Sunday, January 31, 2010

မူဝါဒရေးရာ ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး ဘာလဲ ဘယ်လဲ့်
(မိုးမခအင်တာနက်စာမျက်နှာမှ ...)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းတော့မယ်၊ ဗမာတနိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ်ဥက္ကဋ္ဌတွေနဲ့ စည်းရုံးရေးအဖွဲ့တွေဆီကို ဇန်နဝါရီလ (၂၇) ရက်နေ့ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌကြီး ဦးအောင်ရွှေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ညွှန်ကြားလွှာပေးပို့ထားတယ်လို့ သတင်းတွေမှာ ဖတ်ရကြားရပါတယ်။

အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေနဲ့ ‘လွတ်လပ်တဲ့အာရှအသ’ံ မေးမြန်းခန်းမှာ ဦးခင်မောင်ဆွေက “ဗဟိုဦးစီးအဖွဲ့ဝင်များ အသစ်ပြန်လည်ဖွဲ့စည်းရေးမှာ အောက်ခြေက ရွေးချယ်ပြီး ရုံးချုပ်ကို ပေးပို့ရမှာဖြစ် တယ်” လို့ဆိုပါတယ်။ အကြမ်းဖျင်းအားဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုရမယ့် ဒီသတင်းမှာ မရှင်းလင်းတဲ့ ဝိဝါဒ ကွဲစရာ အချို့အချက်ကလေးတွေ ပါရှိလို့နေတာ သတိထားမိလိုက်ပါတယ်။

ပထမဦးဆုံး သတိထားမိတာက ဗဟိုဦးစီးအဖွဲ့ဝင်အသစ်များ ရွေးချယ်ရာမှာ လိုက်နာရမယ့် စည်းကမ်းတွေပါ။ ရွေးချယ်ရေးမှု (၅) ချက်ကို အခြေခံမယ်လို့ဆိုပါတယ်။ အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေရှင်းပြတာ က ...

“ပထမအချက်ကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အရည်အချင်းရှိရမယ်။ ဒုတိယအချက်ကတော့ အဖွဲ့ချုပ်အ ပေါ်မှာ သစ္စာရှိရမယ်၊ တတိယအချက်ကတော့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလုပ်ငန်းတွေနဲ့ မကင်းကွာဘဲ တဆက်တ စပ်တည်းရှိနေသူတွေ ဖြစ်ရမယ်။ စတုတ္ထအချက်ကတော့ အဖွဲ့ချုပ်က ကိုင်စွဲထားတဲ့ နိုင်ငံရေးရပ်တည်ချက် တွေနဲ့ သဘောတူညီမှုရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်ရမယ်။ နောက်ဆုံးအချက်ကတော့ နံပါတ် (၅) ကတော့ အဖွဲ့ချုပ် စည်းမျဉ်းစည်းကမ်းများအရ အရေးယူ အပြစ်ပေးထားသူတွေ မဖြစ်စေရဆိုပြီးတော့ အဲဒီမူ (၅) ချက်နဲ့ ကျွန် တော်တို့ ရွေးချယ်သွားမှာဖြစ်တယ်” တဲ့။
“ဦးခင်မောင်ဆွေရဲ့အပြောအရဆိုရင် ပါတီညီလာခံကိုယ်စား ပါတီရဲ့မူဝါဒရေးရာကို အဓိကတာဝန်ယူရတဲ့ ဗဟိုဦးစီးအဖွဲ့အစား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ချမှတ်ပေးတဲ့ မူဝါဒကို အကောင်အထည်ဖော်ရမယ့် ဗဟိုဦးစီးအဖွဲ့ဆိုရင် အဖွဲ့ချုပ်ဖွဲ့စည်းပုံအရ ပြောင်းပြန်ဖြစ်နေပါပြီ”

ဒီနေရာမှာ နံပါတ် (၃) အချက်ဖြစ်တဲ့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလုပ်ငန်းတွေနဲ့ မကင်းကွာဘဲ တဆက်တစပ်တည်း ရှိနေသူတွေ ဖြစ်ရမယ်ဆိုတာရယ်၊ နံပါတ် (၅) ဖြစ်တဲ့ အဖွဲ့ချုပ်စည်းမျဉ်းစည်းကမ်းများအရ အရေးယူအပြစ် ပေးထားသူတွေ မဖြစ်စေရ ဆိုတာကို ဘယ်လိုလူမျိုးတွေကို ရည်ရွယ်တယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရှင်းရှင်းလင်းလင်း ညွှန်ကြားသင့်တယ်လို့ထင်ပါတယ်။

ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအတွက် အရေးအကြီးဆုံးအချက်ကတော့ ဗဟိုဦးစီးအဖွဲ့ဝင်များရဲ့ တာဝန်နဲ့ လုပ်ငန်းစဉ်များဖြစ်ပါတယ်။ အသစ်ပဲဖွဲ့ဖွဲ့ တိုးချဲ့တာပဲလုပ်လုပ် အဓိကအချက်က ဒီခေါင်းဆောင်တွေကို ဘယ် လိုတာဝန်တွေပေးပြီး ဘာတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမယ် ဆိုတာပါ။

ဒီနေရာမှာ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေ ရှင်းပြတာက “ဒီလိုရှိတယ်ခင်ဗျ ကျွန်တော်တို့ ဗဟိုအ လုပ်အမှုဆောင်အဖွဲ့အောက်မှာ ဗဟိုလုပ်ငန်းအဖွဲ့ဆိုတာရှိမှာပါ၊ အဲ ဗဟိုလုပ်ငန်းအဖွဲ့အောက်မှာမှ ကျွန်တော် တို့ ဗဟိုဦးစီးအဖွဲ့တွေရှိပါလိမ့်မယ်။ အဲတော့ ဗဟိုဦးစီးအဖွဲ့ဆိုတဲ့ဟာက ခုနက ကျွန်တော်ပြောတဲ့ ဗဟိုလုပ်ငန်း အဖွဲ့ကော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကော အပါအဝင်ကို ကျွန်တော်တို့ ဗဟိုဦးစီးလို့ သက်မှတ်ပါတယ်” တဲ့။ ဒီရှင်းလင်းချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကရှိခဲ့တဲ့ အဖွဲ့ချုပ်ဖွဲ့စည်းပုံနဲ့ မတူခြား နားနေတာ တွေ့ရပါတယ်။

နဂိုဖွဲ့စည်းပုံမှာ ဗဟိုဦးစီးအဖွဲ့ဝင်များဟာ တဦးချင်းအနေဖြင့် ပြည်နယ်နဲ့တိုင်းများကို တာဝန်ခံရတဲ့ စည်းရုံးရေး တာဝန်ခံများ ဖြစ်ကြတဲ့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ လုပ်ငန်းညွှန်ကြားချက်များကို မိမိတာဝန်ကျရာ ဒေသများမှာ အကောင်အထည်ဖော်ဆောင်ရွက်ကြရပေမယ့် ဗဟိုဦးစီးအဖွဲ့အနေကတော့ဖြင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းလမ်းစဉ် မူဝါဒများကို ချမှတ်ရခြင်းနဲ့ ချမှတ်ထားတဲ့ မူဝါဒကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှုများ ပြီးမြောက်အောင်မြင်ခြင်းရှိမရှိ စောင့်ကြပ်ရတဲ့ တာဝန် တွေကို ပါတီညီလာခံမရှိခင် ကြားကာလမှာ တာဝန်ယူဆောင်ရွက်ရပါတယ်။ ပါတီညီလာခံက ရွေးချယ်တင် မြောက်ခြင်းခံရတဲ့ ဗဟိုဦးစီးအဖွဲ့ဝင်များအနေနဲ့ (ယနေ့ကာလ ပါတီညီလာခံမရှိခင် ကြားကာလမှာ အမြူတေ ပါတီဗဟိုဦးစီးအဖွဲ့ဝင်များအနေနဲ့) ၄င်းတို့ထဲကမှ သင့်တော်တဲ့ ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက် ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပေးရခြင်းဟာလည်း ဗဟိုဦးစီးအဖွဲ့ရဲ့တာဝန်တခုပါ။

ဦးခင်မောင်ဆွေရဲ့အပြောအရဆိုရင် ပါတီညီလာခံကိုယ်စား ပါတီရဲ့မူဝါဒရေးရာကို အဓိကတာဝန်ယူရတဲ့ ဗဟို ဦးစီးအဖွဲ့အစား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ချမှတ်ပေးတဲ့ မူဝါဒကို အကောင်အထည်ဖော်ရမယ့် ဗဟိုဦးစီး အဖွဲ့ဆိုရင် အဖွဲ့ချုပ်ဖွဲ့စည်းပုံအရ ပြောင်းပြန်ဖြစ်နေပါပြီ။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကရှိခဲ့တဲ့ အဖွဲ့ချုပ်ဖွဲ့စည်းပုံအရ မူဝါဒရေးရာ အထက် အောက်စီးဆင်းမှုကို ဥပမာပြရှင်းရရင် ၁၉၉၀ ရွေးကောက်ပွဲအပြီး ဂန္ဒီခန်းမကြေညာစာတမ်းနဲ့ ပက်သက်ပြီး ဆွေးနွေးကြရာမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးချမ်းအေး တင်သွင်းတဲ့ (နအဖရဲ့၂၀၀၈ ဖွဲ့စည်းပုံပါ အစိုးရ ဝန်ကြီးနေရာ ခွဲဝေမှုနဲ့ ဘာမှမခြားတဲ့) အလျော့ပေးစေ့စပ်ရေးမူဟာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ မူဝါဒအဖြစ် မဲခွဲအတည်ပြုခဲ့ကြပေမယ့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီမူဝါဒကို ဗဟိုဦးစီးအဖွဲ့အစည်းအဝေးမှာ တင်သွင်း မဲခွဲခဲ့တဲ့အခါ ဗဟိုဦးစီးအဖွဲ့က လက်မခံဘဲပယ်ချခဲ့တာ တွေ့ရမှာပါ။

အခု အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေ ရှင်းပြတဲ့အတိုင်းဆိုရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အ ထက်မှာ ဘယ်သူမှမရှိ ဆိုတဲ့အနေကို ရောက်နေပါတယ်။ ဒါဟာ ၁၉၉၁ ခုနှစ်ကစပြီး ရှိနေခဲ့တဲ့ အဖွဲ့ချုပ်ဖွဲ့စည်း ပုံစံနဲ့ ဘာမှမခြားသလို ဒီလို ဗဟိုချုပ်ကိုင်မှုပုံစံနဲ့ ဘာမှထူးခြားတဲ့အောင်မြင်မှု လောက်လောက်လားလား ရရှိ လာစရာမရှိဘူးဆိုတာ ဖြတ်သန်းလာခဲ့တဲ့သမိုင်းကလည်း အထင်အရှားပြပြီးသားပါ။ အဝိုင်းပတ်ပြေးတဲ့ ပြေးပွဲ တခုလိုမျိုး လိုရာမရောက်တဲ့ ပြောင်းလဲမှုဆိုတာ ပြုပြင်ပြောင်းလဲမှု မမည်ပါဘူး။

အောက်ခြေအဖွဲ့ဝင်များရဲ့ ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး တိုက်တွန်းတောင်းဆိုချက်များဟာ ဒီလို ဗောင်း တော်ညိတ် ခိုင်းတာလုပ်မယ့် အဖွဲ့မျိုးမဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို မှန်မှန်ကန်ကန် ဦးဆောင်နိုင်မယ့်အဖွဲ့မျိုးပါ။

ဗဟိုလုပ်ငန်းအဖွဲ့တွေနဲ့ပက်သက်ရင်လည်း အမှန်တကယ်က ဗဟိုဦးစီးအဖွဲ့ရဲ့အထက်က အဖွဲ့အစည်းမဟုတ် ဘဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် လုပ်ငန်းအထောက်အကူပြုအဖွဲ့များသာ ဖြစ်ခဲ့တာပါ။ ဦးခင်မောင်ဆွေ ရှင်းလင်းပြခဲ့တဲ့အတိုင်းဆိုရင် ယခုဖွဲ့စည်းမှုက နိုင်ငံရေးပါတီတခုရဲ့ ဖွဲ့စည်းပုံနဲ့မတူဘဲ ဝန်ထမ်းရုံးဌာနတခုရဲ့ အထက်အောက်စီးဆင်းမှုပုံသဏ္ဍာန် ဖြစ်နေပါတယ်။ ဒီတော့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဖွဲ့စည်းပုံ အ ပြောင်းအလဲရှိမရှိဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များအတွက် မေးစရာကိစ္စတရပ် ဖြစ်လို့လာနေ ပါပြီ။

နောက်ပြီး ဗဟိုဦးစီးအစည်းအဝေးခေါ်ယူရေးကာလ သတ်မှတ်ချက်မှာလည်း အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦး ခင်မောင်ဆွေ အဆိုအရ “အခါအားလျော်စွာ ဒီဗဟိုဦးစီးတွေရဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေမှာဖြစ်နေတဲ့ နိုင် ငံရေး၊ စီးပွားရေး၊ လူမှုရေးရှေ့အလားအလာတွေကို အဲ ဗဟိုဦးစီးအဖွဲ့တွေ့ဆုံပွဲတွေလည်း ကျွန်တော်တို့ အခါ အားလျော်စွာ ရှေ့ဆိုရင်တော့ ကျင်းပသွားဖို့ရှိပါတယ်” ဆိုတော့ကာ ဒီဗဟိုဦးစီးအဖွဲ့ရဲ့ အစည်းအဝေးတွေကို ဘယ်သူက ခေါ်ယူခွင့်ရှိတာလဲ၊ ဘယ်လိုခေါ်ယူမှာလဲ ဆိုတာလည်း စိတ်ဝင်စားစရာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကထားခဲ့တဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက်၊ မူဝါဒသဘော ထားများ မပျောက်မပျက်ဘဲ ရွှေဂုံတိုင်ကြေညာချက်ကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီ အရောက်သွားဖို့ ယခုဗဟိုအလုပ်အမှုဆောင်ခေါင်းဆောင်များနဲ့ လာလတ္တံ့ သော ဗဟိုဦးစီးခေါင်းဆောင်များက ဦးဆောင်လျှောက်လှမ်းနိုင်ကြမှ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူကမဲပေး ပြီး ရွေးချယ်ထားရကျိုးနပ်မှာပါ။

ပါတီအပေါ်သစ္စာရှိမှုနဲ့ ပြည်သူအပေါ်သစ္စာရှိမှု ထပ်တူကျဖို့အရေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရေး ကိစ္စဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များအားလုံး စဉ်းစာကြဖို့ပါ။

အပစ်ရပ် မွန်ပြည်သစ် နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံ
31 January 2010


အပစ်အခတ် ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရ တိုက်တွန်းထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်မခံဘူးလို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲအတွက် ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း ဥပဒေထဲက တချို့အချက်အလက်တွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

နယ်ခြားစောင့် တပ်ဖွဲ့အသွင်ကို လက်မခံတဲ့ အပစ်ရပ် အဖွဲ့တွေဟာ တူညီတဲ့ ရပ်တည်ချက်တွေ ရှိနေကြတယ်လို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။

“ကျနော်တို့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေကြားမှာ တူညီတဲ့ ဒီနယ်ခြားတပ် ဒါမှမဟုတ် ပြည်သူ့စစ်ဖွဲ့ဖို့ ပြောလာတဲ့အပေါ်မှာ ကျနော်တို့အမြင်ပေါ့လေ၊ တူညီတဲ့ မူတွေကို ချုပ်ပြီးပြောရင်တော့ နံပါတ် ၁၊ စစ်မှန်တဲ့ ပြည်ထောင်စု တခုတည်းမှာ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့အောက်မှာ တပ်မတော်တခုတည်း ရှိရမယ်ဆိုတာ ကျနော်တို့ မူအားဖြင့် လက်ခံတယ်။

“နံပါတ် ၂၊ အဲဒီ ရှိနေတဲ့ သူတို့ လူမျိုးစု တိုင်းရင်းသားတွေရဲ့ တပ်အသီးသီးကလည်း မိမိတို့ရဲ့ ဆိုင်ရာ ပြည်နယ် ဒါမှမဟုတ် ဒေသအစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်။ အဲဒီအခြေခံမူ ၂ ခုကို ကျနော်တို့ ချုပ်ပြီးပြောရင် တူညီကြတယ်လို့ မြင်တယ်။ အဲဒီအမြင်ကိုလည်း ကျနော်တို့ပါတီ အနေနဲ့ ဒါ မူအနေနဲ့တော့ လက်ခံတယ်။ ဒါပေမဲ့ လက်တွေ့ ပြေလည်အောင်တော့ အချင်းချင်း အားလုံးညှိနှိုင်းဖို့ လိုမှာပေါ့။”

မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရ တိုက်တွန်းထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်မခံဘူးလို့ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က အခုလို ဆိုပါတယ်။

“တဘက်ကလည်း နယ်ခြားစောင့်တပ် ဆိုပြီးတော့ ကျနော်တို့ တိုင်းရင်းသားတပ်တွေကိုလည်း အသွင်ပြောင်းဖို့ အဲဒီလိုလုပ်နေတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ပါတီ အမြင်ကလည်း ထင်ထင်ရှားရှား ပြန်ကြားပြီးတော့ ပြောထားပြီးသား ဖြစ်တယ်။ လောလောဆယ် နယ်ခြားစောင့်တပ် ဖွဲ့ဖို့လည်း လူထုတွေရဲ့ အမြင်အရ လက်မခံနိုင်သေးဘူး။ အဲဒီအခြေအနေမျိုး ဖြစ်နေတော့ တဘက်က စစ်အစိုးရက ကျနော်တို့ရဲ့ ရပ်တည်ချက်အပေါ်ပေါ့၊ လက်မခံနိုင်တဲ့ ရပ်တည်ချက် အပေါ်မှာ သူတို့လည်း သဘောမတိုက်ဆိုင်တော့ အဲဒီအပေါ်မှာ သူတို့က ဘယ်လိုလှုပ်ရှားလာမလဲဆိုတာ ကျနော်တို့က တဘက်က သတိထား စောင့်ကြည့်နေရတာပေါ့။”

လက်ရှိအခြေအနေမှာ မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရအကြား ဆက်ဆံရေး အပိုင်းတွေမှာ အေးစက်မှု ရှိလာသလို မွန်ပြည်သစ်ပါတီ အနေနဲ့ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း ဥပဒေထဲက တချို့ အချက်အလက်တွေကို မပြင်ရင် လက်မခံနိုင်ဘူးလို့ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က အခုလို ပြောပါတယ်။

“ကျနော်တို့က အပစ်အခတ် ရပ်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးပြီးတော့ အဖြေရှာချင်တယ်။ ဒီကနေ့ ကျနော်တို့နိုင်ငံရဲ့ အခြေအနေကလည်း ဒီမိုကရေစီ အရေးရော၊ တိုင်းရင်းသား အရေးရော ပြေလည်အောင် အကောင်းဆုံးနည်းက တွေ့ဆုံဆွေးနွေးပြီးတော့ အချင်းချင်း ညှိနှိုင်းပြီး အဖြေရှာရေးပဲလို့ ကျနော်တို့ မြင်တယ်။ ဒီနေ့ ဒီအချိန်ထိလည်း အချိန်က ရှိနေသေးတယ်လို့ မြင်တယ်။ အဲဒီအမြင်နဲ့ပဲ ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်ရေးအတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

“တချိန်တည်းမှာ စစ်အစိုးရကလည်း ရွေးကောက်ပွဲအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံကို အခြေခံပြီးတော့ ကြိုးပမ်းနေတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံကိုလည်း သင့်လျော်တဲ့ အချက်တွေကို မပြင်ရင် ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့အမြင်က ဘယ်လိုဖြစ်ဖြစ်ပေါ့၊ အခြေအနေက အဲဒီလို ရှိနေသည့်တိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ရင်တော့ ကျနော်တို့နိုင်ငံရဲ့ ပြဿနာရော၊ ကျနော်တို့ တိုင်းရင်းသား ပြဿနာရော ပြေလည်မှာဖြစ်လို့ အဲဒီဖြစ်ရေးအတွက်အပေါ် ဆက်ပြီးတော့ ကြိုးစားပြီး တိုက်ပွဲဝင် တင်ပြနေဆဲ ဖြစ်ပါတယ်။”

မွန်ပြည်သစ်ပါတီကနေ ဦးဆောင်ပြီးတော့ ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ထိုင်း၊ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာမှာ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်မှာ ကျင်းပခဲ့ပါတယ်။ မွန်အမျိုးသား တပ်မတော်ရဲ့ စစ်ရေးပြ အခမ်းအနားတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ပြည်တွင်းပြည်ပက မွန်ပြည်သူတွေ အများအပြား တက်ရောက်ခဲ့သလို ဘုရားသုံးဆူမြို့က ဒေသခံ အာဏာပိုင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မွန်အမျိုးသားနေ့ဟာ သံမလကုမ္မာနဲ့ ဝိမလကုမ္မာ မင်းသားနှစ်ပါး ဟံသာဝတီ မွန်နေပြည်တော်ကို တည်ထောင်ခဲ့တဲ့ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Tuesday, January 26, 2010

၁၉၄၈ ခုနှစ်တုန်းကလို ပြန်ဖြစ်နိုင်သလား
ဗိုလ်သန်းရွှေက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ့်အကြောင်း ထပ်ပြောပြန်တယ်။ သူတို့ရွေးကောက်ပွဲ မလုပ်လို့မဖြစ်တော့ဘူး။ ဒီအတိုင်း ဆက်သွားနေရင် ပြည်တွင်းပြည်ပမှာ ပိုချဉ်ပတ်ဖြစ်လာမယ်။ နိုင်ငံတကာဗိုလ်ပုံအလယ်မှာ သူတို့ပုံရိပ်ကို နည်းနည်းလေးပဲဖြစ်ဖြစ် ပိုကောင်းလာစေမလားလို့။ နောက်ပြီး ဒီရွေးကောက်ပွဲကို အကြောင်းပြုပြီး ပြည်တွင်းပြည်ပက ဗမာပြည်သားတွေထဲမှာ သူတို့ကို ထောက်ခံတဲ့သူတွေ ဖော်ထုတ်နိုင်မယ်။ တနည်း အရပ်ဝတ်အလိုတော်ရိတွေ ထပ်မွေးနိုင်မယ်။ နိုင်ငံရေးသမား ကြီးငယ်၊ ဟောင်းသစ်၊ ပညာတတ်၊ လူမျိုးစု၊ အလွှာအသီးသီးထဲမှာ သူတို့အလိုတော်ရိ၊ ဒါမှမဟုတ် မဆန့်ကျင်ရဲသူတွေ ထွက်လာမှာ သေချာတယ်။ အနည်းဆုံး သူတို့ထောက်လှမ်းရေးအတွက် ဘီလူးစည်းလူစည်း ကွဲသွားတာပေါ့။

အနှစ်နှစ်ဆယ်ကျော် ယူနီဖောင်းဝတ်နဲ့ အာဏာယူထားခဲ့တဲ့နောက် အရပ်ဝတ်တွေကို ကက်ဘိနက်ထဲမှာ ထည့်မလို့လုပ်တဲ့ နအဖရဲ့ ဒီခြေလှမ်းမှာ အခု သူတို့အတွက် အကြီးမားဆုံး အတားအဆီးကြီးတခုကို ကြုံတွေ့နေရတယ်။ အဲဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပဲ။ ဒီတပွဲဟာ ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ နအဖရဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေတို့ ကျားနဲ့ ဆင် လယ်ပြင်မှာတွေ့တဲ့ ပွဲလို့ဆိုရင် မမှားဘူး။ ဒီပွဲကောင်းကို ကမ္ဘာကရော ဗမာပြည်ကပါ မျက်စိဒေါက်ထောက် ကြည့်နေကြတယ်။ နောက်ပြီး အခြေအနေက ဘယ်သူ့ဘယ်သူမှ လျှော့ပေးလို့မရဘူး။

ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ရေးခွင့်(နည်းနည်းပါးပါး)ရထားတဲ့ “ကလောင်ရှင်”တွေက ကိုယ့်အမြင်တွေ ကိုယ်ရေးကြ၊ “ဆရာလုပ်ကြ”တာတွေ တွေ့နေရတယ်။ အမျိုးမျိုးပဲ။ လူအမျိုးမျိုး၊ စာအမျိုးမျိုးဆိုပါတော့။ စစ်နဲ့တော်လှန်ရေးကို မှီဖူးသူတွေက ပုံစံတမျိုးနဲ့ ရေးတယ်။ တခါ ဖဆပလခေတ် မှီလိုက်သူတွေကလည်း သူတို့ပုံစံနဲ့ သူတို့ရေးကြသလို မဆလခေတ်ကို မှီလိုက်သူတွေကတမျိုး၊ နဝတ-နအဖခေတ်ကို မှီသူတွေကတမျိုး၊ ကိုယ်သန်ရာသန်ရာ ရှုဒေါင့်ကနေ ရေးကြတယ်။ သူတို့ ဘယ်လိုပဲရေးရေး၊ အားလုံးမှာ တူညီနေတဲ့ အကြောင်းအရာတခုကတော့ ဒီ ၂ဝ၁ဝ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နအဖတို့ ထိပ်တိုက်တွေ့ကြမလား၊ ဘာဖြစ်မလဲ ဆိုတာပဲ။ ထောက်လှမ်းရေးရဲ့ မော်ကွန်းတိုက်ထဲက အချက်အလက်တွေ၊ အမှတ်အသားတွေကိုတောင် ဗန်းတင်လာတာလည်း တွေ့ရတယ်။

ဒီအထဲမှာ ၁၉၄၈ ခုနှစ်တုန်းကလို တကြော့ပြန်ဖြစ်မလား ဆိုတဲ့အထိ ပြောနေကြတာဟာ စိတ်ဝင်စားစရာပဲ။ သူတို့ဒီလို ၁၉၄၈ ခုနှစ်ကို နောက်ကြောင်းပြန်ပြောတယ်ဆိုတော့ ဓမ္မတာပဲ။ အဲဒီတုန်းက အာဏာရ ဖဆပလ-ဆိုရှယ်လစ်နဲ့ ဗကပတို့ ပါလာတော့တယ်။ တဆက်ထဲမှာ ဘာကြောင့် ပြည်တွင်းစစ် ဖြစ်တယ်ဆိုတာလဲ သုံးသပ်ရတော့တယ်။ ဒီတော့ အဲဒီအကြောင်းတွေကို ဖော်ထုတ်သူတဦးဖြစ်တဲ့ နအဖဆီက ရှေ့နေပါဝါရထားတဲ့ မောင်စူးစမ်းက ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးအတုလား၊ အစစ်လား ငြင်းရင်း ပြည်တွင်းစစ်ကြီးဖြစ်ခဲ့တာလို အခုလည်း ဒီမိုကရေစီအစစ်လား၊ အတုလားငြင်းရင်း ပြည်တွင်းစစ်မီးကြီး ပြန်တောက်လာဦးမလားလို့ ပြဿနာဖော်နေတယ်။ ဒါ သူရေးနေကျ၊ လုပ်နေကျအတိုင်း ရေးတာ၊ လုပ်တာပဲ။ သိမှီသူမများတော့တဲ့ ကိစ္စကို ရှုပ်ရှုပ်ထွေးထွေးဖြစ်အောင် လုပ်၊ ပြီးတော့ သူလိုရာ ဆွဲသွားတာဟာ သူ့လုပ်ထုံးလုပ်နည်းလို့တောင် ပြောနိုင်တယ်။

အရင်တုန်းက ပြည်တွင်းစစ်ဖြစ်တာဟာ လွတ်လပ်ရေးစစ်မစစ် ငြင်းကြလို့၊ ငြင်းရာကနေ ထဖြစ်တာမဟုတ်ဘူး။ ဖဆပလ ကွန်မြူနစ်ညီညွတ်ရေး “စေ့စပ်ဆွေးနွေးပွဲ”အတွက် အပြန်အလှန် ညှိနှိုင်းနေတာကို ဖဆပလ-ဆိုရှယ်လစ်တွေက တဖက်သတ် ဖျက်သိမ်း၊ အလစ်အငိုက်ယူပြီး တပြည်လုံးမှာ ကွန်မြူနစ်တွေ ဖမ်းပွဲကြီးလုပ်လို့ ပြည်တွင်းစစ်ဖြစ်တာပဲ။ ဒီမိုကရေစီသာ တကယ်တမ်းရှိရင် လွတ်လပ်ရေးစစ်မစစ် ဆိုတာကို အတောမသတ် မပြီးမချင်း ငြင်းနေလို့ရတယ်။ မှားနေတဲ့ဘက်က ပြင်ဖို့ပဲရှိတယ်။ ဘယ်သူမှ ဒါလောက်နဲ့ ထပြီး စစ်တိုက်မှာမဟုတ်ဘူး။

လက်တွေ့ ကိုယ်ထိလက်ရောက် နှိပ်ကွပ်တာမရှိပဲနဲ့တော့ ဗကပက ပြန်မတိုက်ဘူး။ ရှစ်လေးလုံးနောက်ပိုင်း တောခိုတဲ့လူတွေ သောင်းဂဏန်း၊ သိန်းဂဏန်း ရှိတယ်။ သူတို့ဟာ နဝတစစ်အစိုးရ ဗိုလ်စောမောင်တို့နဲ့ အယူအဆ ငြင်းကြရာကနေ တောခိုလာတာလား။ စစ်အာဏာရှင်က လမ်းမပေါ်မရှောင် ပစ်သတ်၊ ရပ်တကာ လမ်းတကာ ဖွေလှန်ဖမ်းဆီးနေလို့သာ တောခိုကုန်ကြတာမဟုတ်ဘူးလား။ စစ်အစိုးရနဲ့ လူလိုစကားပြောခွင့်၊ ကွဲလွဲခွင့်ရနေလို့ကတော့ ဘယ်သူမှ ဒီဒုက္ခကို မရှာတာ သေချာတယ်။

အခုလည်း ဒီမိုကရေစီစစ်မစစ် ငြင်းရာကနေ ပြည်တွင်းစစ်မီး ထတောက်မယ်လို့ပြောတာဟာ အတိုက်အခံတွေ၊ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အပြစ်ကြိုတင်ပုံချနေတာ ဖြစ်တယ်။ ဆွဲချပုလိပ်လို နအဖကြောင့် ဖြစ်လာမယ့် ကိစ္စဆိုးတွေအတွက် တရားခံရှာပေးနေတာဆိုရင်လည်း မမှားပါဘူး။

တကယ်က ဒီနေ့အခြေအနေမှာ ရွေးကောက်ပွဲတခု မလုပ်မီ အာဏာရစစ်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြား ဆွေးနွေးတာကို အရင်လုပ်ရမှာဖြစ်တယ်။ တကယ်တမ်းသာ နအဖက ဒီလိုတွေ့ဆုံဆွေးနွေးပွဲကို လေးလေးနက်နက် စတင်လိုက်တယ်ဆိုရင် အသံကြားလိုက်တာနဲ့ပဲ ပြည်သူတွေဟာ ရွှင်လန်းအားတက်သွားမှာ သေချာတယ်။ တိမ်မည်းတွေကြားက နေအပိုင်းအစလေးကို မြင်လိုက်ရသလိုဖြစ်မှာ။ ဒါပေမဲ့ အခုတော့ နအဖဟာ ဗိုလ်အောင်ကြည်နဲ့ တွေ့ခိုင်းတယ်ဆိုတာလုပ်ပြီး “သို့လော-သို့လော”တွေပဲ တမျိုးပြီးတမျိုး ဖန်တီးနေတယ်။

ဒါနဲ့တဆက်ထဲ နအဖဗိုလ်ချုပ်တွေ ပက်ပက်စက်စက် လုပ်နေတဲ့ ကိစ္စတခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို ကွဲအောင်လုပ်နေတာပဲ။ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ထိပ်ပိုင်းခေါင်းဆောင်တွေအချင်းချင်း စကားမပြောနိုင်ဖြစ်နေပြီဆိုတဲ့ မဟုတ်တန်းတရားတွေကို ပြည်ပမီဒီယာထဲ ပါအောင် လုပ်တာတွေတောင်ရှိတယ်။ အောက်ခြေတွေထဲမှာ သပ်လျှိုတယ်၊ ခြေထိုးတယ်။ အယူအဆတွေ အမျိုးမျိုးပေါ်ပေါက်နေချိန်မှာ စီအီးစီစုံညီတွေ့ခွင့်မပေးပဲ ထားတယ်။ ဒီနေ့လို ပြည်တွင်းပြည်ပအခြေအနေမှာ ပါတီတခုရဲ့ ခေါင်းဆောင်မှုဆိုတာ အချင်းချင်း မပြတ်တွေ့ဆုံညှိနှိုင်းနေဖို့ လိုတယ်။ မတွေ့ရတာကြာရင် ကိစ္စသေးတွေဟာ အစိုင်အခဲတွေ ဖြစ်လာတတ်တယ်ဆိုတာ လူတိုင်းအသိပဲ။ နအဖဟာ ဒီလိုလုပ်ရပ်ကို ကောလာဟာလယန္တရားကြီးနဲ့ ပေါင်းစပ်ပေးထားတယ်။ သူတို့လုပ်ရပ်တွေကို ထောက်ကြည့်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို ရေနှောက်ငါးဖမ်း လုပ်လာနိုင်တဲ့ အန္တရာယ်ရှိနေတယ်ဆိုတာ တွေ့ရတယ်။

တကယ်က နအဖအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်နဲ့ တွေ့ဆုံစကားပြောတာမလုပ်ပဲ ရွေးကောက်ပွဲကို အတင်းလုပ်၊ သူတို့စိတ်ကြိုက် အစိုးရတခု ဖွဲ့၊ နောက်ပြီး အဲဒီအတွက် အတားအဆီးလို့ ထင်တာမှန်သမျှကို ဖြေရှင်း၊ ဖယ်ရှား စတာတွေလုပ်လာရင် ၁၉၄၈ ခုနှစ်တုန်းက အခြေအနေမျိုးကို ရောက်သွားနိုင်စရာ အလားအလာတွေ အများကြီးရှိပါတယ်။ ဒီနေ့ ဗမာနိုင်ငံမှာ အပူတပြင်း ဖြေရှင်းဖို့လိုနေတာက အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာဖြစ်တယ်။ နအဖစစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းဆက်ခံမယ့်လူ ဖော်ထုတ်ရေးမဟုတ်ဘူး။ အမျိုးသားစည်းလုံးညီညွတ်ရေးမရှိဘဲ စစ်အာဏာရှင်တွေ မျိုးဆက်အလွှဲအပြောင်းလုပ်ရင် မကောင်းတဲ့ အကျိုးဆက်ပဲ ပေါ်ထွက်လာမှာပဲ။

x x x x x

ရဲဘော်ဖိုးသံချောင်း

Sunday, January 17, 2010

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃ဝ၃
အမေရိကန် သမ္မတသို့ မင်းတုန်းမင်း ပေးပို့သောစာ
၂တိုင်း ၂ပြည် ရာဇမဟာမိတ်ဖြစ်ကြရလျှင်။ သားတော်အစည် မြေးတော်အဆက်။ မြစ်တော်အညွန့် အဓွန့်ရှည်စွာ ကုန်သည် ဆင်းရဲသား ကျွန်တော်မျိုးတို့ အကျိုးများစွာ ရှိမည်ကို သဘောထား၍ - - ”

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - စာဆိုတော် မိဖုရား လှိုင်ထိပ်ခေါင်တင် ရာဇ၀င် နောက်ကြောင်း စုဆောင်း ပြောခဲ့တာ အတော်စုံပါပြီ။ ပြန်ကောက်ကြည့်ရင် လှိုင်မင်းသမီးကို သက္ကရာဇ် ၁၁၉၅ ခုနှစ်မှာ မွေးဖွားတယ်၊ သာယာဝတီ ရွှေဘိုမင်းနဲ့ စာဆို အနောက်နန်းမတော် မမြကလေးတို့ရဲ့ တဦးတည်းသော ချစ်မငြီးတဲ့ သမီး၊ ငယ်မည်က မဖွားကြီးပါ တဲ့။ အသက် ၄ နှစ်မှာ လှိုင်မြို့စား သနားခံရတာကြောင့် ‘လှိုင်ထိပ်ခေါင်တင်’ မည်တွင်လာတယ်။ သက္ကရာဇ် ၁၂၀၂ ခုနှစ်မှာ ခမည်းတော် ဘုရင် ‘ရာဇဘိသေက’ ဗုဒ္ဓာ ဘိသိတ်ခံတဲ့အခါ ‘သီရိသုမြတ်စွာ ရတနာဒေ၀ီ’ ဘွဲ့ ချည်ပေးခဲ့တယ်။ သူ့မယ်တော် မမြကလေး ရာဇ၀တ်ဘေးသင့်လို့ မိတဆိုးလေး ဖြစ်တဲ့အခါ အသက် ၁၂ နှစ်နဲ့ အထီးကျန်ခဲ့ရှာပါတယ်။ မင်းတုန်းမင်းသား မိဖုရားက သနားပိုက်ထွေး ရင်သွေးပမာ လမ်းအပြကောင်းတာနဲ့ ကဗျာလင်္ကာ နန်းတွင်းဇာတ်တော်မဟာ - ပန်တျာဂီတ သူ့မယ်တော်လို ဗီဇ ပြနိုင်ခဲ့တဲ့ အလှပင်တိုင်စံ တပါးလို့ ကျော်ကြားလာပါတယ်။ သက္ကရာဇ် ၁၂၁၄ ခုမှာတော့ မွေးစားဖခင် ဘုရင် မင်းတုန်း နန်းတက်ခဲ့ပြီး တနှစ်လောက်မှာ ညီတော် နန်းလျာ ကနောင်မင်းသားနဲ့ စုလျားရစ်ပတ် အိမ်ရှေ့မိဖုရားအရာ နှင်းအပ်ခဲ့ပါတယ်။ သည်အခါ ချစ်ရသူဘက်က ဝေဒနာခံစားရရှာလို့ ကနောင်ကို ချော့ဖို့ရာ သဘောလယ်စေတယ် ဆိုတဲ့ ‘ဘောလယ်’သီချင်း ရေးဆက်သွင်းပါတယ်။ ‘ကိန္နရာချောင်းခြား’ ‘မျှော်တော်ယောင်ပတ်ပျိုး’ များနဲ့ ကဗ္ဗည်းတင် လွမ်း ရင်ကိုလျှော့ ရွှေလည်မော့မော့ နေခဲ့တော့တာ ၁၂၂၈ ခုနှစ် အိမ်ရှေ့မင်း နတ်ထီးစံသည် အထိပါပဲ။ ဒီနောက်တော့ တပုဒ်မှ မှတ်တမ်းစာရင်းမှာ မတွေ့ရတော့ပါဘူးတဲ့လေ။ ၁၂၃၇ ခုနှစ်မှ အရှင်မ ခန္ဓာစဲရှာတာ ဆိုတော့ ၄၂ နှစ်ပဲ ရှိသေးပါလား လို့ သနားလိုက်တာ၊ အင်း - ဒါလဲ ကံဖယ်တာပေါ့ လို့ သက်သာအောင် ပြန်တွေးမိသေးတယ် သောတရှင်တို့ရဲ့။ လှိုင်ထိပ်တင်ရဲ့ မွေးသမိခင်နဲ့ ကြင်ယာတော်တို့ဟာ သူများလက်ချက်နဲ့ အသက်ထွက်ခဲ့ကြတာ မဟုတ်လား။ တကယ်လို့များ နောက် သုံးလေးနှစ် ဆက်ပြီး အသက်ရှည်ဦးမယ် ဆိုရင် ၁၂၄၀ ခုနှစ် သီပေါမင်း နန်းတက်စက မင်းညီမင်းသား မင်းသွေးများ ဖျောက်ဖျက်ပစ်ကြတဲ့ ကိစ္စမှာ သားတော်သည်းခြား ထန်းတပင် မင်းသား ပါသွားရှာလို့ ရင်ဆို့ရဦးမှာ။ သူကိုယ်တိုင်လဲ ဒီအထဲ ပါသွားနိုင်သေးတာမို့ ကံဖယ်တာလို့ ပြောချင်တာလေ။ ဒီအဖြစ်တွေက သံဝေဂ ရစရာလို့ ညည်းချင်ပါတယ်။




ဖော်မမှီ။ ဇော်ဂီလှိုက်မွေ့တဲ့ မြိုင်မြေ့ညာကြော့ ဖန်နှစ်ရေ ဆံကျစ်ကယ် ရမန်ခွေနှင့် ကြံလေလေ သံဝေရပါဘိ တောခချင်ပေါ့။ ။

ဘယ်စာဆို ရေးခဲ့မှန်း မသိပေမယ့် ကိုယ်နဲ့ စိတ်အထာမကျတဲ့အခါ သံဝေဂ ကဗျာ ရွတ်ဖို့ရာ သိမ်းထားတာလေးပါ။ ၀ါသနာက ကြီးတော့ မညည်းလဲ မနေနိုင်ဘူး ရှင့်။ ကိုယ့်စိတ်ကူးထဲမှာ ထူးတယ်လို့ ထင်ရင်လဲ ချစ်ဆွေတို့ကို ပြန်ပြောဖို့ ဟန်တပြင်ပြင် ကိုယ်လိုပဲ သိစေချင် ဖြစ်မိတယ်ရှင်။

တလောက စပရင်းဖီးလ် မြို့က ချမ်းမြေ့ဆရာတော်ကျောင်း ကထိန်အလှူ သွားရင်း “မင်းတုန်းမင်းကြီးက အမေရိကန် သမ္မတ James Buchanan ကို ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီ လမှာ ရေးပို့ခဲ့တဲ့ စာ” မိတ္တူ တစောင် ရလာပါတယ်။ အဲဒါ ဖတ်ပြမလို့ပါ။ မြန်မာမင်းနဲ့ အမေရိကန် နိုင်ငံ ရှေးကတည်းက ဆက်ဆံလာတဲ့အကြောင်း သိဖို့ ကောင်းတယ် မဟုတ်ပါလားရှင်။

သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း အစရှိသော အရှေ့မျက်နှာ တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်း အပေါင်းတို့ကို အစိုးရတော်မူသော ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော နေထွက်ဘုရင်။ ဆဒ္ဒန်ဆင်မင်းသခင် ။ ဆင်ဖြူများရှင် ။ အသျှင်ဘ၀ရှင်မင်းတရားကြီးဘုရား ။ ပဒုံမာကြာမှုံနှင့်တူသော ရွှေစက်တော်စုံကို အမြဲ ဦးထိပ်ရွက်၍ ။ တိုင်းရေးပြည်မှုကို စီရင်ရသော ။ အဂ္ဂမဟာ သေနာပတိ ၀န့်ရှင်တော် စစ်သူကြီးမင်းများ ကြားလိုက်သည်၊ ၀ါရှည်တံမြို့နှင့်တကွ အနောံမျက်နှာ တိုင်းကြီး ပြည်ကြီးများကို အစိုးရတော်မူသော ။ အမရီကံမင်း စစ်သူကြီးမင်းတို့ ။ ။ ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော အသျှင်ဘ၀ရှင် မင်းတရားကြီးဘုရားသည် ။ ဘေးလောင်းတော် ။ ဘိုးလောင်းတော်တို့ အရိုက်အရာတော်ဖြစ်သော တိုင်းပြည် နိုင်ငံ အလုံးကို ။ ဆက်ခံ စိုးအုပ်တော်မူလျှင် ။ ရှေးဘုရားအလောင်း ။ မင်းကောင်းမင်းမြတ်တို့ ကျင့်ထုံးဖြစ်သော တရားများကို ။ အထူးသဖြင့် ကျင့်သုံးတော်မူ၍ ။ ဘေးလောင်းတော် ဘိုးလောင်းတော်တို့ လက်ထက်တော်က ရာဇမဟာမိတ်ဖြစ်သော ။ ပြည်ထောင်ဘက်မင်းတို့နှင့် ။ ရာဇမဟာမိတ်ဖြစ်မြဲဖြစ်စေသည်။ အမရီကံဆရာ ကင်းကိတ် ရွှေဖ၀ါးတော်အောံ လာရောံလျှင်လည်း အဆီးအတားမရှိ။ အတွင်းတော်သို့ ၀င်ထွက်စေပြီးလျှင် ရွှေမျက်နှာတော်ကို ဘူးမြော်စေ၍ အကြောင်းအရာများကို တင်လျှောက်စေသည် ။ တိုင်းတော်ပြည်တော်နှင့် အမရီကံမင်းတိုင်းပြည် ရာဇမဟာမိတ်ဖြစ်ကြရလျှင် ။ ၂တိုင်း ၂ပြည် သားတော်အစည် မြေးတော်အဆက် ၊ မြစ်တော်အညွန့် အဓွန့်ရှည်စွာ၊ ကုန်သည် ဆင်းရဲသား ကျွန်တော်မျိုးတို့ အကျိုးများစွာ ရှိမည်ကို သဘောထား၍ ။ ဆရာကင်းကိတ်ကို ။ စာပေးအပ်လိုက်သည် ။ စစ်သူကြီးမင်းတို့ကလည်း ၂တိုင်း ၂ပြည် ရာဇမဟာမိတ်ဖြစ်ကြရလျှင်။ သားတော်အစည် မြေးတော်အဆက်။ မြစ်တော်အညွန့် အဓွန့်ရှည်စွာ ကုန်သည် ဆင်းရဲသား ကျွန်တော်မျိုးတို့ အကျိုးများစွာ ရှိမည်ကို သဘောထား၍ အမရီကံ မင်းထံ ၊ ရာဇမဟာမိတ် ဖြစ်ကြရအောင် တင်လျှောက်မည်အကြောင်းကို ကြားလိုက်သည် ။

ကဲ - ရှေးမြန်မာတို့ ရေးပုံရေးနည်းနဲ့ အသုံးအနှုံးတွေ ကြားလိုက်ပြီနော်။ သောတရှင်များ ဗဟုသုတနဲ့ ပြည့်စုံကြပါစေရှင်။

Monday, January 11, 2010

စစ်အာဏာရှင်ကြီးတွေရဲ့ အနာဂတ်
Monday, 11 January 2010 16:20 မမခင်
မြန်မာပြည်မှာ စစ်တပ် အာဏာကို ချုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ၅၀ ဆိုကြပါစို့။ နောက်ဆုံး ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး စစ်အာဏာရှာရယ်လို့ ပြောင်ကျကျ အုပ်ချုပ်ခဲ့တာက နှစ် ၂၀ ကျော်ခဲ့ပါပြီ။ ဒီနှစ်ပေါင်း နှစ်ဆယ်ကျော်ကာလမှာ စစ်အာဏာရှင်တွေဟာ ပြုတ်ကျမသွားသည့်တိုင် သေချာတာကတော့ လူထုရဲ့ ထောက်ခံမှု အစစ်အမှန်ကို မရခဲ့ကြတာပါပဲ။ ၁၉၈၈ ခု လူထုအုံကြွမှုတွေ ဖြစ်ပွားနေတဲ့ကာလ (၉ - ၈ - ၈၈) နေ့ စစ်တပ်က ရန်ကုန်ဆေးရုံကြီးကို အကြမ်းဖက် ပစ်ခတ်ခဲ့ပြီးနောက် မြန်မာပြည်မှာ တပ်မတော် ဂုဏ်ရှိတယ်ဆိုတဲ့ နေ့တွေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ပါဘူး။ ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးမှာ မေတ္တာပို့ လမ်းလျှောက်ကြတဲ့ သံဃာတော်မထေရ်မြတ်တွေကို ပစ်ခတ်ခဲ့တာ၊ ရဟန်းသံဃာတော်တွေ သီတင်းသုံးနေထိုင်တဲ့ ကျောင်းတိုက်ပေါင်း လေးဆယ်ကျော်ကို စစ်စခန်းဝင်စီးသလို စီးနင်းဝင်ရောက်ပြီးချိန်မှာတော့ မြန်မာပြည်သူတွေရဲ့ စစ်တပ်ပေါ် ထားရှိတဲ့ သဘောထားဟာ အတော်လေးကို စက်ဆုတ်တဲ့ အနေအထားကို ရောက်ရှိသွားခဲ့တာ လူတိုင်းအသိပါ။ ဒီနေ့ ဒီအချိန်မှာ စစ်တပ်ရဲ့ ဒီလိုကြမ်းတမ်းတဲ့ အပြုအမူတွေရဲ့ အကျိုးဆက်ကတော့ လူထုထဲမှာ စစ်တပ်ရဲ့ ရေပမ်းစားမှု၊ လူထုထောက်ခံမှုဟာ သုညအောက်ရေခဲမှတ်ကို ကျရောက်သွားပြီ ဆိုတာပါပဲ။


စစ်အာရှင်တွေရဲ့ အနာဂတ်
၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ဘီလူးရုပ်ကို ဗိုလ်ခင်ညွန့်ဟာ မင်းသားခေါင်းဆောင်းပြီး ဖုံးကွယ်နိုင်ဖို့ အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ သူဟာ အာဏာရှင် ဦးနေဝင်းရဲ့ လက်ကျဖြစ်လို့လဲ တိုင်းပြည်ကို အုပ်ချုပ်ချင်ရင် အနည်းဆုံး တိုင်းသူပြည်သားရဲ့ ထောက်ခံမှုကို လိုအပ်တယ်ဆိုတာ သဘောပေါက်ပုံ ပေါ်ပါတယ်။ ဒါကြောင့် ဗိုလ်ခင်ညွန့်ဟာ စစ်တပ်ကို ရှေ့တန်းက ကာကွယ်ပြီး လူထုဆီက အစစ်အမှန်ထောက်ခံမှု မရရင်တောင် အတုအယောင် ထောက်ခံမှုတွေရဖို့ လူထုနဲ့ နီးနီးကပ်ကပ်နေဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။


လက်ရှိ စစ်တပ်ကို ဦးဆောင်နေသူ ဗိုလ်သန်းရွှေကတော့ ၁၉၆၂ ခုနှစ်ကတည်းက ဦးဆောင်ခဲ့တဲ့ စစ်အာဏာရှင်တွေထဲမှာ အညံ့တကာ့ အညံ့ဆုံး စစ်တပ်ခေါင်းဆောင်တယောက် ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ သူဟာ နိုင်ငံရေးသဘောတရားမပါ စစ်ရေးသက်သက်ကို အတော်အားကိုးပုံရပါတယ်။ သူ့ရဲ့ ထုံထုံထိုင်းထိုင်း ကြမ်းတမ်းတဲ့ ရုပ်သွင်နဲ့ လိုက်ဖက်လှစွာ နိုင်ငံအုပ်ချုပ်ပုံတွေကလည်း ရက်စက်ခြင်း၊ ကြမ်းတမ်းခြင်းများနဲ့ ပြည့်စုံလှတာမို့ သူကို ရုပ်ကြမ်း စိတ်ကြမ်း အာဏာရှင်တယောက်အဖြစ် နိုင်ငံတကာကပါ စိတ်ဝင်စားခံရသူ ဖြစ်ပါတယ်။ ဒါကို သူ့အနေနဲ့ အောင်မြင်မှုလို့ ယူဆကောင်းယူဆမှာဖြစ်ပေမဲ့ တကယ်တော့ သူရဲ့ နိုင်ငံအုပ်ချုပ်ပုံဟာ မြန်မာပြည်မှာ စစ်တပ်က အာဏာယူနိုင်မှုကို အဆုံးသတ်သွားစေမဲ့ အုပ်ချုပ်ပုံသာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ စစ်တပ်ရဲ့ အခြေအနေဟာ အကောင်းဘက်မှာ မရှိပါဘူး။ ၁၉၈၈ ခုနှစ်နောက်ပိုင်း လူထုထောက်ခံမှု ကျဆင်းခဲ့ရတဲ့ စစ်တပ်ထဲကို လူထုထဲက အခြေခံတပ်သားအဖြစ် ဝင်ရောက်သူ လုံးဝနီးပါး မရှိတော့လို့ နောက်ပိုင်းမှာ စစ်တပ်ဟာ တြိဂံကြီးပက်လက်လှန်ထားတဲ့ အခြေခံစစ်သားက နဲနဲ၊ ဗိုလ်တွေက များများဖြစ်နေလို့ ဗိုလ်တရာ ငယ်သားတစ် တပ်ဟာ မြန်မာ နအဖစစ်တပ်ပါ။ ရှိတဲ့ တပ်သားတစ်ကလည်း ကလေးစစ်သား၊ ဒါမှမဟုတ် တပ်ပြေးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ယခင်က တရင်းတရင်းမှာ တပ်သားဦးရေ ၇၀၀ မှ ၈၀၀ အထိ ရှိခဲ့တဲ့ မြန်မာစစ်တပ် တပ်ရင်းတရင်းဟာ ယခုဆိုရင် တပ်သားဦးရေ ၂၀၀ ကျော်ကျော် ၃၀၀ တောင်မပြည့်တော့လို့ ကလေးစစ်သားရရှိရေးကို အဓိကအားထားပြီး စစ်သားစုဆောင်း နေရပါတယ်။ ဒီအချက်ကလည်း နိုင်ငံတကာအလုပ်သမားဥပဒေနဲ့ ငြိစွန်းနေလို့ ILO လို အဖွဲ့အစည်းတွေက ထောက်ပြဝေဖန်လာတဲ့အခါ စစ်တပ်ဟာ စစ်သားရရှိဖို့ ဝယ်ယူနေရတဲ့ အနေအထားပါ။ ဝယ်ယူထားရတဲ့ ကလေးစစ်သားဘဝက ဇွတ်တရွတ်ဆွဲခေါ်ထားရတဲ့ စစ်သားဆိုတာ စစ်တပ်အတွက် စစ်သားကောင်း မဖြစ်နိုင်ပါဘူး။ ယခုအချိန်မှာ စစ်တပ်ထဲက တပွင့် နှစ်ပွင့် သုံးပွင့် ဗိုလ်ကလေး၊ ဗိုလ်ကြီးတွေရဲ့ အလုပ်ဟာ စစ်သားသစ်ရရှိရေးမှတပါး အခြားမရှိပါဘူး။ ဗိုလ်တယောက်က တလကို စစ်သားသစ် ၃ ယောက် စုဆောင်းပေးရပါတယ်။ မရတဲ့အခါ ဝယ်ယူပေးရတယ်လို့ သိရပါတယ်။

စစ်သားသစ်တယောက်ရဲ့ ဈေးနှုန်းဟာ ယခင်က ကျပ်ငွေ သုံးသောင်းမှ ငါးသောင်းဖြစ်ပေမဲ့ ယခု ၂၀၀၉ ခုနှစ်ထဲမှာ တယောက်ကို တသိန်းပေါက်ဈေး ဖြစ်နေပါပြီ။ စစ်သားဝယ်ယူမှု ကုန်ကျစရိတ်ကို စစ်ဗိုလ်ကလေးများဟာ မိမိအိပ်ထဲက စိုက်ထုတ်ဝယ်ယူပေးရတာမို့ ယခုဆိုရင် စစ်ဗိုလ်ကလေးများအတွက် သူတို့ရဲ့ ဝင်ငွေလစာနဲ့ မလောက်ငလို့ မိဘများထံ ပြန်တောင်းနေရတဲ့ အခြေအနေပါ။ ဒါကြောင့် မြန်မာပြည်ထဲမှာ သားစစ်ဗိုလ်တယောက်ရှိရင် အိမ်က မိဘ ထမင်းငတ်မဲ့ကိန်း ဆိုက်နေလို့ စစ်ဗိုလ်ကလေးတွေရဲ့ မိဘတွေဟာ သားအရာရှိဖြစ်လို့ ဝမ်သာရမှာလား။ အိမ်ကရှိသမျှလေး ခြစ်ချုပ်ပြီး သားအလုပ်မပြုတ်ရေး စစ်သားဝယ်ကြေး ထောက်ပံ့နေရလို့ ငိုရမှာလားနဲ့ ငို၍ ရီ၍ မရသော မျက်နှာပိုင်ရှင်တွေ ဖြစ်နေပါပြီ။

ဒါ့အပြင် မြန်မာပြည်သူလူထုထဲမှာ ကြေးပိုင်ကျွန်ပိုင်ရှင်စနစ် မထွန်းကားပေမဲ့ စစ်တပ်ထဲမှာ ထွန်းကားနေတဲ့ ကြေးပိုင် ကျွန်ပိုင်စနစ်ကလည်း အောက်ခြေအရာရှိ အရာခံ အကြပ်တပ်သားတွေအဖို့ ကြီးလေးတဲ့ ဝန်ထုတ်ဝန်ပိုး ဖြစ်နေကြပါပြီ။ သာမာန်အဆင့် စစ်ဗိုလ်ကလေးတွေရဲ့ အလုပ်ဟာ တပ်ရင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူးတွေနဲ့ သူတို့ရဲ့ ကတော်တွေ မိသားစုဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စအဝဝကို ဆောင်ရွက်ပေးရတာဟာ တာဝန်တွေထဲက တာဝန်ပါပဲ။ တခါ တပ်ရင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူးတွေ ကျပြန်တော့လည်း သူ့ထက်မြင့်တဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ တောက်တိုမယ်ရ အငေါက်ခံ အဆူခံ အခြေအနေဆိုးနေသလဲဆိုရင် စစ်တိုင်းတတိုင်းရဲ့ တိုင်းမှူးဆိုတာ နေပြည်တော် ကြပ်ပြေး (ခေါ်) အလွန်ဆိုးတဲ့ ဆိုးမြို့တော်ကို ရောက်ရင် တပ်သားအဆင့်ပဲ ရှိတော့တယ်လို့တောင် လူတွေက ပြောနေကြပါပြီ။ နေပြည်တော်ဆိုတဲ့ နေရာမှာ ရာထူးအရေးမကြီး၊ နေရာသာအဓိကလို့ ဆိုကြပါတယ်။ စစ်အာဏာရှင်ကြီးများရဲ့ လက်သင့်ရာ စားတော်ခေါ် ကိုယ်ရေးအရာရှိ ဗိုလ်မှူး ဗိုလ်ကြီးလောက်ကို စစ်တိုင်းတွေကလလာတဲ့ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်တွေက ကြောက်နေရတယ်လို့ ဆိုကြပါတယ်။ ဒီလို ကြေးပိုင်ကျွန်ပိုင်စနစ်ဆန်ဆန် စစ်တပ်ရဲ့ အထက်အောက် ဆက်ဆံရေး ရှုပ်ထွေးမှုတွေက စစ်တပ်ကို ပြည်သူလူထုက နှစ်သက်ဖို့ မပြောနဲ့။ စစ်တပ်ကို စစ်တပ်က နှစ်သက်ဖို့ မလွယ်တော့တာ သေချာပါတယ်။ အထက်ကပြောခဲ့တဲ့ အချက်တွေရဲ့ သက်သေကို ရှာချင်ရင် မင်္ဂလာဒုံ စစ်ဆေးရုံက စစ်တပ်က စိတ်ဖောက်သွားတဲ့သူတွေ ထားတဲ့ နေရာကို သွားရောက်လေ့လာကြည့်ပါ။ ခြံခတ်ထားတဲ့ စိတ္တဇဝေဒနာသည် စစ်ဗိုလ်တွေကို တွေ့ရပါလိမ့်မယ်။

ရှေ့လျှောက်လည်း စစ်စိတ္တဇဆေးရုံမှာ စစ်တပ်က လူတွေ တိုးရောက်လာဖို့သာ ရှိပါတယ်။ လျှော့သွားဖို့ လမ်းမမြင်ပါဘူး။ တနှစ် တနှစ်တိုးလာတဲ့ စစ်ဗိုလ်အရေအတွက်က ထောင်ဂဏန်း၊ နှစ်အလိုက် သက်တန်းပြည့်တိုင်း ရာထူးတိုးပေးရတဲ့ ထုံးတမ်းစဉ်လာကြောင့်လည်း စစ်တပ်ထိပ်ပိုင်းမှာ ဧရာမ ဗိုလ်ချုပ်၊ ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးဆိုတဲ့ ဗိုလ်ထုပ်ကြီးဟာ တပြုံတမကြီး ဖြစ်နေပါပြီ။ ဒီအထဲမှာ တသက်လုံး စစ်တပ်မပြိုကွဲဖို့ ငါတို့အမြဲလိုနေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က မသေမချင်း စစ်တပ်က မထွက်ဘဲ ပေခံနေကြမှာကတော့ စစ်တပ်အတွက် အဆိုးဆုံးပိတ်ဆို့မှုပါပဲ။ သူတို့ မထွက်နိုင်လို့ တခြားသူတွေကိုလည်း ဖြုတ်ဖို့ ခဲရင်း၊ စစ်တပ်ရဲ့ ရာထူးစီးဆင်းမှုလမ်းကြောင်းဟာ အဝင်သာရှိပြီး အထွက်မရှိတဲ့ ဝမ်းဗိုက်တခုလို အစာမကြေ ရင့်ပြည့်ရင်ကယ် ဆီးချုပ် ဝမ်းချုပ် စမြင်းခံနေရပြီဆိုတာ သေချာပါတယ်။

ဒါကြောင့် အခုတလော အသံထွက်လာတဲ့ ဗိုလ်မှူးကြီးအောက် စစ်တပ်အောက်ခြေ အမှုထမ်းတွေကို ကျပ်ငွေ နှစ်သောင်းလစာ ဆောင်းပေးမယ်ဆိုတာ ဖြစ်လာတာပါ။ ဒါဟာ အစာမကြေနေသူတွေကို အစာကြေဆေး လျက်ဆား ကြွေးလိုက်တာပါပဲ။ ဗိုလ်သန်းရွှေအနေနဲ့ အစာကြေနိုးနိုး အစာကြေလျက်ဆား ကြွေးကြည့်သော်လည်း ပြဿနာဟာ ဒီလောက်နဲ့ ဖြေရှင်းလို့ ရနိုင်မယ်မထင်ပါဘူး။

တိုင်းသူပြည်သားနဲ့ စစ်တပ်ရဲ့ အခွင့်အရေး အနေအထား ကွာခြားသလို စစ်တပ်အပေါ်ပိုင်းနဲ့ အောက်ခြေရဲ့ အခွင့်အရေး ကွာခြားမှုဟာလည်း တနေ့တခြား ထင်ရှားကြီးမားလာနေပြီမို့ ထိပ်ဆုံးမှာ အမာအခဲ အတုံးများအဖြစ် ပိတ်ဆို့နေသူ ထိပ်ဆုံးက စမြင်းတုံးကြီးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးတွေအဖို့ အတိုက်အခံတို့ တောင်းဆိုနေတဲ့ စေ့စပ်ဆွေးနွေးရေး ဝမ်းနှုတ်ဆေးနဲ့ ထွက်ရင်ထွက်၊ မထွက်ရင်တော့ ကိုယ့်လက်အောက်ငယ်သားတွေနဲ့ ရင်ဆိုင်ဖြေရှင်းရမဲ့ မရေရာ မသေချာတဲ့ အနာဂတ်သာ ရှိတော့ကြောင်း တင်ပြလိုက်ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း၏အားကျဖွယ်၊ထူးခြားချက်များ
7
7/20/2009 | Posted in ဗိုလ်ချုပ်အောင်ဆန်း
ကျနော့်ဆီမှာ ရန်ကုန်အရေးပိုင်ဟောင်း မောရစ်ကောလစ် ရေးသားပြုစုခဲ့တဲ့ last & first in burma ကို ဦးခင်မောင်ကြီးက ဘာသာပြန်ဆိုရေးသားထားတဲ့ အင်္ဂလိပ်၊မြန်မာ နောက်ဆုံး တိုက်ပွဲ ထဲက (ထိုအချိန်က တန်ခိုးအကြီးထွားဆုံး ဖြစ်တဲ့ အင်္ဂလိပ်လူမျိုးတွေကိုယ်တိုင် လေးစားချီးကြူးခဲ့တဲ့) ဗိုလ်ချုပ်အောင်ဆန်း၏ လေးစားဖွယ်ရာ၊ အားကျအတုယူဖွယ်ရာ၊ အံ့သြဖွယ်ရာ အမူအရာ၊ ပြောဆိုဆက်ဆံ ပုံများကို ကောက်နှုတ်ဖော်ပြသွားပါမယ်။ ထိုခေတ် အရေးအသားများနှင့်သာ ရေးသွားပါ့မယ်။ ပြီးတော့ စာတွေကို အရမ်းရှည်နေမှာ စိုးလို့ အနည်းအကျဉ်း ဖြတ်တောက် ထားတဲ့ အတွက် စာတကြောင်းနဲ့ တကြောင်း အဆက်အဆပ် ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါကလဲ ဗိုလ်ချုပ် အကြောင်းပဲ အသားပေး ထားတဲ့ အတွက် ဒီလိုဖြစ်နေတာကို နားလည်ကြပါ ခင်ဗျား..........................။

အောင်ဆန်းသည် မိမိ၏တပ်မတော်ကြီးကိုဂျပန်တပ်မတော်နှင့်အတူ စစ်မျက်နှာသို့တက်၍ ဗြိတိသျှတို့အားတိုက်ခိုက်လိုပါသည်ဟု အယုံသွင်းနိုင်ခဲ့လေသည်။

၁၉၄၅၊မတ်လ ၂၇ရက်နေ့တွင်ကား ဗမာတပ်များသည်၊ ဂျပန်တပ်များကို စတင်တိုက်ခိုက်လေတော့သည်။ ပုန်ကန်မှုစလျှင်၊ စခြင်း ဂျပန်တပ်သားနှင့် စစ်ဗိုလ်ပေါင်း ၇၀၀ကျော်ကို သတ်ဖြတ် သုတ်သင်ခဲ့ခါ ထိုစာရင်းတွင် ဗိုလ်ချုပ် ၂ ယောက်ပါ၊ ပါဝင်လေသည်။

မေလ ၂ ရက်နေ့တွင်ဗြိတိသျှများသည် ရန်ကုန်ကို ပြန်လည်သိမ်းပိုက်လိုက်ကြတော့သည်။
ဗိုလ်ချုပ်စလင်း သည် အောင်ဆန်းနှင့် ကိုယ်တိုင်တွေ့ဆုံလျက် နားလည်မှုယူလိုက်ရကား၊ မိမိ၏ဌာနချုပ်သို့လာလည်ပါရန်၊ ဖိတ်ကြားလိုက်လေသည်။ သူတို့နှစ်ယောက်၏ တွေ့ဆုံဆွေးနွေးချက်မှာ တော်တော် ထူးခြားခဲ့ရတော့သည်။ အောင်ဆန်းသည် သူ၏အကျင့်အတိုင်းပင် တုံးတိတိနှင့် မိမိမှာ ဗမာပြည်ယာယီအစိုးရ၏ ကိုယ်စားလှယ်ဖြစ်ပြီး ထိုအစိုးရ အဖွဲ့၏ စစ်ဝန်ကြီးဖြစ်ကြောင်း ပြောလေတော့သည်။ ထိုသတင်းကို ဗိုလ်ချုပ်စလင်းမှာ ဘယ်လိုမှ မကြားထားရာ ဗမာသည် ယာယီအစိုးရ ရှိသည်ဆိုခြင်းကို မယုံကြည်နိုင်ပဲ ဖြစ်နေလေတော့သည်။ အောင်ဆန်းက သူ့အား သက်သက်ဖြန်းခြင်း ဖြစ်သည်ဟု စလင်းက ယူဆလိုက်လေသည်။ အောင်ဆန်းကမူ တ္ကနြေ္ဒမပျက်ဘဲ ခပ်တည်တည်နှင့်ပင် မိမိသည် ဖ-ဆ-ပ-လ အဖွဲ့ကြီး၏ သံတမန် အဖြစ်နှင့် လာခြင်းဖြစ်ကြောင်း ဖ-ဆ-ပ-လ အဖွဲ့ကြီးကပင်လျှင် ဗြိတိသျှတို့နှင့် ဂျပန်များအား မောင်းထုတ်ရေး၌ မာဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ဗမာပြည်မှ ဂျပန်များကို အောင်မြင်စွာ မောင်းထုတ်ပြီးသည်အထိလည်း ဆက်လက်၍ မဟာမိတ်ဖွဲ့မည် ဖြစ်ကြောင်၊ နောင်တွင်တော့ ဖ-ဆ-ပ-လအဖွဲ့ကြီး၏ ရည်ရွယ်ချက်မှာ လွတ်လပ်သော အမျိုးသား အစိုးရကို တည်ထောင် ဖွဲ့စည်းဖို့ပင် ဖြစ်ကြောင်း စသည်ဖြင့် ဆက်လက်ရှင်းပြလိုက်ပြန်သည်။ အကယ်စင်စစ် အောင်ဆန်းကား သူတို့၏ ရည်ရွယ်ချက်ကို အတိအလင်း ဖွင့်ဟ အသိပေးလိုက်ခြင်းပင် ဖြစ်တော့သည်။ သူသည် ဗြိတိသျှတို့၏ ရည်ရွယ်ချက်ကို တောင်းဆိုနေခြင်းမဟုတ်ပဲ ဖ-ဆ-ပ-လ အဖွဲ့ကြီး၏ ရည်ရွယ်ချက်ကိုသာ ပြောဆိုနေခြင်းဖြစ်လေသည်။

စလင်းသည် အောင်ဆန်း၏ တောင်းဆိုချက်များကို ရှောင်ရှားကာ စစ်ဘက်အုပ်ချုပ်ရေး ရှိနေသမျှ ကာလပတ်လုံး မည်သည့် ပြည်သူ့ အုပ်ချုပ်ရေးမျိုးမှ ရှိနိုင်မည် မဟုတ် ဟုပြန်လည်ဖြေကြားလိုက်သည်။ စစ်ဘက်အုပ်ချုပ်ရေးသည် ဂျပန် လက်နက်ချသည်အထိ ရှိနေမည် ဖြစ်ရာ ထိုအတောအတွင်း အောင်ဆန်းသည် ၄င်း၏တပ်မတော်ကို ဗြိတိသျှ တပ်မတော် အတွင်း သွတ်သွင်း ပူးပေါင်းစေလိုကြောင်း စလင်းကပြောကြားခဲ့လေသည်။ ထိုအခါ အောင်ဆန်းကလည်း မဟာမိတ် အနေဖြင့် မိမိ၏တပ်များကို မဟာမိတ် ဗိုလ်ချုပ် လက်အောက်တွင် ထားရှိမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဗမာပြည်ယာယီ အစိုးရ၏ သစ္စာတော်မှ တပါး၊ မိမိသည် အခြားမည်သူ၏ သစ္စာကို ခံယူမည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့လေသည်။ ထိုအံ့သြဘွယ် သတင်းကို စလင်းသည် မောင့်ဘက်တင် ထံသို့ပို့လိုက်သည်။

ကျွန်ုပ်တို့သည် အောင်ဆန်း၏ ရည်မှန်းချက်များကို ဖေါက်ထွင်း ကြည့်ရူကြပါစို့။ အောင်ဆန်းသည် ဘယ်လိုမှ ပရိယာယ် မာယာမလုပ်ခဲ့ဘဲ၊ မိမိသုံးသပ်နားလည်ထားသော မိမိ၏အခြေအနေကို ပွင့်လင်းစွာ ကျေညာလိုက်ခြင်းဖြစ်လေသည်။
၁၉၄၅၊မေလ ၁၇ရက်နေ့တွင်ကား စက္ကူဖြူစာတမ်း ကိုထုတ်ပြန်ကျေညာလိုက်လေသည်။ ထို စက္ကဖြူ ပေါ်လစီနှင့် ဖ-ဆ-ပ-လ တောင်းဆိုချက်များ၏ ကွာခြားမှုမှာ အင်မတန်မှ ကြီးမားနေလေတော့သည်။ ဖ-ဆ-ပ-လ တောင်းဆိုချက်ဆိုလျှင် တိုက်ရိုက်အုပ်ချုပ်ခြင်း အလျှင်းအလိုမရှိဘဲ ဗမာအား သမတနိုင်ငံတော် အဖြစ်နှင့်မထူထောင်မီအတွင်း မိမိတို့အား အချုပ်အခြာ အာဏာပိုင်သော ယာယီ အစိုးရ အဖြစ်နှင့် အသိအမှတ်ပြုရမည်၊ နိုင်ငံတော်တွင်လည်း တိုင်းရင်းသား အားလုံးပါဝင်ရမည်၊ စက္ကူဖြူထည်းမှ လက်မခံနိုင်ဆုံး အချက်မှာ ဗမာပြည်၏ထက်ဝက်နီးပါးရှိသော တောင်တန်းဒေသများကို ဗမာပြည်မကြီးနှင့် ခွဲထားခြင်းပေတည်း။

ထိုအတောအတွင်းဝယ် အောင်ဆန်းနှင့် ဖ-ဆ-ပ-လ မှာပို၍သာ ထင်ပေါ်လာလေသည်။ ၁၅ရက်နေ့တွင် ရန်ကုန်၌ အောင်ပွဲခံ ဗိုလ်ရှူသဘင် ကျင်းပခဲ့ကြသည်။ (မောင့်ဘက်တင်၏ ပြန်တမ်းတွင် ယခုလို ဖော်ပြထားသည်) အလေးပြုခံ စင်မြင့် ဗမာအလံ(တော်လှန်ရေး အလံ) ကိုလည်း အခြားအလံများနှင့်အတူ လွှင့်တင်ကာ အလေးပြုချီတက်ကြသည့် ဗြိတ်သျှနှင့် မဟာမိတ်တပ်များ အထည်းတွင် ဗမာအမျိုးသားတပ်မတော်မှ တပ်များလည်း ပါဝင်ခဲ့သည်။ သို့အားဖြင့် ဗမာအမျိုးသားတပ်မတော်သည် မဟာမိတ် အဆင့် အတန်းဖြင့် သတ်မှတ်ခြင်း ခံရပါသည်ဟု ပြောဆိုနိုင်ခွင့် ရခဲ့သည်။

ထိုအချိန်မှာပင် အောင်ဆန်းသည် ဗိုလ်ချုပ်ဟူသော ဘွဲ့ကို စတင်သုံးခဲ့ခြင်းဖြစ်လေသည်။ ၄င်း၏၃၀နှစ်မျှသာ ရှိသေးသော အသက်ကို ကြည့်လိုက်တော့လည်း ၄င်းမှာ အင်မတန် ထူးခြားနေတော့သည်။ တပြည်လုံးကပင် မိမိတို့ စောင့်မျှော်နေသည့် ကယ်တင်ရှင်မှာ ၄င်းပင် ဖြစ်ရမည်ဟု ယုံကြည်ကိုးစား လာခဲ့ကြလေသည်။

ဇွန်လ ၂၀ရက်နေ့တွင် ဗမာပြည်ဘုရင်ခံဟောင်း ဒေါ်မန်စမစ်သည် လေယာဉ်ဖြင့် ရန်ကုန်သို့ဆိုက်ရောက်လာကာ မြစ်ထဲတွင် ဆိုက်ကပ်ထားသော ဗြိတ်သျှစစ်သင်္ဘော ကမ်းဘားလင်း ပေါ်သို့တက်ရောက်၍ ဖ-ဆ-ပ-လ- ကိုယ်စားလှယ်များနှင့် ထူထောင်ပြီးသား နိုင်ငံရေး ပါတီခေါင်းဆောင်ဟောင်း များကိုပါ သီခြား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့လေသည်။ ဘုရင်ခံဟောင်း ဒေါ်မန်စမစ်သည် အင်မရီထံသို့ စာရေးပြောပြရာတွင် ကျွန်ုပ် အဓိက စိတ်ဝင်းစားသူများမှာ အောင်ဆန်းနှင့် သန်းထွန်းတို့သာ ဖြစ်သည်။ ၄င်းတို့ ၂ ယောက်သည် ကျွန်ုပ်နှင့် တနာရီကြာမျှ စကားပြောသွားကြသည်။ ၄င်းတို့သည် ပွင့်ပွင့်လင်းလင်းပင် ဖ-ဆ-ပ-လ၏ တောင်းဆိုချက်များကိုသာ ပြောကြားသွားခဲ့လေသည်။

သြဂုတ်လ၈ရက်နေ့တွင် ပထမ အနုမြူဗုံးကို ကြဲချလိုက်ကြသည်၊ သြဂုတ်လ၁၂ရက်နေ့တွင်ကား ဂျပန်သည် လက်နက်ချ အညံ့ခံခဲ့လေသည်။ ထိုအခါ ဗမာပြည်၏ စစ်ဘက်အုပ်ချုပ်ရေးသည် ပြီးဆုံးခါနီးသို့ ရောက်ရှိလာပါတော့သည်။

ထိုအတောအတွင်း မောင့်ဘက်တင်သည် အောင်ဆန်းအား အပိုင်သိမ်းသွင်းနိုင်ဘို့ လိုလားခဲ့လေသည်။ ထို့ကြောင့်လဲ သူသည် အောင်ဆန်းအား ဘရိဂိတ်ဒီယာ ဗိုလ်မှူချုပ်ခန့်အပ်ကာ အမြဲတမ်း ဗမာ့တပ်မတော်၌ လက်ထောက် အင်စပတ်တာဂျင်နရယ် ရာထူးပေးပါ ဒေါ်မန်စမ်အား အကြံပေးခဲ့လေသည်။ သို့အားဖြင့် အောင်ဆန်း၏ နောက်လိုက်တပ်သားများလည်း အမြဲတမ်း ဗမာ့တပ်မတော်ထည်းသို့ ဝင်လိုက်လာကြမည်ဟု မောင်ဘက်တင် တွက်ဆခဲ့လေသည်။ သို့ရာတွင် ထိုရာထူးကို အောင်ဆန်းကမိမိ စစ်သားများ အနက် ဝင်ချင်သူများအား အမြဲတမ်း ဗမာ့တပ်မတော်တွင် ပါဝင် အမှုထမ်းစေမည်ဟု ဂတိပြုခဲ့သည်။သူကိုယ်တိုင်ကမူ မောင့်ဘက်တင်ထံသို့ စာတစောင်ဖြစ် ရေးသားပေးပို့၍ ဒေါ်မန်စမစ်ထံသို့ မိတ္တူ တခုကိုလည်း ပေးပို့ခဲ့လေသည်။ ထိုစာမှာ ပွင့်လင်းခြင်း၊ ဖုံးကွယ်ခြင်း၊ ခင်မင်ခြင်း၊ ခြိမ်းခြောက်ခြင်း ရောထွေးနေသည့် ထူးခြားသော စာတစောင် ဖြစ်လေသည်။
ကျွန်ုပ်၏ ချစ်လှစွာသော လော့်ဒ်လူးဝစ် ဟုအစချီထားကာ မိမိအား လက်ထောက် အင်စပက်တာဂျင်နရယ် ရာထူးပေးအပ်ခြင်းနှင့် ပတ်သက်၍ ထိုရာထူးကို မိမိသည် စစ်ဘက်မှ နှုတ်ထွက်ပြီး နိုင်ငံရေးထည်း ဝင်တော့မည်ဖြစ်ရာ လက်မခံနိုင်ပါကြောင်း ဖော်ပြထားသည်။ (ဗြိတိသျှတို့၏ တပ်မတော်တွင် သူက အမြဲတမ်း အရာရှိဝင်လုပ်ဖို့ ဆိုသည်မှာ သူ့အမြင်တွင် မဖြစ်နိုင်သော ကိစ္စဖြစ်နေသည်။ သူ၏တကယ့် တပ်မတော်သည် တခြားနေရာတွင် ရှိနေသည် မဟုတ်ပါလား) သူ၏ငြင်းဆိုချက်ကို ယုတ္တိရှိစေရန်လည်း၊ အောင်ဆန်းက ထိုသို့ အကြောင်း ပြပြန်သည်၊ တပ်မတော်တွင် ကျွန်ုပ် ဆက်လက် အမှုမထမ်းနိုင်တော့ခြင်းကိုလည်း အထူးဝမ်းနည်းမိပါသည်၊ ကျွန်ုပ်အတွက် စစ်ဘက်တွင် အမှုထမ်းရခြင်းကို အခြားအလုပ်များထက် ပိုမိုနှစ်ချိုက်ပါ၏။ ကျွန်ုပ်တို့အား အမျိုးမျိုး ကျေးဇူးပြခဲ့ပြီး အနာဂတ်နိုင်ငံရေး နယ်ပယ်၌ ဗမာပြည်နှင့် ဗြိတိသျှပြည် အကြား ဖြစ်ပေါ်ခြင်ဖြစ်ပေါ်လာမည့် ပြဿနာများ အကြားကပင် ကျွန်ုပ်၏ အသဲနှလုံးတွင် အမြဲတမ်း ခင်မင်မှု ရှိနေမည့်သူတယောက်ကို တုံ့ပြန် ကျေးဇူးဆပ်သော အားဖြင့် ကျွန်ုပ်သည် မိတ်ဆွေကြီး ပြောသည့်အတိုင်း တပ်မတော်ထည်းသို့ ဝင်လာချင်လှပါသည်။
သို့ရာတွင် ဖ-ဆ-ပ-လ မှသူ၏ရဲဘော်များက ကန့်ကွက်လျက်ရှိရာ ၄င်းတို့၏ ဆုံးဖြတ်ချက်ကို မိမိ နာခံရမည်သာဖြစ်ပါသည်ဟု အောင်ဆန်းက ဆက်လက်ရေးခဲ့သည်။ ကျွန်ုပ်သည် အင်မတန်မှ ကြီးလေးလှမည်ဟုထင်သော်လည်း၊ တကယ်တမ်း၌ ထိုမျှလောက်ဖြစ်လိမ့်မည် မဟုတ်ဟု မျှော်လင့်သော နိုင်ငံရေး တာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်တပ်ထဲမှ မထွက်မီ မိတ်ဆွေကြီးကို နှုတ်ဆက်ခဲ့ပါသည်။ ကျွန်ုပ်တို့ ကြားဝယ် အနာဂတ်၌ ဘယ်လိုအကြောင်းအရာပဲ ပေါ်ပေါက်လာသည်ဖြစ်စေ၊ ယခု ကျွန်ုပ်နှင့် မိတ်ဆွေကြီးအား ချည်နှောင်ထားသော ခင်မင်မှု နှောင်ကြိုးကို ဆက်လက် ထားရှိနိုင်မည်ဟုလည်း ကျွန်ုပ်မျှော်လင့်ပါသည်။ မိတ်ဆွေကြီးအား ကျွန်ုပ် လက်ဆောင်ပေးခဲ့သည့် ဂျပန်ဆာမူရိုင်းဓားကိုလည်း ယခုပြီးဆုံးခဲ့ပြီးဖြစ်သော အရှေ့တောင် အာရှ စစ်ပွဲကြီးအတွင်း မိတ်ဆွေကြီးက ကျွန်ုပ်တို့ အတွက်ပြုလုပ် ဆောင်ရွက်ချက်များအား လှိုက်လှဲစွာ ကျေးဇူးတင်ခြင်း အထိမ်းအမှတ်နှင့် ထာဝစဉ် ထားရှိပါမည့် အကြောင်း မေတ္တာ ရပ်ခံပါသည်။
သို့အားဖြင့် အသက် ၃၀ပင်မပြည့်သေးဘဲ ထိုအချိန်တိုင် မထင်ရှားသေးသည့် လူငယ်ကလေးသည် ထိုစဉ်က အာရှတွင် တန်းခိုးအကြီးထွားဆုံး ဖြစ်နေသည့် သူအား တန်းတူအနေဖြင့် ဆက်ဆံနှုတ်ဆက်ခဲ့လေသည်။ ထိုစာမှာ ဗမာရာဇဝင်နှင့် အတ္ထုပတ္တိတွင် အဓိကစာတမ်း တစောင်ဖြစ်ပေသည်။ ထိုစာတွင် ထုတ်ဖော်ပြထားချက်များနှင့် အတူ ကွယ်ဝှက်ထားခြင်းများမလည်းပါရှိခဲ့သည်။ အရိပ်အမြွက်နှင့် နမိတ် လက္ခဏာများကိုလည်း ညွှန်ပြခဲ့ပေသည် တကား။ အောင်ဆန်း၏ စိတ်ဓာတ်နှင့် ဂုဏ်ရည် ကိုလည်း ထိုစာသည် တော်တော်ဖော်ပြခဲ့ပေသည်။ ကြီးမားသော ကွတ်အင်္ကျီကြီးကို ဝတ်ထားသော လူညုက်ကလေး အဖြစ်နှင့် ကန်ဒီတွင် သူ့အား တွေ့ခဲ့ရသော သူများ အဖို့ သူသည် ဘယ်လိုမှ အရာ မရောက်သည့် အသွင်ပေါ်ခဲ့ပေသည်။ သူ့ထံတွင် မောက်မာဝင့်ကြွား ဟန်ပြမှု မရှိသည်မှာ အမှန်ပင်ဖြစ်တော့သည်။ ဥရောပမှ နိုင်ငံရေး ဆရာကြီးများနှင့် တူညီမှုသည့် သူ့ထံတွင် ဘယ်လိုမှ မရှိခဲ့၊ သူ့အား ဗိုလ်ချုပ်ဟု ခေါ်ကြသူများက ချမှတ်ပေးသော တာဝန် လုပ်ငန်းကြီးကို အောင်ဆန်းသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် ဆောင်ရွက်ခဲ့ပေသတည်း။

သူသည် လော့မောင့်ဘက်တင်ကို ညို့ယူဖမ်းနိုင်ခဲ့သည့်နည်းတူ၊ ဘုရင်ခံ ဒေါ်မန်စမစ်မှာလည်း သူ့ညှို့ဓာတ်ကို ခံစားခဲ့ရလေသည်။ ထိုအချိန်ဆီက ဒေါ်မန်စမစ်သည် ပက်သစ်လောရင့်စ် ထံသို့ ထိုသို့ စာရေးခဲ့သည်။ အောင်ဆန်းမှာ ယနေ့ဗမာပြည်တွင် အရေးပါ အရာရောက်ဆုံး သူတဦးဖြစ်နေသည်ကို ကျွန်ုပ်တို့ အနေဖြင့် လက်ခံရမည်သာဟု ထင်ပါသည်။ လူတိုင်းက သူ့အားယုံကြည်လေးစားကြပုံရသည်။သူ၏စစ်တပ်များကလည်း၊ သူ့အား ချစ်ခင်ကြည်ညိုကြကာ သူခိုင်းသမျှ လုပ်ကြမည် ဖြစ်သည်။ သူသည် ဗမာပြည်တွင်းသို့ ကျွန်ုပ်တို့ မြန်မြန် ပြန်မဝင်လာသည့်တိုင် ဂျပန်များအား ထကြွပုန်ကန်ရန် အစီအစဉ်များ လုပ်ထားခဲ့သည်။ သူသည် ကိုယ်ကျိုးအတွက် ရည်မှန်းချက်ကြီး ထားသူလည်းမဟုတ်ချေ။ ဘမော်(ဒေါက်တာဘာမော်)၏ ဗြောင်ကျလွန်းသော မရိုးသား၊ မဖြောင့်မတ်မှုကို သူ၏ရိုးသား ဖြောင့်မတ်မှုက နှိုင်းယှဉ်မှု သာဓက ကြီးပြနေတော့သည်။

စက္ကူဖြူ ပေါ်လစီနှင့် ပတ်သက်၍ စီမံကိန်းများ ချမှတ် လုပ်ဆောင်ရာတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရန် အတိုင်ပင်ခံကောင်စီအဖွဲ့ကို ဒေါ်မန်စမစ်မှ ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ၁၅ယောက်ထားရန် ဖြစ်သော်လည်း နောက်တွင် ၁၁ယောက် အထိလျော့ချလိုက်လေသည်။ဖ-ဆ-ပ-လ မှ ကိုယ်စားလှယ်များကို နေရာ အများဆုံး ပေး၍ ကျန် ၄ နေရာကို ဒေါ်မန်စမစ်မှ ရွေးချယ်ခဲ့လေသည်။ ဒေါ်မန်စမစ်ရွေးချယ်ခဲ့သူများမှာ ပေါ်ထွန်းမှာ ပြည်ထဲရေးဌာန၊ ဘဏ္ဏာရေးကို ထွန်းအောင်ကျော်ကိုင်ကာ၊ ကာကွယ်ရေးနှင့်နယ်ခြားဌာနများကိုတော့ ဗြိတိသျှ အရာရှိများအား ပေးမည်ဖြစ်လေသည်။ ထိုအခါအောင်ဆန်းမှ ပေါ်ထွန်းမှာ ဗမာပြည် ကိစ္စများနှင့် အဆက်ပြတ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရပြီ ဖြစ်ရကား ပြည်ထဲရေးနှင့် မသင့်တော်ကြောင်း အောင်ဆန်းက တုံးတိတိကြီးပင်ပြောခဲ့သည်။ ဥပမာဆိုယင် ပေါ်ထွန်းဟာ လက်နက်တွေ ဘယ်မှာဝှက်ထားတယ်ဆိုတာ သိမလားဟု အောင်ဆန်းသည် ခပ်ပြုံးပြုံးပင် အေးအေးဆေးဆေးမေးခဲ့လေသည်။ သူ၏အမူအရာသည်၎င်း၊ အသံသည်၎င်း၊ စကားများနောက်ကွယ်တွင် ခြိမ်းခြောက်မှုကို ဘယ်လိုမှ အရိပ်အယောင်မှ မဖော်ထုတ်ခဲ့ပြန်ချေ။
ထို့ပြင် စက္ကူဖြူပေါ်လစီအား ဗမာပြည်မှမယုံကြည့်ပုံနှင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များကို အောင်ဆန်းတို့မှ ပွင့်ပွင့်လင်းလင်းပင် ဝေဖန်ခဲ့ကြပေသည်။

ဒီဗိုလ်ချုပ်ဆိုသူသည် ဘယ်လိုလူစားမျိုးဖြစ်သနည်း။ ဒေါ်မန်စမစ်အနေဖြင့်တော့ ထိုဗိုလ်ချုပ်ကို ခင်မင်နိုင်ပေသည်၊ ၄င်းထံမှခင်မင်မှုကို တုံ့ပြန်ရရှိပါက အကျိုးရှိပေမည်၊ ၄င်းအား မိမိတို့ အမြင်ဘက်သို့ပါအောင် မဆွဲဆောင်နိုင်စေကာမူ ၄င်း၏ယုံကြည်မှုကို မိမိတို့ ရရှိပါက အဘိုးတန်ပေမည်။ သို့ရာတွင် စိတ်ဓာတ်ပြင်းထန်လှပြီး ရိုးရိုးကုပ်ကုပ် ကလေးနေတတ်သည့် ထိုစစ်သားကလေးသည် ဗမာပြည်အတွက် ဘယ်လို လွတ်လပ်ရေးမျိုးကို ရည်မှန်းထားနေလေသတည်း။ ဖ-ဆ-ပ-လ အဖွဲ့အနေဖြင့် ဥပဒေကို ဆိုရှယ်လစ်ဆန်ဆန်၊ ဒီမိုကရေစီ အခြေခံ စည်းမျဉ်း ဥပဒေကို ရေးသားထုတ်ပြန်ခဲ့ပေသည်။
ထို့ပြင် အောင်ဆန်း၏တောင်းဆိုချက်များကို တက်စ်(test) လုပ်ရန်လူမှာ ဦးစောပင်လျှင် ဖြစ်လိမ့်မည်။
ဒေါ်မန်စမစ်အနေဖြင့် ဦးစောကို ပြန်ခေါ်ရပေမည်။ ဦးစောသည်ဂျပန်နှင့် စစ်မဖြစ်မီတွင် ချာချီနှင့် တွေ့ဆုံဆွေးနွေးရန် အင်္ဂလန်ပြည်သို့ သွားရောက်ပြီး အမေရိကန်သို့လဲ သွားရောက်ခဲ့ပေသည်။ (ထိုသို့ မသွားခင် ဦးစောသည် ရွှေတိဂုံ ဘုရားအား သွားရောက်ဖူးမျှော်ခဲ့လေသည်။ သို့ရာတွင် သူသည် သာမန်ဘုရားဖူးများကဲ့သို့ ဘိနပ်ချွတ်လျှက် ကုန်းတော်ပေါ်သို့ မတက်ဘဲ အင်္ဂလိုအင်ဒီယန်း ကပြားတယောက် မောင်းနှင်သော သူ၏ ကိုယ်ပိုင်လေယာဉ်ဖြင့် ရွှေတိဂုံစေတီထက်တွင် ပျံဝဲပြီး ဖူးမျှော်ခဲ့လေသည်။ ထိုသို့ အဆန်းထွင် ဘုရားဖူးခြင်းသည် ဗမာ့အမြင်တွင် မနှစ်မြို့ဘွယ်ရာ ဖြစ်ခဲ့ပေသည်။ ဗုဒ္ဓရုပ်ပွားတော် အများအပြားနှင့် ဓာတ်တော်မွေတော်များ ဠာပနာထားသည့် မြတ်လှသည့် ရွှေတိဂုံစေတီတော်ထက်တွင် လေယာဉ်နှင့် ပျံခြင်းသည် အထူးပင် ဘုရားကို မရိုသေရာ ရောက်နေပေတော့သည်။) အမေရိကန်မှတဆင့် ဗမာပြည်သို့ အပြန်တွင် ဂျပန်နှင့် စစ်ဖြစ်ခဲ့ပြီ ဖြစ်သော အရှေ့ပိုင်းသို့ ခရီးသည်များ ပို့ဆောင်ပေးမည့် လေယာဉ်များ မရှိတော့သဖြင့် ဦးစောသည်အမေရိကန်သို့ ပြန်လာပြီး ထိုကမှတဆင့် ပေါ်တူဂီသို့ဖြတ်၍ ဗမာပြည်သို့ ပြန်ရန် စီစဉ်ခဲ့သည်။ လစ္စဘုန်းမြို့သို့ရောက်သည့်အခါတွင် ဦးစောသည် ရှေ့ဆက်သွားမည့် လေယာဉ်စောင့်စားရင်ဂျပန် သံအမတ်နှင့် တွေ့ဆုံသည်ကို ဗြိတိသျှထောက်လှမ်းရေးမှ သိရှိသွားသောကြောင့် ဦးစောအား ဗမာပြည်သို့ ပြန်ခွင့် မပေးတော့ပဲ အဖမ်းခံခဲ့ရလေသည်။

စက္ကူဖြူပေါ်လစီအရ အတိုင်ပင်ခံ ကောင်စီကို ဖွဲ့ပြီးနောက် ဥပဒေပြု လွှတ်တော်ကို ထပ်မံရွေးချယ်ခန့်အပ်ရပေမည်ဖြစ်လေသည်။ နိုဝင်ဘာလတွင် ယင်းဥပဒေပြု လွှတ်တော် အတွက် လူရွေးစဉ် ဒေါ်မန်စမစ်သည် အောင်ဆန်းနှင့် သန်းထွန်းတို့ အားခေါ်၍ နေရာပေးခဲ့လေသည်။ ထိုအခါအောင်ဆန်းမှာ မိမိသည် ကောင်စီထဲဝင်၍ မရှိသော အရာကို အတိုက်အခံပြုဘို့မှာ မဖြစ်နိုင်ကြောင်းဟု ပြန်ဖြေခဲ့လေသည်။
ထိုနေ့မှာပင် ဖ-ဆ-ပ-လ သည် ရွှေတိဂုံဘုရား၌ လူထုစည်းဝေးပွဲကြီး ကျင်းပခဲ့လေသည်။ အမြဲတမ်း ပွင့်ပွင့် လင်းလင်း ရှိသော အောင်ဆန်းသည် ဒေါ်မန်စမစ် အား အစည်းအဝေး အာဂျင်ဒါ အစီအစဉ်ကို ထုတ်ပြပြီး ပထမ အာဂျင်တာမှာ ဘုရင်ခံ ဒေါ်မန်စမစ်သည် ဗြိတိန်ပြည်ကဲ့သို့ ဒီမိုကရေစီနိုင်ငံတခု၏ ကိုယ်စားလှယ် အဖြစ်နှင့် မထိုက်တန်ကြောင်း အဆိုဖြစ်လေသည်။ ထိုစာကိုလူထုရှေ့ အဆိုတင်သွင်းလိုက်ပါက လူထုက တညီတညွှတ်ထဲ တခဲနက် ထောက်ခံအတည်ပြုကြလိမ့်မည်ဟု အောင်ဆန်းက ရှင်းပြသည်။ ထိုသို့ဗြောင်ကျလွန်း အားကြီးလည်း ဒေါ်မန်မစ်မှာ စိတ်မဆိုးနိုင်၊ ငြိမ်ဝပ်ပိပြားမှု ပျက်ပြားမှာ စိုးရိမ်ပြီး လူထုကြီးအား လှုံ့ဆော်ခြင်းမပြုရန်သာ တိုက်တွန်းပြောကြားလိုက်ရပေသည်။ ထိုအခါ အောင်ဆန်းမှ မစိုးရိမ်ပါနဲ့ လူထုကြီးကို ထိန်းတဲ့နည်း ကျုပ်မှာ ရှိပါတယ်ဟု ပြန်လည်ပြောကြားခဲ့ပေသည်။ အကယ်စင်စစ်လဲ ထုလူထုစည်းဝေးပွဲကြီးမှ လူထုကြီးသည် တည်တည်ငြိမ်ငြိမ် လေးလေးနက်နက်ပင် ရှိခဲ့ကြပေသည်။

အောင်ဆန်းသည် တန်ခိုးအာဏာ ကြီးမားလာသည်နှင့်အမျှ သူသည် ပိုမို၍သာ တွန့်ဆုတ်မှု ရှိလာခဲ့သည်ကား ထူးခြားချက် တရပ်ပင်ဖြစ်လေသည်။ တခါတခါတွင် သူသည် အင်မတန်မှ စိတ်အားညိုးငယ်နေတတ်လေသည်။ မိမိသည် နောက်ထပ် ယခုထက်မြင့်မား လာရပါက အကျနာလိမ့်မည်လော။ လူငယ်တယောက်သာ ရှိသေးသည်။ မိမိသည် တိုင်းပြည်အား လွတ်လပ်ရေးပန်းတိုင်ဆီသို့ အောင်မြင်စွာ လမ်းညွှန် ခေါ်ဆောင်သွားနိုင်ပါမည်လော။ မောင့်ဘက်တင်ထံ ရေးခဲ့ သည့်အတိုင်းပင် သူလုပ်ဆောင်နေသည်မှာ အင်မတန်မှ ကြီးလေးခက်ခဲလှပေတော့သည်။ သူ့တွင် ပြည်သူလူထု၏ ချစ်ခင် ကြည်ညိုမှုကိုခံယူရရှိသည့်တိုင်အောင် ရန်သူတွေကလဲ ပတ်လည်ဝိုင်းနေပေသည်။ တိုင်းပြည်ခေါင်းဆောင် နေရာကို ရအောင် ကြိုးစားပြီး မအောင်မြင်ခဲ့ကြဘဲ သူ့အား မနာလိုဝန်တို ဖြစ်နေကြသည့် နိုင်ငံရေး သမားဟောင်းကြီးတွေက ရှိနေကြသေးသည် မဟုတ်ပါလား။ ထိုသို့ စိတ်အား ညိုးငယ်နေသော အချိန်ကာလ တလညခင်းတွင် အောင်ဆန်းသည် ဒေါ်မန်စမစ်အား လာတွေ့လေသည်။ ထိုနေ့က အဖြစ်အပြက်သည် တော်တော်ပင် ဆန်းခဲ့ပေသည်။
အောင်ဆန်းသည် သူစိတ်အားညိုးငယ်နေသည့်အခါ သူ၏စိုးရိမ်ချက်များကို ဒေါ်မန်စမစ်အား ဖွင့်ဟတိုင်ပင်ရာတွင် သူ့တွင် တိုင်ပင်ဖော်၊ တိုင်ပင်ဘက် မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့လေသည် သူသည် မိတ်ဆွေများ လိုချင်ခဲ့သော်လည်း ရှာရနိုင်ဖို့မှာ အင်မတန်မှ ခဲယဉ်းသည်ဟု ဆိုခဲ့သည်။ ထိုအခါဒေါ်မန်စမစ်မှ ဟာ... ခင်ဗျားဟာ ပြည်သူ လူထုကြီးရဲ့ အချစ်တော်ဖြစ်နေတာ မိတ်ဆွေ မရှိဘူးလို့ ဘယ်နှယ့် ပြောလိုက်တာလဲဟု ပြန်ပြောခဲ့ပေသည်။ အောင်ဆန်းမှ ကျုပ်တိုင်းပြည်ကို လွတ်လပ်စေဘို့သာ ရည်ရွယ်တာပါ။ ဒီတာဝန်ကြီးဟာ ဘယ်လောက်ကြီးလေးပြီး ကျုပ်ကို အဖော်မဲ့စေမယ်ဆိုတာ ကျုပ်မသိခဲ့ပါဘူးဟု ပြန်လည်ဖြေကြားခဲ့ပေသည်။ အမျိုးသား အာဇာနည် ခေါင်းဆောင်တွေဟာ ဘယ်လောက် ကြာကြာခံသလဲ ဒီတိုင်းပြည်မှာတော့ သိပ်မခံပါဘူး၊ သူတို့မှာ ရန်သူတွေသိပ်များလှတာကလား အလွန်ဆုံးခံ ၃နှစ်ပါဘဲ၊ ကျုပ်အတွက်ဆိုယင် နောက်ဆက် အသက်ရှင်လှ တနှစ်ခွဲပေါ့ဟု စိတ်ပျက်နားကျည်းစွာ ဒေါ်မန်စမစ်အား ပြောခဲ့လေသည်။
သို့အားဖြင့် အောင်ဆန်းသည် သူ၏နီးကပ်လာနေပြီဖြစ်သော သေဘေးကို ကြိုတင်ဖွင့်ပြောခဲ့လေသည်။ ထိုအကြောင်းကို သူ့စိတ်ထည်းက အလိုလို ရိပ်မိနေသည့်အပြင် နက္ခတ်ဗေဒင် ဆရာများကလဲ သတိပေးထားကြလေသည်။ ထိုသို့ ဝမ်းနည်း၊ ပမ်းနည်း၊ ညည်းတွားခဲ့သည်မှာ ကြောက်ရွံ့၍ မဟုတ်၊ သူ့ကံကြမာကို မခံယူနိုင်၍လည်းမဟုတ်၊ သူယုံကြည်စွာ ထိုအကြောင်းကို ဖွင့်ဟတိုင်ပင် နိုင်သည့် လူကိုရှာတွေ့ရပြီး၊ စိတ်ထိခိုက်လှခြင်းကြောင့်သာ ဖြစ်လေသည်။

၁၉၄၇၊ဇူလိုင်လ၊ ၁၉ နံနက်တွင်ကား အောင်ဆန်း သဘာပတိ အဖြစ်ဆောင်ရွက်နေသော ကောင်စီ အစည်းအဝေးတခုကို ကျင်းပနေခဲ့သည်။ ၁၀နာရီခွဲပြီး၍ မိနစ်အနည်းငယ် အကြာတွင် မောင်းပြန် သေနတ်များ ကိုင်ဆောင်လာသည့် ဗမာသေနတ်ကိုင် တစုသည်၊ ထိုကောင်စီအဖွဲ့ အစည်းအဝေးကျင်းနေရာ အခန်းသို့ ရုတ်တရက် ဝင်ရောက် လာကြပြီး ကောင်စီဝင် လူကြီးများအား အနီးကပ်၍သေနတ်များနှင့် ပစ်ခတ်ကြရာ စက္ကန့်အနည်းငယ်အတွင်းမှာပင် အောင်ဆန်းနှင့် အခြား ၄ယောက်မှာ ကျဆုံး သွားရလေသည်။ ကျန် ၂ ယောက်မှာ ဒဏ်ရာ အကြီးအကျယ်ရသွားကြပြီး ဆေးရုံရောက်သော် သေဆုံး သွားကြလေသည်။ လုပ်ကြံသူများသည် သေနတ်ဖြင့်ပစ်ခတ်ရင်း ပြန်ထွက်သွားကြရာ ဝန်ကြီးတဦး၏ သက်တော်စောင့်မှာ ကျဆုံးသွားရလေသည်။
၎င်းအမှု ဖြစ်ပွားပြီးပြီးခြင်း ဗမာလက်နက် ကိုင်များနောက် ပုလိပ်များ လိုက်သွားကြကာ ဦးစောအိမ်တွင် ဖမ်းဆီးရမိလိုက်လေသည်။ ဦးစောအား ဗမာတရားသူကြီးများဦးစီးသည့် ခုံရုံးတွင် စစ်ဆေးရာ ၃၇ရက် တိတိကြာမြင့်ခဲ့လေသည်။ အစိုးရပြ သက်သေ ၇၈ ယောက် နှင့် တရားခံပြ သက်သေ ၃၁ ယောက်ကို စစိဆေးခဲ့ရလေသည်။ ဦးစောအား အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ကြိုးပေးလိုက်လေသည်။

ဗြိတိသျှ အစိုးရသည် သမတပြည်ထောင်စုဗမာနိုင်ငံတော်အား အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုပါသည် ဟူ၍ အာဏာလွှဲပြောင်းရေး အခမ်းအနားကို ရန်ကုန်မြို့တွင် ၁၉၄၈၊ဇန်နဝါရီလ၊ ၄ရက် နံနက် ၄ နာရီ၊မိနစ် ၂၀တွင် ကျင်းပခဲ့လေသည်။

Thursday, January 7, 2010


ကရင်ဒုက္ခသည်များ၏ အဖြူရောင် ခရစ္စမတ်
Wednesday, 06 January 2010 18:13 ဆိုင်မွန် ရောက်ဂ်နင်း
ကက်စတယ်လ်ဘား၊ အိုင်ယာလန်နိုင်ငံ။ ။ မြန်မာနိုင်ငံ အရှေ့ဖျားဒေသရှိ စစ်တပ်၏ စစ်ဆင်ရေးများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ထွက်ပြေးလွတ်မြောက်လာကြ ပြီးနောက် ကရင်တိုင်းရင်းသား ဒုက္ခသည်တစုသည် နှင်းများကျရာ အိုင်ယာလန်နိုင်ငံ အနောက်ပိုင်း၌ အဖြူရောင် ခရစ္စမတ် ပွဲတော်ကို ဆင်နွှဲနိုင်ခဲ့ကြသည်။

"ဟိုအရင်ကဆိုရင် အချိန်တိုင်းလို စစ်တပ်က ကျနော်တို့ ရွာကို ရောက်လာပြီး ကျနော့်အမေကို ခင်ဗျားသား ဘယ်မှာလဲ လို့ လာလာ မေးတယ်" ဟု ဖိုးထာက ပြောသည်။ သူ့အမေကလည်း စစ်တပ်ကို သူ ထိုင်းနိုင်ငံတွင် ရှိနေသည်ဟု ပြောခဲ့သည်။

သို့သော် ယခုတော့ ထိုအခြေအနေ မဟုတ်ခဲ့သည်မှာကြာပြီ ဖြစ်သည်။

Karen-Irland-1

အိုင်ယာလန်နိုင်ငံက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ အဖြူရောင် ခရစ္စမတ်ပွဲတော် (ဓာတ်ပုံ - Simon Roughneen)
ဆယ်ကျော်သက်အရွယ် လူငယ်တဦးဖြစ်သူ ဖိုးထာ မှာ ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့သည်။ ဘန်ကောက်တွင် နှစ်အတန်ကြာနေထိုင်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက သူ့ကို နိုင်ငံမြောက်ပိုင်းရှိ ဘန့်ဒုန်ယန်း ဒုက္ခသည် စခန်းသို့ ပို့ဆောင် ခဲ့သည်။ သူသည် ထိုစခန်းတွင်း၌ ၁၀ နှစ်ခန့် နေထိုင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂ ဒုက္ခသည်ပြန်လည် နေရာချထား ရေးအစီအစဉ်အရ အိုင်ယာလန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ယခုအချိန်တွင် သူက ဘန်ကောက်ရှိ သူငယ်ချင်းထံသို့ အပတ်စဉ်ကဲ့သို့ ဖုန်းခေါ် စကားပြောနိုင်ပြီ ဖြစ်သည်။ သူငယ်ချင်း က သူ့အမေနှင့် အဆက်အသွယ်ရှိဆဲ ဖြစ်သောကြောင့် အမေနှင့်သား သတင်းဆက်သွယ်နိုင်ကြသည်။

ဖိုးထာသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က အိုင်ယာလန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချပေးခြင်း ခံရသည့် ကရင်ဒုက္ခသည် ၁၀၀ ခန့်ထဲမှ တဦး ဖြစ်သည်။ ဖိုးထာ မှာ မြန်မာနိုင်ငံ၏ လူဦးရေ ၅၆ သန်းတွင် ၇ သန်းခန့် ရှိသော ကရင်တိုင်းရင်းသားထဲမှ တဦး ဖြစ်သည်။ ထိုင်းနိုင်ငံတွင်လည်း အခြေချနေထိုင်သည့် ကရင်တိုင်းရင်းသား ၄၀၀,၀၀၀ ခန့်ရှိသည်။ ကရင်လူမျိုးများက ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ ကက်စတယ်ဘားတွင် တွေ့ဆုံခဲ့ရသူ ကရင်လူမျိုး ၆ ဦး၌ ဖိုးထာ တဦးသာ ဗုဒ္ဓဘာသာဝင် ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ဗြိတိန်နိုင်ငံထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာ စစ်တပ်နှင့် ကရင်အမျိုးသား တပ်ဖွဲ့များအကြား လက်နက်ကိုင်တိုက်ပွဲများက ကြိုကြားကြိုကြား ဆိုသကဲ့သို့ ဖြစ်ပွားနေခဲ့ပြီး သာမန်ကရင်လူထုအတွက် မြန်မာစစ်တပ်၏ တိုက် ခိုက်သည့် ထိုးစစ်များဒဏ်ကိုလည်း အကြီးအကျယ်ထိခိုက် ခံစားခဲ့ကြရသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသည့် ဒုက္ခသည် ၁၄၀,၀၀၀ ခန့်အနက် ကရင် ဒုက္ခသည် အများဆုံး ဖြစ်သည်။ စီးပွားရေး မပြေလည်မှုကြောင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိလာသူ ၃ သန်းကျော်တွင် ကရင်လူမျိုးက သိန်းနှင့်ချီ၍ ရှိနေသည်။

"စစ်တပ်က ရွာတွေကို ရောက်လာပြီး ကရင်သူပုန် ရှိ မရှိ လာရှာတယ်။ တခါတလေမှာ သူပုန်တွေနဲ့ ဘာမှ မသက်ဆိုင်တဲ့သူတွေ လည်း နှိပ်စက်ညှဉ်းပန်းခံကြရတယ်။ အသတ်ခံကြရတယ်"ဟု ဖိုးထာက ပြောပြသည်။

တခြား ဒုက္ခသည်တဦးဖြစ်သူ မနေထွန်းကလည်း"စစ်တပ်က ရပ်ထဲရွာထဲရောက်လာပြီး လူတွေကို ပေါ်တာထမ်းဖို့ အဝေး ကို ခေါ်သွားတယ်။ တကယ့်ကို ကျွန်တွေကို ဆက်ဆံသလိုပဲ"ဟု ဖြည့်စွက်ပြောသည်။

"ကျနော့်ဦးလေးလည်း စစ်တပ်အတွက် ပေါ်တာထမ်းရင်းနဲ့ သေသွားတယ်၊ သူ ဘာဖြစ်သွားသလဲဆိုတာ ကျနော်တို့ မသိရဘူး" ဟု ဖိုးထာကလည်း ဆိုသည်။

"ပေါ်တာအဖြစ် ဆွဲခေါ်ခိုင်းခံရတဲ့ တခြားဒုက္ခသည်တွေ ဆီကလည်း ရိုက်နှက်ခံကြရတယ်။ တနေ့ကို ၁၆ နာရီကနေ နာရီ ၂၀ အထိ တောထဲမှာ အလုပ်ခိုင်းခံကြရတယ်။ ရေနည်းနည်း စားစရာနည်းနည်းပဲ ပေးတယ် ဆိုတာတွေကို ကြားရတယ်”ဟု သူက ဆက်ပြောသည်။

Karen-Irland-1

ကက်စတယ်လ်ဘား တွင် ကရင်ဒုက္ခသည်များက အင်္ဂလိပ်စာသင်တန်းဆင်းပွဲ လက်မှတ် လက်ခံရယူနေစဉ် (ဓာတ်ပုံ - Karen-Ireland Association)
"မြန်မာနိုင်ငံရှိ ရာဇ၀တ်မှုများ" (Crimes in Burma) အမည်ရ ဟားဗတ်တက္ကသိုလ်မှ ထုတ်ပြန်သည့် အစီရင်ခံစာတခုအရ မြန်မာ နိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် စနစ်တကျနှင့် အကျယ်အပြန့် ဖြစ်ပွားနေကြာင်း၊ အစိုးရ၏ မူဝါဒတစိတ် တဒေသ အားဖြင့် ဖြစ်ပွားနေရကြောင်း ဖော်ပြထားသည်။ ၎င်းအစီရင်ခံစာက နိဂုံးချုပ်ဖော်ပြထားရာတွင် ဤချိုးဖောက်ကျူးလွန်မှု များသည် နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုရန် လိုအပ်နေကြောင်း အကြံပြုထားပြီး မြန်မာစစ်အစိုးရအနေနှင့် လူသားမျိုးနွယ် တရပ်လုံးကို ကျူးလွန်ချိုးဖောက်သည့် ရာဇ၀တ်မှုများ၊ နိုင်ငံတကာ စံနှုန်းအရ စစ်ရာဇ၀တ်မှုများ အဆင့်အထိကျူးလွန်နေဖွယ် ရှိကြောင်း ဖော်ပြ ထားသည်။


၎င်းအစီရင်ခံစာဖော်ပြချက်အရ "အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် စနစ်တကျနှင့် အကျယ်အပြန့် ကျူးလွန် နေသည့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အကျဉ်းရုံး သတ်ဖြတ်မှုများ"ကြောင့် ကရင်ဒုက္ခသည်များထွက်ပြေး လာကြ ရခြင်း ဖြစ်သည်ဟု သိရသည်။

"တောထဲမှာ ၃ လလောက် ပုန်းနေရပြီး ထိုင်းနိုင်ငံကို ထွက်လာဖို့ တဖြည်းဖြည်း လမ်းရှာကြရတယ်၊ ပုံမှန်ဆိုရင် နယ်စပ်ကိုရောက် ဖို့ ၄ ရက်ခရီးလောက် လျှောက်ကြရတယ်။ ဒါပေမယ့် စစ်တပ်က မတွေ့အောင် သတိထားပြီး ဖြည်းဖြည်းသွားရတာ"ဟု မနေထွန်း က ပြောပြသည်။

"အဲဒီနောက် ဒုက္ခသည် စခန်းထဲမှာ ၁၀ နှစ်လောက်ကြာအောင် နေကြရတယ်။ ထိုင်းအာဏာပိုင်တွေက စခန်းအပြင် ထွက်ခွင့် မပေးဘူး။ ၁၀ နှစ် လုံးလုံး NGO တွေ၊ TBBCလို အဖွဲ့အစည်းတွေက ပေးကမ်းထောက်ပံ့ တာပဲ မှီခိုနေခဲ့ ကြရတယ်"ဟုလည်း သူက ဆိုသည်။

ဒုက္ခသည်များက အခွင့်အရေး အနည်းအငယ်ရသည်နှင့် လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းရွေးချယ်ကြသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပါ။

"ကျမက ၂၀၀၅ ခုနှစ်မှာ ရွှေ့ပြောင်းအခြေချဖို့ လျှောက်လွှာတင်တယ်။ ဒါပေမယ့် စာရင်းက အရှည်ကြီး၊ အကြာကြီးစောင့်ကြရ တယ်"ဟု မနေထွန်းက ပြောသည်။

သူ့အလှည့်ရောက်ရန် ၂ နှစ်ကြာ စောင့်လိုက်ရသည်။ သူ့ကို အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချရမည်ဟု တာဝန်ရှိသူများက ပြော ဆိုကြောင်း၊ ဤနိုင်ငံအကြောင်းကိုလည်း သူသိပ်မသိကြောင်း ပြောပြသည်။

"ကျမတို့ အိုင်ယာလန်ကိုရောက်တော့ ၂ လလောက် ဘယ်လီဟောနစ် (Ballyhaunis) ဒုက္ခသည်များ ပြန်လည်နေရာချထား ရေးစင်တာ မှာ နေကြရသေးတယ်။ အဲဒီမှာ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု၊ သမိုင်း၊ ဥပဒေ၊ နေ့စဉ်ဖြတ်သန်းရင် ကြုံရမယ့် ဘ၀ရေးရာ ကိစ္စတွေ လေ့လာကြရတယ်"ဟုလည်း မနေထွန်းက ပြောသည်။

၂ နှစ်ကျော်ကြာသည့်နောက်တွင် အိုင်ယာလန်နိုင်ငံရှိ သူတို့ဘ၀တွင် နေသားကျပျော်ရွှင်နေပြီဟု အားလုံးက ပြောဆိုသည်။ ရာသီ ဥတုကြောင့် ဆင်းရဲပင်ပန်းရပုံကိုတော့ အားလုံးက ညည်းညူကြသည်။

"ဒီနေရာက ဘ၀က မြန်မာနိုင်ငံနဲ့ နှိုင်းစာရင် ကွာခြားပါတယ်။ သိပ်ပြီး ကွာခြားလှပါတယ်၊ မြန်မာနိုင်ငံမှာလည်း လယ်ကွင်းတွေပဲ။ အိုင်ယာလန်မှာလည်း လယ်ကွင်းတွေပဲ။ ဒီမှာတော့ အရာအားလုံးကို စက်နဲ့ လုပ်ကြတယ်။ ဟိုမှာတော့ ကျွဲနွားသုံး ထွန်ယက်ကြရ တာပေါ့"ဟု တခြားသော ဒုက္ခသည်တဦးဖြစ်သူ ဖောကွဲ က ပြောသည်။

"ဒီမှာတော့ လူတိုင်းက ကားကိုယ်စီနဲ့။ လျှပ်စစ်မီးကလည်း အချိန်မရွေးရတယ်။ လူတိုင်းမှာလည်း အ၀တ်လျှော်စက်လို အခြေခံ အိမ်အသုံးအဆောင်တွေ ရှိနေကြတယ်။ မြန်မာပြည်က ကျမတို့အရပ်နဲ့တော့ ဘယ်တူပါ့မလဲ"ဟုလည်း သူက ဆိုသည်။

ဤအုပ်စုအဖွဲ့ဝင် အများစုက သင်တန်းအစီအစဉ်များနှင့် အင်္ဂလိပ်စာ သင်တန်းများတွင် စရင်းပေး တက်ရောက်နေကြပြီ ဖြစ် သည်။ အငယ်ဆုံး အဖွဲ့ဝင် ၅ ဦးကတော့ ယခုနှစ်နွေရာသီတွင် အထက်တန်းကျောင်း နောက်ဆုံးစာမေးပွဲ ၀င်ကြရမည် ဖြစ်သည်။

စာသင်ခန်းထဲတွင် ဒုက္ခသည်များကို သူတို့၏ မိတ်ဆွေများ၊ မည်သည့်နေရာမဆို ရှိနေသည့် မိသားစုဝင်များနှင့် ဆက်သွယ် ဆုံဆည်း နိုင်ရန် အင်တာနက် လိုင်း စီစဉ်ထားပေးသည်။

ဖိုးထာ က"ကျနော့်ညီမ တယောက်က ဆွီဒင်မှာရှိတယ်။ အစ်ကိုတယောက်က နယူးယောက်မှာ"ဟု ပြောသည်။

Karen-Irland-1

၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် အိုင်ယာလန်ရှိ ကရင်များ နှစ်သစ်ကူးပွဲတော်၌ ရိုးရာ ဒုံးယိမ်းအကဖြင့် ဖျော်ဖြေနေစဉ် (ဓာတ်ပုံ - Karen-Ireland Association)
"မြန်မာပြည်မှာတော့ စစ်တပ်နဲ့ အစိုးရက ကျမတို့ဆီက ယူတာပဲ၊ အိုင်ယာလန်မှာတော့ အစိုးရက ကျမတို့ကို ကြည့်ရှုကူညီ ပေး တယ်"ဟု ဖောကွဲကလည်း ပြောဆိုသည်။

မြန်မာစစ်တပ်က တိုင်းရင်းသားဒေသများရှိ မြေယာများကို သိမ်း၍ ခြေကုတ်ယူသည်။ ထို့နောက် လိုအပ်သည့် ပစ္စည်းအသုံး အဆောင်များကိုလည်း အလိုရှိသရွေ့ရယူသည်ဟု ဆိုသည်။

ဟားဗတ်တက္ကသိုလ်က ထုတ်ပြန်သည့် အစီရင်ခံစာက ခန့်မှန်းဖော်ပြထားရာတွင် ၁၉၉၆ ခုနှစ်မှ စတင်၍ မြန်မာစစ်တပ်က နိုင်ငံ၏ အရှေ့ဘက်ပိုင်းတွင် ကျေးရွာပေါင်း ၃,၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ဆင်ရေးများကြောင့် လူပေါင်း ၅၀၀,၀၀၀ မျှ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး တောတောင်များထဲ ပြေးလွှားပုန်းအောင်းနေကြရကြောင်းလည်း ယင်း အစီရင်ခံစာအရ သိရသည်။

အဆုံးစွန် ဆိုရလျှင် မြန်မာနိုင်ငံ အရှေ့ဖျားဒေသရှိ ဖျက်ဆီးမှုများသည် ဆူဒန်နိုင်ငံ ဒါဖော ဒေသ ဖျက်ဆီးမှု အတိုင်းအဆနှင့်ပင် ညီနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

အိုင်ယာလန်နှင့် မြန်မာနိုင်ငံအကြား နိုင်ငံ လုံခြုံရေးကိစ္စအပေါ် သဘောထားချင်း ကွာခြားပုံကို အလေးအနက်ပြု၍ မနေထွန်း က ပြောပြသည်။

"ကျမတို့ နိုင်ငံမှာတော့ ရဲဆိုရင် ပုန်းနေကြရတယ်။ ဒီမှာတော့ လမ်းမပေါ်လျှောက်ပြီး ဟဲလို.. ကောင်းသော မနက်ခင်းပါ၊ ခင်ဗျား နေကောင်းပါရဲ့လားလို့ မေးလို့ရတယ်။ သူကလည်း ပြန်ပြုံးပြပြီး ပြန်နှုတ်ဆက်လိမ့်မယ်။ ဘာ ပြဿနာမှမရှိဘူး"ဟု သူကဆိုသည်။

သို့သော်လည်း အိုင်ယာလန်သို့ ရောက်လာကြသည့် ဒုက္ခသည် မည်သူတဦးကမျှ အိုင်ယာလန်နိုင်ငံသည် ချမ်းမြေ့သာယာသည့် တံခါးပေါက်တခုအဖြစ် ထောက်ခံပြောဆိုကြခြင်း မရှိသေးချေ။

"အသားကျဖို့ အခက်ခဲဆုံးကတော့ ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုပဲ"ဟု မနေထွန်းနှင့်အတူ နေသူ ဖောကွဲက ပြောသည်။ တခြားသူ များကလည်း သဘောတူသည့်အနေနှင့် ခေါင်းညိတ်ကြသည်။

အိုင်ယာလန်နိုင်ငံ၏ ယခုအပိုင်းသည် တနှစ်ပတ်လုံးလိုလို လေထန်နေတတ်ပြီး မိုးများ စိုစွပ်စွာ ရွာနေတတ်သည့် ဒေသလည်း ဖြစ်သည်။ ပုံမှန်အားဖြင့် မျှတသော အပူချိန် ရှိသည်။ တခြား ဗဟို ဥရောပ ဒေသများနှင့် နှိုင်းစာလျှင် ရာသီ ဥတုလေးခု အကြား တွင်လည်း အပြောင်းအလဲက အနည်းငယ်မျှသာ ရှိတတ်သည်။

ယခုနှစ်တွင် အိုင်ယာလန်ဒေသ အများအပြားတွင် နှင်းများကျသည့် အဖြူရောင် ခရစ္စမတ်ကို ကြုံရသည်။ အေးခဲနေသည့် ရာသီဥတုက ရက်ပေါင်းများစွာ ဆက်ရှိနေမည်ဖြစ်ပြီး သုညအောက် ရာသီဥတုက ၂၀၁၀ နှစ်ကူးသည့်တိုင် တည်နေသည်။

"ကျမတို့က ဒီအအေးနဲ့ အသားမကျနိုင်သေးဘူး"ဟု မနေထွန်းက ပြူတင်းပြင်ပရှိ မီးခိုးရောင် ကောင်းကင်ကို ခေါင်းဆတ်ပြရင်း ပြောသည်။ နှစ်သစ်ကူးမတိုင်မီတွင် နှင်းများပို၍ ကျမည်ဟုလည်း သူက သိထားသည်။

မည်သို့ပင်ဖြစ်စေ ဤအဖွဲ့က အိုင်ယာလန်တွင် ပျော်ရွှင်နေပြီ ဖြစ်သည်။ သူတို့မွေးရပ်မြေရှိ နှိပ်စက်မှုများနှင့် ဝေးခဲ့ရပြီ ဖြစ်သကဲ့သို့ တနေ့တနေ့ အပြောင်းအလဲမရှိဘဲ ဖြတ်ကျော်ခဲ့ရသည့် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများနှင့်လည်း ဝေးကွာခဲ့ရပြီ ဖြစ် သည်။ သူတို့က ကရင်-အိုင်းရစ်အသင်းကို ဖွဲ့စည်းခဲ့ကြပြီး ကရင်နှစ်သစ်ကူးပွဲတော် ကဲ့သို့သော လုပ်ငန်း ဆောင်တာများလည်း ပူးပေါင်းလုပ်ဆောင်နေကြသည်။ အိုင်းရစ်လူမျိုး မိတ်ဆွေများနှင့် ပူးတွဲ လုပ်ကိုင်နေကြပြီး မေယို အသက် မွေးဝမ်းကျောင်း ပညာရေးကော်မီတီ (Mayo Vocational Education Committee) ကဲ့သို့သော အဖွဲ့အစည်းများနှင့် လက်တွဲ၍ အိမ်ရှင်နိုင်ငံနှင့် ပို၍နီးစပ်စွာ ဆက်ဆံရေးထူထောင်နိုင်ရန်လည်း ကြိုးပမ်းနေကြသည်။

ဤသို့ အဆက်အသွယ်များကြောင့် ကရင်လူမျိုးများအနေနှင့် သူတို့၏ ရိုးရာ ကပွဲကို ဖျော်ဖြေကပြနိုင်ရုံမျှမက၊ အိမ်ရှင် အိုင်းရစ် လူမျိုးများထံလည်း သူတို့ယဉ်ကျေးမှုကို ရှင်းပြနိုင်ခဲ့ကြသည်။ အိုင်းရစ်လူမျိုးတို့၏ ယဉ်ကျေးမှု ရိုးရာပွဲတချို့တွင်လည်း ပါဝင်ဆင်နွှဲ နိုင်ခဲ့ကြသည်။


"ကျနော် ကရုတ် ပက်ထရစ် (Croagh Patrick) တောင်ပေါ်ကို ၃ ခါတောင် တက်ပြီးပြီ"ဟု အဖွဲ့ထဲက အငယ်ဆုံးဖြစ်သူ တကော စူး က ပြောသည်။ မီတာ ၈၀၀ ကျော်မြင့်သည့် ဤတောင်ကုန်းပေါ်မှကြည့်လျှင် ရှုမငြီးနိုင်သည့် သမုဒ္ဒရာကြီး၏ မြင်ကွင်းကို ကြည့် မြင်နိုင်သည်။

ကရင်နှင့် အိုင်းရစ်လူမျိုးတို့၏ ဆက်နွယ်မှုက ရှည်ကြာဖွယ်လည်း ရှိသည်။

ဖိုးထာက အွိုင်ဆင် (Oisin) အရပ်ရှိ ၁၇ လ သား ကလေးငယ်အတွက် ဂုဏ်ယူနေသည့် ဖခင်တဦးလည်း ဖြစ်သည်။ အိုင်ယာလန်နိုင်ငံတွင် ပထမဦးဆုံးမွေးဖွားသည့် ကရင်ကလေး ငယ်လည်း ဖြစ်သည်။

"ကလေးက ကျနော်တို့ထက် ရာသီဥတုဒဏ်ကို ပိုခံနိုင်တယ်"ဟု ဖိုးထာက ပြောသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လတွင် အစိုးရစစ်တပ်များက ကရင်ဒေသအတွင်းသို့ ထပ်မံထိုးစစ်ဆင်မှုများ ပြုလာခဲ့ပြန်ပြီး ကရင် ၁၀,၀၀၀ ခန့် ကိုလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ပြန်သည်။

ဖောကွဲက မြန်မာစစ်အစိုးရသည် အလိုဆန္ဒရှိသမျှအတွက် လူထုကို အင်အားသုံး အကျပ်ကိုင်နေသည့် အစိုးရမျိုး ဖြစ်သည်ဟု ဆိုသည်။

"၂၀၁၀ ရွေးကောက်ပွဲက ဘာမှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး၊ စစ်တပ်ကပဲ နိုင်ငံကို ဆက်ပြီးထိန်းချုပ် ထားကြမှာပါ"ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရက တိုင်းရင်းသားအုပ်စုများအကြား သွေးခွဲ အနိုင်ယူသည့် အုပ်ချုပ်ရေးစနစ်ကို ကာလ ကြာရှည် ကျင့်သုံးနေခဲ့သည်။ ကရင်များလည်း ဤဒဏ်ကို မလွတ်နိုင်ဘဲ ခံစားကြရသည်။

စစ်အစိုးရနှင့် မဟာမိတ်ပြု ထားသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA)က စစ်အစိုးရ အလိုကျ ကရင် တိုင်းရင်းသား အချင်းချင်း ပြန်၍ စစ်ခင်းတိုက်ခိုက်နေသည်။ DKBA အဖွဲ့က ကရင်လူထု အကျိုးစီးပွားကို အဓိက ကိုယ်စားပြု ရပ် တည်နေသည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ထံမှ ၁၉၉၅ ခုနှစ်က ခွဲထွက်ခဲ့သည့် အဖွဲ့ ဖြစ်သည်။

"ကရင်အချင်းချင်း အခုလို ပြန်ပြီး တိုက်ခိုက်သတ်ဖြတ်နေရတာ ၀မ်းနည်းစရာ ကောင်းပါတယ်"ဟု မနေထွန်းက ပြောသည်။

သူတို့ကို အိမ်ပြန်လိုပါသလားဟု မေးကြည့်ဖြစ်သည်။

ဖောကွဲက"ပြန်ချင်ပါတယ်။ ဒါပေမယ့် ပြန်လို့ မရသေးဘူး။ ပြန်ရဖို့ဆိုရင် အပြောင်းအလဲတွေ အများကြီး ဖြစ်လာဖို့ လိုအပ်ပါတယ်။ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး ရမှသာ ပြန်နိုင်မှာပါ"ဟု ဆိုလေသည်။
ပြောင်းပြန်လှန်မယ့် ၂၀၁၀
Wednesday, 06 January 2010 13:12 ရန်ကုန်သားတာတေ
နှစ်သစ် အခါသမယ ဖြစ်သောကြောင့် လူအားလုံး ပျော်ရွှင်နေကြသည်။ ခါတိုင်းလိုပင် မီးခဏခဏ ပျက်သော်လည်း၊ ကုန်ဈေးနှုန်း ကြီးမြင့်သော်လည်း၊ ထမင်းနပ်မှန်အောင် စားရဖို့ ရုန်းကန်နေရသော်လည်း၊

ရန်ကုန်မြို့ကြီး ညစ်ပတ်သော်လည်း၊ ခြင် ထူပြော သော်လည်း ခံနိုင်ရည်အင်အား အပြည့်ရှိနေသော ရန်ကုန်လူထုမှာ “ပျော်စရာနှစ်သစ် ဖြစ်ပါစေ” ဟု အော်နိုင်ကြသေးသည်။

“ကမ္ဘာ့ ခံနိုင်ရည် အရှိဆုံးနိုင်ငံသားများ” ဆိုသည့် ဆုကို ချီးမြှင့်လျှင် မြန်မာနိုင်ငံသားများသာ ရလိမ့်မည်ဟု ဦးရုက္ခစိုး စဉ်းစားနေစဉ် သူ့အနားသို့ လူတဦးရောက်လာသည်။ တခြားသူတော့မဟုတ် ဒေဝါလီမဂ္ဂဇင်း၏ ဇာတ်လိုက်ကျော် ချိုကုပ်ဒူးကြီးဖြစ်သည်။

ချိုကုပ်။ ။ ဘယ်လိုလဲ ဦးရုက္ခစိုးရဲ့ စဉ်းစားလှချည်လား။

ရုက္ခစိုး။ ။ ဒီလူတွေ ပျော်နေနိုင်တာကို အံ့သြနေတာဗျ။ တော်တော်တော့ ထူးဆန်းတယ်။ မီးကပျက်၊ ကုန်ဈေးနှုန်းကတက်၊ ရန်ကုန်က ညစ်ပတ်၊ ဘတ်စ်ကားတွေက ကျပ် ….။

ချိုကုပ်။ ။ ဟာ ဦးရုက္ခစိုး ဟစ်ပ် ဟော့ပ် ဆိုနေတာလား။

ရုက္ခစိုး။ ။ မဟုတ်ပါဘူးဗျ၊ ကျန်သေးတယ် ခြင်ကထူ၊ ရာသီဥတုက ပူ … ဒါနဲ့တောင် ဒီလူတွေ ဘာလို့ ပျော်နေလဲ … အဲဒါကို စဉ်းစားနေတာ။

ချိုကုပ်။ ။ မထူးဆန်းပါဘူး ဦးရုက္ခစိုးရယ်။ လူတွေ ခံနိုင်ရည်ရှိအောင် ကျုပ်က လေ့ကျင့်ပေးနေတာ။ တကယ်လို့ ကမ္ဘာပေါ်မှာ လျှပ်စစ်မီးဆိုတာကြီး မရှိတော့ဘူးဆိုရင် ကျုပ်တို့တနိုင်ငံပဲ အသက်ရှင်ကျန်ခဲ့မှာဗျ။ ဟို အမေရိကား ဆိုတဲ့နိုင်ငံက ကောင်တွေဆို ဒီနေ့မီးမရှိ နက်ဖြန်သေကုန်မှာ။

ရုက္ခစိုး။ ။ ဒါလည်း ဟုတ်တာပဲ။ ဒါပေမယ့် လူတွေ စားဝတ်နေရေး တော်တော်လေး ခက်ခဲတယ်နော် ချိုကုပ်ဒူးကြီး။

ချိုကုတ်။ ။ သိပါ့ဗျာ။ အဲဒီလို ခက်ခဲနေမှ ကျုပ်လုပ်မယ့် ရွေးကောက်ပွဲကို စိတ်မဝင်စားမှာပေါ့။ ရွေးကောက်ပွဲကို လူတွေ စိတ်ဝင်စားလို့ မဖြစ်ဘူးလေ။

ရုက္ခစိုး။ ။ ကြည့်လဲ လုပ်ဦးနော် ခင်ဗျားလုပ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူတွေက တကယ် အတည်ပြု ထားတာ မဟုတ်ဘူး။

ချိုကုပ်။ ။ ဒါလည်း သိတာပဲ။ ဒါပေမယ့် ခပ်တည်တည်နဲ့ ပြည်သူလူထု တခဲနက် ထောက်ခံအားပေးလို့ အတည်ပြု လိုက်ရပါတယ် ဆိုပြီး ကြေညာပြီးပြီလေ။ ရွေးကောက်ပွဲကို ဆက်မလုပ်ရင် ကျုပ် သိက္ခာကျမှာပေါ့။

ရုက္ခစိုး။ ။ NLD နဲ့ တိုင်းရင်းသားအဖွဲ့တွေကိုကော ရွေးကောက်ပွဲမှာ ပါခိုင်းမှာလား။

ချိုကုပ်။ ။ ပါခိုင်းမယ်လေ၊ ပါရမှာပေါ့။ သူတို့မပါရင် ကျုပ်ရဲ့ ရွေးကောက်ပွဲ ဘယ် အထမြောက် အောင်မြင်တယ် ခေါ်ပါ့မလဲ။ ဒါပေမယ့် တခုတော့ရှိတယ် ပါတော့ပါ မနိုင်စေနဲ့ ဆိုတဲ့စည်းကမ်းချက်နဲ့ ဝင်ပါခိုင်းမယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါလို့ မဖြစ်ဘူးဗျ။ ဒါကလည်း ကျုပ်လုပ်တာ မဟုတ်ပါဘူး။ လူထု တခဲနက်အားပေးထောက်ခံထားတဲ့ အခြေခံဥပဒေထဲမှာ ပါတာ။

ရုက္ခစိုး။ ။ ထားပါတော့ ဒါနဲ့ ခင်ဗျားက ရွေးကောက်ပွဲကို တရားမျှမျှတတ ကျင်းပပေးမယ်ထင်တယ် ဟုတ်လား။ ပြည်ပက ပုဂ္ဂိုလ်တွေက အဲဒါကို စိတ်ဝင်စား နေကြတာ။

ချိုကုပ်။ ။ ဟမ် … ကျုပ် တခါမှ ကတိမပေးဖူးဘူးနော်။ သူတို့ဘာသာ စိတ်ဝင်စားတာတော့ မသိဘူး။ ကျုပ်က စနစ်တကျ ကျင်းပဖို့ စီမံဆောင်ရွက်နေတယ် လို့ပဲ ပြောတာ။

ရုက္ခစိုး။ ။ အတူတူပဲ မဟုတ်ဘူးလားဗျ။

ချိုကုပ်။ ။ မတူဘူးလေဗျာ။ စနစ်တကျ ကျင်းပဖို့ စီမံဆောင်ရွက်နေတယ် ဆိုတာက ရွေးကောက်ပွဲမှာ မတော်တဆ ကျုပ်တို့ စစ်တပ်က ၂၅ ရာခိုင်နှုန်းအတိပဲ ရခဲ့တယ်ဆိုရင် ...။

ရုက္ခစိုး။ ။ နေ … နေပါဦးဗျ။ ခင်ဗျားတို့ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားပြီးသားပဲဟာ။

ချိုကုပ်။ ။ အင်းလေ အဲဒီလို အတင်းယူထားတဲ့ ၂၅ ရာခိုင်နှုန်းကလွဲလို့ တခြား ဘာမှ ထပ်မရဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ပြင်ဆင်ထားတာ။

ရုက္ခစိုး။ ။ သြော် ဒီလိုလား။ ဘာတွေ ပြင်ဆင်ထားလဲ လုပ်ပါဦး။

ချိုကုပ်။ ။ ဥပမာ - ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းလိုက်တယ်ဗျာ။ နှစ်သစ်လက်ဆောင်လိုလို ဘာလိုလိုပေါ့။ အတိုးနှုန်းများတော့ ဝယ်လိုက်တာလည်း သောက်သောက်လဲပဲ။ အဲဒီပိုက်ဆံတွေကို တခုခုမှာ ရင်းနှီးမြှုပ်နှံချင်ယောင် ဆောင်လိုက်မယ်။ ပြီးတော့ အရှုံးပေါ်ပြလိုက်မယ်။ အတိုးတွေ အရင်းတွေကို နောက်တက်မယ့် အစိုးရက ဆပ်ပစေပေါ့။

ရုက္ခစိုး။ ။ အကြံပက်စက် … အဲ အကြံကြီးပါပေ့။ ဆက်ပါဦး။

ချိုကုပ်။ ။ ရှိသေးတယ်။ စက်ရုံတွေကို ပုဂ္ဂလိကပိုင်လုပ်ပေးလိုက်မယ်၊ ဘယ်နှနှစ်စာချုပ်ပေါ့။ အဲဒီလူတွေကလည်း ကျုပ်လူတွေပဲ။ ပိုက်ဆံ ဖောချင်းသောချင်း ထားစရာနေရာမရှိတဲ့ သူတွေပေါ့။ သူတို့ဆီက ပိုက်ဆံတွေ ကျုပ်တို့အိတ်ထဲထည့်။ သူတို့ကိုတော့ လုပ်ငန်းတွေ လုပ် ဆိုပြီး ပေးလိုက်မယ်။ ရှုံးလည်း ပြဿနာမရှိမယ့်သူတွေပေါ့။ မဟုတ်လည်း သူတို့ရဲ့ ငွေတွေကို ဘယ်နိုင်ငံတကာ ဘဏ်မှာမှ အပ်လို့မှမရဘဲ။

တက်ကြွစွာ ပြောဆိုနေသော ချိုကုပ်ဒူးကြီးကို ကြည့်ရင်း ဦးရုက္ခစိုးပါးစပ်က ခပ်တိုးတိုး “ရှိသေးလား” ဟု မေးလိုက်သည်။ ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးကို စိတ်မဝင်စားဘဲ ဆက်ပြောသည်။

ချိုကုပ်။ ။ တကယ်လို့များ အဲဒီလို ပုဂ္ဂလိကပေးလိုက်တဲ့ လုပ်ငန်းတွေက အောင်မြင်ပြီး လူတွေအတွက် နည်းနည်းပါးပါး အသုံးတည့်တယ် ဆိုရင် ဒါတွေကိုပြပြီး ရွေးကောက်ပွဲမှာ မဲဆွယ်လို့လည်း ရတာပေါ့။

ရုက္ခစိုး။ ။ ကောင်းလိုက်တဲ့ ဦးနှောက် ရွှေချထားဖို့ ကောင်းတယ်။

ချိုကုပ်။ ။ ရွှေချဖို့တော့ မလုပ်နဲ့တော့ … ကျုပ်က ဝန်ထမ်းတွေကို နှစ်သစ်လက်ဆောင် လစာတိုးပေးလိုက်တာနဲ့ ရွှေဈေးတွေ တက်ကုန်ပြီ။ ကုန်ဈေးနှုန်းတွေလည်း တက်ဦးမှာ၊ ထိန်းလို့မနိုင်တော့ဘူး။

ရုက္ခစိုး။ ။ (“တော်သေးတာပေါ့ လက်ဆောင်မို့လို့ပဲ” ဟု စဉ်းစားရင်း) နှစ်သစ်မှာ ရက်ရက်ရောရော တိုးပေးလိုက်တာပဲနော်။

ချိုကုပ်။ ။ ဒါပေမယ့် လက်ကိုင်ဖုန်း ပြောခတွေကိုတော့ ၂ ဆတက်လိုက်တယ် … နည်းနည်းပေး များများယူပေါ့။

ရုက္ခစိုး။ ။ လစာ ဆိုလို့ ခုမှ သတိရတယ်။ ခင်ဗျား တိုးပေးလိုက်တာ ပေါကြွယ်စရိတ်ဆို၊ ကျနော်တော့ ရှားပါးစရိတ်ပဲ ကြားဖူးပါတယ်။

ချိုကုပ်။ ။ ဒါကတော့ ရွေးကောက်ပွဲအတွက် ယတြာချေတာဗျ။ ကျုပ်ဗေဒင်ဆရာက ပြောထားတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အထမြောက် အောင်မြင်ချင်ရင် အားလုံးကို ပြောင်းပြန်လှန်ပါ တဲ့။ အဲဒါကြောင့် ရှားပါးစရိတ်ကို ပေါကြွယ်စရိတ်လို့ ပြင်လိုက်တာ။

ရုက္ခစိုး။ ။ ဒါဆို ကျန်တာတွေကော ...။

ချိုကုပ်။ ။ ကျန်တာတွေလည်း လှန်ရမယ်။ လှန်မယ့်လှန်တော့ အကုန်လှန်မှပေါ့။ ကျုပ်တို့ရဲ့ အစိုးရ နာမည်က အစ လှန်မယ်။ နိုင်ငံတော် ပူလောင်ဆူပွက်ရေးနှင့် ချုံးချုံးကျ ကောင်စီ လို့ ပြောင်းလိုက်တယ်။ ကျုပ်ထောင်ပေးထားတဲ့ အသင်းကြီး ဆိုရင် ပြည်ထောင်စု ကြုံလှီရေးနှင့် ချိနဲ့ရေးအသင်းလို့ ပြောင်းလိုက်ပြီ။ အဲဒီတော့ ကျန်တဲ့သူတွေလည်း လိုက်လှန်ရမယ်။

ချိုကုပ်ဒူးကြီးက မျက်လုံးပြူးကာ ပြောလိုက်သောကြောင့် ဦးရုက္ခစိုးလန့်သွားသည်။

ရုက္ခစိုး။ ။ ကျုပ် … ကျုပ်တော့ မပါပါဘူးနော်။ ကျုပ်က ချင်းမိုင်ရုက္ခစိုးဗျ။

ချိုကုပ်ဒူးကြီးက “မရဘူး။ ခင်ဗျားလည်း လမ်းလျှောက်ရင် ကင်းမြီးကောက်ထောင်လျှောက်၊ ကားတွေလည်း နောက်ပြန်ပဲ မောင်း ရမယ်၊ နာမည်တွေအားလုံးလည်း ပြောင်းပြန်မှည့်ရမယ်။ ဒါ နိုင်ငံတော် ပူလောင်ဆူပွက်ရေးနှင့် ချုံးချုံးကျ ကောင်စီရဲ့ အမိန့် ကြော်ငြာအမှတ် ၂၀၁၀ မျဉ်းစောင်း ၁ ပဲ။ ပလို့ဂျိ” ဟုဆိုကာ ဆပ်ကပ်ထဲမှ လူရွှင်တော်များကဲ့သို့ ကင်းမြီးကောက်ထောက်၍ ဘောက်ဆတ်ဘောက်ဆတ် လျှောက်ထွက်သွားတော့သည်။ ဦးရုက္ခစိုးကြီးမှာကား ကင်းမြီးကောက် မထောင်တတ် လေသောကြောင့် နတ်တို့တန်ခိုးနှင့် ကိုယ်ဖျောက်ကာ ချင်းမိုင်သို့ အသာပြန်လစ်ခဲ့ရလေတော့သည်။ ။

သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ
Thursday, 07 January 2010 19:42 ရန်ပိုင်
စစ်အစိုးရ၏ လျှို့ဝှက်သတင်းများပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

ဗိုလ်မှူးဝင်းနိုင်ကျော်အား အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

win_naing_kyaw

ဗိုလ်မှူးဝင်းနိုင်ကျော်
အဆိုပါ အမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။

ယခုပြစ်ဒဏ်ပေးခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။


ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊

ယခင်က ၎င်းနှင့်အတူ စစ်အစိုးရ ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းတချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။
ဘယ်လိုဖောက်ထွက်ကြမလဲ နိုင်ငံရေးစစ်တမ်း (၁ဝ)
ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၄ မိနစ်


နိုင်ငံရေးမှာ (အင်အား) မရှိဘဲ (လှုပ်ရှား) ရခက်ပါတယ်။ (ရလဒ်) ရအောင် လှုပ်ရှားမှုဖြစ်စေ၊ ကြိုးစားမှုဖြစ်စေ၊ ဖန်တီးရခက်ပါတယ်။ ယနေ့ မြန်မာ့နိုင်ရေး လောကမှာ လက်နက်အားကိုးနဲ့ (အင်အား) ယူထားတဲ့ နအဖ- မြန်မာစစ်တပ်နဲ့ လူထုထောက်ခံမှုကို (အင်အား) ယူထားတဲ့ NLD နိုင်ငံရေးပါတီ ဒီ ၂ အုပ်စုပဲ အဓိက ရပ်တည်လျက် ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လူထုထောက်ခံအားပေးတာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အပြောင်းအလဲ ဖြစ်နိုင်တာ တနည်းအားဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပို့ပေးနိုင်တာ စစ်တပ်နဲ့ ဒေါ်စုပဲ ရှိပါတယ်။ ကျန်တဲ့ အဖွဲ့ငယ်လေးတွေ ဝင်ပြိုင်တယ်၊ ဝင်မပြိုင်ဘူးဆိုတာ ထိရောက်မှုဘက်က ကြည့်ရင် မပြောပြလောက်ပါဘူး။


ဥပမာ ဦးသုဝေတို့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေငြာထားပါတယ်။ ဒါ (ကွက်လပ်) ဝင်ဖြည့်ထားတာ ၂ဝ၁ဝ ရွေးကောက်ပွဲ ပုံသဏ္ဍာန်ကို မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ လေဟာနယ် Vaccum မဖြစ်ရအောင် (ကွက်လပ်) ဝင်ဖြည့်ထားတာပဲ။ လေဟာနယ် မဖြစ်စေဖို့ ဖြစ်တာကြောင့် အရေးပါပေမယ့် အပြောင်းအလဲ ဖြစ်လောက်အောင် (အင်အား) မရှိဘူး။ NLD နဲ့ ဒေါ်စုရဲ့ ရပ်တည်ချက်ကမှ အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်တာပါ။
ဘာကြောင့် (ကွက်လပ်) ဖြည့်တာဟာ အပြောင်းအလဲ မဖြစ်နိုင်ပေမယ့် အရေးပါတယ်ဆိုတာကိုကျတော့ နောက်ပိုင်းမှာ ဆွေးနွေးတင်ပြပါ့မယ်။

ကျနော့်အမြင်အရ NLD နဲ့ ဒေါ်စုဟာ ရွေးကောက်ပွဲကို ဝင်လည်း ရတယ်၊ မဝင်လည်း ရတယ်။ ဝင်မယ် မဝင်ဘူး ရွေးတဲ့နေရာမှာ ကိုယ်နေရာ အယူမှန်ဖို့ပဲ လိုတယ် ထင်မိတယ်။ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း ကျနော်က ဝင်စေချင်တယ်။ ဝင်ပြီး နိုင်ငံရေး နယ်ပယ်ကို ဝင်လုစေချင်တယ်။

ဒီနေရာမှာ အငြင်းပွားစရာလေးတွေ ရှိတယ်။ အဓိက ထိရောက်တဲ့ အငြင်းပွားချက်က လုပ်နိုင်တဲ့ (လူ) တွေ မရှိတော့ဘူး။ ဘယ်သူတွေနဲ့ လုပ်မှာလဲ? လို့ မေးလာနိုင်စရာ ရှိတယ်။

အမှန်ပဲ လက်ရှိ အခြေအနေကို ယေဘုယျအရ သုံးသပ်ရင် လူတွေ မရှိတော့ဘူး။ လူတွေကြောက်ကုန်ပြီလို့ ယူဆစရာ ရှိတယ်။ နိုင်ငံရေးမှာ အရေးကြီးဆုံး သင်ခန်းစာတခု ရှိတယ်။ ကိုယ့်လူမျိုးအကြောင်း ကိုယ်သိဖို့တဲ့။ ကျနော်တို့ မြန်မာတွေဟာ သွေးပူဖို့ လိုတယ်။ ကျနော်နားလည်သလောက် ပြောရရင် စစ်အစိုးရကို မုန်းတဲ့ မကျေနပ်တဲ့သူတွေက အများစုပါ။ ဒါပေမဲ့ ဒို့ကတော့ (စ) မလုပ်ဘူး။ (လုပ်) ရင်ဝင်ပါမယ့် (သူ) တွေက (အများစု) ဖြစ်နေတယ်။ ဒါသူတို့ အပြစ်မဟုတ် (ခံ)ရပါများတော့ လူရည်လည်သွားပြီ ဆိုရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ် တင်ဦးတို့လည်း အချုပ်အနှောင်က မလွတ်။ လှုပ်ရှားနိုင်တဲ့ ပြည်တွင်းက NLD CEC နဲ့ ပြည်ပခေါင်းဆောင် နေရာယူထားပြီး ဘာလုပ်ရမှန်းမသိတဲ့ NCGUB တို့ကြောင့်လို့ သုံးသပ်မိတယ်။

နောက်တချက် မြင်မိတာက Non Violence လို့ခေါ်တဲ့ အကြမ်းမဖက်ရေး Idealism အတွေးအခေါ်ကြီးက ခေတ်စားလာတော့၊ (လူ) တွေ Non Violence သမားတွေ ဖြစ်ကုန်ကြရော။ အဝိုင်းထဲ လေးထောင့်သွင်းလို့ မရသလို သဘာဝနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်ကြီး တခုကို ရိုက်သွင်းလိုက်တော့ ဟိုမကျ ဒီမကျ ဘဝ ရောက်ကုန်တယ်လို့ မြင်မိတယ်။ ဘယ်နိုင်ငံမဆို နိုင်ငံရေးဆိုတာက စွန့်စားမှုလေး အရိပ်အယောင် ပြလာရင်တောင် လူတွေရဲ့ ထောက်ခံမှုကို ရလာပြီး (အရှိန်) ရလာကာ (အရှိန်) က တဆင့် (တွန်းအား) အင်အားကို ဖော်ထုတ်ပြီး အောင်မြင်မှုဆိုတာ (ထွက်ပေါ်) လာတာပဲ။

နိုင်ငံရေးရဲ့ ဗဟိုအချက်က (အင်အား) ဖြစ်တဲ့အတွက် နိုင်ငံရေးဆိုတာ Risk လို့ခေါ်တဲ့ (စွန့်စား) မှု ရှိစမြဲပဲ။ စွန့်စားမှုရဲ့ နောက်ကွယ်မှာ (စွန့်လွှတ်မှု) Sacrifice ဆိုတာ အရိပ်ပမာ ဒွန်တွဲလျက်ရှိတယ်။ ဒီ ၂ ချက်ကို ပေါ်အောင်လို့ Conviction လို့ခေါ်တဲ့ (ယုံကြည်မှု) က တွန်းပို့ရတာပဲ။ ဒါကြောင့် နိုင်ငံရေးမှာ ယုံကြည်မှု Conviction ရှိရမယ်လို့ ကျနော် ရဲရဲဆိုရဲတာပါ။ ဒီမိုကရေစီ မရှင်သန်နိုင်တဲ့ အာဏာရှင်အောက်မှာ နိုင်ငံရေးလုပ်ဖို့ (ယုံကြည်ချက်) က ပိုအရေးကြီးလာတာပေါ့။ ယုံကြည်ချက်ဆိုရာမှာ ဝါဒရေးယုံကြည်ချက် Political Conviction သော်လည်းကောင်း၊ နိုင်ငံရေးဝါဒ Political Idealism ကိုပဲ မဆိုလိုပါ။ အမျိုးသားရေး Nationalism ၊ လွတ်လပ်ရေး Freedom စတဲ့ ငါ့လူမျိုး ငါ့တိုင်းပြည် လွတ်လပ်မှု ရှိရမယ်၊ တိုးတက်မှုရှိရမယ် ဆိုတာတွေဟာလည်း စွန့်လွှတ်မှုနဲ့ စွန့်စားမှုကို တွန်းပို့ပေးတဲ့ အင်အား Energy ယုံကြည်ချက်တွေပဲ ဖြစ်တယ်။ လက်ဝဲဝါဒတွေကို မှီပြီးပဲဖြစ်ဖြစ်၊ လကျာ်ဝါဒကို မှီပြီးပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်ကို အရင်းပြုတဲ့ (ယုံကြည်မှု) ဟာလည်း ပြင်းထန်တဲ့၊ ဖြူစင်တဲ့ ယုံကြည်မှုပဲ။

ကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဝါဒစွဲကို အားမကိုးဘဲ အမျိုးသားစိတ် Nationalism ကိုပဲ အခြေပြုပြီး အားလုံးကို ဆွဲခေါ်သွားတာပဲ မဟုတ်လား? ကျနော်တို့ ရာဇဝင်မှာ အလောင်းဘုရား၊ တရုတ်ပြည်က မော်စီတုန်း၊ ကျူးဘားက ကက်စ်ထရို၊ အမေရိကန်က ဂျော့ဝါရှင်တန်တို့ အားလုံးဟာ မျိုးချစ်စိတ်ကို အခြေခံပြီး (စွန့်စား) ခဲ့ကြတာပဲ မဟုတ်လား? နိုင်မယ်ဆိုတာ သေချာလို့ စွန့်စားခဲ့ကြသည်မဟုတ်။ တိုင်းပြည်ချစ်စိတ်နဲ့ ယုံကြည်ချက် အတူတူလူနည်းစု - စုပေါင်း၍ တော်လှန်တိုက်ခိုက်ရဲရာက - တိုက်ပွဲတွေမှာ အောင်မြင်မှု ရလာတာကြောင့် - လူနည်းစုက လူအများစု ဖြစ်လာပြီး လူထုရဲ့ ထောက်ခံမှုကိုရမှ - အောင်မြင်မှုကို ရခဲ့ကြတာပဲ မဟုတ်လား။

သိပ္ပံပညာမှာ F=ma ဆိုတဲ့ Equation (ညီမျှခြင်း) ရှိတာပဲ။ ရွေ့ရှားမှုမရှိရင် Mass (ဒြပ်ထု) ရှိတာတောင် Acceleration (အရှိန်) မရှိတာကြောင့် Force (အင်အား) ဟာ Zero (သုည) မှာပဲ ကျန်ခဲ့ရမှာပေါ့။
ဒါကြောင့် လက်ရှိအားဖြင့် လူတွေဟာ ကြောက်နေပြီလို့ ယူဆစရာရှိပေမယ့်၊ လှုပ်ရှားမှုရှိလာလို့ အရှိန်ရှိလာရင် Mass လူအုပ်ကြီးလည်း များလာပြီ။ တချိန်မှာ ကြောက်ရွံ့ခြင်း Fear ဆိုတာကို ကျော်နိုင်တာပေါ့။

လွယ်သလား?
လွယ်သလား? လို့မေးလာရင် မလွယ်ဘူးလို့ ဖြေရမှာပဲ။ မဆလ ခေတ်က (၈၈၈၈) ၈ လေးလုံး ဖြစ်နိုင်မယ်လို့ ဆိုကြရင် ဝိုင်းအရယ်ခံရမှာပေါ့။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါက ပေးလာတာကြောင့် ၈ လေးလုံး ဖြစ်ခဲ့ရတယ်။ မထင်မှတ်တဲ့ လက်ဖက်ရည်ဆိုင် ရိုက်ပွဲကလေးက (စ) ခဲ့တာပဲ မဟုတ်လား? ၂ဝ၁ဝ ရွေးကောက်ပွဲကို အခြေခံပြီး နိုင်ငံရေး (အခြေအနေ) ဖန်တီးယူနိုင်ရင် (အီရန် ရွေးကောက်ပွဲ) မှာလို အချိန်အခါ မှန်သွားရင် နိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်တာပေါ့။

N = m a
(Newton and Law of Motion)=(mass)(acceleration)

နောက်တနည်း ကျန်သေးတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ အကျင့်တခု ကျန်သေးတယ်။ အဲဒါ မြန်မာအများစုဟာ အဖွဲ့အစည်းထောင်ပြီး (အဖွဲ့အစည်း) နဲ့ တိုက်တာထက် (လူ)(ပုဂ္ဂိုလ်) ကို ကြည်ညိုပြီး (တိုက်) ချင်တဲ့ (အကျင့်) ရှိကြတယ်လို့ မြင်မိတယ်။ လွတ်လပ်ရေးခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီမိုကရေစီခေတ်မှာ ဝန်ကြီးချုပ်ဦးနု၊ အခုခေတ်မှာ ဒေါ်အောင်ဆန်းစုကြည် တနည်းဖြင့် သူရဲကောင်းကို ကိုးကွယ်တဲ့အကျင့် ရှိကြတယ်။ ဒါကြောင့် အများဟာ Institutional Loyalty ဆိုတာကို နားမလည်ကြဘူး။ Institutional Power ကို နားလည်ဖို့ ပိုဝေးသေးတာပေါ့။

နိုင်ငံရေးအဆောက်အဦး Political Institutional နဲ့ Infrastructure ရှိမှ သူ့နေရာနဲ့သူ သူ့တာဝန်နဲ့သူ လုပ်နိုင်တာတွေ ပေါ်လာပြီး အားလုံး ကိုယ့်တာဝန် ကိုယ်ကျေမှ ကိုယ့်အဖွဲ့အစည်း ကြီးထွားပြီး (အင်အား) ရှိလာမှ စစ်တပ်က အလေးထား ဂရုပြုလာရမှာပေါ့။

အချိန်ကြာလာတော့ (လုပ်စား) နိုင်ငံရေးတွေကပဲ ရေပန်းစားလာကြပြီး ဒိုနာ အလှူရှင်တွေမှာ ပိုက်ဆံတောင်းကောင်းအောင် ဖွဲ့ထားတဲ့ Interest Group - အကျိုးရှင်အုပ်စုတွေပဲ ငွေရ ရှင်သန်လာခဲ့ကြတာပါ။ အားလုံးဟာ Grass-root အောက်ခြေ စည်းရုံးရေး နိုင်ငံရေးကို မေ့ကုန်ကြပြီး ပလို့ဂျိ ဆိုပြီး Elite Politicians - အခွင့်ထူးခံ ရေပေါ်စီ နိုင်ငံရေးပေါ်ပင် နိုင်ငံရေးဘက် ရောက်ကုန်ကြရော။

ပြည်တွင်းမှာတော့ ဒေါ်စုဟာ Institution - ဒေါ်စုဟာ တော်လှန်ရေးပဲ။ ဒါကြောင့် နအဖ က အကြောင်း အမျိုးမျိုးရှာပြီး ဒေါ်စုကို ထိန်းချုပ်ထားတာပေါ့။ ဒါကို ကောင်းကောင်း သဘောပေါက်တဲ့ ဒေါ်စုက - ယက်တောရဲ့ ကောင်းကျိုးကြောင့် ပြောင်းလဲလာတဲ့ (အခွင့်အရေး) နဲ့ ပြောင်းလဲသွားတဲ့ အမေရိကန်ပေါ်လစီကို ကိုင်ပြီး နိုင်ငံရေး နယ်ပယ်ထွင်ပြီး လှုပ်ရှားလျက်ရှိတယ်။

ဒါ ဒေါ်စုတဦးထဲ ကစားနိုင်တဲ့ နိုင်ငံရေး ကျားကစားကွက်ပဲ။ သိမ်မွေ့တဲ့ အခြေအနေကြောင့် ဒါထက်ပိုပြီး ဆွေးနွေးခွင့် မရှိပါ။