Monday, June 28, 2010

(နအဖ)စစ်အုပ်စုရဲ့အခက်အခဲ


တူမောင်ညို

(နအဖ) စစ်အုပ်စုမှာ ဘာအခက်အခဲတွေ ရှိနေသလဲ။

(နအဖ) စစ်အုပ်စုရဲ့ အခက်အခဲဆိုတာ အာဏာရှိသူရဲ့ အခက်အခဲပါ။

(NLD) နဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ

(CFGs) တွေကို (BGFs) ပြောင်းရတဲ့အခက်အခဲ၊ နိုင်ငံတကာနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ စသဖြင့် ပြောကြပါလိမ့်မယ်။ ကျနော့်အထင်တော့ဖြင့် ဒါတွေဟာ အခက်အခဲတွေ ဖြစ်နေလင့်ကစား (နအဖ)စစ်အုပ်စုက သိပ်အလေးဂရုပြုလိမ့်မယ်လို့ မထင်ပါ။



ဒါတွေ သူတို့ တစ်လျှောက်လုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေပဲ မဟုတ်ပါလား။

(နအဖ)စစ်အုပ်စု အခု ကြုံနေရတဲ့အခက်အခဲက ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘတို့ကို တပ်ထဲက ဖယ်ထုတ်ရတဲ့ အခက်အခဲမျိုးလည်း မဟုတ်ဘူး။ ဗိုလ်ခင်ညွန့်ကို ဖြုတ်ပြီး (ထလရ) အဖွဲ့ကို ဖျက်သိမ်းရတဲ့ အခက်အခဲမျိုးလည်း မဟုတ်ဘူး။ ဆိုလိုတာက စစ်အုပ်စုတွင်း ဗိုလ်လုကြရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲမျိုးမဟုတ်ဘူးလို့ ကျနော် ပြောချင်တာပါ။

(နအဖ)စစ်အုပ်စု ယခုရင်ဆိုင်နေရတဲ့ အခက်အခဲက (၂၀၁၀)လွန်ကာလ ဟိုးဘက်ပိုင်းအထိ (ပြောရမယ်ဆိုရင် စစ်အုပ်စုသားစဉ် မြေးဆက်အထိ) စစ်အုပ်စုက ရရှိထားတဲ့ အာဏာကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်ရေးအတွက် စီမံနေရာချထားရတဲ့ အခက်အခဲဖြစ်တယ်။ ဒီတော့ ပြီးစလွယ်လုပ်လို့ ဖြစ်မယ်မဟုတ်ပါဘူး။ ပိုင်ဖို့၊ နိုင်ဖို့၊ သေချာဖို့ လိုပါတယ်။

ဘယ်လိုအခြေအနေပဲ ကြုံတွေ့ပါစေ နာခံသေဝပ်နေဖို့ အရေးကြီးပါတယ်။

ဒီအတွက် (နအဖ)စစ်အုပ်စုဟာ နေရာ (၃) ခုမှာ စီမံနေရာချထားနေရတာ ဖြစ်ပါတယ်။
၁။ စစ်တပ်အတွင်း၊
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ဖြစ်ပေါ်လာမယ့် အစိုးရအဖွဲ့အတွင်း၊
၃။ အုပ်ချုပ်ရေးမဏ္ဍိုင် အဆင့်ဆင့်အတွင်းမှာ စစ်အုပ်စုသြဇာခံတွေ၊ အမာခံတွေကို စီမံနေရာချထားဖို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းကြေညာဖို့၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ဖို့ အခက်အခဲ တွေ့နေတာမဟုတ်ပါဘူးလို့ ယူဆပါတယ်။

ကော်မရှင်ဖွဲ့စည်းရေးလို ကိစ္စတွေမှာ ရှေ့တန်းကသာ နေရာချထားပေးလိုက်လို့ကတော့ လက်ခုပ်တီးပြီး ပါဝင်ဆောင်ရွက်မယ့်သူတွေ အများအပြားရှိပါတယ်။ ဒီလိုလူတွေဟာ ခေါင်းပေါင်း ပေါင်းပြီး ကော်မရှင်လူကြီးအဖြစ် ပွဲထွက်လာမှာ သေချာပါတယ်။ ဒီကိစ္စတွေဟာ (နအဖ) စစ်အုပ်စုအဖို့ မိုင်နာလေးတွေပါ။

အဓိကကတော့ (၁)နဲ့ (၂) မှာ သူတို့သြဇာခံတွေ၊ အမာခံတွေကို အသေအချာ ရွေးချယ်နေရာချထားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအတွက် အချိန်လုံလုံလောက်လောက် ယူဖို့ လိုပါတယ်။ ဒီအတွက် လုံးပန်းနေရတာဖြစ်တယ်လို့ ယူဆပါတယ်။

ဒါတွေ မပြီးစီးသေးလို့သာ ရွေးကောက်ပွဲကော်ရှင်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ မကြေညာသေးတာလို့ ယူဆပါတယ်။

စစ်တပ်အတွင်းမှာ နေရာချထားရေးဆိုတာကလည်း တပ်မတော်တစ်ခုလုံးကို ယခုလို ပိုင်ပိုင်နိုင်နိုင် ဂုတ်ခွစီးထားနိုင်ဖို့ လုပ်ရတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့အာဏာဆိုတာ စစ်အုပ်စုက တပ်မတော်ကို ဂုတ်ခွစီးထားနိုင်သမျှ တည်မြဲနေမှာဖြစ်ပါတယ်။

ဒီအာဏာနဲ့ပဲ အရာရာကို ဗိုလ်ကျချယ်လှယ်နိုင်မှာဖြစ်ပါတယ်။

ဒီအာဏာနဲ့ပဲ တိုင်းပြည်ရဲ့စီးပွားရေး အသက်သွေးကြောမှန်သမျှကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားနိုင်တာပါ။ ဥစ္စာဓနမှန်သမျှကို ရယူနေနိုင်တာ ဖြစ်ပါတယ်။ လက်လွှတ်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာကို (နအဖ)စစ်အုပ်စုအလိုကျ ရေးဆွဲအတည်ပြုထားတာ ဖြစ်ပါတယ်။

(နအဖ) စစ်အုပ်စုအဖို့ အာဏာကိုသာ လက်လွှတ်ရရင် အရာရာ ဆုံးရှုံးရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုနေရာချထားမှုမှာ မပီပြင်ရင် ဆူဟာတိုတို့လို အာဏာလက်လွှတ်ရတဲ့အခါမှာ တရားခံအဖြစ် တရားရုံးထွက်ရမှာကို စစ်အုပ်စုက အသေအချာ သင်ခန်းစာယူထားမှာ သေချာပါတယ်။

ဒါကြောင့် နောင်ရေးစိတ်အေးရအောင် အချိန်ယူပြီး နေရာချထားနေတာဖြစ်မယ်လို့ ယူဆပါတယ်။

နောက်တစ်ခုက နိုင်ငံရေးမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာကို မပြင်ဆင်ဘူးလို့ သူတို့ ရပ်တည်ထားတာပါ။ ဒီတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကိုလည်း မဖြစ်မနေ ကျင်းပမှာဖြစ်ပါတယ်။

(နအဖ) စစ်အုပ်စုက သူတို့ပြင်ဆင်မှုလုပ်ငန်း ပြီးဆုံးပြီဆိုရင် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ ရွေးကောက်ပွဲနေ့ရက်တို့ကို ထုတ်ပြန်ကြေညာလိမ့်မယ်လို့ ထင်ပါတယ်။

ဒါကြောင့် (နအဖ) စစ်အစိုးရရဲ့ အထက်က နေရာ (၃) ခုမှာ နေရာချထားမှု အထားအသိုတွေကို မြက်ခြေမပြတ် လေ့လာစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

ကုန်ကုန်ပြောရမယ်ဆိုရင် (နအဖ)စစ်အုပ်စုဟာ သူတို့အတွက် ပြင်ဆင်မှု မပီပြင်သေးဘူးဆိုရင် ရက်အတိအကျ မကြေညာရသေးတဲ့ “၂၀၁၀ ရွေးကောက်ပွဲ” ရွှေ့ပြောင်းဖို့တောင် ဝန်လေးနေမယ်မထင်ပါဘူး။

× × × × ×

တူမောင်ညို
(၂၀၁၀ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်)

No comments:

Post a Comment