Sunday, April 11, 2010

ဒုချုပ်ကြီး မောင်အေး သျှမ်းပြည် လာရောက်
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/781-2010-04-08-15-31-54
Thursday, 08 April 2010 22:29 စိုင်းမျိုးကြီး
E-mail Print

သျှမ်းပြည်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ဗထူးမြို့ရှိ ဗိုလ်လောင်းသင်တန်းကျောင်း အမှတ်စဉ် ၁၁၃ ဗိုလ်လောင်း သင်တန်း ဆင်းပွဲ တက်ရန်အတွက် နအဖ ဒုဥက္ကဋ္ဌ ဒု - ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဗထူး ကလော နှင့်နမ့်ဇန်မြို့ များသို့ ဧပြီလ ၅ ရက်နေ့က လာရောက်ခဲ့ကြောင်း နအဖပိုင်မီဒီယာများတွင် ဖေါ်ပြထားသည်။

အဆိုပါ ခရီးစဉ်မတိုင်မီကပင် ဒုချုပ်မှူးကြီး မောင်အေး သျှမ်းပြည်အတွင်း လာရောက်မည်ဆိုသည့် သတင်းများထွက်ပေါ် နေရာ ဧပြီလဆန်းပိုင်းက သျှမ်းပြည်(မြောက်ပိုင်း) လားရှိုးမြို့သို့ လာရောက်ခဲ့ကြောင်း စစ်ဘက်နှင့် နီးစပ်သည့်သတင်း ရပ်ကွက်များက ဆိုသည်။

“ဒီလဆန်းပိုင်းက ဒုတပ်ချုပ် လားရိုးရောက်တယ်လို့ ကြားတယ် သူ့ဇနီးအမျိုးတွေရှိတဲ့ နမ့်ဆန် (သျှမ်းမြောက်)ဘက်ရွာ တွေ အလည်သွားတယ်လို့သိရတယ် မူဆယ်ဘက်လာမယ်လို့ဆိုပြီး သတင်းတွေတောင်ထွက်လာ တယ်” လို့ စစ်ဘက်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး

နအဖပိုင်မီဒီယာများတွင် ထုတ်ဖေါ်ရေးသားခြင်း မရှိသော ၄င်း၏ လားရှိုးခရီးစဉ်သည် လျှို့ဝှက်ခရီးစဉ် ဖြစ်ဖွယ်ရှိ ကြောင်း လေ့လာသူများက ဆိုသည်။

“လားရှိုးကိုလာမယ်လို့ သတင်းထွက်နေတာတော့ ကြာပြီ လမ်းတွေဘာတွေလည်း ပြင်ထားတယ် ဒါပေမဲ့ တကယ်ရောက်၊ မရောက်ဆိုတာ အတိအကျမသိဘူး” လို့ တရုတ်နယ်စပ်ရှိ စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

လွန်ခဲ့သည့် လကုန်ပိုင်းက နအဖထိပ်သီးစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် လျှို့ဝှက်ခရီးစဉ် တစ်ခု အနေဖြင့် နယ်ခြားစောင့်တပ်ကိစ္စ လိပ်ခဲတည်းလည်း ဖြစ်နေသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ရှိရာ ကချင်ပြည် မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

“ကချင်ပြည်နယ်ထဲကိုလည်း သူရရွှေမန်းသွားခဲ့သေးတယ် အခုတလော နအဖစစ်ဗိုလ်ချုပ်တွေ အပစ်ရပ်နယ်မြေ ထဲမှာ သွားသွားလာလာ လုပ်နေတာတော့ အမှန်ပဲ” လို့ သူက ဆက်ပြောသည်။

ဧပြီလ ၃ ရက်နေ့က ဒု - ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ သူရရွှေမန်း အတွင်းရေးမှူး ၁ သီဟသူရတင်အောင်မြင့်ဦး တို့ ပါဝင်သည့် နအဖအဖွဲ့ဝင်များသည် မကွေးတိုင်း မကွေးမြို့ရှိ မြသလွန်စေတီနှင့် စကုမြို့နယ် မန်းရွှေစက်တော် ရာဘုရားဖူး သွားရောက်ခဲ့ကြောင်း နအဖပိုင် သတင်းစာတွင် ဖေါ်ပြထားသည်။

No comments:

Post a Comment