Thursday, June 3, 2010

ဒေါက်တာသန်းထွန်း


(ဘူမိဗေဒ အခြေခံအကြောင်းကို သမိုင်းပညာရှင်တစ်ဦးမှ ရေးသားတင်ပြထားပုံကို ဖတ်ရှု၊ တွေးတော၊ ဆွေးနွေးနိုင်ကြစေရန်နှင့် ဘူမိဗေဒကျောင်းဆင်းများမှ ဘူမိဗေဒဆိုင်ရာများကို ပိုမို ပွင့်လင်းစွာ ရေးသား တင်ပြနိုင်ကြစေရန်ရည်ရွယ်ပြီး မုံရွေးစာအုပ်တိုက် စာအုပ်အမှတ်စဉ် (၁၃၄)၊ ၂၀၀၄ ဇူလိုင်လထုတ်၊ ဒေါက်တာသန်းထွန်း၏ မြန်မာ့သမိုင်းပုံ (Myanmar History Told in Picture) စာအုပ်မှ ထုတ်နုတ်ဖေါ်ပြပါသည်။)

ကျောက်ဆရာ (geologists) တွေရဲ့ ပြောပြချက်က ဒီကမ္ဘာမြေကြီးဟာ အသက် သန်း (၆၀၀၀) ရှိပြီ။ အရင် အနှစ် သန်း(၅၀၀) ကမှ သက်နေ (life) ဆိုတာရှိတာပါ။ သက်နေ မပေါ်မီက ဘဲ အခုမြန်မာလို့ ခေါ်တဲ့နေရာမှာ မြစ်ကြီးနားက ကယားနယ် အထိ မြေပြင်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဧရာဝတီ မြစ်ဝှမ်းရယ်လို့တော့ ရှိမယ်မထင်ပါ။ မြေကို ရေတိုက်စား (erosion) လို့ မြေပျောက်သွားတာရှိသလို နုန်းမြေ (Deposition) ကျပြီး ကုန်းမာမာ ဖြစ်လာတာလည်း ရှိပါတယ်။ အဲဒါအပြင် အင်မတန် ကြီးကျယ်တဲ့ မြေလှုပ်ရှားမှုတွေကြောင့် မြစ်ဝှမ်းမှာ ချိုင့် (valleys) တွေနဲ့ တောင်ရိုး (range) တွေ ပေါ်လာတယ်။ ဒီလို လှုပ်ရှားမှုမျိုးကို အရင် အနှစ် သန်း (၇၀၀-၈၀၀) အတွင်းက ကြုံခဲ့ရ ပါတယ်။

မြေကြီးတွေ ရေမှာ နစ်ပြန်လို့ အရင် အနှစ် သန်း(၅၀၀) က မြန်မာနယ်မြေဟာ ကျွန်းကလေးတွေ ဖြစ်ကုန်ပြန်တယ်။ အကြီးဆုံး ကျွန်းဟာ ပတ္တမြားမြေ ၀န်းကျင်ဖြစ်တယ်။ နောက် ကျွန်း ခပ်တန်တန်တွေက လားရှိုး၊ လွိုင်လင်နဲ့ လွိုင်ပန် အရပ်တွေဖြစ်ပါတယ်။ နောက်တကျွန်းက အခု လောက်ဆောက် ၀န်းကျင်ဖြစ်တယ်။ အခု မိုးနဲနဲ့မောက်မယ် အရှေ့ဘက် နားမှာလည်း တကျွန်းရှိပြန်တယ်။ ကယားနယ်က ပုံချောင်း ဒေသလည်း ဖြစ်နေတယ် ထင်ပါတယ်။ မြောက်ဘက်မှာတော့ အခု ဧရာဝတီမြစ်ကြီးရဲ့ ဒုတိယမြစ်ကျဉ်းနေရာ လောက်မှာ ကျွန်းကလေးတွေ ရှိတယ်။

(၁) မျဉ်းပါးပါး တကြောင်းဆွဲကို ယခု ကမ်းရိုးတန်းလို့မှတ်ပါ။ မြေပုံမှာ တွေ့တဲ့ ကျွန်းငယ်ကလေးတွေပဲ မြေပြင်။ အခု မြန်မာနိုင်ငံ တခုလုံးက ပင်လယ်အောက်မှာ ရှိနေတယ်။

(၂) ကမ္ဘာမြေမှာ ငလျင်ကြီးလို ပြင်းထန်တဲ့ မြေလှုပ်ရှားမှုတွေ အစဉ်တစိုက် လှုပ်ခဲ့လို့ ကျွန်းငယ်လေးတွေ ကြီးထွားလာပြီး ရှမ်းကုန်းမြေမြင့် တစိတ်တပိုင်း ပေါ်လာတယ်။

(၃) တနင်္သာရီ ကမ်းမြောင်းဒေသလည်း ပင်လယ်ထဲက ပေါ်ထွက်လာတယ်။

(၄) ရခိုင်ရိုးမ တောင်တန်းပေါ်လာပြီး အခု ဗဟိုလွင်ပြင် ဒေသမှာ စစ်ကိုင်းတောင်ရိုး၊ ပဲခူးတောင်ရိုးတွေ အရင် အနှစ် ကုဋေ (၄၀) က စပြီး ပေါ်ထွက်လာတယ်။

(၅) အခု တွေ့ရှိနေတဲ့ ဘင်္ဂလား ပင်လယ်အော်နဲ့ မဒမ(မုတ္တမ) ပင်လယ်အော်ရဲ့ မြောက်ဘက်ထိပ် နေရာဟာ ပြည်နဲ့ဖြူး လောက်မှာရှိမယ်။

(၆) တောင်ဘက်ပင်လယ် ကမ်းစမ်းက အခု ကမ်းစပ်ထက် အရင် အနှစ် (၁)ကုဋေက အတွင်းဘက် ကို ၁၂မိုင်၊ မိုင် ၂၀ လောက်ထိ ၀င်နေလိမ့်မယ်။

သက်နေ (life) က ကျွန်းပတ်လည် ရေတိမ်မှာ ကျောရိုးမရှိတဲ့ သတ္တ၀ါ (invertebrates) တွေ၊ အများကြီး ရှိမယ်။ ဒီပင်လယ် တိမ်ဟာ နှစ်ပေါင်း သန်းနဲ့ချီပြီး အချိန်ကာလ အကြာကြီး ရှိနေပြီးမှ အရင် အနှစ် (၄၀၅)သန်း ရောက်မှ အခု ရှမ်းပြည်နယ်ဟာ မြေစိုင်၊ မြေခဲ ဖြစ်လာပါတယ်။ တောင်ရိုး တွေလည်း အများကြီး သွယ်တန်း ပေါ်ပေါက်လာတယ်။ အရင် အနှစ် သန်း(၄၀၀) ရောက်တော့ မြေတွေ ရေတွေမှာ နစ်ပြန်တယ်။ ဒီတခါတော့ နည်းနည်းကြီးတဲ့ ကျွန်းတွေ ရေမနစ်ပါ။ ရာသီဥတု အပူပိုများလာပြီး သန္တာကျွန်း (corals) တွေ များပြားလာတယ်။ အရင် နှစ်ပေါင်း သန်း(၂၅၀) ရောက်တဲ့ အခါ ခဏခဏ မီးတောင်ပေါက်၊ ငလျင်လှုပ်ဆိုတဲ့ မြေလှုပ်ရှားမှုတွေ များလာတော့ မြန်မာနယ်ရယ်လို့ ပင်လယ်ထဲက ပေါ်ထွက် ရပါတယ်။ ရှမ်းနယ်တွေလည်း တောင်ရိုး တောင်ထိပ်၊ ကုန်ပြင်မြင့်၊ ချိုင့် ဆိုတာတွေဟာ ကနေ့ပုံစံအတိုင်း ဖြစ်လာပါတယ်။ မြေကြီးကတော့ မြေသြဇာဓါတ် နည်းတယ်။ ကိုင်းမြက်၊ သစ်ပင်ပုပု ချုံနွယ်နဲ့ ထင်းရှုး (pine) တွေလည်း ပေါက်ပါတယ်။

အရင် အနှစ် သန်း(၂၃၀) နဲ့ သန်း(၇၀)အတွင်းမှာ မြေလှုပ်များပြန်လို့ တောင်တွေ အများကြီး ပေါ်လာပြန်တယ်။ ရှမ်းနယ်က ထုံးကျောက်တွေ အများကြီး တွန့်ခေါက်ကုန်တယ်။ အဲဒီလို မြေကြီးလှုပ်ရှားလို့ အဲဒီ အခါက ပေါများတဲ့ မြေမှာ တွားသွားတဲ့ သတ္တ၀ါကြီး (great reptiles) တွေ သေကုန်တယ်။ အရင် အနှစ် သန်း(၁၆၀)က ပင်လယ်ထဲက တနင်္သာရီ ပေါ်ထွက် လာတယ်။ ရခိုင်ရိုးမက အရင် အနှစ် သန်း(၆၀)က ပေါ်ထွက်လာပါတယ်။ မီးတောင် ပေါက်ကွဲလို့ ၀န်းသို-မုံရွာနယ်တွေမှာ ကျွန်းကလေးတွေ ဆက်ရက် ပေါ်ထွက်လာတယ်။ မင်းကွန်း-မန္တလေး ဒေသက အရင် အနှစ် သန်း(၄၀)က နုန်းမြေကျလို့ ပေါ်လာတာဖြစ်ပါတယ်။ နောက်ဆုံး တောင် ဖြစ်လာအောင် လှုပ်ပေးနိုင်တဲ့ မြေလှုပ်ချက်ဟာ အရင် နှစ် (၁၀)သန်းက ပေါ်ခဲ့တယ်။ အဲဒါကြောင့် ပင်လယ်ဟာ တောင်ဘက်ကို ဆုတ်သွားပြီး မြန်မာ အလယ် မြေပြန့်က နုန်းမြေ အနည်ထိုင်လို့ ဖြစ်လာပါတယ်။ မြစ်ကြီးတွေက ကျောက်ခဲ၊ သဲ၊ နုန်းနဲ့ ရွံ့ကို တောင်ဘက် ပင်လယ်ကွေ့ အရောက်သယ်ပို့ ပေးပါတယ်။

မုံရွာ အနောက်နဲ့ ရွှေဘို အရှေ့မှာ မီးတောင်တွေ အကြိမ်ကြိမ် အများကြီး ပေါက်ကွဲ ခဲ့တယ်။ ပုပ္ပားတောင်၊ အဲဒီ အခါက ပေါ်လာတာဖြစ်တယ်။ နို့တိုက် သတ္တ၀ါကြီး (mammals) တွေ နေရာအနှံ့ ရှိနေတယ်။ သူတို့ ရုပ်ကြွင်းတွေကို နိုင်ငံရဲ့ အလယ်နဲ့ မြောက်ပိုင်းမှာ တွေ့ရတတ်တယ်။ အရင် အနှစ် (၁)သန်း ကာလကို ရောက်တော့ တိရိစ္ဆာန်တွေ ထဲမှာ ပြောင်းလဲမှုတွေ ထင်ရှား လာတယ်။ ရှေးလိပ်၊ ရှေးမိကျောင်း၊ ရှေးကျွဲ၊ ရှေးဆင်တွေ အများကြီး ပေါက်ဖွားလာတယ်။ ရှေးနွား၊ ရှေးမြင်း၊ ရှေးချေ၊ ရှေးတောင်ဆိတ် တွေလည်း ပေါတယ်။ အရင် အနှစ် (၁)သန်းက အနှစ် (၅)သိန်း အတွင်းမှာ ဧရာဝတီ မြစ်ဝှမ်း၊ အလယ်ပိုင်းမှာ မြစ်ကမ်းခြေ ငါးမျိုး ရှိခဲ့တယ်။ တမျိုးတမျိုးဟာ မိုအရွာများတဲ့ ကာလ လေးကြိမ်နဲ့ သက်ဆိုင်တယ်။ ဆိုလိုတာက မိုးသိပ်ရွာရင် မြစ်သိပ်ကြီးပြီး ကမ်းပါး ကျယ်မယ်။ နောက်မိုးရွာ ပါးတဲ့ အခါ ကမ်းပါး ကျဉ်းမယ်။ ဒီလို လေးကြိမ်၊ လေးခါ ဖြစ်ပြီး နောက်ဆုံး အခုခောတ် ရာသီဥတုမျိုးက အရင် အနှစ် (၂၅၀၀၀) က ပဲ စပေါ်တာဖြစ်ပါတယ်။

မြန်မာ ဘူမိဗေဒ သူငယ်ချင်း များ ၀ဘက်ဆိုတ် မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment