Thursday, March 11, 2010

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ဆိုသည်မှာ


Posted by DPNS on March 10th, 2010 in ဝေဖန်သုံးသပ်ချက်

သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၀)

( ၂၀၁၀ ခုနှစ်၊ မတ်လ ၁၀ ရက်)

(နအဖ) စစ်အစိုးရက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ တို့ကိုထုတ်ပြန်ခဲ့ပါပြီ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ကို ပထမလေ့လာကြည့်ကြပါစို့။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို နိဒါန်း အပါအဝင် အခန်း (၁)မှ အခန်း(၄) အထိဖွဲ့စည်းထားပြီး၊ ဥပဒေပုဒ်မ ပေါင်း (၁၄) ခုပါရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏အခရာကျသည့်လုပ်ငန်းမှာ “ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက် ရန်နှင့် နိုင်ငံရေးပါတီများကိုကြီးကြပ်ရန်ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ မည်သို့ပင် ရေးသားဖေါ်ပြ ထားပါစေ။
ကော်မရှင်ဥပဒေ၊ အခန်း(၂) ပုဒ်မ (၄) ပုဒ်မခွဲ (ခ) “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်း ရှိသောပုဂ္ဂိုလ်အဖြစ် (နအဖ)စစ်အစိုးရ က ယူဆသူဖြစ်ရမည်”ဟူသော အချက်သည် ကော်မရှင် ဥပဒေတစ်ခုလုံး၏ အဓိကအနှစ်ချုပ်ဖြစ်သည်။
ထင်ပေါ်ကျော်ကြားဂုဏ်သတင်းရှိသောပုဂ္ဂိုလ်အဖြစ် (နအဖ) စစ်အစိုးရက မယူဆလျှင် မည်သည့်ပုဂ္ဂိုလ်မျှ ကော်မရှင်အဖွဲ့ဝင်ဖြစ် လာစရာအကြောင်းမရှိပါ။
အခန်း(၃)တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ပုဒ်မ (၉)၊ ပုဒ်မခွဲ(က) မှ(ဂ) အထိပြဌာန်းချက်များသည် ကော်မရှင်၏ အဓိကလုပ်ပိုင်ခွင့်များ ပင်ဖြစ်သည်။ ပြတ်ပြတ်သားသားပင် ရေးသားဖေါ်ပြထား သည် “ကော်မရှင်၏ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်စေ ရမည်” ဟုပါရှိသည်။
ထို့အပြင်နိဂုံးချုပ်အနေဖြင့် အခန်း(၄)အထွေထွေ၊ ပုဒ်မ(၁၄)တွင် ယခင် (နဝတ) စစ်အစိုးရ က ထုတ်ပြန်ခဲ့သည့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ဥပဒေ” (နဝတ) ဥပဒေအမှတ် ၁/၈၈ ကို ရုပ်သိမ်း လိုက်သည်ဟု ဖေါ်ပြထားသည်။

သို့ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုအနှစ်ချုပ်လိုက်လျှင် ကော်မရှင်တွင် ပါဝင်ကြမည့် ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကို (နအဖ)စစ်အစိုးရ စိတ်ကြိုက် ရွေးချယ်ခန့်အပ် တာဝန်ပေးမည်၊ ကော်မရှင်သည် ကော်မရှင်၏လုပ်ငန်းများကို စိတ်ကြိုက်ဆောင် ရွက်နိုင်သည် ဟုဆိုလိုခြင်းပင်ဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုလေ့လာကြည့်ကြပါစို့။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် ပြဌာန်းထားသည့်အချက်များကို လေ့လာဖတ်ရှု ပြီးသည့်အခါ “နိုင်ငံရေးပါတီဆိုသည် မှာ (နအဖ)စစ်အစိုးရက နိုင်ငံရေးပါတီ ဖြစ် သည်ဟု လက် ခံယူဆသည့်ပါတီကိုနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး(နအဖ)စစ်အစိုးရ က နိုင်ငံ ရေးပါတီဖြစ်သည်ဟုလက်ခံယူဆနိုင်ခြင်းမရှိသည့် ပါတီကို မှတ်ပုံ တင်ခွင့်ပြုမည်မဟုတ်” ကောက်ချက်ကို ရရှိပါသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် နိဒါန်းအပါအဝင် အခန်း(၁) မှ အခန်း(၅) အထိဖွဲ့စည်းထားပြီး၊ ဥပဒေပုဒ်မပေါင်း (၂၇) ခု ပါရှိသည်။
တားမြစ်ကန့်သတ်ချက်အများဆုံးနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဟု “ဂင်းနစ်မှတ် တမ်းစာအုပ်”တွင် မှတ်တမ်းတင်ရမည်။

အခန်း (၂) ပုဒ်မ (၆) ၊ ပုဒ်မခွဲ(က) မှ (စ) အထိ ပြဌာန်းထားချက်များကို စောင့်ထိန်းလိုက်နာ မည် ဖြစ်ကြောင်း ဝန်ခံချက်ကို နိုင်ငံ ရေးပါတီအဖြစ်မှတ်ပုံတင်လျှောက်ထားသူက ဝန်ခံချက် လက်မှတ်ထိုးရမည်ဟုဆိုထားသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၏အနှစ်ချုပ်မှာ ပုဒ်မ(၆)ပုဒ်မခွဲ(ဂ) “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့် အချက်ပင်ဖြစ်သည်။ ယင်းအချက်ကိုလက်ခံနိုင်ခြင်းမရှိလျှင် အခြားဘာမျှ ဆက်လုပ်စရာမလို အပ်တော့ချေ။ (နအဖ)စစ်အစိုးရကဤအချက်ဖြင့် အားလုံး ကိုချုပ်ကိုင်ထားလိုက်ပြီ။
သက်ဆိုင်သူအားလုံးပါဝင်ရေး/တရားမျှတရေးဆိုသည့်စကားလုံးများမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားတော့မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြန်လည် သုံး သပ်ပြင်ဆင်ပေးရန် “ရွှေဂုံတိုင်ကြေညာ ချက်” ဖြင့်တောင်းဆိုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တိုင်းပြည်နှင့်လူထုသို့ ရှင်းလင်းပြတ်သားသည့် အဖြေကို ပေးရတော့မည်။ အချိန်ဆွဲနေ၍ မရတော့ပါ။
နောက်ထပ်ထုတ်ပြန်လာမည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊တိုင်းဒေသကြီး လွှတ်တော်သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ တို့ကို လေ့လာစရာမလိုတော့ပါ။
တိုင်းပြည်နှင့်လူထုသို့ ဒီမိုကရေစီအရေး ဆက်လက်တိုက်ပွဲဝင်ရမည့် တိုက်ပွဲမဟာဗျူဟာနှင့် နည်းပရိယာယ်ကို ချပြရတော့မည်။

အောက်ဖေါ်ပြပါ ပုဒ်မနှင့်ပုဒ်မခွဲများသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ တွင် ပါရှိ သည့် တားမြစ်ကန့်သတ်ချက်များပင်ဖြစ် ပါသည်။
အခန်း(၂) နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ၊ ပုဒ်မ (၃) ပုဒ်မခွဲ (က) ၊ ပုဒ်မ (၄) ပုဒ်မခွဲ(င) ၊ ပုဒ်မ(၅) ပုဒ်မခွဲ(စ) ၊ပုဒ်မ(၆) ပုဒ်မခွဲ (ဂ)၊ ပုဒ်မ(၇) ပုဒ်မခွဲ (က) မှ (င) အထိ၊ ပုဒ်မ (၁၀) ပုဒ်မခွဲ (က) မှ ( ဈ) အထိ၊
အခန်း(၃) ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိခြင်း ပုဒ်မ (၁၂) ပုဒ်မခွဲ (က) နှင့် (ခ)၊ ပုဒ်မ (၁၃) ၊ ပုဒ်မ (၁၈)၊ ပုဒ်မ(၁၉) ပုဒ်မခွဲ(က) နှင့် (ခ)။
အခန်း(၄) ရန်ပုံငွေနှင့်ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ပုဒ်မ (၁၄)၊ ပုဒ်မ(၁၅)၊ ပုဒ်မ(၁၆) ပုဒ်မ (၁၇)။
အခန်း (၅) အထွေထွေ ပုဒ်မ (၂၀) ပုဒ်မခွဲ (က) နှင့် (ခ)၊ ပုဒ်မ (၂၁) ၊ ပုဒ်မ(၂၄) ပုဒ်မခွဲ( က) မှ ( င) အထိ ဖြစ်ပါသည်။

ပုဒ်မ(၂၅) ဦးတည်ချက်မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တရားဝင်တည်ရှိဆဲ နိုင်ငံရေးပါတီ(၁၀) ခုအတွက်ပြဌာန်း ထားချက်ပင်ဖြစ်ပါသည်။ ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံ တင်ပြန်လည်လျှောက်ထားရမည်။ ကော်မရှင်ကခွင့်ပြုလျှင် ဆက်လက်တည်ရှိမည်၊ သတ်မှတ် ရက်အတွင်း လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီသည် အလို အလျောက် ပျက်ပြီးဖြစ် သည်”ဟုဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ရက်ပေါင်း(၆၀)အချိန်ရမည်။ အဖြေပေးရလိမ့်မည်။ မပေးလျှင် အလိုအလျောက်ဖျက်သိမ်း ပြီးဖြစ်လိမ့်မည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဘယ်လို အဖြေပေးမည်လဲ။
ပုဒ်မ( ၂၇) မှာ ယခင် (နဝတ) စစ်အစိုးရကထုတ်ပြန်ခဲ့သည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေ” (နဝတ) ဥပဒေအမှတ် ၄/၈၈ကို ရုပ်သိမ်းလိုက်သည်ဟုဖေါ်ပြထားသည်။ ယင်းရုပ် သိမ်းချက်အရဆိုလျှင် တည်ဆဲနိုင်ငံရေးပါတီများသည်ပင်လျှင် ယခုကာလသည် ရုပ်သိမ်းခံ လိုက်ရသည့်အနေအထားဖြစ်ပါသည်။
(နအဖ)စစ်အစိုးရက ညီလာခံကိုလည်းစိတ်ကြိုက်ကျင်းပခဲ့သည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လည်း စိတ်ကြိုက်ချမှတ်ရေးဆွဲအတည် ပြုခဲ့ပြီ။ ရွေးကောက်ပွဲကော်မရှင်ကိုလည်း စိတ်ကြိုက် ဖွဲ့စည်းဦးမည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းကိုလည်းတားမြစ်ချက်မျိုးစုံဖြင့် ကန့်သတ် ထား ခဲ့ပြီ။
ဤလုပ်ရပ်များမှာ (နအဖ)စစ်အစိုးရပြောနေသည့် စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်၏ စံကျသောနိဒါန်းဖေါ်ပြချက်များပင်ဖြစ် ပါတော့သည်။
(နအဖ)စစ်အစိုးရပေးသည့် စပေ့(ဝါ) ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာအပ်နဖားပေါက်ထဲ ကုလားအုပ်ဝင်ရမည့်ကိန်းဖြစ်နေပြီ။
သို့ပါ၍ ကျနော်တို့ ပြည်တွင်းပြည်ပအင်အားစုအားလုံးဆောင်ရွက်ရမည့် အဓိကတာဝန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ကြရန် မှတပါး အခြားနည်းလမ်းရှိမည်မထင်တော့ပါ။

No comments:

Post a Comment