Tuesday, February 16, 2010

ပင်လုံစာချုပ့်


From Myanmar Online Encyclopedia/ ၉ ဖေဖော်ဝါရီ ၂ဝ၁ဝ
line


မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်း ဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီးတရပ်၌ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။



(၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန် အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

(၂) ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့် နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများ အတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

(၃) အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံ (၂) ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက် တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

(၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

(၅) အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရာခိုင်နှုန်း အပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခုနယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီ ကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေ အရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

(၇) နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

(၈) ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

(၉) ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူ အစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

မြန်မာနိုင်ငံတော်အစိုးရ

(ပုံ) အောင်ဆန်း (၁၂-၂-၄၇)

ကချင်ကော်မတီ
(ပုံ) ဆမားဒူးဝါးဆင်ဝါးနောင် (မြစ်ကြီးနား)

(ပုံ) ဇော်ရစ် (မြစ်ကြီးနား)

(ပုံ) ဒိန်ရတန် (မြစ်ကြီးနား)

(ပုံ) ဇော်လ (ဗန်းမော်)

(ပုံ) ဇော်လွန်း (ဗန်းမော်)

(ပုံ) လဗန်းဂရောင်း (ဗန်းမော်)

ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း (အေတီအမ်၊ အိုင်တီအက်(စ်)အမ်၊ ဖလမ်း)

(ပုံ) ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)

(ပုံ) ဦးကွယ်မန်း (အေတီအမ်၊ ဟားခါး)

ရှမ်းကော်မတီ
(ပုံ) ခွန်ပန်းစိန် (တောင်ပိုင်း စပ်ဖလုံ)

(ပုံ) စပ်ရွှေသိုက် (ညောင်ရွှေ စပ်ဖလုံ)

(ပုံ) စပ်ဟုံဖ (မြောက်ပိုင်းသိန္နီ စပ်ဖလုံ)

(ပုံ) စပ်နွံ (လဲချားစပ်ဖလုံ)

(ပုံ) စပ်စံထွန်း (မိုင်းပွန် စပ်ဖလုံ)

(ပုံ) စပ်ထန်းအေး (သာမိုင်းခမ်း စပ်ဖလုံ)

(ပုံ) ဦးဖြူ (သထုံ စပ်ဖလုံ၏ ကိုယ်စားလှယ်)

(ပုံ) ခွန်းဖုံး (မြောက်ပိုင်းသိန္နီ)

(ပုံ) ဦးတင်ဧ

(ပုံ) ဦးထွန်းမြင့်

(ပုံ) ဦးကြာပု

(ပုံ) ဦးခွန်စော

(ပုံ) စပ်ရစ်ဖ

(ပုံ) ဦးခွန်ထီး

Tuesday, February 9, 2010

လှိုင်သာယာ အလုပ်သမားများ ဆက်လက်ဆန္ဒပြ၊ လုံခြုံရေး တင်းကျပ်
ယူးဒေလီ (မဇ္ဈိမ)။ ။ လှိုင်သာယာ စက်မှုဇုန် ၃ ရှိ အလုပ်သမား ၂၀၀၀ ခန့်က လုပ်ခ တိုးမြှင့်ပေးရန် အတွက် ဒုတိယမြောက်နေ့အဖြစ် ယနေ့ ဆက်လက်ဆန္ဒပြရာ အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း သိရသည်။

အနည်းဆုံး စက်ရုံ ၃ ရုံမှ အလုပ်သမားများက ယနေ့ နေ့လည်ပိုင်းမှစတင်၍ ဆန္ဒပြခြင်းဖြစ်ပြီး၊ အခင်းဖြစ်ရာသို့ မီးသတ်ကားများ၊ အချုပ်ကားများနှင့် လုံထိန်းရဲ စုစုပေါင်း ရာနှင့်ချီ၍ ရောက်ရှိနေခြင်း ဖြစ်သည်။
urgent6s
''ဒီနေ့မနက်က ဆန္ဒပြတာပါ။ ဗိုလ်ချုပ်ခင်ရီ ရောက်နေတယ်။ ရဲအင်အားကတော့ အများကြီးပဲ သွားကြတယ်။ ခန့်မှန်းလို့ကတော့ မရဘူး။ တပ်ရင်းတွေကရော၊ တိုင်းကရော လာတယ်။ စက်ရုံက မနက်က ၃ ရုံ ဆန္ဒပြတာ။ OPAL 2 (အထည်ချုပ်)၊ ကျားလေး (ဖိနပ်စက်ရုံ)၊ တိုင်ရီ (ဖိနပ်စက်ရုံ) မှာ ဖြစ်တာ” ဟု လှိုင်သာယာ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

လှိုင်သာယာရှိ ကျောင်းဆရာမ တဦးကလည်း “လှိုင်သာယာ စက်မှုဇုန် အမှတ် (၃) လမ်းတွေကို တင်းကျပ်စွာ ပိတ်ဆို့ထားတယ်။ ရဲကား ၃ဝ လောက် ကားလမ်းတွေမှာ တန်းစီနေတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲရှိရာသို့ ရဲချုပ် ဗိုလ်ချုပ်ခင်ရီကိုယ်တိုင် ရောက်ရှိလာကြောင်း ဒေသခံများအကြား ပြောဆိုမှုများလည်း ရှိနေသည်။
urgent7s
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ ရဲအရာရှိက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

အလုပ်သမားများက လစာကို ကျပ်တသောင်း ထပ်ဆောင်းပေးရန်၊ လက်ရှိ လုပ်နေရသည့် နံနက် ၇ နာရီမှ ည ၁၁ နာရီ သတ်မှတ်ထားသည့် အလုပ်ချိန်ကို လျှော့ပေးရန်နှင့် အလုပ်သမားများ စားသောက် နေထိုင်သည့် နေရာများ သန့်ရှင်းရန်တို့ကို တောင်းဆိုနေခြင်း ဖြစ်သည်။

ယမန်နေ့ နေ့လည်ပိုင်းတွင် စက်မှုဇုန် ၃၊ အမှတ် ၃/၃၆ ရှိ ကိုရီးယားနိုင်ငံသားပိုင် (OPAL 2) မြဖက်ရှင် အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၄ဝဝ ခန့်သည် လုပ်ခလစာ တိုးမြှင့်ပေးရန် စတင်ဆန္ဒပြခဲ့သည်။

အလုပ်သမားများနှင့် စက်ရုံ တာဝန်ရှိသူများအကြား ယခုတိုင် ညှိနှိုင်းမရသေးသလို၊ အဖမ်းအဆီးများလည်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
urgent8s
လှိုင်သာယာ စက်မှုဇုန်များတွင် ပြီးခဲ့သည့်လအတွင်း အလုပ်သမားများက လုပ်ခလစာနှင့် ခံစားခွင့်ဆိုင်ရာ ဆန္ဒပြပွဲ ၂ ရပ် ဖြစ်ပွားခဲ့သေးသည်။














စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်းစက်ရုံ အလုပ်သမား ၁ဝဝ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်းကောင်း၊ စက်မှုဇုန် ၃ ရှိ Weng Hong Hung အထည်ချုပ်စက်ရုံ အလုပ်သများက ၁၇ ရက်နေ့တွင်လည်းကောင်း ဆန္ဒပြခဲ့သည်။

လှိုင်သာယာ စက်မှုဇုန်တွင် လုပ်သား အင်အား ၅၀၀၀၀ (ငါးသောင်း) မှ ၇၀၀၀၀ အတွင်းရှိပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး စက်မှုဇုန်ဖြစ်ကာ အအေးခန်းစက်ရုံများ၊ အထည်ချုပ်၊ စားသောက်ကုန်၊ သစ်အချောထည်၊ ဓာတုဗေဒ၊ အိမ်သုံးကုန်ပစ္စည်း စသည့် စက်ရုံပေါင်း ၈ဝဝ ကျော် ရှိနေသည်။

၎င်းတို့အနက် စက်ရုံ ၄၀၀ ကျော်သာ လည်ပတ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အဆိုအရ သိရသည်။

လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြနေသည့်ပုံများ

Friday, February 5, 2010

သက်တမ်းတိုး ILO နဲ့ ဘယ်လို ပူးပေါင်းလုပ်ကိုင်ကြမလဲ?့်
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ - NCUB (National Council of the Union of Burma) နဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် - FTUB (Federation of Trade Unions) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် နဲ့ မြန်မာပြည်မှာ အလုပ်သမားများ အခွင့်အရေး အကျိုးဆောင် လုပ်ကိုင်ဆောင်ရွက်နေတဲ့ လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းပြီး မြန်မာနိုင်ငံမှာ ILO ရုံး ဆက်လျှက်ဖွင့်ထားနိုင်မှုနဲ့ မြန်မာနိုင်ငံ အလုပ်သမားများ၊ ပြည်သူများ သူတို့ရဲ့  အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ရပိုင်ခွင့်များကို ဘယ်လို ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်နိုင်သလဲ၊ ဆောင်ရွက်သင့်သလဲ ဆိုတာတွေကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဦးမောင်မောင်, ကို မေးပါရစေ။ အခုမြန်မာနိုင်ငံမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုတွေလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်တန်းနိုင်ဖို့အတွက် ILO (International Labor Organization) နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ရုံး ကို မြန်မာနိုင်ငံမှာ သက်တမ်း (၁) နှစ် တိုးချဲ့  ဖွင့်ထားနိုင်တယ်လို့ စစ်အစိုးရက လက်ခံကြောင်း ကြားသိရပါတယ်။ ဒါကို တိုးတက်မှုတရပ်အနေနဲ့ လက်ခံပါသလား။ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာနိုင်တဲ့ အလားအလာကောင်းတရပ် ဟုတ်ပါသလား။

ဦးမောင်မောင် ။ ။ လုံးဝမရှိတာနဲ့တော့ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဖြစ်စေချင်တဲ့ (အတင်းအဓမ္မ ခိုင်းစေမှု) လုံးဝပပျောက်ရေး အနေအထားကိုတော့ မရောက်သေးတဲ့အတွက်ကြောင့် ဒီပေါ်မှာတော့ ကျနော်တို့အနေနဲ့ အားမရဘူး။ ဒီအပြင် နအဖ ကနေပြီးတော့ ဒီလို လက်မှတ်ထိုးပေမယ့် ဒီအမှုတိုင်းကြားမှုနဲ့ ဖမ်းဆီးထားတဲ့ လူ (၂၁) ယောက်ရှိနေသေးတဲ့ပေါ်မှာတော့ ကျနော်တို့ ILO ကို အားမရဘူး၊ နအဖရဲ့  ချိုးဖောက်နေမှုကိုလည်း အားမရဘူးလို့တော့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရှေ့ နေ ဦးဖိုးဖြူ ကိစ္စကိုတော့ အခု နေပြည်တော်ဗဟိုတရားရုံးက ပြန်ပြီးတော့ ဖွင့်ပေးတယ်လို့ ကြားသိရပါတယ်။ အဲဒါကို ဘယ်လိုသဘောရပါသလဲ။

ဦးမောင်မောင် ။ ။ ဒီလို ချိုးဖောက်ပြီး အပြည်ပြည်ဆိုင်ရာက ပြောမှ ပြန်ဖွင့်ပေးတဲ့ကိစ္စမျိုး၊ ဦးဖိုးဖြူ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဒါမျိုးတွေဖြစ်တာကိုက လုံးဝတိုးတက်မှု မဟုတ်ဘူး။ ဒါက အပြည်ပြည်ဆိုင်ရာရဲ့  လုပ်ထုံလုပ်နည်းတွေကို ချိုးဖောက်တာကို ချိုးဖောက်တယ်လို့ဘဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လမ်းပြကြယ် ဦးအေးမြင့်ရဲ့  သဘောထားကိုလည်း သိချင်ပါတယ်။ တိုင်တန်းနိုင်တဲ့ရုံးကို အခုလို ဖွင့်ပေးတာ၊ စောစောက ရှေ့ နေဦးဖိုးဖြူကိစ္စ နေပြည်တော်ဗဟိုတရားရုံးက ဒါကိုပြန်ပြီးတော့ ကြားနာဖို့ ဖွင့်ပေးတာတွေကို ကြည့်ပြီးတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေအတွက် အလားအလာကောင်းတယ်လို့ သတ်မှတ်လိုသလား။

ဦးအေးမြင့် ။ ။ ကျနော်ကတော့ ကိုယ်တိုင်ခံစားခဲ့ရဘူးတဲ့လူဖြစ်တဲ့အတွက် ILO ကို သက်တမ်းတိုးပေးတဲ့ဆိုတာက နိုင်ငံတကာကို မျက်နှာစာမှာ ဝင်ဆန့်ဖို့အတွက်လုပ်တာ။ နောက်တချက်က အပြည်ပြည်ဆိုင်ရာရဲ့  လူ့အခွင့်အရေးတွေကို ကမ္ဘာကပြောလာတဲ့အတွက် သနပ်ခါးလူး၊ ပန်းပန်ပြတယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဘာကြောင့်လည်းဆိုတော့ ၂၀၀၃ ခုနှစ် ကျနော် သေဒဏ်ကျလို့ တကြိမ်၊ ၂၀၀၅ မှာတကြိမ် ILO ကြောင့် ပြန်လွတ်လာတာကလည်း နိုင်ငံတကာက ပြောလို့၊ သိလာလို့ သနပ်ခါးလူး၊ ပန်းပန်ပြလိုက်တာ။ အခုအချိန်အထိ ကျနော်ကို ကွင်းလုံးကျွတ် မရှိသေးပါဘူး။ ကျနော့်လိုင်စင်ကိုလည်း အပြစ်ကလွတ်ပေးမယ့် အကြောင်းမဲ့သိမ်းထားတာ။ တိုးတက်မှုလည်းမရှိဘူး။ ကိုဖိုးဖြူ ကို အခုလို နိုင်ငံတော်တရားရုံးချုပ်က ပြန်ခေါ်တယ်ဆိုတာလည်း နိုင်ငံတကာမျက်နှာစာမှာ မျက်နာပြလို့ ကောင်းအောင်လို့ လုပ်ပေးတာလို့ ကျနော်ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာက လုပ်ပေးလို့ဆိုတာ နိုင်ငံတကာမှာ နိုင်ငံတကာက ဝိုင်းဝန်ဖိအားပေးကြပါလို့ တောင်းဆိုနေတာ၊ နိုင်ငံတကာကိုယ်တိုင်က ဒီရည်ရွယ်ချက် မဟုတ်ဘူးလား။ သူတို့စိတ်ထဲမှာ ဘယ်လိုဘဲရှိရှိ အနည်းဆုံးသူတို့ဟာ နိုင်ငံတကာဖိအားကြောင့် သူတို့ဟာ လိုက်လျောမှုတွေ လုပ်ပေးနေတာမဟုတ်ဘူးလား။

ဦးမောင်မောင် ။ ။ မှန်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က နိုင်ငံတကာကို ဖိအားပေးပြီး တောင်းဆိုရုံတွင်မက ကျနော်တို့အနေနဲ့ ကျနော်တို့ပြည်သူတွေ တိုးတက်မှုရှိတယ်ဆိုတာ လာပြီးတော့သတင်းပို့တဲ့ကိစ္စက ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ် ILO ရုံးကို ဝင်ရောက်ပြီးတော့ ဆက်သွယ်နိုင်တယ်။ ဒါက ကျနော်တို့ အသုံးပြုရမယ့် ယန္တရားတခုအနေနဲ့ နားလည်းထားတယ်ဆိုတာ ကျနော်တို့အတွက် အမြတ်ဖြစ်တယ်လို့ မြင်တယ်။ အနာဂတ်ဗမာပြည်မှာလည်း ပွင့်လင်းတဲ့စနစ်မျိုး၊ အပြည်ပြည်ဆိုင်ရာ လုပ်ထုံလုပ်နည်းနဲ့ညီတဲ့စနစ်မျိုး ကျင့်သုံးဖို့ဆိုတာ ဘယ်အစိုးရတက်တက် ကျင့်သုံးဖို့ကို ပြည်သူတွေအနေနဲ့ ဒါဟာ လက်တွေ့ကွင်းဆင်းပြီးတော့ တွေ့ကြုံရင်ဆိုင်နေရတာကို တွေ့တဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဖိအားကိုသုံးပြီးတော့ လုပ်တဲ့နေရာမှာ နအဖက နောက်ဆုတ်ပေးရတာမကဘဲနဲ့ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း တိုးတက်မှုရှိလာတယ်ဆိုတာကို တင်ပြချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအေးမြင့်တို့အနေနဲ့ ပြည်သူတွေက နိုးနိုးကြားကြားနဲ့ တိုင်ရဲလောက်အောင် လုပ်ရဲလောက်အောင် ပြည်တွင်းမှာ ဘယ်လောက်ဆောင်ရွက်ပေးနိုင်ပါမလဲ။ ILO ကတော့ ကျနော်တို့ရုံး ခင်များတို့ဆီမှာ ဖွင့်လှစ်ထားပြီ လာတိုင်ကြပါလို့ ပြောရုံနဲ့ လုံလောက်ပါသလား။ ဦးမောင်မောင် ပြောသလို ပြည်သူတွေကသွားပြီး တိုင်ရဲအောင် ဒီအခွင့်အရေးကို အသုံးချရဲအောင် ပြည်တွင်းက ဘာများလုပ်ပေးနိုင်ပါသလဲ။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အနေနဲ့။

ဦးအေးမြင့် ။ ။ ဦးမောင်မောင် ပြောတာကို ကျနော်တို့ လက်ခံပါတယ်။ ILO ရုံးကို ခွင့်ပြုချက်က သက်ကယ်ချောင်းနဲ့ ခေါင်းလောင်းထိုးတာဘဲဖြစ်တယ်။ ဒီလို ILO တိုင်လို့ရတဲ့အကြောင်း စာချွန်လွှာလက်မှတ်ထိုးထားတဲ့အကြောင်း ပြည်သူလူထု သိအောင်လို့ ကျနော်တို့ လူ့အခွင့်အရေးဆောင်ရွက်တဲ့လူတွေရှိတယ်၊ အန်အယ်ဒီလ်ပါတီ နဲ့ တခြားပါတီတွေကလည်း ILO ရဲ့  အဓမ္မလုပ်အားပေးနဲ့ ခလေးစစ်သားတွေကို ဥပဒေအရ လုပ်ပေးခွင့်ကို နားလည်းတဲ့အတွက် ဗမာပြည်ထဲမှာဖြစ်နေတဲ့လူတွေကို ပထမဦးဆုံးကတော့ လိုက်ရှာပြီးပေးရတယ်။ အဲဒီလို လိုက်ရှာပြီးပေးရတဲ့အခါမှာ ခလေးစစ်သားတို့၊ အဓမ္မလုပ်အားပေးတွေ အောင်မြင်လာတဲ့အတွက် ဒီလိုတွေ့ခဲ့ရင် ကူညီဆောင်ရွက်ပေးတဲ့လူကလည်း များတယ်။ ILO ကတော့ ရုပ်ပြပဲရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူကိုယ်တိုင်ဘာမှ အောက်ခြေဆင်းမလုပ်နိုင်ဘူး။ ILO ရုံးရဲ့  အခုတည်ရှိရာနေရာဖြစ်တဲ့ ထရိတ်ဒါး ဟိုတယ်လ် (Trader Hotel) ဆိုတာလည်း သာမန်ပုဂ္ဂိုလ် မြို့ ပေါ်နေ လူတန်းစားတောင် မသွားရဲတဲ့နေရာပါ။ ပြည်တွင်းက နိုင်ငံရေးကို စိတ်ဝင်စားပြီး လူ့အခွင့်အရေးကို စိတ်ဝင်စားတဲ့လူတွေက ပြည်ပမီဒီယာတွေနဲ့ ကူညီပံ့ပိုးမှုနဲ့ လူသိများအောင်လုပ်ခဲ့လို့ အောင်မြင်မှုရတာ၊ နအဖ အခုလက်ရှိအုပ်ချုပ်နေတဲ့ အစိုးရလူကြီးတွေ ပါချင်လည်းပါမယ်။ သို့သော် အများအားဖြင့် အောက်ခြေတပ်ဖွဲ့က ကြိုးနီစနစ်နဲ့ ဆင့်ကဲဆင့်ကဲ လိမ်နေတာကို ပြည်သူလူထုသိလာတယ်၊ တိုင်ရဲလာတယ်ဖြစ်တဲ့အတွက် အောင်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ နိုင်ငံတကာ ILO ကတော့ ဘယ်အောက်ခြေအထိသွားပြီး ဆောင်ရွက်နိုင်ပါ့မလဲ။ ဒီရုံးကိုသွားဖို့ ကြားမှာ အဆင့်တဆင့် လိုနေတဲ့သဘောပေါ့။

ဦးအေးမြင့် ။ ။ ဟုတ်ကဲ့ ကြားမှာ အဆင့်တဆင့်လိုနေပါတယ်။ ကျနော်ကဲသို့ လုပ်တဲ့လူတွေ တော်တော်များများရှိပါတယ်။ နံပတ်တစ်အချက်ကတော့ ဒီ ILO ကို ဆက်သွယ်နိုင်ဖို့ရယ်၊ ဒီ ခလေးတွေပျောက်သွားတယ်၊ အဓမ္မလုပ်အားပေးတွေကို ဖြစ်ပေါ်နေတာကို ခံစားချက်ရှိတဲ့လူတွေက ဘယ်နေရာမှာ တိုင်လို့ရတယ်ဆိုတာ သိအောင်လုပ်ပေးဖို့ တာဝန်က ကျနော်တို့ ILO မှာ ရှိသလို ILO ကလည်း အပြည်ပြည်ဆိုင်ရာဖြစ်တဲ့အတွက် ကွင်းထဲအထိ မဆင်းနိုင်ဘူး။ ကျနော်တို့ ဗမာပြည်တွင်းမှာရှိတဲ့ လူ့အခွင့်အရေး ဆောင်ရွက်တဲ့လူတွေ၊ နိုင်ငံရေးသမားတွေ၊ တာဝန်သိပြည်သူတွေရဲ့  လက်ဆင့်ကမ်းပံ့ပိုးမှုက အများကြီးလိုအပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းမှာတော့ အကန့်အသတ်တော့ရှိမှာပေါ့။ ဦးမောင်မောင်တို့ကရော ဘယ်လောက်ပံ့ပိုးပေးနိုင်ပါသလဲ။ ဒီ society ထဲမှာ အဲဒီလိုဖြစ်လာအောင် လူထုထဲမှာ ဒီလိုအသိတွေဝင်လာအောင် ဒီလိုတိုင်ရဲအောင် ဘယ်လိုများလုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါသလဲ။

ဦးမောင်မောင် ။ ။ ကျနော်တို့ အပြည်ပြည်ဆိုင်ရာမှာ ပြောတာကတော့ ILO ဆိုတာက ကုလသမဂ္ဂ အထွေထွေညီလာခံလိုပေါ့ ကမ္ဘာပေါင်းစုံကလာတဲ့ အနေအထားမှာရှိတော့ ဗမာပြည်မှာရှိတဲ့ သံရုံးတွေကိုလည်း အသုံးချဖို့ကိုလည်း ကျနော်တို့တင်ပြပေးချင်ပါတယ်။ သံရုံးတွေက သူတို့သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနတွေရဲ့  မျက်စိတွေ နားတွေဖြစ်တယ်။ ဒီမျက်စိတွေ၊ နားတွေက ဗမာပြည်မှာ တကယ်ဘဲ အဓမ္မလုပ်အားပေးမှုတွေ ရှိလားမရှိလား၊ ပျောက်လားမပျောက်လား၊ ခလေးစစ်သား ရှိလားမရှိလားဆိုတာတွေကို လက်ခံပြီးတော့ သူတို့အစိုးရတွေ တင်ပြပြီးတော့ ILO ညီလာခံကြီးမှာ တင်ပြရမှာဖြစ်တဲ့အတွက်ကြောင့် ဒါကိုလည်း အသုံးပြုနိုင်တဲ့ ယန္တယားတခုအဖြစ် သုံးစေချင်တယ်။ နောက်တခါ ကုလသမဂ္ဂ အေဂျင်စီ (agency) တွေ ဥပမာ ကုလသမဂ္ဂက ခလေးနဲ့ ပတ်သက်လို့ဘဲဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ ပတ်သက်လို့ဘဲဖြစ်ဖြစ်၊ ပညာရေးနဲ့ ပတ်သက်လို့ဘဲဖြစ်ဖြစ် ကုလသမဂ္ဂရဲ့  အသိုင်းအဝိုင်းထဲမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ကျနော်တို့က အသုံးချနိုင်ရမယ်။ ဥပမာဆိုရင် UNDP ဆိုရင် ကုလသမဂ္ဂဖွံ့ဖြိုးရေးဆိုရင် ဗမာပြည်အနှံအပြားမှာရှိတဲ့အတွက်ကြောင့် ဒီရုံးတွေကို သတင်းပေးကြပါ။ ဒီရုံးတွေက ငြင်းဆန်လို့မရပါဘူး။ ငြင်းဆန်လိုရှိရင် ငြင်းဆန်တဲ့ပုဂ္ဂိုလ်တွေကို ကျနော်တို့ကို စာရေးပြီးအကြောင်းကြားလို့ရှိရင် ကျနော်တို့ဘာကြောင့် ငြင်းဆန်တယ်ဆိုတာကို မေးပါမယ်။ ဒါက ကျနော်တို့ ပြည်သူတွေတိုးမနိုင်တဲ့ ယန္တယားတခုဖြစ်တယ်လို့ ကျနော်တင်ပြချင်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီမှာ ကုလသမဂ္ဂကိုတော့ ဟုတ်ပြီ။ သံရုံးကို တိုင်တာကိုကြတော့ သံရုံးတွေက ပူးပေါင်းဆောင်ရွက်ပါမလား။

ဦးမောင်မောင် ။ ။ ဒါကတော့ ကျနော်တို့ ကြိုးစားကြည့်ရမှာပေါ့။ သူတို့ပူးပေါင်းဆောင်ရွက်ပါမလားဆိုတဲ့ မေးခွန်းပေါ်မှာနေနေရင် ဖြစ်ပါ့မလားဆိုတဲ့မေးခွန်းမှာ နေနေရင် ILO ရုံးကို ကျနော်တို့ လူတွေတိုင်ဖြစ်မှာ မဟုတ်ဘူး၊ သွားဖြစ်မှာမဟုတ်ဘူး။ ဖြစ်ပါ့မလားမဟုတ်ဘူး ဖြစ်ပါတယ်၊ လုပ်ကြပါဆိုတဲ့ ဒီနှလုံးသားရှိမှ ဖြစ်မှဖြစ်မယ်။ ကျနော်ကတော့ ဖြစ်ပါတယ်၊ သုံးပါလို့ဘဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လောလောဆယ်မှာ ဦးမောင်မောင်တို့ဆီ အကြောင်းကြားဖို့အတွက် သံရုံးကို သွားရင်တောင် မြန်မာနိုင်ငံမှာ သံရုံးကိုသွားလို့ သံရုံးက ဟောပြောပွဲတွေသွားလို့ အဖမ်းခံရတဲ့ကိစ္စတွေ အများကြီးဘဲ။

ဦးမောင်မောင် ။ ။ သံရုံးကို လူသွားမှမဟုတ်ပါဘူး။ စာပေးရင်လည်း ရပါတယ်။ သံရုံးဝန်ထမ်းတွေက ဗမာဝန်ထမ်းတွေ အများကြီးရှိပါတယ်။ သံရုံးတွေရဲ့  စာတိုက်တွေအများကြီးရှိပါတယ်။ ဒီဟာတွေက ယန္တရားတွေပါ။ မျက်စိဖွင့်ကြည့်ဖို့ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်တို့လို ပြည်ပက ဆောင်ရွက်နေတဲ့လူတွေအနေနဲ့ကော မြန်မာနိုင်ငံလူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာဖို့ ရှေ့ ကို ဘာများဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ဦးမောင်မောင် ။ ။ ကျနော်တို့ အပြည်ပြည်ဆိုင်ရာမှာ ဆက်လုပ်မယ့်ကိစ္စ တင်ပြချင်တာကတော့ ပြီးခဲ့တဲ့ရက်အတွင်းမှာ ကျနော်တို့ ILO အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နဲ့ ဥပဒေရေးရာပုဂ္ဂိုလ်တွေ ဆွေးနွေးခဲ့တယ်။ လာမယ့် ကမ္ဘာ့အလုပ်သမားရေးရာ ညီလာခံမှာ ICJ လို့ခေါ်တဲ့ International Court of Justice မှာ နအဖအနေနဲ့ အဓမ္မလုပ်အားပေးမှုကို ပပေါက်အောင် ကြိုးစားပေးမယ်လို့ ပြောရဲ့ သားနဲ့ သဘောတူညီမှုလုပ်ထားရက်နဲ့ နှစ်ပေါင်းများစွာ ချိုးဖောက်ထားတဲ့ကိစ္စကို ကျနော်တို့က ဥပဒေ အကြောင်းအရာအရ ရင်ဆိုင်ဖို့ကို နအဖကို ဆွဲခေါ်သွားဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။ ဒါကို အခုလာမယ့် မတ်လမှာ တင်ပါမယ်။ ပြီးလို့ရှိရင် အဲဒီကတဆင့် ကုလသမဂ္ဂမိသားစုအတွင်းမှာရှိတဲ့ အစုအဖွဲ့တွေကို သွားလိုရတာကို သွားပါမယ်ဆိုတာကိုတော့ အပြည်ပြည်ဆိုင်ရာ ယန္တရားတခုအနေနဲ့ ကြိုးစားနေတဲ့အကြောင်း တင်ပြနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ နိုင်ငံတကာဘက်က ဖိအားပိုပြီးလာမယ့်ဆိုတဲ့ သဘောတော့ ဟုတ်ပါပြီ။ ပြည်တွင်းမှာကော လူ့အဖွဲ့အစည်းအတွင်းမှာ အခုန ဦးအေးမြင့် ပြောသလို အလုပ်သမားတွေ၊ တောင်သူလယ်သမားတွေ ကိုယ်စားဆောင်ရွက်နေတဲ့လူတွေ သိတဲ့လူတွေ ဘယ်လောက်အထိ ပေါ်ထွက်လာမယ့် အလားအလာရှိသလဲ။ ဘယ်လောက်အထိ လုပ်ရဲကြသလဲ။

ဦးအေးမြင့် ။ ။ ပြည်တွင်းက စွန့်စားမယ့်လူတွေ တပုံကြီး နည်းမျိုးစုံနဲ့ စွန့်စားနေတယ်ဆိုတာကို ပြောချင်တယ်။ ILO ကနေတဆင့် ပြည်သူလူထုကိုလည်း ပြောစေချင်တာကတော့ အဓမ္မလုပ်အားပေးနဲ့ ခလေးစစ်သားမှ မဟုတ်ပါဘူး လူ့အခွင့်အရေးတွေ၊ အလုပ်သမားအခွင့်အရေးတွေ စာချွန်လွှာနဲ့ပိုပြီး ILO က စာချွန်လွှာဘဲ လုပ်နိုင်တာ။ ဒါပေမဲ့ ILO ရဲ့  အပြည့်အဝ လုပ်ပိုင်ခွင့်ထဲမှာ ဖြစ်နေပြီဆိုရင် ရအောင်တိုင်ကြပါ။ ILO ကတဆင့် ရောက်ပါတယ်။ ကျနော်တို့က ပြည်တွင်းက တက်ညီလက်ညီ ဒီလိုလှုပ်ရှားပေးတယ်၊ လူ့အခွင့်အရေးတွေ လုပ်ပေးတယ်၊ အနှစ်နာခံပေးတဲ့လူတွေ တပုံကြီး လုပ်ပေးရင် ဦးမောင်မောင်တို့က အပြည်ပြည်ဆိုင်ရာကို တဆင့်သွားမယ်ဆိုတာ လူတိုင်းသိပြီးပါပြီ။ အားမငယ်ပါနဲ့လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရှေ့ အတွက်အလားအလာ ကောင်းပါသလား။ ဦးမောင်မောင် ဘယ်လိုမြင်ပါသလဲ။ အတိုဆုံးပြောရရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေဟာ ပြည်တွင်းပြည်ပ ပိုပြီးလုပ်နိုင်မယ့် ဖိအားပိုလာအောင် ဦးမောင်မောင်တို့က ကြိုးစားနေတယ်။ ပြည်တွင်းကလည်း တိုင်ချင်တဲ့လူတွေ အများကြီးရှိတယ်လို့ ဦးအေးမြင့် ပြောတော့ မကြာခင်အချိန်အတွင်း ပွင့်လင်းလာနိုင်တယ်လို့ ထင်ပါသလား။

ဦးမောင်မောင် ။ ။ ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့ ဗမာဘာသာစကားတင်မက တိုင်းရင်းသားပေါင်းစုံ ကရင်၊ ရှမ်း၊ မွန် ဘာသာတွေနဲ့ ကျနော်တို့ ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ် ILO ရဲ့  လုပ်ထုံလုပ်နည်းတွေ၊ အခြေခံအလုပ်သမား အခွင့်အရေးတွေကို ဘာသာပြန်ထားတာတွေ အများကြီးရှိတယ်။ ပြည်တွင်းထဲမှာ လုပ်နေတဲ့ လုပ်ငန်းအစုအဖွဲ့တွေ အများကြီးရှိပါတယ်။ ဒါကိုတော့ ကျနော်ပြောနိုင်တယ်။ ထွက်ပြီးတော့ မရပ်တည်နိုင်ပေမယ့်လည်း အသိပညာရှိတဲ့အတွက်ကြောင့် အသိနားလည်းမှုရှိတဲ့အတွက်ကြောင့် ဒါကို သက်ဆိုင်ရာနေရာတွေကနေ သတင်းတွေ ပို့နေတာ နှစ်စဉ်နှစ်တိုင်း နအဖ ILO မှာ ရင်ဆိုင်လာရတဲ့ အမှုတွေများလာတယ်ဆိုတာ လက်တွေ့သက်သေဖြစ်ပါတယ်လို့ ကျနော်ပြောနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဦးအေးမြင့်ရဲ့  နောက်ဆုံးမှတ်ချက် ဘယ်လောက်များ တိုးတက်လာမယ်လို့ အလားအလာကောင်းတယ်လို့ မြင်ပါသလဲ။ အလားအလာ ကောင်းပါရဲ့ လား။

ဦးအေးမြင့် ။ ။ ကျနော်တို့ လမ်းပြကြယ်အဖွဲ့က တပြည်လုံးအနှံအပြားမှာ ရှိတယ်။ လက်ရှိ ဘယ်သူက ဖောက်ပြန်နေတယ်၊ လက်ရှိ ဘယ်သူက ဥပဒေကျူးလွန်နေတယ်ဆိုတာကို မပြောရဲတာတောင်မှ တိုးတိုးတိတ်တိတ် လာပို့တယ်။ ကျနော်တို့က လက်ဆင့်ကမ်းပြေးနေတယ်။ တိုင်ရဲတဲ့လူက ရှေ့ ကတိုင်တယ်၊ ထောင်ကျရဲတဲ့လူက ရှေ့ ကကျရဲတယ်။ လုပ်မှဖြစ်မယ့်အတွက် လုံးဝလျှော့သွားမှာ မဟုတ်ဘူး။ အားလုံးကို ညီညွတ်ကြပါ။ လက်ရှိအစိုးရနဲ့ နိုင်ငံရေးသမားတွေ ညီညွှတ်ရင်တော့ ပြည်သူသက်သာပါလိမ့်မယ်လို့ ကျနော်ပြောချင်တယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ ကိုယ်တိုင်ခံရမှ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ချိုးဖောက်ခံစားရမှုတွေ၊ အမြင်မတော်တဲ့ဟာတွေရှိရင်လည်း တာဝန်သိသိနဲ့ လူတိုင်းကပါဝင်ဆောင်ရွက်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ အခုလို ILO က ရုံးဖွင့်ပြီးတော့ တိုင်ကြားမှုတွေကို လက်ခံမယ်လို့ လုပ်လာတဲ့အခါမှာတော့ ဒါကို အခွင့်ကောင်းတရပ်အနေနဲ့ အသုံးချပြီး လူ့အခွင့်အရေး ထွန်းကားဖို့အတွက် ပါဝင်ဆောင်ရွက်သင့်ပါတယ်လို့ ထင်မိပါကြောင်း တင်ပြလိုက်ပါတယ်။
ဦးသန့်ဇရပ် ပြုပြင်ရာတွင် မြန်မာ့သံဃာတော်များ မပါဝင်စေလို
နယူးဒေလီ (မဇ္ဈိမ)။ ။ နီပေါနိုင်ငံ လုမ္ဗနီရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဇရပ်ကို ပြန်လည်ပြုပြင်မှုတွင် မြန်မာသံဃာတော်များ မပါဝင်ရန် မြန်မာအာဏာပိုင်များက တားမြစ်နေကြောင်း သိရသည်။

ဂေါပကအဖွဲ့က ဦးသန့် ဆောက်လုပ်လှူဒါန်းခဲ့သော ဇရပ်ကို စာကြည့်တိုက်နှင့် ပြတိုက်အဖွဲ့အဖြစ် မွမ်းမံမည့် အစီအစဉ်တွင် မြန်မာ သံဃာတော်နှစ်ပါးက ပူးပေါင်း ပါဝင်လိုသော်လည်း မြို့တော် ခတ္တမန်ဒူရှိ မြန်မာသံရုံးက ပိတ်ပင်ထားသည်။

“အဆောက်အဦးက ပြိုကျတော့မယ့် အခြေအနေမှာ ရှိနေတယ်။ အဲဒီအတွက် လုမ္ဗနီက မြန်မာဘုန်းကြီးတွေနဲ့ တိုင်ပင်ခဲ့တယ်။ မြန်မာဘုန်းကြီးတွေ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတာကို ခတ္တမန်ဒူး (နီပေါမြို့တော်) မှာ ရှိတဲ့ မြန်မာသံရုံးက ကြားလို့ မနေ့က လာဆူတယ်လို့ ပြောတယ်” ဟု ဇရပ်ပြုပြင်ရေးတွင် ဦးဆောင်နေသည့် နီပေါ ဆရာတော် ဒီခရူဆာကရက်ထန်းမားက မဇ္ဈိမကို မိန့်တော်မူသည်။

ဦးသန့်ဇရပ်တွင်ပင် သီတင်းသုံးနေသည့် ဆရာတော်က ဆက်ပြီး “မြန်မာသံရုံးအနေနဲ့ ဒီလိုကိစ္စတွေမှာ ဘုန်းကြီးတွေ ပါဝင် ပတ်သက်နေတာကို မလိုလားဘူး။ သူတို့ရဲ့ အမြင်မှာ ဦးသန့်ရဲ့ ပင်ကိုစရိုက်ကို ဒီမိုကရက်တစ်တယောက်အဖြစ် မြင်နေတဲ့အတွက် ရိုသေလေးစားမှု မရှိဘူး။ မြန်မာစစ်အစိုးရ လက်အောက်မှာ ရှိနေတဲ့ ဦးသန့်နဲ့ သက်ဆိုင်တဲ့ ကိစ္စမှန်သမျှ မဖော်ပြစေချင်ဘူး” ဟု မိန့်ဆိုသည်။

ဗုဒ္ဓမြတ်စွာဖွားမြင်ရာ လုမ္ဗနီရှိ မြန်မာနိုင်ငံ သာသနာရေး ဦးစီးဋ္ဌာနက ဖွင့်လှစ်ထားသော မြန်မာရွှေကျောင်းတော်တွင် သတင်းသုံးနေသည့် သံဃာတော်တပါးကလည်း အာဏာပိုင်များက ထိုကိစ္စနှင့်ပတ်သက်၍ မည်သူ့ကိုမှ မပြောဆိုရန် ပိတ်ပင်ထားသည်ဟု မဇ္ဈိမကို ပြောသည်။

မည်သည့်အကြောင်းကြောင့် ဘုန်းတော်ကြီးများကို ဇရပ်ဆောက်လုပ်မှုတွင် မပါဝင်စေလိုသည်ကို သဲကွဲစွာ မသိရသလို၊ မြန်မာသံရုံးကိုလည်း ဆက်သွယ်၍ မရနိုင်ဘဲရှိနေသည်။

သို့သော်လည်း ပြုပြင်မွမ်းမံရေး အစီအစဉ်ကို ဆက်လက်လုပ်ကိုင်သွားမည်ဟု နီပေါဆရာတော်က မိန့်ဆိုသည်။

ဇရပ်ခေါင်မိုးများ ပျက်စီးနေသဖြင့် ဖာထေးသွားရန်နှင့် မျက်နှာစာပိုင်းတွင် စာကြည့်တိုက်၊ သတင်းအချက်အလက်များ ရယူနိုင်သည့် နေရာ၊ ထမင်းစားဆောင်နှင့် သံဃာများ တည်းခိုနိုင်ရေးအတွက် အဆောင် ၂ ဆောင် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဦးသန့်သည် ကုလအကြီးအကဲအဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန်ခဲ့သည်။

ထိုစဉ်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက နိုင်ငံတော် ဈာပနအဖြစ် ဦးသန့် ရုပ်ကလာပ်ကို သင်္ဂြိုဟ်ခြင်း မပြုဘဲ ကန်တော်မင် ပန်းခြံတွင် မြှုပ်နှံမည့် အစီအစဉ်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများက လက်မခံဘဲ ကျောင်းသား သမဂ္ဂရင်ပြင်၌ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဂူသွင်းကာ သင်္ဂြိုဟ်ခဲ့သည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဦးသန့်ရုပ်ကလာပ်ကို ကာကွယ်နေသည့် ကျောင်းသားနှင့် ပြည်သူများကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သလို၊ မြှုပ်နှံရာ အုတ်ဂူကို မြေတူးစက်များဖြင့် ဖြိုဖျက်တူးဖော်ကာ ထိုနေ့တွင်းချင်းပင် ကန်တော်မင်သို့ သယ်ဆောင်ကာ မြှုပ်ခဲ့သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
ဘားမား ဗီဂျေ အော်စကာရရန် အလားအလာကောင်း
၈၂ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ၌ မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးကို အဓိက ရိုက်ကူး ထားသော ဘားမား ဗီဂျေ (Burma VJ) မှတ်တမ်း ရုပ်ရှင်ဇာတ်ကား မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိရန် အလားအလာ အလွန်ကောင်းမွန် သည်ဟု ခန့်မှန်းပြောဆို နေကြသည်။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် အွန်လိုင်း သတင်းစာ၏ အဆိုအရ “ဆန်ခါတင် ၅ ကားမှာ ဒီ ဘားမား ဗီဂျေက အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆုရဖို့ အကောင်းဆုံး အနေအထားမှာ ရှိတယ်”ဟု ရုပ်ရှင် အကဲခတ်များမှ ခန့်မှန်း ပြောဆိုနေ ကြသည်ဟု ရေးသားဖော်ပြ ခဲ့သည်။

ယခုနှစ် အော်စကာ ဆုပေးပွဲ အခမ်းအနားကို လာမည့် မတ်လ ၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

အဆိုပါ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားမှာ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးမှ သံဃာတော်များနှင့် လူထုအုံကြွမှုများ၊ စစ်အစိုးရ၏ ပြင်းထန်စွာ နှိပ်ကွပ်မှုများကို နိုင်ငံတကာမှ သိမြင်လာစေရန် သတင်းပေးပို့ ခဲ့သည့် ပြည်တွင်းမှ ဗီဒီယို သတင်းထောက်များ အကြောင်းကို ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard က ရိုက်ကူးထားခြင်း ဖြစ်သည်။

ဆန်ခါတင် မှတ်တမ်း ရုပ်ရှင် ဇာတ်ကားများမှာ ဗားမား ဗီဂျေ အပါအ၀င် The Cave ၊ Food, Inc . ၊ The Most Dangerous Man in America: Daniel Ellsberg and the Pentagon Papers ၊ Which Way Home စသည့် ဇာတ်ကားများ ဖြစ်သည်။

အော်စကာ ဆုပေးပွဲတွင် တခြားသော အကောင်းဆုံး ရုပ်ရှင်ဆု အဖြစ် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန် ရိုက်ကူးသည့် Avatar ၊ The Blind Side ၊ District 9 ၊An Educationစသည့် ဇာတ်ကား အပါအ၀င် ၁၀ ကားထဲမှ Avatar ဇာတ်ကားမှာ ထင်ကြေးပေး အခံရဆုံးဖြစ်သည်။

အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုများကို Crazy Heart ဇာတ်ကားမှ Jeff Bridges ၊ Up in the Air ဇာတ်ကားတွင် George Clooney ၊ Colin Firth၊ Morgan Freeman ၊ Jeremy Renner စသည်တို့အား ဆန်ခါတင် ရွေးချယ်ထားကြောင်း သိရသည်။

ဆန်ခါတင် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်များမှာ Sandra Bullock ၊ Helen Mirren စသည်တို့ဖြစ်ကြသည်။
ကချင်တော်လှန်ရေး ပင်လုံစာချုပ်ကို ဦးတည်
ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ တော်လှန်ရေး ၄၉ နှစ် ပြည့်ချိန်တွင် KIO က ပင်လုံစာချုပ်ကို ဦးတည်သွားမည် ဖြစ်ကြောင်း သိရသည်။

မနက်ဖြန်တွင် ကျရောက်မည့် ကချင် လွတ်မြောက်ရေး အဖွဲ့ ၏ တော်လှန်ရေး ၄၉ နှစ်ပြည့် သ၀ဏ်လွှာမှာ “ပင်လုံစာချုပ်” ဟု အမည်ရကြောင်း KIO က ပြောသည်။

[ကချင်ပြည်နယ် မြောက်ပိုင်း လိုင်ဇာ အခြေစိုက် KIO ဌာနချုပ်တွင် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Ryan Libre)]

ကချင်ပြည်နယ် မြောက်ပိုင်း လိုင်ဇာ အခြေစိုက် KIO ဌာနချုပ်တွင် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Ryan Libre)
“၁၉၄၇ ပင်လုံစာချူပ်မှာ ကျနော်တို့ ဖယ်ဒရယ် ပြည်ထောင်စု တည်တောင်ဖို့ သဘောတူ စာချုပ်ချုပ်ဆို ထားပါတယ်၊ ဒါပေမယ့် ပင်လုံစာချုပ်အတိုင်း ဖြစ်မလာလို့ တော်လှန်လာတာ၊ ကျနော်တို့ အခုလည်း ဒီစာချုပ် သဘောတူညီချက် အတိုင်းသွားဖို့ပဲ ကြိုးစား နေမှာပါ”ဟု KIO အရှေ့ပိုင်းတိုင်းခရိုင် အုပ်ချုပ်ရေးမှူး က ဧရာဝတီ ကို ပြောသည်။


KIO ငြိမ်းချမ်းရေး ယူပြီးနောက် နယ်ခြားစောင့်တပ်ပြောင်းလဲရန် တိုက်တွန်းခြင်းကို ကချင်လူထုက မည်သို့မျှ လက်ခံမည်မဟုတ် ကြောင်း၊ ထို့ကြောင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ပေးရန်ကိုသာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အစိုးရဘက်မှ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင်ပြီး ကချင် ခေါင်းဆောင် ကိုယ်စားလှယ် ၈ ဦးခန့်နှင့် ဇန်နဝါရီ ၂၉ ရက်နေ့ မြစ်ကြီးနား မြို့တွင်၂၀၁၀ ပြည့်နှစ်အတွင်း ပထမဦးဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ကြသော်လည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် သဘောတူညီမှု တစုံတရာ မရသေးကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရ နှင့် KIO ကြား ၁၀ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသည်။

လက်ရှိအချိန်တွင် KIOက တအိမ် တယောက် စနစ်ဖြင့် “ပြည်သူ့စစ်” စုဆောင်းနေကြောင်းလည်း သိရသည်။

၄၉ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို KIO မြောက်ပိုင်း တပ်မဟာ (၁)အင်ဂွမ်းလကျေးရွာတွင် အဓိက ပြုလုပ်သွားမည်ဖြစ်ပြီး ကျန်သည့်နေရာများတွင် အထိမ်းအမှတ် အဖြစ်သာပြုလုပ်သွားမည်ဖြစ်ကြောင်း KIO က ဆိုသည်။

တရုတ် နယ်စပ် မိုင်ဂျာယာန်မှ အခမ်းအနား စီစဉ်သူ တဦးက“ကျနော်တို့ မနက်ဖြန် မနက် ၈နာရီမှာ အခမ်းအနား စပြီး မိန့်ခွန်း ဖတ်ကြားခြင်း၊ တာဝန်ထမ်းဆောင်တဲ့ ၁၀ နှစ်၊ အနှစ်၂၀ ပြည့် မျိုးချစ်ပုဂ္ဂိုလ်တွေကို ဆုချီးမြှင့် တာတွေပြုလုပ်သွားမယ်၊ ကျန်တဲ့ အချိန်တွေမှာတော့ ကစားပွဲ အမျိုးမျိုးနဲ့ တနေကုန် အစီအစဉ်ရှိမယ်”ဟု ပြောသည်။

“ရွာတွေမှာ သက်ဆိုင်ရာ KIO အဖွဲ့ တွေက ၄၉ နှစ်ပြည့် တော်လှန်ရေးနေ့ အထိမ်းအမှတ် အစီအစဉ်အတွက်နှိုးဆော်မှုတွေ လုပ်နေပြီ၊ မနက်ဖြန် ခေါင်းဆောင်များ ဖတ်ကြားမယ့် မိန့်ခွန်းနဲ့ ရှေ့ဆက်မယ့်လမ်းစဉ်အတွက် စိတ်လှုပ်ရှားတယ်”ဟု မိုင်ဂျာယာန်မှ အိမ်ရှင်မ တဦးက ပြောသည်။

KIO အဖွဲ့သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

ဤအဖွဲ့ကို ၁၉၆၁ ခု ဖေဖော်ဝါရီ ၅ရက်နေ့တွင် ကချင် ကျောင်းသားခေါင်းဆောင် ဇော်တူး နှင့် ဇော်ဆိုင်းတို့ နှစ်ဦးက စတင် ဖွဲ့စည်းကာ ကချင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

Wednesday, February 3, 2010

မပြီးဆုံးသေးတဲ့ ကရင့် တော်လှန်ရေ;
ဒီအပတ်မှာ ကျရောက်တဲ့ (၆၁) နှစ်မြောက် ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်အမျိုးသား တပ်မတော် (KNLA) ရဲ့ တပ်မဟာ (၆) ဋ္ဌာနချုပ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ကရင်လူမျိုး အရပ်သားနဲ့ ရဲဘော် (၂၀၀) ခန့် ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။


[ကရင်အမျိုးသား အလံတော်ကို အလေးပြုနေတဲ့ ဗိုလ်မှူးကြီး နယ်ဒါမြ]

ကရင်အမျိုးသား အလံတော်ကို အလေးပြုနေတဲ့ ဗိုလ်မှူးကြီး နယ်ဒါမြ
အခမ်းအနား ကျင်းပရာ မြန်မာ - ထိုင်း နယ်စပ် အနီးက တောင်ကြော တခုရဲ့ထိပ်မှာ ဗျူဟာမြောက် တည်ထားတဲ့ စခန်းတခုလုံး စိတ်လှုပ်ရှားမှု တွေနဲ့ ပျံ့လွင့်လို့ နေပါတယ်။ ရဲဘော်တွေက ရယ်ရယ် မောမောနဲ့ ရှိနေကြပြီး တချို့ဆိုရင် ပုခက်လွှဲစီးရင်း ဂစ်တာ တီးနေတာကို တွေ့ရပါတယ်။ အလည်လာသူ တွေကတော့ တနေရာကနေ တနေရာ ကူးချည် သန်းလှည့် လုပ်ရင်းနဲ့ သူတို့ရဲ့ မိတ်ဆွေ တွေကို ဓာတ်ပုံ ရိုက်ယူ နေကြပြီး မိသားစုဝင် တွေကလည်း သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ အတူ ပျော်ပျော် ပါးပါး ရှိနေကြပါ တယ်။

တချို့ရဲဘော် တွေဆိုရင် ကရင့် တော်လှန်ရေး နေ့မှာ ပျော်ပျော် ရွှင်ရွှင် တရက်လေး အနားရဖို့ သူတို့ရဲ့ရှေ့တန်း နေရာတွေ တည်ရှိရာ တောနက် ထဲကနေ မကြာခင်ကမှ ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ငြိမ်းငြိမ်း ချမ်းချမ်း ရှိတယ်လို့ ဆိုနိုင်ပေမယ့် တပ်မဟာရှိတဲ့ နေရာက တိုးတက်သော ဗုဒ္ဓာဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) နဲ့ အစိုးရ တပ်တွေရဲ့ စခန်းတွေနဲ့ နီးတာမို့ အမြဲတမ်း လုံခြုံရေး အထူးဂရု စိုက်ရတဲ့ နေရာဖြစ်ပါတယ်။







ကျနော်တို့ တပ်မဟာကို အသွား တောင်ကုန်း ထိပ်တခုပေါ်က မြေပြန့်လေးပေါ် ခြေချမိချိန်မှာတော့ ကျနော့် ခရီးဖေါ် စောမူတူးက "DKBA စခန်းက အဲ့ဒီ တောင်တွေရဲ့ ဟိုဘက်လေးမှာပဲလေ၊ အဲ့ဒီဘက်ကို ဆက်သွားရင် အရမ်း အန္တရာယ်ကြီး သွားပြီ"လို့ ကျနော့်ကို ပြောပြပါတယ်။

ကရင့် တော်လှန်ရေး နေ့ရဲ့ အရေးကြီးပုံနဲ့ ပတ်သက်ပြီး တော့လည်း သူက"ဒီအချိန်ဟာ ကရင်လူထုကို ကာကွယ်ရင်း ဘ၀တွေ ပေးဆပ် သွားကြတဲ့ သူတွေကို ကျနော်တို့ အမှတ်ရ နေရမယ့် အချိန် ပြီးတော့ ကျနော်တို့ ဘာ့ကြောင့် ဒီနေရာကို ရောက်နေ ရသလဲ ဆိုတာကို သတိရ နေရမယ့် အချိန်ပဲဖြစ်တယ်"လို့ ပြောပါတယ်။

DKBA ဟာ စတင်ဖွဲ့စည်းကတည်းက KNLA အတွက် အဓိကပြဿနာတော်တော်များများကို ဖြစ်စေခဲ့တာပါ၊ KNLA ရဲ့စခန်းတွေ နယ်စပ်နဲ့ပိုနီးလာအောင် တွန်းပို့ခံရတာလည်း သူတို့ကြောင့်ပါပဲ။ မနှစ်တုန်းကလည်း DKBAအကူအညီနဲ့ နအဖက တပ်မဟာ (၇) ဋ္ဌာနချုပ်ကို သိမ်းယူခဲ့ပါသေးတယ်၊ အဲ့ဒီတိုက်ခိုက်မှုက KNLA ရဲ့ တပ်မဟာ (၅) နဲ့ (၆) ဆက်သွယ်မှုလမ်းကြောင်းကို ဆိုးဆိုး ၀ါးဝါး ပြတ်တောက်စေခဲ့ပါတယ်။

အခုဆိုရင် DKBAတပ်တွေဟာ နအဖတပ်တွေရဲ့ ရှေ့မှာနေရာယူထားပြီး တပ်မဟာ (၅) ကို အတူချီတက်နေကြပါပြီ။ သူတို့ဟာ တပ်မဟာဋ္ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ မိုင်းရှင်းတာတွေကိုလည်း လုပ်နေကြပါပြီ။ ဒီစစ်ဆင်ရေးက KNLA အတွက် နောက်ထပ်နယ်မြေတခု ဆုံးရှုံးသွားနိုင်တဲ့အနေအထားကို ဦးတည်နေပါတယ်။

ဒါပေမယ့် KNLA ခေါင်းဆောင်တွေကတော့ သူတို့ မမှုဘူးလို့ဆိုပါတယ်။ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့ သားကြီး ဗိုလ်မှူးကြီး နယ်ဒါမြ က KNLA မှာ နည်းဗျူဟာအသစ်တွေရှိတာမို့ လာမယ့် ဒီနှစ်စစ်ပွဲတွေမှာ KNLA က အသာစီးရမယ်လို့ သူ့အနေနဲ့ယုံကြည်စိတ်ချမှုရှိကြောင်း ပြောပါတယ်။

"တပ်မဟာ (၇) ဋ္ဌာနချုပ်ကို လက်လွှတ်လိုက်ရတာဟာ ကျနော်တို့အတွက် ပြဿနာမဟုတ်ပါဘူး၊ သူတို့ နယ်မြေရသွားတာကို ကျနော်တို့ စစ်ရှုံးတယ်လို့ မဆိုနိုင်ပါဘူး"လို့ သူကရှင်းပြပါတယ်။

တော်လှန်ရေးနေ့အခမ်းအနားပြီးလို့ စစ်ရေးပြကွင်းမှာ လူတွေရှင်းသွားတဲ့အချိန် ခုံတန်းတခုမှာ ထိုင်မိကြတော့ သူက "ကျနော်တို့ က ပြောက်ကျားတပ်ဖြစ်တယ်၊ တကယ်လို့ ကျနော်တို့က နယ်မြေ အကျယ်ကြီးကို ထိန်းထားတယ်ဆိုရင် အစိုးရတပ်တွေအတွက် အဲ့ဒါကို ပြန်သိမ်းဖို့လွယ်တယ်လေ၊ အခုတော့ ကျနော်တို့က အဖွဲ့ငယ်လေးတွေဖွဲ့ပြီး နည်းဗျူဟာအသစ်၊ တပ်မဟာအသစ်တွေနဲ့ လှုပ်ရှားနေကြတာ"လို့ ဆက်ပြောပါတယ်။

KNLA ရဲဘော်တွေရဲ့ စိတ်ဓာတ်ရေးရာမြင့်မားမှုကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ သူယုံကြည်ကြောင်း နယ်ဒါမြက ပြောပါသေးတယ်။

"DKBAက ငွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် တိုက်တာ၊ ဒါပေမယ့် KNLAကတော့ သူတို့ ပြည်သူလူထုအတွက် တိုက် တာ ဖြစ်တယ်၊ ကျနော်တို့ တိုက်ပွဲက ပြည်သူလူထုအတွက်ဖြစ်တယ်"လို့ သူကဆိုပါတယ်။

တခြားရဲဘော်တွေကလည်း နယ်ဒါမြနဲ့ ဆင်ဆင်တူတဲ့ သူတို့ရဲ့ ခံစားချက်တွေကို ပြောပြကြပါတယ်။ စောချူချူက တီးလက်စ ဂစ်တာကို ရပ်လိုက်ပြီး သူ့စားသောက်ဆိုင်မှာ ကရင်အလံချိတ်မိတဲ့အတွက် သူအဖမ်းခံခဲ့ရကြောင်း၊ ပြီးတော့ သူ့ရဲ့မျိုးချစ်စိတ် ထက်သန်မှုအတွက် အစိုးရရဲဘော်တွေရဲ့စော်ကားမှုကို ခံခဲ့ရကြောင်း ကျနော့်ကို ပြောပြပါတယ်။

"ကျနော့်ပြည်သူကို ကျနော်ချစ်တယ်၊ ပြီးတော့ ကရင်ဖြစ်ရတာကို ကျနော်ဂုဏ်ယူတယ်၊ ဒါပေမယ့် ဗမာအစိုးရက ခွင့်ပြုမှာ မဟုတ်ဘူး"လို့ သူကဆိုပါတယ်။

"ကျနော်က ကျနော့်ဆိုင်ကလေးကို ဂရုစိုက်ရင်း ရော့ခ် အင်န် ရိုးလ် သီးချင်းတွေကို ဆိုချင်နေခဲ့တာပါ၊ ဒါပေမယ့် ကျနော်နေလို့ မရခဲ့ဘူး၊ ကရင်ပြည်နယ်မှာဖြစ်နေတဲ့ သတင်းတွေကြားရတာမို့ ကျနော်တို့ ပြည်သူတွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ဖို့ ဒီကို ထွက်လာခဲ့တာ"လို့ သူကဆက်ပြောပါတယ်။

၂၀၁၀ အတွင်း စစ်မက်ဖြစ်ပွားရာဒေသတွေမှာ ဘာတွေဖြစ်မလဲလို့ ကျနော်ကမေးကြည့်တော့ တခြားရဲဘော်တယောက်ဖြစ်တဲ့ စောကီတိုးက DKBAရဲဘော် အများအပြား သေမှာပေါ့လို့ လွယ်လွယ်ပဲ ဖြေပါတယ်။

"ကျနော်တို့ ပြင်ဆင်ရင်းစောင့်နေကြတယ်၊ ကျနော်တို့ ရန်သူကို တချိန်လုံးစောင့်ကြည့်နေတယ်၊ မကြာခင် သူတို့ကို တိုက်ပြီးတော့ ကျနော်တို့ ကိုယ့်နယ်မြေ ကိုယ်ပြန်သိမ်းဖို့လုပ်နေကြတယ်"လို့ သူကဆိုပါတယ်။

စစ်ဆင်ရေးအစီအမံတွေက နယ်မြေသိမ်းပိုက်ရေးထက် ပြောက်ကျားနည်းဗျူဟာအပေါ် ပိုပြီး အခြေခံလာတာမို့ KNLA စခန်းတွေ ဟာ မကြာခဏဆိုသလို လက်လွှတ်ရလိုက် ပြန်သိမ်းလိုက် ဖြစ်နေတတ်ပါတယ်။ တပ်မဟာ (၆) ဋ္ဌာနချုပ်ဖြစ်တဲ့ ဝေါလေခီးကို ကေအဲန်အယ်လ်အေက ပြန်သိမ်းတဲ့အခါ ရဲဘော်တွေ စိတ်ဓာတ်ရေးရာ တက်လာတယ်လို့ ဗိုလ်မှူးကြီးနယ်ဒါမြက ပြောပါတယ်။ KNLA တပ်မှူးတွေရဲ့အဆိုအရ အဲ့ဒီတိုက်ပွဲမှာ KNLAဘက်က ရဲဘော် နှစ်ဦးကျဆုံးပြီး DKBAက(၇၂)ဦး သေဆုံးတယ်လို့ သိရပါ တယ်။

နိုင်ငံရေးနယ်ပယ်မှာတော့ KNLA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအကြား ပြည်ပရောက် အစိုးရတရပ် ဖွဲ့စည်းဖို့ အဆိုပြုထားပါတယ်။ တကယ်လို့ အခုလိုမျိုး တစုတစည်းတည်းဖြစ်မယ်ဆိုရင် KNLA အနေနဲ့ အတိုက်အခံတပ်မတော် တရပ်ရဲ့အစိတ်အပိုင်းတခုအဖြစ် တခြား တိုင်းရင်းသားတပ်တွေနဲ့ ပိုနီးနီးကပ်ကပ် အလုပ်လုပ်နိုင်မှာဖြစ်ပါ တယ်။ အဲ့ဒီလို ပေါင်းစည်းမှုက KNLA ကို အခုထက်ပို အားကောင်း မောင်းသန် ဖြစ်လာစေပါလိမ့်မယ်။

KNU တွဲဖက်အတွင်းရေးမှူး စောလှငွေက "အခုအချိန်ဟာ တိုင်းရင်းသားလက်ကိုင်တပ်တွေအားလုံးနဲ့ အစိုးရတရပ်ဖွဲ့ဖို့ ကျနော်တို့ စုစည်းရမယ့် အချိန်ဖြစ်တယ်။ တိုင်ရင်းသားတပ်တွေမှာ သူတို့ ဒေသဆိုင်ရာ တာဝန်ဝတ္တရားတွေ ဆက်ရှိနေလိမ့်ဦးမယ် ဒါပေမယ့် အစိုးရတခုလုံးအတွက် တပ်မတော်တခုပဲ ရှိမယ်လို့ ကျနော်တို့မျှော်လင့်တယ်။ KNU အတွက်တော့ ဒါဟာ ကျနော်တို့ ဖြစ်စေချင်တဲ့အရာပါ" လို့ ပြောပါတယ်။

ဒီနှစ် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွေကို တပ်မဟာအသီးသီးမှာ ကျင်းပတာဖြစ်ပါတယ်။ တပ်မဟာ (၆) က ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို တက်ရောက်ကြသူတွေထဲမှာ KNLA ရဲဘော်ဟောင်းတွေ အုန်းဖြန်မိုင် ဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်တွေနဲ့ အခြားဖိတ်ကြားထားသူတွေ ပါဝင်ပါတယ်။ အခမ်းအနားကိုပေးပို့တဲ့ KNU ဥက္ကဋ္ဌ စောတာမလာဘောရဲ့ မိန့်ခွန်းကိုတော့ ကျောင်းသူလေးတဦးက ဖတ်ကြားပါတယ်။ အဲ့ဒီမိန့်ခွန်းထဲမှာ သူက KNU အနေနဲ့ ပဋိပက္ခကို နိုင်ငံရေး နည်းအရဖြေရှင်းဖို့ ထပ်ခါတလဲလဲ ကြိုးစားခဲ့ကြောင်း နအဖ က KNU ရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြောင်း အရေးတယူ ထည့်သွင်းပြောကြားထားပါတယ်။

"KNU က စစ်အာဏာရှင်နဲ့ အခါးအားလျှော်စွာ အကြိမ်တော်တော်များများ စကားပြောခဲ့ပြီးပြီ။ ဒါပေမယ့် ပဋိပက္ခကို ငြိမ်းချမ်းတဲ့ နည်းနဲ့ဖြေရှင်းဖို့ဆန္ဒမရှိတဲ့ စစ်အာဏာရှင်ကတော့ ကရင်ပြည်သူလူထုရဲ့ ခုခံမှုကို စစ်ရေးနည်းနဲ့အမြစ်ဖြတ်ဖို့ ဆက်ကြိုးစားနေတုန်းပဲ" လို့ သူ့ရဲ့ မိန့်ခွန်းစာထဲမှာ ထည့်သွင်းထားပါတယ်။

ကရင်တော်လှန်ရေးနေ့အခမ်းအနားကို တက်ရောက်လာတဲ့ အုန်းဖြန်မိုင်က ကျောင်းသူလေး အိုးစူး ကတော့ အခမ်းအနားကို သစ်ပင်တွေအောက်မှာ ကျင်းပရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း နဲ့ "ကျမတို့မှာ စင်ပေါ်မှာ ကျင်းပနိုင်တဲ့ အခွင့်အလမ်း မရှိဘူးလေ"လို့ ဆိုပါတယ်။

သူက "ဒါပေမယ့် ကျမတို့အခမ်းအနားလုပ်နိုင်တာမို့ ကျမတော့ အရမ်းပျော်တယ်" လို့ ဆက်ပြောပါသေးတယ်။

လူငယ်တော်တော်များများက လေ့လာသင်ယူမှုတွေပြီးရင် KNLA ထဲဝင်ဖို့ ဆန္ဒရှိကြောင်း ပြောပြကြပါတယ်။ တချို့ က ဋ္ဌာနချုပ်မှာ အလုပ်လုပ်ချင်ကြပြီး တချို့ကျတော့လည်း တိုက်ပွဲဝင်ရဲဘော်တွေ ဖြစ်ချင်ကြောင်း သိရပါတယ်။

KNLA မှာ ပြဿနာတွေရှိနေပေမယ့် ကရင်လူငယ်တွေကြားမှာတော့ သူတို့မှာ သူတို့လူထုအတွက် တာဝန်ရှိတယ်ဆိုတဲ့ စဉ်းစားမှုမျိုး ရှိနေပုံရပါတယ်။ KNLA ရဲဘော်တွေဟာ ယုံကြည်စိတ်ချမှု ရှိပုံပေါ်နေပြီး တပ်မှူးတွေကလည်း သူတို့ရဲ့ ဆန်းသစ်ပြောင်းလဲမှုနဲ့ နည်းဗျူဟာအသစ်တွေက အစိုးရရဲ့ ထိုးစစ်တွေကို ချေဖျက်နိုင်လိမ့်မယ်လို့ ပြောနေကြပါတယ်။

စစ်ရေးပြကွင်းကို ကျော်လွန်လို့ နေလည်းဝင်သွားပြီမို့ အရပ်သားတွေဟာ အတော်လေးလမ်းလျှောက်ပြန်ရမယ့် သူတို့ရဲ့အိမ်တွေ ဆီ ခြေဦးလှည့်ကြပါပြီ။

အဲဒီအချိန်မှာပဲ "မနှစ်က အခမ်းအနားကျင်းပဖို့ အခက်အခဲရှိတယ်၊ ဒီနှစ်တော့ ကျနော်တို့ ဖြစ်အောင်လုပ်နိုင်ခဲ့တယ်"လို့ ခပ်တိုးတိုးပြောလိုက်တဲ့ KNLA ရဲဘော် တယောက်ရဲ့ စကားသံကို ကြားလိုက်မိပါတယ်။

Monday, February 1, 2010

ထီးမှတ်၍ ခိုခြင်း
သခင်ဆိုးကြီး (ကြွက်ဖြူရွာ)

ရဲနီမယ်တင်မြတို့ ပျပ်ဝပ်ကျိုးနွံနေပုံက ပိုးတွဲ ပလေကပ် ချည်ချော ဦးဂျမ်း ဂန့်ဂေါ လုံချည်အသစ်ထက်ပင် သာသေးတော့၏။ ဘုံဘ၀မှာဖြင့် ယုံကြပါအဟင့်ဟုပင် ချွဲနွဲ့ကလူ စာဖတ်သူကို အတင်းဖမ်းစားမတတ်။ အရေး အသားနှင့် ရပ်တည်ချက်တွေက နောင်လာနောက်သားတွေ လေးစားလောက်စရာဗျာတို့ရယ် ...။

သို့ကလို ဖြတ်သန်းမှုလည်းရှိ ရှင်ကြီးရှင်ငယ်ဝမ်းတွေထဲ လှည့်ပတ်ဝင်ပြီး၊ ၀င်ဆဲ၊ ၀င်ဦးမည့်သကာလတွင်ပင် တုတ်ကောင်လိုလို သံကောင်လိုလို ရမ်းတုတ်မှန်းတုတ် အသံကောင်းဟစ်ရင်း သခင်အားရ ကျွန်ပါးဝ လုပ် ပေါက်တွေနှင့် ရပ်လုံးရွာကျွတ် ဖွတ်ဖြစ်သထက်ဖြစ်ရေးကိုလည်း အနှီ ရဲနီမယ်တင်မြက လော်စပီကာကသိုင်း ဖြင့် တိုင်းနိုင်ငံကျော်အောင် ဟောပြောခွင့်များ ရလိုက်လျှင် ဒင်းက ဟဲလိုက်မည်မုချတန္တု ...။

ကြီးမှ ၀က်သက်ပေါက်တာ ၀က်ရူးလို့ ကျွန်ုပ် သခင်ဆိုးကြီး လူပျိုပေါက်ရယ်က အရပ်ထဲ နှပ်တွဲလွဲ ပုဆိုး ဟောင်းကွင်းသိုင်းကာ ရွာလယ်တာလမ်းပေါ် ခွေလှိမ့်ဆော့ကစားရင်း ပုလုကွေးများ အော်ဟစ်သီဆိုသွား သည်ကိုလည်း အပ်ချမတ်ချ သတိရမိပြန်တော့ပေ၏။

အနှီ ရဲနီမယ်တင်မြထက် ပို၍ မြှူချင်ကလူချင် ကြူချင်သူကလေးရယ်ကတော့ ရဲနီမယ်မိချမ်းအေး ဖြစ်တော့ သည်လည်းတမုံ့။ အရင်းကျမ်းကို ထမင်းကြမ်းထက် ပိုမိုခုံမက်ဖူး ဟူသတတ်။ မိချမ်းအေးတို့ အ၀င်အထွက်ဟူ မူ ကျွန်ုပ်သခင်ဆိုးကြီးတို့ လူပျိုပေါက်သမယ၀ယ်က မမကြီးတွေအထာနှင့် ပွတ်ကာသီကာ ခပ်ဆင်ဆင်ဖြစ်ပေ သည်လည်း ဟုတ်စကို ...။

ရူးရူးနှမ်းနှမ်းအရွယ်လည်း ဟုတ်ပါပဲဖြစ်သော်ငြား သူ့ခမျာ စူးစမ်းဆင်ခြင်မှုတွေ တိမ်ကောသွားပုံများရယ်က ကျွန်ုပ်တို့ ရွာဦးကျောင်း ကုဋီက သွပ်မစင်မြောင်းလို ဖြစ်ပါပကောလားဟု ကျွန်ုပ်သခင်ဆိုးကြီးခမျာ ကညွတ် ဆန်ပြုတ်စားပြီး သွားကြားထိုးရင်း နှလုံးသွင်းရတော့မလို လက်ပေါက်ဖြစ်ပြန်သေးတော့ ...။

သို့ပေသည့် အရင်းစစ်တော့ အမြစ်မြေကဟူသော ဆိုရိုးစကားကလည်း ရှိပေသေးသဖြင့် အနှီ ဘုရားမဖြစ် မည့် နောက်ချေးချပ်နှစ်ပုံ၏ ဖြစ်စဉ်အစမှ ပစ္စုပ္ပန်ယခုဝယ်အထိ အနုလုံပဋိလုံ နှလုံးသွင်းရာ၏။ လုပ်အားသည် ကုန်စည်စလှယ် ဖြစ်ပေတော့သကိုး ဆိုသည်မှအစချီ၍ လူတန်းစားကိစ္စနှင့် ဘောဂဗေဒသစ်အား ကားလမတ် ဟု အမည်ကင်ပွန်းသမုတ်သည့် ဘိလပ်နယ်မှပညာရှိကြီး ဟောပြောပြဆိုသည်မှစ၍ အီရတ်တိုင်းနှင့် အာဖဂန် တိုင်းတို့အား ရက်ရောပက်စက်စွာ Free done ပေးလိုက်တော်မူသော ဘုန်းတော်ကြီးမြတ်တော်မူလှသည့်ပြင် တိုင်းဌာနီပြည်မွဲအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ရဲခဲ့သည့် အမေရိကန်နိုင်ငံမှ သမ္မတဟောင်းကြီး သီရိပျံချီ ဂျော့ရှ်ဒဗလျူဘုရှ်တို့၏ အဆိုအမိန့်များအထိ ထုံးလိုချေ ကွမ်းလိုထွေးနိုင်သော လူပညာရှိကြီးများရယ်ဟုပင် ကဗ္ပည်းတင်စာစပ် ရတုထပ်ရတော့အံ့ဟူသတတ်။

အနှီ ခေတ်ဆွေးကြီးမိုက် အဂတိလိုက်သော သတ္တ၀ါနှစ်ပါးအား သုံးလူ့ထွတ်ထား မြတ်ဘုရားသာ သက်ရှိထင် ရှား ရှိတော်မူဦးမည်ဆိုလျှင် မည်သို့မည်ပုံ ချွတ်တော်မူမည်ကို ကျွန်ုပ်သခင်ဆိုးကြီးအနေနှင့် အားတက်သရော
အရှင်ဟောသော တရားအမြိုက်အား မှားမိုက်သူကြီးများ မည်သို့နှလုံးသွင်းမည်နည်းကိုမူ မြင်လိုလှပေပြန် သေးတော့ ...။

ထိုထိုဤဤ ဖြစ်တည်ပျက်ယွင်း သင်္ခါရနှင့် ဘယ်ဝယ်တွင်မှ မကင်းသော စင်္ကြ၀ဠာကြီးတွင် ယူနီဗာ့စ်၊ မာလ် တီဗာ့စ်၊ ဘစ်ဘန်းသီအိုရီ၊ စထရင်းသီအိုရီ ... စသဖြင့် များမြောင်ထူထပ်လှသည့် အယူအဆများကြားရယ်က ဘယ်သူမျှမမီအောင် လူတတ်လုပ်ချင်သည့် တိုင်းဌာနီ မြန်မာပြည်အရပ်က ရဲနီကျော်ဝင်းဆိုသည်ကလည်း အနှီ နောက်ချေးချပ် နှစ်ပုံနည်းတူ ဟန်မူပုံပေး ရွှေရေးပန်းကန်တက်ပြန်သေး၏။

သဘာမတူ၊ ဇရာမတူ ဖြတ်သန်းမှုမတူသည်လည်း ဖြစ်ပေသမို့ ရဲနီကျော်ဝင်းမှာ နောက်ချေးချပ် မဖြစ်သော် ငြား ပျော့ပျော့နှင့်နံသော ကြောင်ချေးဘ၀ဖြင့် ချောင်ကလေးက ထထ နံသည်ကလည်း အထင်ကရ ...။

အနှီ လူ့အမှိုက်သုံးဦး၏ ရူးသွပ်မိုက်မဲမှုတို့အား ကျွန်ုပ်သခင်ဆိုးကြီးနှင့် မည်သို့မျှ မပတ်သက် မည်သည့်အခါ ကမျှ ရွှေဂဟေမဆက်ခဲ့ဖူးသည့် မယ်ဆောင်တို့ ဘဘကြီး သွားလေသူ သခင်စိုးကြီးက ရဲနီမယ်နှင်းမြိုင်နှင့် ရဲနီ ကျော်ဝင်းတို့ လက်နက်ချသောအခါသမယ၀ယ် ထုတ်ပြန်ကြေငြာခဲ့သော ကြေငြာချက်ခေါင်းစည်းကဲ့သို့ပင် စိတ်ကူးဖြင့် ဆင်ခြင်မိသည်မှာကား .... ရဲနီမယ်တင်မြ၊ ရဲနီမယ်မိချမ်းအေးနှင့် ရဲနီကျော်ဝင်းတို့သည် သန်းရွှေ ၏ -ီးအား ‘ထီးမှတ်၍ ခိုခြင်း’ ဟု ဖြစ်ပေတော့သည်တမုံ့ ...။
- မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦး သေဆုံးမှု မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အစီရင်ခံစာတင်ရ
ထိုင်းနယ်စပ် မဲဆောက်အနီး ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ (၇) ဦး သေဆုံးမှုတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိမရှိ သိရှိနိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့ဝင်အားလုံး ယနေ့နောက်ဆုံးထား၍ အစီရင်ခံစာ တင်ကြရမည်ဟု တာ့ခရိုင်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ပန်ညာဆူအင်က အမိန့်ပေးထားသည်။

ခရိုင်ရဲမင်းကြီး၏အမိန့်တွင် အခင်းဖြစ်ပွားသည့်ကာလ ယခင်လ (၂၃) ရက်မှ (၂၈) ရက်အတွင်း ဖို့ဖတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်အားလုံး မည်သည့်နေရာတွင် ရှိကြောင်း၊ တယ်လီဖုန်းဖြင့် မည်သူ့ကို အဆက်အသွယ်လုပ်ကြောင်း၊ မိမိကိုင်ဆောင်သည့်သေနတ် သတ်မှတ်ရက်အတွင်း ပစ်ခတ်မှုရှိမရှိ စသည်တို့ကို လာရောက် အစီရင်ခံရမည်ဟု ပါရှိသည်။

အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် တောလမ်းခရီးအတိုင်း ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် အသုံးများသည့် ကျည်များဖြစ်သည်ဟု သိရသည်။

ယခင်လ (၂၇) ရက်၌ ဖို့ဖတ်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာရုပ်အလောင်း (၄) လောင်းနှင့် ယမန်နေ့က ထပ်မံတွေ့ရှိသည့် မြန်မာ (၃) လောင်းအပါအ၀င် သေဆုံးသူ (၇) ဦးမှာ လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ရွာသားများဖြစ်ကြသည်။

သေဆုံးသွားသူတဦးဖြစ်သည့် နန်းပိုင်မူး၏ခင်ပွန်းဖြစ်သူ ကိုကြည်အောင်က “ကျနော်က ဘန်ကောက်မှာ အလုပ်လုပ်တယ်။ ကျနော့်မိန်းမက ရွာမှာ ကလေးငယ်နှစ်ယောက်ကို ချန်ထားပြီး အလုပ်လုပ်ဖို့လိုက်လာတာ။ သေတဲ့အထဲမှာ ကျနော့်ညီ ထူးအောင်နဲ့ သူ့မိန်းမလည်း ပါတယ်။ ဒီလူတွေ အတော်ရက်စက်တယ်။ အခု သူတို့အလောင်းတွေ မီးသဂြုင်္ိဟ်ဖို့ ကျနော်တို့ စောင့်နေတယ်၊ ရဲက ဘာမှမပြောသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်တွင် တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယမန်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ (၁၂) ဦးတွင် (၂) ဦးပျောက်ဆုံးနေပြီး (၃) ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ၎င်းတို့ကို ထိုင်းရဲက ထိန်းသိမ်းထားသည်။

ပျောက်ဆုံးနေသူ (၂) ဦးမှာ သေဆုံးသွားပြီးဟု ယူဆရပြီး ၎င်းတို့ကို တောနင်းရှာဖွေလျက်ရှိသည်ဟု ထိုင်းရဲအရာရှိက ပြောသည်။

မဲဆောက်မှ ၀ါရင့်ထိုင်းသတင်းထောက်တဦးက “ဒီအမှုဖြစ်စဉ်ကိုကြည့်ရတာ ၀န်ထမ်းအချို့ ပါဝင်ပတ်သက်မှုရှိမယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ ခရိုင်ရဲမင်းကြီးကတောင် အမိန့်ထုတ်ရတယ်ဆိုတော့ အမှုနောက်ဆက်တွဲကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။

ဖို့ဖတ်မြို့နယ်ရဲစခန်းမှ ရဲဒုဗိုလ်မှူးကြီးစုံစာမလိဖုံးက “ဒီအမှုဟာ လူမှောင်ခိုသမားတွေက ငွေယူပြီးတော့ ဘန်ကောက်မပို့ဘဲ တောထဲမှာ သူတို့ကို သတ်လိုက်တာလို့ ယူဆရတယ်” ဟု ပြောသည်။

တောလမ်းခရီးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြသည့် မြန်မာလူကယ်ရီမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းအား ထိုင်းရဲမှ လိုက်လံရှာဖွေလျက်ရှိသည်။


အဆိုပါအမှုနှင့်ပတ်သက်၍ှ ထိုင်းရဲမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်များတွင် ဖြစ်ပွားခဲ့ဖူးသည်။

လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်တွင် မြန်မာအလုပ်သမား(၈) ဦး အုပ်စုလိုက်အသတ်ခံရမှုနှင့် မဲလမတ်မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦး အုပ်စုလိုက်အသတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ကရင်ကျန်းမာရေးလုပ်သား စောညွန့်ဝင်း ဆွတ်ခူးရရှိ
ဇန်န၀ါရီလ ၃၁ရက်။ ကေအိုင်စီ

(၆၁)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့တွင် ပေးအပ်သည့် ၂၀၀၉ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ကို ကရင်ပြည်နယ်၊ ဖာပွန်(မူတရော်)ခရိုင်မှ ကျန်းမာရေးဝန်ထမ်း စောညွန့်ဝင်းက ဆွတ်ခူးရရှိခဲ့သည်ဟု ဖန်းဖောင်ဒေးရှင်းမှ ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ဖန်းဖောင်ဒေးရှင်း တည်ထောင်ခဲ့သူ ဒါရိုက်တာ နမ့်ဇိုယာဖန်းက “ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ဖန်းဖောင်ဒေးရှင်းက နေ စောညွန့်ဝင်းကို ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ ဒီဆုအတွက် အဆိုတင်သွင်းလာသူတွေ အများကြီးထဲက သူ ရရှိသွားခဲ့တာ ပါ”ဟု ကြေညာချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

အသက် ၃၂နှစ်အရွယ်ရှိ စောညွန့်ဝင်းသည် ဖာပွန်ခရိုင်အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်သည့် တာအို့ဒဲကျေးရွာတွင် ဆေးခန်းတာဝန်ခံအဖြစ် တာဝန်ယူထားသူဖြစ်ပြီး အသက် ၁၂နှစ်အရွယ်ကတည်းက လူမှုအသိုင်းအ၀ိုင်းတွင် ပါဝင်လုပ်ကိုင် လာခဲ့ရာ ယခု ဆုရရှိချိန်တွင် သူသည် တာဝန်အရ ခရီးလွန်နေသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၂,၀၀၀ ပေးအပ်ခြင်းဖြစ်ရာ ၎င်းမှာ စောညွန့်ဝင်း အတွက် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်ကို များစွာ အထောက်အကူ ဖြစ်စေသည်ဟု ဖာပွန်ခရိုင်၊ ဆေးတာဝန်ခံ စောဝင်းကျော် က ကေအိုင်စီကို ယခုလို ပြောသည်။

“စောညွန့်ဝင်းဟာ သူ့မှာ လူထုအတွက် လုပ်ဆောင်ပေးချင်တဲ့ဆန္ဒတွေ အများကြီးပဲ။ ခနော်ခနဲ့ဖြစ်နေတဲ့ ၀ါးနဲ့ ဖြစ်သလို ဆောက်ထားတဲ့ သူ့ဆေးခန်းလေးကို သေချာခိုင်ခံ့အောင် ပြင်ဆင်ချင်တယ်။ ရွာထဲက သူ့လို စေတနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေကိုလည်း သူ ကူညီပေးချင်ပေမဲ့ မတတ်နိုင်ဘူးဖြစ်နေတယ်။ အခုတော့ ဒီဆုကိုရလို့ သူ အကောင်အထည်ဖော်ချင် တာလေးတွေ ပြည့်စုံသွားတာပေါ့။ သူ့အတွက် ကျနော်တို့လည်း ဂုဏ်ယူဝမ်းသာပါတယ်”ဟု ဆိုသည်။



အဆိုပါဆုကို ၂၀၀၈ခုနှစ်အတွက် ပေးအပ်ခဲ့ရာ ညောင်လေးပင်ခရိုင်တွင် တာဝန်ထမ်းဆောင်နေသူ နော်ဖောကဘလာထူးက ဆွတ်ခူးရရှိခဲ့ပြီး သူမကို ပြီးခဲ့သည့် နှစ်(၆၀)မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် ချီးမြှင့်ခဲ့သည်။

ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ပဒိုမန်းရှာလားဖန်း၏ သားသမီးများက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုပေးအပ်သည့်ဆုသည် ဒုတိယအကြိမ် မြောက် ဖြစ်သည်။