရေးအခြေအနေကို အပျက်စီးမခံလိုခြင်း။
* ပြဿနာများကို စစ်ပွဲဖြင့် မဖြေရှင်းလိုခြင်း။ ငြိမ်းချမ်းစွာဖြေရှင်းလိုခြင်း။
* ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကို မတူသည့် ပုံသဏ္ဍာန်များဖြင့် ငြင်းပယ်နေခြင်း။
* မိမိတို့အခြေစိုက်ရာ နယ်မြေများဒေသကို မိမိတို့၏ အုပ်ချုပ်ရေးလက်အောက်တွင်ထားရှိလိုခြင်း စသည့် အချက်များဖြစ်သည်။

ထိုအပစ်ရပ်အဖွဲ့များ၏ သီးခြားလိုလားချက်များကို လေ့လာကြည့်လျှင် မိမိတို့နှင့်ဆိုင်သည့် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေး အခွင့်အရေးများကို လက်တွေ့ကျကျ ဖော်ထုတ်၊ တောင်းဆိုထားတာ တွေ့ရှိရသည်။ လက်တွေ့နိုင်ငံရေးပြဿနာလည်း ဖြစ်နေပြန်သဖြင့် (နအဖ) အနေနဲ့ ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့နေရခြင်း ဖြစ်သည်။

နအဖသည် အပစ်ရပ်အဖွဲ့အစည်းများအပေါ် BGF အသွင်ပြောင်းရေး ပေါ်လစီ ချမှတ်ပြီးကတည်းက တနှစ်အတွင်း အကြိမ်များစွာ (၁၀ ကြိမ်မက) တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတိုင်းတွင် အဖွဲ့အစည်းအသီးသီး၏ တင်ပြချက်၊ တောင်းဆိုချက်များကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။ BGF အသွင်ပြောင်းရေးကိုသာ တဖက်သတ် ဖိအားပေးခဲ့သည်။ အပစ်ရပ်အဖွဲ့များ၏ ထပ်မံတင်ပြချက်များကိုလည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေနှင့် မကိုက်ညီသောကြောင့်ဟုဆိုကာ တဖက်သတ် ပယ်ချလေ့ရှိသည်။

ဆွေးနွေးပွဲရလဒ်တိုင်းက နအဖ၏ နိုင်ငံရေးလိုအပ်ချက်ကို အားရကျေနပ်မှုမဖြစ်စေခဲ့ပါ။ နအဖသည် ထိုအခြေအနေအပေါ် စိတ်ရှည်မှု ကုန်ခမ်းသွားပုံရသည်။ ဖော်ပြချက်အဖြစ် တွေ့လိုက်ရသည်မှာ ဧပြီလဆန်းပိုင်းက ဗိုလ်ရဲမြင့်၏ အပစ်ရပ်အဖွဲ့များထံ သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်သည်။ ထိုခရီးစဉ်က အပစ်ရပ်နိုင်ငံရေး အဆုံးသတ်မည့်ရက်ကို၊ ကန့်သတ်ရက်, ရက်ချိန်းပေးခြင်းဖြစ်သည်။ မလိုက်နာပါက တရားမ၀င်အဖွဲ့အဖြစ် သတ်မှတ်မှာဖြစ်ကြောင်း သွယ်ဝိုက်မနေ၊ ဒဲဒိုးကြီး ပြောဆိုခဲ့သည်။

နအဖသည် ၎င်း၏ (၂၀၀၉ – ၁၀) နိုင်ငံရေးလိုအပ်ချက် အောင်မြင်ပြီးမြောက်ရန် တခါက ငြမ်းအဖြစ် အသုံးချခဲ့သည့် အပစ်ရပ် နိုင်ငံရေးအခြေအနေကို ဖယ်ရှားရတော့မည်။ ထိုအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လှံအဖြစ်၊ ဒိုင်းအဖြစ် အသုံးချလာရတော့သည်။ အပစ်ရပ်အဖွဲ့များ၏ နိုင်ငံရေးအခြေအနေသည်လည်း နဝတ နိုင်ငံရေးလိုအပ်ချက်အရ ပေါ် ပေါက်လာခဲ့ရသလို၊ နအဖ နိုင်ငံရေးလိုအပ်ချက်အရ ပျောက်ကွယ်ရတော့မည့် ကိန်းဆိုက်နေသည်။

ဗမာပြည်နိုင်ငံရေးလောကတွင် အနှစ်၂၀ ကျော်/နီးပါး တည်ရှိခဲ့ကြသော အပစ်ရပ်နိုင်ငံရေးအခြေအနေသည် သေရေးရှင်ရေး အကြပ်တည်းကြီးတခုနှင့် ရင်ဆိုင်နေရပြီ။ ထိုအကြပ်အတည်းသည် နအဖ၏ နိုင်ငံရေးလိုအပ်ချက်မှ ပေါ်ပေါက်လာရ တာဖြစ်သည်။ ထိုအကြပ်အတည်းသည် တနေ့ထက်တနေ့ ပိုမိုကြီးထွားလာနေပြီ။

နအဖ၏ BGF အသွင်အပြောင်းရေးကို အပစ်ရပ်အဖွဲ့များက ဆက်လက်ငြင်းပယ်မြဲ ငြင်းပယ်နေမည် ။ ထိုအခါ နအဖသည် အပစ်ရပ်အဖွဲ့များအား တရားမဝင်အဖွဲ့အစည်းများအဖြစ် သတ်မှတ်လိုက်မည်။ ထိုအခါ အပစ်ရပ်နိုင်ငံရေး၏ ဇာတ်ဝင်ခန်း အဆုံးသတ်သွားပြီ ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ နောက်ဆက်တွဲ အကျိုးဆက်များကတော့ ပြည်တွင်းစစ် ဆက်လက် တောင်လောင်နေသော ဗမာပြည်၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ ပိုင်ဆိုင်ထားသည့် ဗမာပြည်၊ ဂီလာနတိုင်းပြည် ဗမာပြည် ….. စသည့် ဂုဏ်ပုဒ်များဖြင့် ကျော်မကောင်းကြားမကောင်း တိုင်းပြည် ဖြစ်လာလိမ့်အုံးမည်။

မည်သို့ပင်ဖြစ်စေကာမှု အပစ်ရပ်နိုင်ငံရေးပြဿနာ၏ အကြပ်အတည်းကို ဖန်တီးခဲ့သော၊ ဖန်တီးနေသော နအဖ စစ်အစိုးရက ပြဿနာကို ဘယ်လိုသဘောထားနှင့် ဖြေရှင်းသွားမလဲ။ အပစ်ရပ်နိုင်ငံရေးကို နအဖ စစ်အုပ်စု မည်သို့ အဆုံးသတ်နှင့် ပွဲသိမ်းစေမလဲ ဆိုတဲ့ မေးခွန်းများ၏ အဖြေကိုတော့ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများကတော့ ပွဲကြည့်ပရိတ်သတ်လို မျက်ခြေမပြတ် စောင့်ကြည့်နေကြပေတော့မည်။ အကြောင်းမှာ ဗမာပြည်၏ မျက်မှောက်နိုင်ငံရေး အခင်းအကျင်းများတွင် အရေးကြီးပြဿနာတခုအဖြစ် တွေးဆနေသောကြောင့်ဖြစ်သည်။

နအဖ ပြော,ပြောနေသော ငြိမ်းချမ်းရေးအဖွဲ့များသည် အခုတလော နအဖ၏ နိုင်ငံရေးလိုအပ်ချက်ကြောင့် ငြိမ်သက်မှု မရှိနိုင်တော့။ လှုပ်ခတ်နေရပြီ။

အပစ်ရပ်နိုင်ငံရေး၏ ခရီးရှည်ချီတက်ပွဲ ဆုံးခန်းတိုင်ထိ ရောက်နိုင်ကြပါမလား။

x x x x x

ရဲဘော်ထွန်းဦး

၁၈ ဧပြီ ၂၀၁၀